
ရက်လည်မတိုင်မီ(စဆုံးဝတ္ထုတို) #
ကိုဇင်အညာသား ခန္ဓာကိုယ်သည် ပေါ့ပါးလွတ်လပ်လွန်းနေခဲ့သည်။ကိုက်ခဲနာကျင်နေသော ဝေဒနာတို့သည်လည်းပျောက်ဆုံးနေ၏ ။သယ်ဆောင်လှုပ်ရှားရခြင်းတို့အတွက် ပင်ပန်းခက်ခဲလျက်ရှိသော ခြေလက်တို့သည်လည်း သွက်လက်လွယ်ကူလွန်းစွာပင်ရှိနေသည်။ဒီနေ့သည် အရမ်းကို သာယာသောနေ့လေးတစ်နေ့ပင်ဖြစ်မည်။
အိမ်တွင် လူအတော်များများ ရှုပ်၍နေလေသည်။မည်သည့်အကြောင်းကိစ္စရှိနေသည်မသိ။သုတ်သုတ်ပျာပျာဖြင့် အလုပ်ရှုပ်နေကြဟန်ရှိသော လူအစုစုတို့သည် တစ်စုံတစ်ခုအား သယ်ဆောင်ယူလာကြလေသည်။ `ဟာ အခေါင်းကြီးပါ့လား ဟ´ ပန်းခြောက်များဖြင့်လှပစွာမွန်းမံထားသော မှန်အလုံပိတ်အခေါင်းတလားကြီးတစ်ခုအား လူလေးယောက်ခန့်ဝိုင်းဝန်းသယ်ပိုးလာနေကြသည်ကိုတွေ့ရသည်။
`လုပ်ဟ လုပ်ဟ ဖြည်းဖြည်းထည့်ကြ ဖြည်းဖြည်း´ မှန်ခေါင်းတလားကြီးအား အသာချ၍ ဘေးကပ်လျက်မှ လှဲလျောင်းနေသော ခန္ဓာတစ်ခုအား လူအများဝန်းဝိုင်းကာ သယ်ဆောင်ခြင်းပြုနေသည့် မြင်ကွင်းသည် ကျတော့်အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ထိုရုပ်ခန္ဓာသည်ကား ကျတော်၏ရုပ်သွင်ဖြစ်၍နေသည်လေ။
`ဟာ ´ ပါးရိုးအစုံသည် ထောင်မတ်ငေါထွက်လျက် နှုတ်ခမ်းအစုံသည်လည်း သွေ့ခြောက် ဟပြဲ၍နေကာ အရည်အရွှဲတို့သည် စီးကျနေလေသည်။ခြောက်သွေ့သော ဆံပင်တို့၌ ယင်ကောင် ဖြုတ်ကောင်တို့သည် ဝဲပျံနားခိုလျက်ရှိသည်။မျက်စိတို့သည် စေ့ပိတ်၍နေသော်ကြား အနည်းငယ် ဟ၍နေလေတော့သည်။
`သနားပါတယ်ဟယ် ငယ်ငယ်ရွယ်ရွယ်ရှိသေးတာကို´ `အဲ့တာပြောတာပေါ့အေ့ သေမင်းက လူမရွေးဘူးဆိုတာလေ ငယ်ငယ် ကြီးကြီး သေနေ့စေ့ သေရမာချည်းပဲ´ `အို အသက်ကို ဥာဏ်စောင့် ဥစ္စာကို ကံစောင့်တဲ့ဟဲ့ ကယ်ရီသမားပီပီ အမောင်းကြမ်းတာကိုးး´ အိမ်ရှေ့မှ အသံအချို့ကြားရသည်မို့ ကျတော်အိမ်အပြင်သို့ ထွက်ရန်ပြင်လိုက်သည်။ `ဟိုက်´ လှန်းရွယ်ဟန်ပြုရုံရှိသေးသည် အိမ်အရှေ့သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်မို့ အံ့သြရပြန်သည်။
စိတ်မှန်းဖြင့် ကြံစည်တောင့်တရုံဖြင့် လိုရာရောက်နိုင်သည့် ယခုအဖြစ်သည် ကျတော့်အတွက်ဆန်းကျယ်လွန်းနေခဲ့သည်။ အစီအရီ တန်းစီခင်းကျင်းထားသော ပလက်စတစ်ထိုင်ခုံများတွင် ရပ်ကွက်ထဲမှ အန်တီကြီးများထိုင်လျက်နေကြသည်။အချို့သည် ယပ်တောင် တဖျပ်ဖျပ်ခက်လျက် အချို့သည် နေကြာစေ့ထည့်ထားသောပန်းကန်အားကိုင်လျက် စကားစမြည်ဆိုကာ တတောက်တောက်ဝါးနေကြသည်။ထိုအချိန်၌ အိမ်အရှေ့ဝန်းတံခါးသို့ သုံးဘီးတစ်စီးထိုးရပ်လေသည်။ တစ်ခါသောက် ရေဘူးကဒ်ကလေးများအကြားတွင် အမေသည်ထိုင်လျက်လိုက်ပါလာလေ၏ ။ဖျင်တဘက်ကလေး ပုခုံးပေါ်တင်ကာ ညိုးငယ်သော မျက်နှာထားဖြင့် အိမ်ပေါ်သို့ လှမ်းမျှော်ကြည့်ရှုနေလေသော အမေ့အား အားရဝမ်းသာဖြင့် ပြုံးပြမိသည်။
သို့သော် အမေသည် သတိမထားမိဟန်တူလေသည် ချက်ချင်းပင်အကြည့်လွှဲသွားလေသည်။ `ဟော ရေဘူးတွေ လာပြီ ဝေလိုက်ကြအုံးဟေ့ ဝေလိုက်ကြအုံး´ ဆယ်အိမ်မှုး ဦးကြည်အေး၏ အသံအုပ်အုပ်သည် ထွက်ပေါ်၍လာခဲ့လေသည်။ရပ်ကွက်မှ ကာလသားကလေးများ ပြေးထွက်လာရောက်ကာ ရေဘူးကဒ်ကလေးများအား တစ်ဘူးစီဖဲ့ခြွေ၍ စောင့်ဆိုင်းနေကြဟန်ရှိသော လူအစုစုတို့အား လိုက်လံဝေငှနေလေသည်။ အမေ့အနီးအနားသို့ ကျတော်ရောက်ရှိနေပြီဖြစ်ပါသော်ငြား အမေသည် သတိထားမိပုံမပေါ်ပေ။စာရွက်အပိုင်းအစလေးအားဖြန့်၍သာ ကြည့်နေလေသည်။
ဘောင်ချာစာရွက်ဖြစ်ဟန်တူသည်။ `ဟဲ့ သိန်းကြည် ဘယ်လောက်ကုန်ခဲ့သလဲ ´ `ရေဘူးဘိုးရယ် ယပ်တောင်ရိုက်ခရယ် ပြီးတော့ သုံးဘီးငှားခရယ် အားလုံးပေါင်း ခုနှစ်သောင်းစွန်းစွန်းပဲတော် စျေးတွေတက်လို့ လို့တော့ပြောသာပါပဲ´ `အေးဟဲ့ အဲ့တာထက် ညည်း သဂြိုလ်စရိတ်ပေးစရာကော ကျန်သေးရဲ့လား သင်္ချိုင်းရောက်ရင် တန်းပေးရမာနော် ပြီးတော့ ညည်း ဧည့်သည်တွေလိုက်ဖို့ သုံးဘီးတွေဘာတွေကော စီစဥ်ထားပြီးပလား´ ဖျင်တဘက်လေးအသာယူကာ မျက်နှာပေါ်သို့သုတ်ဖယ်၍နေလေသည်မှာ ချွေးစက်များလား မျက်ရည်စများလား ကျတော် သဲကွဲစွာ မမြင်မိပါ။
`ခြောက်သောင်းကျော်လောက်တော့ ကျန်ပါသေးတယ် သုံးဘီးလဲ သုံးစီးတော့ ငှားခဲ့သာပဲ လူအစေ့ လောက်ကောင်းပါရဲ့ ´ `နာရေးကူငွေကော အုပ်ကြီးက လာပေးပြီလား´ `ပေးပြီးသွားပါပီ မလောက်ပါဘူးတော် ကျုပ်လဲ ရှိတဲ့နားကပ်ကလေး တစ်လက်စထဲ စျေးဝင်ပြီး အပေါင်ထားခဲ့လိုက်တယ်´ အမေပြောမှ သတိထားမိသည်။အမေဝတ်နေကျ ကျောက်စီနားကပ်ကလေး မမြင်မိတော့ပေ။နားအပေါက်ဟောင်းလောင်းကလေး နှင့်အမေ့အားကြည့်ကာ ကျတော် စိတ်မကောင်းဖြစ်မိသည်။ `အေးးပေါ့ ညဖဲဝိုင်းကောင်းရင်တော့ ညည်းနားကပ်ကလေး နက်ဖြန် သွားပြန်ရွေးချည်ပေါ့အေ ´ `လူဆိုတဲ့အမျိုးကလေ မွေးလာလည်း ပိုက်ဆံကုန်တာပဲ သေသွားလည်း ပိုက်ဆံကုန်တာပဲဟဲ့ ငါတော့ ဘဝအဆက်ဆက် လူကိုမဖြစ်ချင်တော့သာပါအေ ´ ရပ်ကွက်ထဲမှ အဒေါ်ကြီးများနှင့် စကားဆိုနေပါသော အမေ့၏ မျက်ဝန်းအိမ်တို့တွင် အရည်ကြည်များ ဝေ့ဝဲလျက်ရှိနေသည်ကို ကျတော် ထင်ရှားစွာပင် မြင်လိုက်ရပြီဖြစ်ပါသည်။ `ဟေ့ ဟေ့ လူစုံပြီလားဟေ့ တက်ကြဟေ့ သုံးဘီးတွေလဲ ရောက်ပြီဟေ့ ´ ကျယ်လောင်သောဆော်သြသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအများသည် သုံးဘီးများပေါ်သို့ အစီအရီတက်လိုက်ကြလေတော့သည်။
`ဟဲ့ ဟိုဘက်တိုးပါအုံး ကြပ်တာအေ ´ `ဟော်တော် ဒီမာလည်း ကြပ်ညှပ်နေတာပဲကို´ `အမလေးဟယ် မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုရိုးကြောင့်သာ အပို့လိုက်တာတော် ကောက်ညှင်းထုပ်ကို ဖြစ်ကရောပဲ´ `ဟုတ်ပါ့တော်ရေ့ ဒေါ်သိန်းကြည်တို့လဲနော် လေးဘီးကားကလေးတောင် မငှားနိုင်ဘူးလားမသိဘူး သေတဲ့သူ သေပန်းမလှထားသာအေ ´ `သြော် ကောင်မရယ် သူ့ခဗျာမုဆိုးမလေ သားလေးတစ်ယောက်ရှိတာ ကယ်ရီဆွဲရင်းအခုသေသွားပြီ အခုလောက် စီစဥ်လုပ်ကိုင်ပေးနိုင်တာကို ပဲတော်လှနေပြီ´ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဆိုနေကြပါသော စကားတို့သည် ကျတော့်နားထဲတွင်အဆက်မပြတ်ကြားနေရလေသည်။ကျတော်၏ ခန္ဓာဖြစ်တည်မှုသည် အခွံသက်သက်သာ ရှိနေလေတော့သည်။တစ်နည်းဆိုရသော် ကျတော်သည် သေလွန်ပြီးသော ဝိဥာဥ်တစ်ခုသာ ဖြစ်နေခဲ့ပေသည်။ အမေ ။အမေ့ကို ကျတော် တစ်ယောက်တည်း ထားခဲ့ရတော့မည်။
ခက်ခဲကျပ်တည်းလွန်းပါသောလောကအလည်၌ အမေတစ်ယောက်တည်း ရုန်းကန်လှုပ်ရှား ကျင်လည်နေရတော့ပေမည်။အသက် ၅၀ကျော်နေပြီဖြစ်သော အမေ့အတွက် ကျတော်စိတ်ပူသည်။လုပ်ကိုင်ရှာဖွေ ကျွေးမွေးမည့် တစ်ဦးတည်းသော သားဖြစ်သူ ကျတော်သည် မရှိတော့ပြီမို့ အမေ့ စားဝတ်နေရေးအတွက် မည်သူစီမံပေးပါမည်နည်း။ကျတော်တွေးရင်း ငိုမိသည်။အမေ့ကို လိုက်ရှာမိသည်။အမေသည်ကား ကျတော့်ခန္ဓာအဟောင်းတည်ရှိရာမှန်ခေါင်းတလားအနီးတွင် တရှုံ့ရှုံ့ ငိုရှိုက်၍သာနေလေသည်။ `ကဲ သိန်းကြည်ရေ သွားကြရအောင် တော်နေကြာ သင်္ချိုင်းမာ မသာကားတွေ စုံနေရင် ထပ်စောင့်နေရအုံးမယ် သွားရအောင်ပါအေ´ ကျတော့်၏ ရုပ်ခန္ဓာအား နာရေးကားပေါ်သို့ သယ်ယူတင်ဆောင်လိုက်ကြသည်ကိုကြည့်ကာ အမေသည် ရင်ကွဲမတတ်ပင် ရှုံးပွဲချငိုကြွေးနေလေတော့သည်။ `အမေ အမေမငိုပါနဲ့ဗျာ အမေပင်ပန်းပါတယ် မငိုပါနဲ့တော့ဗျာ ကျတော်ဒီမာ ရှိနေပါတယ်´ ဒူးထောက်ပုံလျက်သားဖြင့် ငိုကြွေးနေပါသော အမေ့အား ဖက်တွယ်ဖြေသိမ့်ပေးချင်ပါသော်ငြား အမေ့ခန္ဓာကိုယ်သည် လေထဲ၌သာ ပျောက်ကွယ်လို့နေသည်။
ထိတွေ့ကိုင်တွယ်၍မရပေ။အော်ဟစ်ကျယ်လောင်စွာ ပြောဆိုနေပါသော ကျတော့်၏ ငိုကြွေးသံတို့သည်လည်း အမေ့နားထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိပါချေ။ ကျတော်သည် မှန်ခေါင်းတလားအပေါ်၌ ထိုင်လျက်သာ လိုက်ပါလာခဲ့သည်။လမ်းတစ်လျောက် လူအများစုကိုတွေ့ရသည်။အတော်များများသည် မှန်ခေါင်းတလားပေါ်ထိုင်နေသောကျတော့်အား သတိပြုမိကြဟန်မတူပေ။သို့သော် အချို့သော သူများသည် ကျတော့်အား မြင်တွေ့နိုင်ကြသည်ထင်၏ ။
လက်ဝှေ့ယမ်းပြကြလေသည်။ သုဿန်ဝင်ပေါက်သို့ ရောက်ရှိ၍လာသောအခါ လူအများသည် ကျတော့်ဆီသို့ ဝိုင်းအုံ၍ ပြေးတက်လာကြလေသည်။ အချို့သည် ကျတော့်အား ဆွဲယူခေါ်ငင်ကြလေသည်။အချို့သည်ကား လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်ဟန်ပြကြလေသည်။အချို့သည်ကား ကြောက်မက်ဖွယ်အကြည့်စူးစူးများဖြင့် ကြည့်၍နေကြလေသည်။ကြောက်ရွံထိတ်လန့်လွန်းရသည်မို့ မှန်ခေါင်းတလားထဲသို့ ဝင်ရောက်ပုန်းကွယ်နေမိသည်။မှန်ခေါင်းတလားအပေါ်သို့ ဝိုင်းအုံတွယ်တက်ကာ ကျတော့်အား ငုံ့မိုး၍ကြည့်နေကြလေသည်။ `ကဲ သိန်းကြည်ရေ နင့်သားကို နောက်ဆုံးအကြိမ်ကြည့်လှည့်အုံး ´ အမေသည် ကျတော့်၏ အသက်မဲ့ခန္ဓာအား ပူဆွေးငိုကြွေးလျက် ထိတွေ့ကိုင်တွယ်ပွတ်သပ်နေလေသည်။ `သားလေးး သားလေးရယ် အီးဟီးဟီး´ ကျတော့်၏ အသက်မဲ့ခန္ဓာသည် မီးတောက်မီးလျှံများဖြင့် ရဲရဲနီလျက်ရှိသော အခန်းကျဥ်းအတွင်းသို့ တွန်းပို့ခြင်းခံရလေသည်။
အလျှံအခိုးအငွေ့များအကြားမှ ကျတော်ရုန်းကန်ပြေးထွက်မိလိုက်သည်။အမေနှင့်အတူ လိုက်ပါလာသော လူအများသည် သုံးဘီးများပေါ်သို့ ပြန်လည်တက်ထိုင်နေကြပြီဖြစ်လေသည်မို့ ကျတော်သည်လည်း အပြေးအလွှားပင် လိုက်ပါခုန်တက်မိလေသည်။သို့သော် အဆိုးရွားဆုံးသော ပူလောင်မှုသည် ကျတော့်အား တားဆီးနေလေသည်။ဖက်တွယ်ခိုမှီကြည့်ပါသော်လည်း မရပေ။ သုံးဘီးများသည် စတင်ထွက်ခွာနေကြပြီဖြစ်သည်။ကျတော်သည်လည်း အမေလိုက်ပါစီးနင်းသွားသည့် သုံးဘီးအပါးသို့ ဒရောသောပါး အပြေးနှင်လိုက်ခဲ့သည်။သုဿန်ဝင်ပေါက်သို့ကျော်လွန်သွားသည့်အခါ မခံမရပ်နိုင်သည်အထိ ပြင်းပျပူလောင်သောစပ်ဖျင်းမှုအား ခံစားရလေသည်။ထပ်မံလိုက်ပါပြေးထွက်ရန် အားအင်တို့သည်လည်း ကုန်ဆုံးသွားလေသကဲ့သို့ အားအင်ချိနဲ့နေလေတော့သည်။
ထိုစဥ် ခဏ ကြည်လင်ပြတ်သားသော အသံတစ်ခုသည် ကျတော့် အနီးအနားမှ တိုးကပ်၍ပြောနေသကဲ့သို့ပင် ရှင်းလင်းစွာကြားနေရလေသည်။ `၁၃ရက်နေ့ သောကြာနေ့ည ၇နာရီခန့်က ဆုံးပါးကွယ်လွန်သွားပါသော တနင်္လာသား မောင်ကျော်ကြီး ဒို့နဲ့အတူ လိုက်ခဲ့ပါ´ အသံလာရာဆီသို့ ဗဟိုပြုကာ အပြေးနှင်လိုက်သည်။သစ်ကိုင်းခြောက်ငယ်တစ်ခုအား ကိုင်ဆောင်ရွတ်ဆိုနေသော လူနှစ်ယောက်သည် ဆိုင်ကယ်ခွလျက်သားဖြင့် စက်နှိုးကာမောင်နှင်နေလေပြီဖြစ်သည်။ကျတော်သည်လည်း ထိုဆိုင်ကယ်အပေါ်သို့ လိုက်ပါခဲ့လိုက်သည်။ အချိန်သည်ကား မှောင်ရီပျိုးစပြုနေလေပြီဖြစ်သည်။အိမ်ရှေ့မြေကွက်လပ်တွင် လူအချို့သည် အမိုးအကာများ ထိုးရန်ပြင်ဆင်နေကြလေသည်။အချို့ကား မီးလုံး မီးအိမ်များချိတ်ဆွဲရန် ပြုနေကြပေသည်။ `သား ငကျော် မင်းကြိုက်တတ်တဲ့ အမဲသားကြော်လေးနဲ့ ဆီဆားလေးနှယ်ပေးထားတယ်ကွယ် သားကြီး စားနော် အီးဟီးဟီး´ ရှိုက်ငိုသံနှင့်အတူ အမေ့၏ အသံသည် ကျတော်၏နားထဲသို့ တိုးဝင်လာခဲ့လေသည်။ကျတော်သည်လည်း အမေ့အပါးသို့ ချက်ချင်းပင်ရောက်ရှိခဲ့သည်။
အမေသည်ကား ထမင်းပန်းကန်တစ်ချပ်နှင့် ရေခွက်ကလေးအား ပလက်စတစ်ခုံအပုလေးတစ်ခုပေါ်သို့ တင်ဆောင်ကာ ငိုကြွေးလျက်သာရှိနေလေတော့သည်။ `အမေ့ အမေရယ် မငိုပါနဲ့ဗျာ အမေ့´ ကျတော်သည်လည်း အမေ့အနီးအပါးသို့ကပ်လျက်အော်ဟစ်ငိုကြွေးနေမိပါသည်။လည်ချောင်းတစ်လျောက်ခြောက်ကပ်လာသည်အထိအော်ဟစ်မြည်တမ်းနေမိသည်။အမေသည်ကား အိမ်အောက်သို့ ဆင်း၍သွားလေပြီဖြစ်သည်။ထမင်းပန်းကန်အားကိုင်ဆောင်၍စားဟန်ပြင်လေသောအခါ ထိတွေ့ယူငင်ခြင်းငှာ မစွမ်းသာပေ။ပန်းကန်အတွင်းသို့ ခေါင်းငုံကာ လျှာဖြင့် သပ်ယူကာစားသုံးရလေသည်။
`ဟကောင် ကျော်ကြီးရေ့ လုပ်ထားအုံးကွ´ `ဟေးး ကျော်ကြီးး ကောင်လေး ´ လူအများစုသည် ကျတော့်၏ အမည်အား အော်ဟစ်မြည်တမ်းနေကြသည်ကို ကြားနေရသည်မို့ အသံလာရာဆီသို့ သွားရပြန်သည်။ဖဲကစားနေကြသော သူများပင်ဖြစ်သည်။ကစားဝိုင်း သုံးဝိုင်းရှိသည့်အနက် အသံခေါ်ရာဝိုင်းသို့ ပြေးလွှားသွားရောက်နေရသည်မာ ပင်ပန်းလွန်းလှသည်။ `ဟေ့ကောင်တွေ နိုင်တဲ့အခါ အကောက်ကလေးတော့ ပိုပိုသာသာလေး ပေးကြကွ ဘွားတော်ကြီးခဗျာ မင်းတို့ပေးတဲ့အကောက်ကလေးနဲ့ သူ့သားရက်လည်ရွှေချကို စည်ကားအောင်လုပ်ရမာ´ `အို ရော့ဗျာ တစ်ထောင် နိုင်လို့ကတော့ ထပ်ပေးအုံးမာ ကျော်ကြီးရေ လုပ်ထားအုံးဟ´ ကမ်း၍ပေးသော ငွေစက္ကူကလေးများအား အမေသည် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ကျတော်သည်လည်း အမေ့အား အကောက်ငွေ ပိုပိုသာသာပေးသောကစားသမားအနီးအပါးတွင်သာ အများဆုံးနေလျက်ရှိသည်။
သူသည်လည်း ဖဲစီးသည်ဟုဆိုကာ ငွေရွှင်သကဲ့သို့ အမေသည်လည်း အကောက်ငွေပို၍ရလေသည်။ နေ့အချိန်တွင်တော့ ကျတော်သည်အိမ်အတွင်း၌သာနေသည်။ဟိုဟိုသည်သည် ဝေ့ဝဲလျောက်သွားမိသည်။အမေ့အားစကားတွေပြောသည်။အမေ့ကိုလွမ်းကြောင်း ချစ်ကြောင်းများ အားပါးတရပြောနေပါသော်ငြား အမေသည်တုံ့ပြန်ခြင်းမရှိ ငိုကြွေးလျက် ငေးငိုင်လျက်ပင်။ ညအခါတွင်တော့ ကစားသမားများအနီးအပါး၌သာ နေသည်။အကောက်ငွေများများပေးသူအပါးရွေးချယ်ကာ နေသည်။သို့မှသာ အမေ့အတွက် ငွေကြေးအဆင်ပြေမည်လေ။ `ငါ အိမ်ပြန်ပြီး ပိုက်ဆံသွားယူအုံးမယ်ကွာ´ `အေး ရှိတာအကုန်သာ ယူလာခဲ့ဟေ့ ဒီညနောက်ဆုံးညကွ မိုးအလင်းရိုက်မာ မနက်မုန့်ဟင်းခါးစားပြီးမှ ပြန်မယ်´ ကစားသမားတစ်ဦးသည် အိမ်ဝိုင်းအပြင်သို့ ဆိုင်ကယ်ဖြင့် စီးနှင်းထွက်ခွာနေသည်ကိုတွေ့ရသည်။ကျတော်သည်လည်း ကစားဝိုင်းအနီးနေရသည်မာ ငြီးငွေ့လာသည်မို့ အပြင်သို့ လိုက်ပါထွက်ခွာရန်ပြင်လိုက်သည်။ လမ်းခရီးတစ်လျောက်တွင် ညိုးငယ်သောမျက်နှာထားများနှင့်လူအများအား နေရာအနှံ့ပင်တွေ့ရလေသည်။အချို့သည်ကား ကားလမ်းမဘေးတစ်လျောက်တွင် ငုတ်တုတ်ထိုင်လျက် အချို့သည်ကား မက်တပ်ရပ်လျက်ပင်။
အပင်အိုကြီးများအောက်တွင်လည်း တစ်ချို့သည် လဲလျောင်း၍နေကြလေသည်။သစ်ကိုင်းသစ်ခက်များပေါ်၌ ဇောက်ထိုးတွဲလျောင်းချကာ နေကြသူများလဲရှိလေသည်။မြင်သမျှ တွေ့သမျှသည် ကျတော့်အတွက် ထူးဆန်းလွန်းနေခဲ့ရသည်။ `ဟာ ဟေ့လူ ရှေ့မာ ရှေ့မာ´ ကျတော်လိုက်ပါလာသောဆိုင်ကယ်အရှေ့မှ ဖြတ်ပြေးနေကြသည်မို့ ကျတော်သည် ဆိုင်ကယ်မောင်းနှင်သူအား အော်ဟစ်ပြောဆိုရပြန်သည်။သို့သော် ထိုသူသည် သတိထားမိဟန်မတူ ဟန်မပြတ် မောင်းနှင်မြဲသာပင်။ ကားလမ်းမအလည်ခေါင်၌ ကန့်လန့်ဖြတ်၍ လဲလျောင်းအိပ်စက်နေသောသူများအားတွေ့ရပြန်သည်မို့ ကျတော်သည်လည်း သိလိုဇောဖြင့် မေးမြန်းချင်မိသည်။ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ လဲလျောင်းနေကြသောသူများအနီးသို့ အသာကပ်၍သွားလိုက်သည်။
`ဟေ့လူတွေ ခဗျားတို့ ဘာလို့ ဒီလိုကြီးတွေ အိပ်နေကြတာတုံး´ အများစုသည် ကျတော့်အပါးသို့ ပြုံတိုးဝိုင်းအုံလာကြလေတော့သည်။ `အေး မင်းလည်းနောက်ရက်ဆို ငါတို့လိုဘဝရောက်တော့မာပါ အဲ့ခါကျမှ သိလိမ့်မယ် ဟုတ်ပီလား´ ထို့နောက် နေမြဲအတိုင်းပင် ပြန်လည်၍ လဲလျောင်းအိပ်စက်နေကြပြန်သည်။ကျတော်သည်လည်း ထိုသူများအနီးအပါးမှ ထွက်ခွာ၍ အိမ်သို့ပြန်ရန် ဦးတည်လိုက်သည်။ထိုစဥ်ခဏ အနည်းငယ်ကြီးမားသော အပင်ကြီးအောက်မှ လူတစ်ယောက်သည် ကျတော့်အား လက်ယပ်ခေါ်နေသည်ကို တွေ့ရလေသည်။ `မင်းကြည့်ရတာ ရက်မပြည့်သေးတဲ့ ဝိဥာဥ်ထင်တယ် လျောက်မသွားနဲ့ဟ ကိုယ့်အိမ်မာကိုယ် နေခွင့်ရတုံးနေ´ ကျတော်သည် ထိုသူအား ထူးဆန်းဖွယ်ငေးကြည့်နေမိလေသည်ကို ရိပ်စားမိဟန်တူလေသည်။ `ဟိုးးမာ တွေ့လား´ ကားလမ်းမ၏ အစွန်းနှစ်ဘက်ဆီသို့ ဟိုမှသည် မရပ်မနားပြေးလွှားနေကြသူများအား ညွှန်ပြလေသည်။
`အဲ့ကောင်တွေ ဘာလို့ အဲ့လိုပြေးနေကြသလဲ သိလား´ ကျတော်ခေါင်းခါပြလိုက်မိသည်။ `အေးး ကျွတ်ရာလွတ်ရာဘုံဘဝကို ကူးပြောင်းချင်လို့ကွ ကံနိမ့်တဲ့သူတွေ သူတို့ကို တိုက်မိလိုက်လို့ သေဆုံးသွားကြရင် သူတို့အတွက် အစားထိုး အလဲလှယ်လုပ်ပေးမဲ့သူ ရနိုင်တာမို့လေ ´ `မင်းအခုမြင်နေရတာတွေအကုန်လုံးက နာနာဘာဝတွေပဲ မင်းကဝိဥာဥ်အဆင့်ပဲရှိသေးလို့ မင်းအိမ်ကိုဝင်ထွက်ခွင့်ရနေတာ မင်းလဲ ဒို့လို့ဘဝမျိုးရောက်လာရင် ခုမြင်နေရတဲ့ အဲ့ကောင်တွေလိုပဲနေရမာ´ `သွား နေခွင့်ရတုံး အိမ်ပြန်နေချေတော့ ´ ကျတော်သည် အိမ်သို့ပြန်လည်၍ရောက်ရှိလာခဲ့သည်။ကစားဝိုင်းသည်လည်း တိတ်ဆိတ်ငြိမ်သက်၍နေလေပြီဖြစ်သည်။မီးဖိုဘေး၌ ချက်ပြုတ်ပြင်ဆင်နေကြသူအနည်းငယ်သာ လှုပ်ရှားမှုရှိလေသည်။
အမေသည်ကား ကျတော့်အတွက် ပြင်ဆင်ထားပေးသောအိပ်ယာပုံဘေး၌ ကွေးကွေးလေးအိပ်ပျော်၍နေလေသည်။ ပိန်လှီချိနဲ့နေသော အမေ့၏ လက်ကလေးများသည် ကျတော့်အိပ်ယာစ ကလေးပေါ်သို့တင်ထားလေသည်။ညိုးငယ်နွမ်းလျလွန်းသော အမေ့၏ရုပ်သွင်ကိုကြည့်ကာ ကျတော်ငိုမိပြန်သည်။မျက်နှာပေါ်သို့ ပြိုပျက်ခွေကျနေသောအမေ့၏ ဆံပင်ပါးပါးလေးများအား အသာသပ်တင်ပေးချင်မိသည်။ရှုံ့တွလျော့ရဲနေသောအမေ့၏ ပါးပြင်အား အားရပါးရ နမ်းရှိုက်ချင်မိသည်။သို့သော် ငိုကြွေးမြည်တမ်း၍သာနေရသည်။ မနက်အာရုဏ်ဦးမိုးသောက်ချိန်သို့ ရောက်လေပြီဖြစ်သည်။သံဃာငါးပါး၏ တရားစာရွတ်ဖတ်ပူဇော်သံသည် ပြင်းထန်ပူလောင်လွန်းလှသည်မို့ ကျတော် အိမ်အပြင်ဘက်သို့ ပြေးထွက်နေရလေသည်။ `လွန်လေပြီးသည့် ၁၃ရက်နေ့ သောကြာနေ့ည ၇နာရီခန့်က ဆုံးပါးကွယ်လွန်သွားပါသော တနင်္လာသား မောင်ကျော်ကြီး နှင့်တကွ ဝေနေယျသတ္တဝါအားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်တော်´ `သာဓု သာဓု သာဓု´ ဧည့်ပရိတ်သပ်များ၏ သာဓုခေါ်ဆိုသံနှင့်အတူ ကျတော်သည်လည်းလိုက်ပါ ခေါ်ဆိုမိပါသည်။
ထို့နောက် လူအများသည် တိုး၍ တိုး၍ ရောက်ရှိလာကြလေကုန်သည်။ `မုန့်ဟင်းခါးလေး ကောင်းလိုက်တာ ဘယ်သူချက်တာတုံးတော့´ `စားကောင်းတာနောက်ထား ညည်းကူငွေဘယ်လောက်ထည့်ခဲ့တုံး´ `အိုတော် တစ်ထောင်ပေါ့ ဘယ်လောက်များထည့်ရမာမို့တုံး လမ်းထိပ်က မုန့်ဟင်းခါးတောင် တစ်ပွဲမှ ငါးရာရှိသာ ငါးဖယ်တောင်ပါသေး´ လူအမျိုးမျိုးတို့၏ စကားသံများသည် တီးတိုးစကားဆိုနေကြသော်လည်း ကျတော်၏ နားထဲတွင် ရှင်းလင်းစွာကြားနေရလေသည်။ `ကဲ ကျော်ကြီးရေ ဒို့ နဲ့ပြန်လိုက်ခဲ့တော့ ဟ´ ကျတော့်အား အိမ်သို့ခေါ်လာသော လူနှစ်ယောက်ပင်ဖြစ်သည်။သစ်ကိုင်းတိုလေးအား ကိုင်ဆောင်ကာ ဆိုင်ကယ်စက်နှိုးထားလျက်ဖြင့် ကျတော်၏ အမည်အား ခေါ်ဆိုနေပြန်သည်။လိုက်ပါလိုစိတ်အလျင်းမရှိပါသော်ငြား အလိုအလျောက်ပင် ထိုသူနှစ်ဦးအပါးသို့ ရောက်ရှိခဲ့လေသည်။ လမ်းခရီးတစ်လျောက်တွင် ကျတော်သည် ယခင်အချိန်များကဲ့သို့ လွတ်လပ်ပေါ့ပါးခြင်းမရှိ ။
လေးလံထိုင်းမှိုင်းလွန်းနေရသည်။သုဿန်ဝင်ပေါက်သို့ပင် ရောက်ရှိ၍လာခဲ့ပြီဖြစ်သည်။ `ကဲ ကျော်ကြီးရေ မင်းနေရာက ဒီမာပဲ နေရစ်ခဲ့တော့ကွာ´ ထိုသူနှစ်ဦးသည် ကိုင်ဆောင်ထားသော သစ်ကိုင်းခြောက်ကလေးအား သုဿန်အတွင်းသို့ ပစ်ချထားခဲ့ကာ မောင်နှင်ထွက်သွားကြလေတော့သည်။ကျတော်သည် ထိုသူနှစ်ဦးစီးနှင်းသွားရာဆိုင်ကယ်နောက်သို့ အပြေးလိုက်မိသည်။သို့သော် သုဿန်ဝင်ပေါက်အကျော်သို့ ခြေတစ်လှမ်းမျှ ချမိရုံရှိသေးသည် ပြင်းစွာသောအပူမီးသည် တောက်လောင်၍လာလေသည်။ ခြေလှမ်းတို့အား ပြန်လည် ရုတ်သိမ်းကာ အရှိန်အဟုန်ဖြင့် မောင်နှင်သွားကြပြီဖြစ်သော ထိုသူနှစ်ဦး၏ မှုန်ပျပျကျောပြင်ကိုသာ ငေးမောကြည့်ရှုကာ နေရလေတော့သည်။ ပြီးပါပြီ🙏🙏🙏 ကိုဇင်(အညာသား)
Leave a Reply