အမေနှင့်သား

အမေနှင့်သား

ဆရာလေးကိုလှဝင်း အတန်းထဲကို ဝင်လိုက်သောအခါတွင် ဆူညံသံတွေမှာ မီးကို ရေနှင့်ဖြန်းလိုက်သလို ရှဲခနဲ ဖြစ်ပြီး ငြိမ်ကျသွားသည်။ မျက်နှာထားတည်ကြည်လွန်းသူဖြစ်သဖြင့် ကျောင်းသားတွေက သူ့ကိုကြည့်ပြီး စကားပင် မပြောရဲလောက်အောင်ဖြစ်နေကြသည်။ ကျောင်းသားများက “မင်္ဂလာပါ” ဟု နှုတ်ဆက်ပြီး မတ်တတ်ရပ်နေသည်။ သူတို့ဆရာ မထိုင်ခိုင်းသေး သောကြောင့် ဖြစ်သည်။ ဆရာကိုလှဝင်းက “အိမ်စာပြီးတဲ့လူတွေထိုင် … မပြီးသေးသူတွေ မတ်တတ်ရပ်နေ” အတန်းထဲတွင် ကျောင်းသားတစ်ယောက်ကလွဲပြီး ကျန်အားလုံး ထိုင်လိုက်ကြသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

“ထုံးစံအတိုင်းပေါ့ … ရွှေထူး … မင်းကတော့ ပွဲတိုင်းကျော်ပဲ။ ဘာဖြစ်လို့ အိမ်စာမလုပ်လာသလဲ” “သား သင်္ချာတွေကို နားမလည်ဘူးဆရာ … မတွက်တတ်ဘူး” “ဘယ်အပိုင်းကို နားမလည်တာလဲ” “ဂျီဩမေထရီကို နားမလည်ပါဘူးဆရာ” “ကောင်းပြီ … ညနေကျောင်းဆင်းရင် … ငါ့အိမ်ကိုလာခဲ့။ ဟောဒီ လေ့ကျင့်ခန်းစာအုပ်တွေလည်း မင်းယူခဲ့ ရမယ်။ နားမလည်ရင် နားမလည်ဘူးလို့ ရှင်းပြနေတုန်း ပြောရမှာပေါ့” “မပြောရဲလို့ပါဆရာ” “မပြောရဲရအောင် မင်းတို့ကိုငါက တစ်ခုခုမေးတိုင်း ရိုက်သလား … ဆူသလား” “မရိုက် … မဆူပါဘူးဆရာ” “ဆင်ခြေတွေမပေးနဲ့ လာခဲ့ … အိမ်စာမလုပ်တဲ့သူတွေကို အပြစ်ပေးရမှာပဲ။

ညနေကျရင်လည်း အိမ်ကို လာပြီးတော့ နားလည်တဲ့အထိ အိမ်မှာပဲတွက်ရမယ် … သိပြီလား” “ဟုတ်ကဲ့” ဆရာကရွှေထူးလက်ဝါးကို ကြိမ်လုံးနှင့် နှစ်ချက်ရိုက်ပြီး အပြစ်ပေးသည်။ ရွှေထူးတစ်ယောက် ထွန့်ထွန့်လူး သည်။ ဆရာကိုလှဝင်းက စာဆက်သင်သည်။ အချိန်ကုန်ပြီးသော် ကျောင်းလွှတ်သည်။ ဆရာက အပြင်မထွက်မီ “ရွှေထူး လေ့ကျင့်ခန်းစာအုပ်တွေယူပြီး အိမ်လိုက်ခဲ့” “ဟုတ်ကဲ့ဆရာ” ဆရာကိုလှဝင်းက အိမ်ကို သူ့စက်ဘီးလေးနှင့် ပြန်သွားသည်။

အိမ်ရောက်သော် အိမ်ဝတွင် သူ့မိခင်ဖြစ်သူက ခါးထောက်လျက် သူ့ကိုကြိုသည်။ “ဟဲ့ ငလှ” “အမေ ဘာများလဲ” “နင့်ကို မနက်က မှာလိုက်တဲ့ဆေး ပါသလား” “ဘာဆေးလဲအမေ” “အလိုတော် မေ့ခဲ့ပြန်ပြီပေါ့ … ဟုတ်စ။ နင့် မိန်းမဗိုက်အောင့်နေတယ်လေ။ အဲဒါ လေဆေးဝယ်ခဲ့ဖို့ ငါကိုယ်တိုင် နင့်ကိုမှာလိုက်တာလေ။ နင့်ခေါင်းထဲမှာ ဘာတွေရှိနေလို့ ကိုယ့်မိန်းမတစ်ယောက်လုံးရဲ့ ကျန်းမာရေးကို မေ့ရတာလဲ။ နင် လူမှဟုတ်သေးရဲ့လား။

ဦးနှောက်ကောရှိရဲ့လား” “အမေရယ် သား … သွားဝယ်ပေးမှာပေါ့ … ခင်နှင်းဘယ်လိုနေသလဲ” “လုပ်မနေစမ်းပါနဲ့။ မိန်းမအတွက် ဆေးဝယ်ဖို့တောင်သတိမရတဲ့အကောင်က ခုမှ ဘယ်လိုနေသလဲ ဘာလဲ … အပိုတွေ။ ခွေးကောင်လာခဲ့” သူ့မိခင်က ဖိနပ်ချွတ်ပြီး သူ့သားဖြစ်သူ ကျောင်းဆရာကို တဖတ်ဖတ်နှင့် ရိုက်သည်။ “အမေ တော်ပါဗျ … နာပါတယ်။ သားခုပဲ သွားဝယ်ပေးပါ့မယ်ဆို … အို အမေ … တကယ်နာတယ်ဗျ” “နာ … နာ … ငါက ငါ့စကားကို အလေးမထားရင် ကြိုက်ကိုမကြိုက်တာ။

လာဦး နင့်ကို ငါးချက်လောက် ထပ်ရိုက်ဦးမယ်” “တော်ပါတော့ အမေရယ် … သားတကယ်နာလို့ ပြောနေတာပါ” ထိုအဖြစ်အပျက်အားလုံးကို စာအုပ်ပုံကြီးပွေ့ကာ ခြံဝတွင် ငေးကြည့်နေသူမှာ ရွှေထူးဖြစ်သည်။ “ဟဲ့ ဟိုကောင် ဘယ်ကကောင်လဲ … ခြံဝမှာရပ်နေတာ … နင်ပါ အရိုက်ခံချင်သလား” “သားတပည့်ပါအမေရာ … စာအုပ်တွေလာပို့တာ” “နင့်မျက်နှာက ဘယ်လိုဖြစ်နေတာလဲ ပြောင်စပ်စပ်နဲ့ … ကဲဟယ် … ကဲဟယ်” ကိုလှဝင်းအမေက သူ့သားကို ထပ်ရိုက်ပြန်သည်။

ဆရာကိုလှဝင်းမှာ ကလေးလေးလို ပတ်ပြေးနေသည်။ သူ့ကျောင်းသား ရွှေထူးကိုပင် မေ့နေသည်။ နောက်မှ ကိုလှဝင်းက “ရွှေထူး လာလေကွာ … အိမ်ထဲဝင်။ ဒီလောကမှာ ငါ့ကိုနိုင်တာ ငါ့အမေတစ်ယောက်တည်း ရှိတယ် သိလား” ဟု အရှက်ပြေပြောလိုက်သည်။

တင်ညွန့် ၂၇.၁၁.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *