ဘွားမယ်စိန်နှင့် ရွာလန့်တဲ့ည

ဘွားမယ်စိန်နှင့် ရွာလန့်တဲ့ည

အချိန်သည်ကညသန်းခေါင်ကျော်လုလုရှိလေပြီ။ ထိုအချိန်တွင်ရွာပြင်သင်္ချိုင်းကုန်းဆီမှ မည်းမည်းအရိပ်ကြီးတစ်ခုသည် ရွာထဲဆီသို့တရွေ့ရွေ့ဝင်ရောက်လာခဲ့၏။ ရွာထဲရှိခွေးများကလည်းအူကြ၊ဟောင်ကြဖြင့် ထိုအရိပ်ကြီးသွားလေရာသို့ လိုက်ပါနေခဲ့ကြသည်။ ခွေးအူသံ၊ခွေးဟောင်သံတို့ကြောင့်အိပ်ပျော်နေကြသော ရွာသူ၊ရွာသားတို့ပင်လန့်နိုးလာခဲ့ကြသည်။ အရိပ်မည်းကြီးသည်ရွာလယ်ပိုင်းကညောင်ပင်ကြီးအောက်သို့ ရောက်သည်နှင့်ပျောက်ကွယ်သွားခဲ့လေသည်။ ခွေးများကလည်း ထိုညောင်ပင်ကြီးအောက်တွင် ဝိုင်းဖွဲ့၍အူနေကြတော့၏။ “ကိုဖိုးထူး…တော့် ကိုဖိုးထူး…” ဒေါ်ဆင်မသည် ယောကျ်ားဖြစ်သူဉီးဖိုးထူးအား လှုပ်၍နိုးနေခဲ့သည်။

ဦးဖိုးထူးကမျက်လုံးပင်မဖွင့်နိုင်ဘဲ… “ဘာလဲကွာ…” ဟုအော်ကာမေးလေသည်။ “တော်ခွေးတွေအူနေတာမကြားဘူးလား… ကျုပ်တို့အိမ်ဘေးကညောင်ပင်အောက်မှာ တစ်ခုခုရှိနေပုံရတယ်တော့်…” ဟုဒေါ်ဆင်မကပြောတော့ ဉီးဖိုးထူးမျက်လုံးပွင့်လာသည်။ အသံတွေကိုနားထောင်ပြီးနောက်… “ဘာမှမဟုတ်ပါဘူးကွာ…အိပ်မှာအိပ်စမ်းပါ…” ဟုပြောပြီးဦးဖိုးထူးတစ်ယောက်ပြန်အိပ်သွားတော့သည်။ ယောကျ်ားဖြစ်သူအိပ်သွားပေမယ့်ဒေါ်ဆင်မကတော့အိပ်၍ မပျော်နိုင်ရှာသေးပေ။ ထိုသို့အိပ်၍မပျော်သေးသောဒေါ်ဆင်မ၏နှာခေါင်းသည် ပုပ်အက်အက်အနံ့ကြီးကိုရှုရှိုက်မိခဲ့၏။

ထိုအနံ့ကြီးကြောင့် ဒေါ်ဆင်မထိတ်လန့်လာခဲ့သည်။ ယောကျ်ားဖြစ်သူဦးဖိုးထူးကိုအတင်းပင်လှုပ်ကာနိုးတော့၏။ “ကိုဖိုးထူး…ထပါတော်.. ကျုပ်ကြောက်လို့ပါ…ထပါကိုဖိုးထူးရယ်…” ဟုနိုးလေတော့ဦးဖိုးထူးလည်းအိပ်နေရာမှ လူးလှိမ့်ကာထလာပြီး… “ဘာဖြစ်ပြန်တာလဲကွာ…” ဟုစိတ်မရှည်လှသောအသံဖြင့်မေးလေသည်။ ထိုအခါဒေါ်ဆင်မက… “အပုပ်နံ့ကြီးရလို့တော့်…ကျုပ်တော့ကြောက်လာပြီကိုဖိုးထူး သေချာပါတယ်တော်ညောင်ပင်ကြီးအောက်မှာ တစ်ခုခုရှိနေတာပါ…” ဟုပြောလေတော့ဦးဖိုးထူးလည်း သေချာရှုရှိုက်ကြည့်လေသည်။ ပုပ်အက်အက်အနံ့ကြီးကိုရှုမိလေတော့… “အပင်ပေါ်မှာကျီးတွေရှိတယ်ကွ… ကြည့်ရတာဒီကောင်တွေများအပင်ပေါ်မှာ ပုပ်ပြီးသေနေသလားမသိဘူး” ဟုပြောလေတော့ဒေါ်ဆင်မလည်း ဦးဖိုးထူးပြောတာလည်း ဖြစ်နိုင်တာပဲဟုတွေးမိပြီးကြောက်စိတ်များပြေသွားခဲ့သည်။

ဦးဖိုးထူးကတော့ဒေါ်ဆင်မအကြောက်ပြေစေရန် ပြောလိုက်ခြင်းဖြစ်ပြီးသူ့စိတ်ထဲမှာလည်းထိတ်လန့်နေခဲ့သည်။ အတော်လေးကြာသည်အထိ…မျက်လုံးများက အိပ်မရဖြစ်နေကြ၏။ မိုးလင်းခါနီးလောက်မှအိပ်ချင်စိတ်များဝင်လာပြီး လင်မယားနှစ်ယောက်လုံးအိပ်ပျော်သွားခဲ့ကြသည်။ နောက်တစ်နေ့နံနက်သို့ရောက်တော့… “ညတုန်းကခွေးတွေအူတာများ… ကြောက်စရာကောင်းချက်အေ…” “ဟုတ်ပတော်… သူခိုးတွေများကပ်လို့လားမသိဘူးနော်…” “သူခိုးတော့မဟုတ်လောက်ဘူးဟဲ့ ခွေးတွေက ညောင်ပင်ကြီးနားမှာဝိုင်းအူနေကြတာ… ညောင်ပင်ဘေးမှာနေတဲ့ ဦးဖိုးထူးတို့… ဦးသန်းမောင်တို့တောင် ညကအပုပ်နံ့တွေရကြတယ်တဲ့ဟဲ့… ဦးဖိုးထူးမိန်းမ ဒေါ်ဆင်မဆိုကြောက်လွန်းလို့ အိပ်လို့ကိုမရကြဘူးတဲ့လေ…” ဟူသောစကားများကအင်တိုင်းရွာထဲရှိ လူတိုင်း၏ပါးစပ်ဖျား၌ပြော၍မပြီးနိုင်ခဲ့ပေ။ ပြောချင်လည်းပြောစရာပင်ညကခွေးအူသံ၊ ခွေး‌ဟောင်သံများကြောင့် ရွာသူ၊ရွာသားတို့လန့်၍နိုးလာခဲ့ကြပေသည်။

နောက်တစ်နေ့ည၌လည်းခွေးများ ဂဏာမငြိမ်ဖြစ်လာခဲ့၏။ သန်းခေါင်ကျော်သည်နှင့်ခွေးအူသံ၊ခွေးဟောင်သံများက တစ်ရွာလုံးကိုဖုံးလွှမ်းသွားခဲ့တော့၏။ ထိုအသံတို့ကြောင့် ရွာသူ၊ရွာသားတို့ နိုးလာကြပါသော်လည်း ‌ကြောက်၍မည်သူမှထမကြည့်ဝံ့ကြပေ။ မွေးကင်းစကလေးများမှာလည်း အော်ဟစ်ငိုယိုကြ၏။ ရောဂါဝေဒနာခံစားနေသောသက်ကြီးရွယ်အိုတို့သည်လည်း အထိတ်ထိတ်အလန့်လန့်ဖြင့်အော်ဟစ်နေခဲ့ကြသည်။ ထိုသို့အင်တိုင်းရွာတစ်ရွာလုံးအထိတ်တလန့်ဖြစ်ခဲ့ကြရသည်။

ဘွားကြားပြီးပြီလားဗျ…” “ဘာများလဲမောင်ရင်ရဲ့… ရွာထဲမှာဘာသတင်းတွေထူးနေလို့တုန်းကွဲ့ …” မောင်တိုးနဲ့မောင်အုန်းဘွားမယ်စိန်၏အိမ်သို့ ရောက်နေကြသည်။ ဦးဘထော်ရောက်ကတည်းကသူတို့နှစ်ယောက်လည်း ဘွားမယ်စိန်အိမ်သို့နေ့နေ့ညညရောက်နေခဲ့ကြ၏။ ရေနွေးကြမ်းသောက်နေရင်းမှမောင်တိုးကမေးသောကြောင့် ဘွားမယ်စိန်ကမသိဟန်ဖြင့် ပြန်ကာမေးလေသည်။ ထိုအခါမှ… “ဒါဖြင့်ဘွားမသိသေးဘူးထင်တယ်ဗျ… ဒီလိုဘွားရဲ့အင်တိုင်းရွာမှာထူးထူးခြားခြားတွေဖြစ်နေတာဗျ…” “ဟေ…ဘာတွေများထူးခြားနေတာလဲကွ…” ဦးဘထော်ကလည်းသိချင်၍ဝင်ကာမေးသည်။

“ဒီလိုဗျလေးလေးရဲ့… အင်တိုင်းရွာမှာညတိုင်းလိုလိုခွေးတွေအူနေတာတဲ့ဗျ…” ဟုမောင်တိုးကပြောတော့ဦးဘထော်က… “ဟ…ခွေးအူတာဆန်းသလားကွ… တို့ရွာကခွေးတွေလည်းညတိုင်းအူနေတာပဲမောင်တိုးရ…” “နေပါဦးလေးလေးရာ…ကျုပ်ပြောပါရစေဦး… ခွေးပဲအူတာမဟုတ်ဘူးဗျ… ဒီခွေးတွေက ရွာအလယ်ပိုင်းကညောင်ပင်အောက်မှာ ညတိုင်းလိုလို… စူးစူးစိုက်စိုက်ကိုအူကြ၊ဟောင်ကြတာတဲ့ဗျ… ညောင်ပင်အနားကအိမ်တွေဆိုရင်လည်း ညတိုင်းအပုပ်နံ့တွေရနေကြတာတဲ့ဗျ…” “ဟေ…ဟုတ်လား… ဒါဆိုအဲ့သည်ညောင်ပင်မှာတစ်ခုခုများရှိနေတာလား…” ဟုဦးဘထော်ကပြောလေသည်။ “အင်တိုင်းတစ်ရွာလုံးလည်းအဲ့သည်လိုပဲထင်နေကြတာဗျ… ရောဂါသည်တွေ၊ မီးနေသည်တွေဆိုလန့်ကြလွန်းလို့ မတော်၍အသက်သေတဲ့အထိဖြစ်မှာကိုတောင် စိုးရိမ်ရတယ်ဗျ…” “မောင်တိုးပြောတာဟုတ်တယ်ဗျ… ကျုပ်အထင်ဖြင့်အင်တိုင်းရွာသူကြီးတောင် ဘွားဆီကိုလာအကူအညီတောင်းတော့မယ်ထင်တယ်…” ဟုမောင်အုန်းကလည်းမောင်တိုးစကားကို ထောက်ခံ၍ပြောလိုက်သည်။

ဘွားမယ်စိန်ကတော့မည်သည့်စကားမှဝင်မပြောသေးဘဲ နားသာထောင်နေခဲ့၏။ ထိုအချိန်၌… “ဘွားမယ်စိန်ရှိလားဗျို့…” ဆိုတဲ့အသံနှင့်အတူ ခြံဝိုင်းထဲသို့ဝင်လာကြသည်က သောင်ထွန်းရွာသူကြီးဦးနောင်ချိုနှင့်အတူအင်တိုင်းရွာသူကြီး ဦးဖိုးမှန်ဖြစ်နေခဲ့၏။ သူကြီးတို့နောက်၌အင်တိုင်းရွာကလူကြီးနှစ်ယောက်လည်း အတူပါလာသောကြောင့် မောင်တိုးနဲ့မောင်အုန်းလည်း ကွပ်ပျစ်ခင်းပေါ်မှဆင်း၍နေရာဖယ်ပေးကြရှာသည်။ “လာကြကွဲ့…ဘွားဖြင့်အခုမှမောင်ရင်တို့ရွာက အကြောင်းကိုသိရတယ်…” ဟုဘွားမယ်စိန်ကပြောတော့ သူကြီးတို့ကကွပ်ပျစ်ခင်းဝင်ကာထိုင်ကြသည်။

“ကျုပ်တို့လည်းအဲ့ကိစ္စပဲလာခဲ့တာဗျ… အစကတော့သာအမန်ကိစ္စပဲထင်နေခဲ့တာ… အခုဆိုညောင်ပင်ကြီးအောက်မှာအရိပ်မည်းကြီး တွေ့တယ်ပြောသူကပြော…. အပုပ်နံ့တွေရသူကရနဲ့… အတော်လေးပွက်လောရိုက်နေတာပဲဗျာ…” “အေးကွယ်…ဒါနဲ့ အခုလိုတွေဖြစ်တာ ဘယ်နရက်လောက်ရှိပြီလဲကွဲ့…” ဟုဘွားမယ်စိန်ကမေးတော့… “ကြာတော့မကြာသေးဘူးဗျ… ဒါပေမယ့်… သုံးလေးရက်လောက်တော့ရှိလောက်ပြီဘွားရဲ့…” သူကြီးဦးဖိုးမှန်ကလည်းသူ့ရွာ၌ဖြစ်ပျက်နေသည့် ကိစ္စများကိုဘွားမယ်စိန်အားသေချာပြောပြနေခဲ့သည်။ ဒေါ်ဝင်းမှာလည်းသူကြီးတို့အတွက်လက်ဖက်အုပ်နှင့် ရေနွေးကြမ်းချပေးဖို့ပြင်ဆင်ပေးနေခဲ့၏။

မောင်တိုးနဲ့မောင်အုန်းကတော့မီးဖိုနှင့်ကွပ်ပျစ်ကို ကူးလူးရင်းဒေါ်ဝင်းကိုကူညီပေးနေခဲ့သည်။ “အခုလိုတွေမဖြစ်ခင်…ရွာမှာဘာထူးခြားမှုတွေ ရှိသေးလဲကွဲ့…” ဘွားမယ်စိန်ကမေးတော့သူကြီးဦးဖိုးမှန်စဥ်းစားလေသည်။ သူ့နံဘေးကအဖော်ပါလာသောလူကြီးများမှာလည်း အချင်းချင်းကြည့်ပြီးစဥ်းစားနေကြ၏။ သူတို့အချင်းချင်းခေါင်းချင်းဆိုင်ပြီးလေမှ… “အဲ့သည်လိုထူးခြားတာတော့မရှိခဲ့ဘူးဗျ… ခွေးတွေထအူပြီးနောက်…အခုလိုဖြစ်လာတာပဲဘွားရဲ့…” ဟု…သူကြီးဦးဖိုးမှန်ကပြော​တော့ကျန်တဲ့လူကြီးနှစ်​ယောက် ကလည်းခေါင်းညိတ်ထောက်ခံကြသည်။ ဘွားမယ်စိန်ကလည်းစဥ်းစားနေပြန်၏။

ပြီးလေတော့မှ… “ဒါဖြင့်ရင်တော့ဘွားတို့ဒီညနေမောင်ရင်တို့ရွာကို လာခဲ့လိုက်ပါ့မယ်… ရောက်လာတော့မှအခြေအနေကြည့်ပြီးပြောကြတာပေါ့… အခုကျတော့ဘွားကိုယ်တိုင်လည်းမမြင်မတွေ့ရသေးတော့ အရင်ပြောလို့မဖြစ်သေးဘူးကွဲ့…” “ဒါကတော့ဘွားအဆင်ပြေသလိုလုပ်ပါ… ရွာကိုလိုက်လာမယ်ဆိုတာနဲ့တင်ကျုပ်တို့ ဝမ်းသာနေရပါပြီဗျာ…” ဘွားမယ်စိန်ကိုယ်တိုင်အင်တိုင်းရွာကိုလိုက်လာမည်ဆို၍ သူကြီးဦးဖိုးမှန်တို့ ဝမ်းသာသွားကြသည်။ အဲ့သည်နောက်အကြမ်းရေလေးသောက်… လက်ဖက်လေးစားဖြင့်စကားဆက်ပြောနေကြတော့၏။ အကြမ်းရည်တစ်အိုးကုန်လေမှသူကြီးဦးဖိုးမှန်တို့လည်း ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး ပြန်သွားကြလေသည်။ သူကြီးဦးနောင်ချိုကလည်းသူငယ်ချင်းဖြစ်သူ သူကြီးဦးဖိုးမှန်ကိုရွာထိပ်အထိပြန်ကာလိုက်ပို့ပေးရှာ၏။

“အမေ…” “ဟေ…” ဦးဘထော်ကဘွားမယ်စိန်ကိုခေါ်လိုက်လေသည်။ “ညနေအင်တိုင်းရွာကိုသွားရင်ကျုပ်လည်းလိုက်ခဲ့မယ်နော်…” “ဘာလို့လိုက်နေမှာလည်း… မင်းတူတွေလည်းပါနေတာပဲကွယ်… မင်းညီမများနဲ့အိမ်မှာပဲနေခဲ့ပါငါ့သားရဲ့…” “ကျုပ်လိုက်ချင်လို့ပါအမေရာ…” ဦးဘထော်ကအင်တိုင်းရွာသို့လိုက်ချင်နေသည်။ ထိုအခါဒေါ်ဝင်းကလည်းကြားမှ… “ကိုဘထော်လိုက်ချင်တာခေါ်သွားပါအမေရယ်… ကျုပ်တို့သားအမိကနေနေကြပဲဟာ… ဖြစ်ပါတယ်တော်…” ဟု…ဝင်ကာပြောပေးလေသည်။ ဘွားမယ်စိန်ကလည်းဒေါ်ဝင်းအပြောကြောင့် အကြမ်းရေကိုမော့ကာသောက်နေရင်းမှ ခေါင်းကိုညိတ်လိုက်သည်။ အကြမ်းရေခွက်ကိုကွပ်ပျစ်ခင်းပေါ်ပြန်ကာချရင်းဖြင့်… “ဒါဖြင့်လည်းလိုက်ခဲ့ပေါ့…” ဟုပြောလိုက်၍ဦးဘထော်တင်မကမောင်တိုးတို့လည်း ဝမ်းသာသွားကြတော့သည်။

“ကျုပ်တို့ညနေဘယ်အချိန်လောက်ထွက်ခဲ့ရမလဲဘွား” “အင်း…နေမစောင်းခင်တော့ထွက်ခဲ့ပေါ့… ထင်ထင်လင်းလင်းရှိတုန်းညောင်ပင်ကို ဘွားစစ်ကြည့်ချင်သေးတယ်ကွဲ့…” “ဟုတ်ကဲ့ဘွား” မောင်တိုးတို့လည်းစကားခဏထိုင်ပြောပြီးနောက် ပြန်သွားကြတော့သည်။ ညနေ နေမစောင်းခင်အချိန်သို့ရောက်လေမှ မောင်တိုးနဲ့မောင်အုန်းကနွားလှည်းဖြင့်ရောက်လာကြ၏။ “ကျုပ်တို့ရောက်ပြီဘွား” မောင်အုန်းကနွားလှည်းပေါ်မှဆင်းပြီး ဘွားမယ်စိန်တို့ခြံဝိုင်းထဲသို့ဝင်လာခဲ့သည်။ “အေး…ဘွားတို့ကလည်းအသင့်ပဲကွဲ့…” ဘွားမယ်စိန်နှင့်ဦးဘထော်လည်း မောင်အုန်းနှင့်အတူ ခြံပြင်သို့ထွက်လာခဲ့ကြသည်။

မောင်အုန်းကဘွားမယ်စိန်ကိုလှည်းပေါ်တက်ဖို့ ကူကာတွဲပေး၏။ ဦးဘထော်ကိုလည်းလှည်းပေါ်တက်စေသည်။ ပြီးလေတော့မှမောင်အုန်းလှည်းနောက်မြီး၌ ဝင်ကာထိုင်လိုက်ပြီး “ကဲ…မောင်းတော့ဟေ့…” ဟုပြော၍မောင်တိုးအားနွားလှည်းကို မောင်းစေတော့သည်။ သောင်ထွန်းရွာနှင့်အင်တိုင်းရွာ နှစ်ရွာကလည်းရွာနီးစပ်၍ လှည်းအကြာကြီးမမောင်းရပေ။ အင်တိုင်းရွာထဲဘွားမယ်စိန်တို့နွားလှည်းဝင်လာတော့ ရွာသူ၊ရွာသားတို့ကလည်းနွားလှည်းနောက်မှ လိုက်လာခဲ့ကြပြန်သည်။ မောင်တိုးကလည်းနွားလှည်းကိုသူကြီးဦးဖိုးမှန်၏နေအိမ်သို့ တန်း၍မောင်းလာခဲ့သည်။ သူကြီးဦးဖိုးမှန်အိမ်သို့ရောက်လာတော့ သူကြီးဦးဖိုးမှန်ပင်အံ့သြနေလေသည်။

“ဟ…ဒီလောက်လူတွေအများကြီး ဘာလာလုပ်ကြတာလဲ…” ဟုသူကြီးဦးဖိုးမှန်ကရွာသူ၊ရွာသားတွေကိုမေးလိုက်သည်။ ဘွားမယ်စိန်ကတော့နွားလှည်းပေါ်မှဆင်း၍ သူကြီးဦးဖိုးမှန်၏သစ်သားခုံတန်းရှည်စားပွဲ၌ ဝင်ကာထိုင်လေသည်။ “သြော်…သူကြီးကလည်း… ဟောသည်ကဘွားကျုပ်တို့ရွာကိုရောက်လာပြီဆိုတော့ တစ်ခုခုများထူးသလားလို့လေ… အဲ့တာနဲ့…ကျုပ်တို့လည်း သိချင်လို့လိုက်လာခဲ့တာပေါ့တော်…” ဟုရွာသူကြီးတစ်​ယောက်ကပြောလေသည်။ “ခင်ဗျားတို့ကလည်းဗျာ… ဘွားကအခုမှကျုပ်တို့ရွာမှာဖြစ်နေတဲ့ကိစ္စကို လာပြီးကူညီတာ… အကြောင်းစုံသိလာရင်လည်းကျုပ်ပြောပြမှာပေါ့… အခုတော့ဒီလောက်လူများနေရင် ဘွားလည်းစိတ်ရှုပ်နေရလိမ့်မယ်… ဒီတော့ခင်ဗျားတို့အိမ်ပြန်ကြပါဦးဗျာ….” ဟုသူကြီးဦးဖိုးမှန်ကပြောတော့မှ ရွာသူ၊ရွာသားတွေလည်း ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီးပြန်သွားကြလေသည်။

“ကဲ…ဖိုးမှန်…” “ဗျာ…ဘွား” “ဘွားတို့ရွာလယ်ပိုင်းကညောင်ပင်ဆီက်ို သွားပြီးလေ့လာကြရအောင်ကွဲ့” “ဟုတ်ကဲ့…ကျုပ်လိုက်ပို့ပါ့မယ်ဘွား” သူကြီးဦးဖိုးမှန်ကိုယ်တိုင်ဘွားမယ်စိန်တို့အား ရွာလယ်ပိုင်းကညောင်ပင်ကြီးဆီကို ခေါ်သွားလေသည်။ ညောင်ပင်ကြီးဆီကိုရောက်တော့ဘွားမယ်စိန်က ညောင်ပင်ပတ်ပတ်လည်ကိုလိုက်၍ကြည့်လေသည်။ ညောင်ပင်တင်မက ညောင်ပင်နံဘေးမှ အိမ်များကိုပါ ကြည့်၏။ သူကြီးဦးဖိုးမှန်တို့မောင်တိုးတို့ကတော့ ဘွားမယ်စိန်လုပ်ကိုင်သမျှကိုကြည့်နေခဲ့ကြသည်။

“ဖိုးမှန်…” “ဗျာ…” ဘွားမယ်စိန်ကသူကြီးဦးဖိုးမှန်ကိုခေါ်လိုက်သည်။ သူကြီးဦးဖိုးမှန်လည်းဘွားမယ်စိန်ဆီသို့သွား၏။ ဘွားမယ်စိန်အနီးသို့သူကြီးဦးဖိုးမှန်ရောက်လာလေတော့… ဘွားမယ်စိန်က ညောင်ပင်ကြီးကိုလက်ညိုးထိုး၍… “ဒီအပင်မှာမသန့်တာရောက်နေတယ်… မောင်ရင်တို့တစ်ခုခုအမှားလုပ်ထားကြပုံရတယ်ကွဲ့” “ဗျာ…မသန့်တာ…မသန့်တာဆိုတာဘာများလဲဘွား” “မောင်ရင်သိချင်ရင်တော့သက်သေပြရမှာပေါ့လေ… ကဲ…မောင်တိုးနဲ့ မောင်အုန်း ဒီအနားကိုလာကြဦးကွဲ့” ဘွားမယ်စိန်ကမောင်တိုးနဲ့မောင်အုန်းကိုအနီးသို့ ခေါ်လိုက်လေသည်။ မောင်တိုးနဲ့မောင်အုန်းရောက်လာလေတော့… “ဒီညောင်ပင်ပေါ်ကိုတက်ပြီး မသန့်တဲ့ပစ္စည်းတစ်ခုခုများတွေ့ခဲ့ရင် ဘွားဆီကိုယူလာခဲ့ပေးကြ… သတိထားပြီးလည်းတက်ကြဦးကွဲ့…” “ဟုတ်ကဲ့ဘွား…” မောင်တိုးနဲ့မောင်အုန်းလည်းညောင်ပင်ပေါ်သို့ တက်ရန်ပုဆိုးကိုခါးတောင်းကျိုက်ဝတ်ကြသည်။ သေချာဝတ်ပြီးလေမှ မောင်အုန်းကအရင်ဆုံး ညောင်ပင်ပေါ်တက်၏။

မောင်တိုးကလည်းညောင်ပင်ပေါ်နောက်မှအတူတက်ရင်း သူတို့နှစ်​ယောက်ဘွားမယ်စိန်ပြောသောပစ္စည်းကို ရှာဖွေကြတော့သည်။ ညောင်ပင်ခွကြားနှင့်သစ်ကိုင်းများကြား၌ရှာဖွေနေကြ၏။ ဘွားမယ်စိန်တို့ကလည်းအောက်မှကြည့်နေခဲ့ကြသည်။ အတော်လေးကြာသည်အထိဘွားမယ်စိန်ရှာခိုင်းသော ပစ္စည်းကိုရှာမတွေ့ခဲ့ပေ။ နောက်ဆုံး၌ညောင်ပင်၏သစ်ခေါင်းတစ်ခုအတွင်းမှ တစ်စုံတစ်ခုကိုတွေ့ခဲ့ရ၏။ “ဘွား…ကျုပ်တို့ရှာတွေ့ပြီဗျ…” ဟုမောင်တိုးကပြောပြီးထိုအရာကိုယူ၍ညောင်ပင်အထက်မှ ဆင်းလာခဲ့ကြသည်။ မောင်တိုးတို့ညောင်ပင်သစ်ခေါင်းအတွင်းမှရလာသည်က တခြားအရာမဟုတ်…လက်ရိုးကြီးဖြစ်နေခဲ့၏။

ထိုလက်ရိုးကြီးမှာလူ၏လက်ရိုးကြီးပင်ဖြစ်ပေသည်။ မောင်တိုးတို့ရလာသောအရာကြီးကြောင့်သူကြီးဦးဖိုးမှန်မှာ အတော်လေးအံ့သြသွားခဲ့သည်။ ဘွားမယ်စိန်ကတော့လက်ရိုးကြီးကိုကြည့်၍… “မသန့်တဲ့ပစ္စည်းက မသက်ဆိုင်တဲ့နေရာမှာ ရောက်နေတာပဲကွဲ့…” ဟုပြောလေတော့သူကြီးဦးဖိုးမှန်က… “ဘယ်သူကများလာထားသွားတယ်မသိပါဘူးဗျာ… ဒီလိုလုပ်တဲ့လူတွေကိုကျုပ်သေချာရှာပြီး အပြစ်ပေးကိုပေးရလိမ့်​မယ်…” ဟု…မကျေမနပ်ဖြင့်ပြောလေသည်။ “မောင့်ရင့်ရွာထဲမှာအမှားလုပ်ထားတဲ့သူတော့ ရှိမှာပဲကွဲ့…မောင်ရင်ကိုယ်တိုင်ရှာဖွေဖော်ထုတ်ပြီး သင့်သလိုအပြစ်ပေးပေါ့ကွယ်…အခုချိန်မှာတော့ ဟောသည်အရိုးကိုသူနဲ့သက်ဆိုင်တဲ့သင်္ချိုင်းကို အရင်ဆုံးသွားပြန်ပို့ချေကွဲ့…” ဟု…ဘွားမယ်စိန်ကပြောလိုက်လေသည်။ ထိုအခါမှသူကြီးဦးဖိုးမှန်လည်း ရွာသားတွေကိုခေါ်ပြီး လက်ရိုးကြီးကိုသင်္ချိုင်းသို့သွားပြန်မြုပ်ခိုင်းရသည်။ ဘွားမယ်စိန်တို့ကိုတော့သူကြီးဦးဖိုးမှန်ကသူ့အိမ်သို့ ပြန်ခေါ်ခဲ့၏။

“တစ်ခုခုထူးရင်လည်းဘွားဆီကိုလာခဲ့ပေါ့… ဘွားကတော့အချိန်မရွေးကူညီနိုင်ပါတယ်ကွယ်…” “ဟုတ်ကဲ့ပါဘွား…အခုလိုလာပြီးကူညီပေးတာတင် ကျေးဇူးတင်ပါတယ်ဗျာ…ဘယ်ကောင်တွေများ လက်ကမြင်းပြီးသင်္ချိုင်းကအရိုးကို ညောင်ပင်ပေါ်တက်ထားခဲ့တယ်မသိပါဘူးဗျာ… သိလို့များတော့…ဒင်းတို့မလွယ်ဘူးဗျ…” ဟု…သူကြီးဦးဖိုးမှန်ကဘွားမယ်စိန်ကို ကျေးဇူးတင်စကားပြောရင်း ကြိမ်းဝါးလေသည်။ ဘွားမယ်စိန်တို့ကလည်းခဏမျှစကား​ပြောပြီးလေတော့ သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့သည်။ သူကြီးဦးဖိုးမှန်တစ်ယောက်ကတော့ရွာကို အထိတ်တလန့်ဖြစ်စေသည့်တရားခံများကို သေချာရှာဖွေစုံစမ်းနေခဲ့၏။

နောက်ဆုံးအရက်သမားနှစ်ယောက်ကသူတို့ အမှားများကိုလာ၍ဝန်ခံကြလေတော့… “ခွေးမသားငမူးငရူးတွေ… ရွာလန့်အောင်လုပ်ရတယ်လို့…” ဆိုပြီးသူကြီးဦးဖိုးမှန်က ကြိမ်ဖြင့် တစ်ယောက်ကိုအချက်ငါးဆယ်ရိုက်လေသည်။ ရိုက်၍တင်မက ထိပ်တုံးသုံးရက်ခတ်၍အပြစ်ပေးပြန်၏။ အရက်သမားများကလည်းမူးရူးပြီး သင်္ချိုင်းကအရိုးကိုညောင်ပင်သစ်ခေါင်းထဲသို့ ထည့်ခဲ့မိကြောင်းများဝန်ခံကြလေသည်။ လက်ရိုးကြီးကိုဘွားမယ်စိန်ဖယ်ပြီးချိန်မှစ၍ ရွာလန့်သည့်ကိစ္စများထပ်မဖြစ်တော့ပေ။

အင်တိုင်းရွာသည်နဂိုကအတိုင်းအေးအေးချမ်းချမ်းလေး ပြန်ဖြစ်သွားခဲ့ရှာ၏။ ထိုသတင်းကိုတော့မောင်တိုးပြော၍ ဘွားမယ်စိန်သိခဲ့ရသည်။ ဘွားမယ်စိန်ကိုယ်တိုင်ကလည်းအင်တိုင်းရွာကို ထိခိုက်စေလိုစိတ်ဖြင့်လုပ်သည့်ကိစ္စမဟုတ်မှန်းသိသောကြောင့် သူကြီးဦးဖိုးမှန်ကိုစုံစမ်းခိုင်းခဲ့ခြင်းပင်ဖြစ်ပေသည်။ ထိုသို့ဖြင့် ဘွားမယ်စိန်နှင့်ရွာလန့်တဲ့ညဆိုသည့် စာမူလေးပြီးဆုံးသွားပါသည်။ ယဥ်မင်း(ကန့်ဘလူ) စာမတင်ဖြစ်တာကိုနားလည်ပေးကြပါနော်… ဖတ်ရှု့ပြီးကျေနပ်နိုင်ကြပါစေရှင်🙏🙏🙏

Be the first to comment

Leave a Reply

Your email address will not be published.


*