နေရာချင်းလဲလိုက်ပါ
ကားအကောင်းစားကြီးတစ်စီးသည် လမ်းဘေးတွင် ထိုးရပ်သွားသည်။ ကားထဲမှလူကြီးနှစ်ယောက်ဆင်းလာ သည်။ ကားမောင်းသည့်ဘက်က ဆင်းလာသူမှာ ဒရိုင်ဘာဖြစ်နိုင်သည်။ နောက်တစ်ယောက်ကတော့ သူဌေးဖြစ်မှန်းသိသာသည်။ လက်ထဲတွင် လက်ဆွဲအိတ်တစ်လုံးနှင့် ဘန်ကောက်ပုဆိုး၊ ပိုးတိုက်ပုံတို့ကို သားနားစွာ ဝတ်ဆင်ထားသည်။ သူက ကားခေါင်းဖုံးကိုဖွင့်ပြီး ကြည့်နေသည့် ဒရိုင်ဘာကို ဆဲဆိုနေသည်။ သူတို့အဖြစ်ကို လမ်းဘေးညောင်ပင်အောက်မှ ဆိုက်ကားသမားတစ်ယောက်က ကြည့်နေသည်။ သူက ဆိုက်ကားပေါ်ထိုင်ရင်း သီချင်းလေးညည်းနေသည်။
လယ်ကွင်းဘက်က ဖြတ်တိုက်လာသောလေအေးက တဖြူးဖြူးနှင့်ဖြစ်သည်။ ဆိုက်ကားသမားက သီချင်းလေးညည်းကာ ပေါင်ကိုပုတ်၍ စည်းချက်လိုက်နေသည်။ ကားဆီမှ သူဌေးဂိုက်ဖမ်းထားသောလူကြီးက ဆိုက်ကားသမားရှိရာ ညောင်ပင်အောက်ကို လာနေသည်။ သူက ဆိုက်ကားအနီးရောက်သော် ရပ်လိုက်ပြီး “ဟေ့ကောင် … ဆိုက်ကားအားလား” ဟုမေးလိုက်သည်။ ဆိုက်ကားသမားက သူ့ကို ဂရုမစိုက် သီချင်းဆက်ဆိုကာ စည်းချက်လိုက်နေသည်။ “ဟေ့ကောင် ငါမေးနေတယ်လေ” လူကြီးက အော်မေးလိုက်ပြန်သည်။ ဆိုက်ကားသမားက ဂရုမစိုက်၊ မျက်နှာပင်လွှဲနေလိုက်သေးသည်။ “ဒီမှာ … ဒီမှာ … မင်းကို မေးနေတာကွ” ဟု ဆိုက်ကားလက်ကိုင်ကိုလာလှုပ်ပြီး သူကထပ်မေးသည်။
ဆိုက်ကားသမားက သီချင်းဆိုတာရပ်လိုက်ပြီး “ကြားတယ် … ကျုပ်နားမပင်းဘူး” “ကြားရင် ငါမေးနေတာ ဘာဖြစ်လို့ ပြန်မပြောတာလဲ” “ခင်ဗျားကို လူလူချင်းဆက်ဆံရေးမှာ ယဉ်ကျေးအောင်ဘယ်လိုပြော ဆိုရတယ်ဆိုတာ ကျောင်းကလည်း မသင်ဘူး၊ မိဘတွေကလည်း မသင်လိုက်ဘူးထင်တယ်” “ဒီမှာ မောင်ရင် မဆိုင်တာတွေ ပြောမနေပါနဲ့ … ဆိုက်ကား အားလား” “အားလို့ထိုင်နေတာပေါ့ခင်ဗျာ။ ဘာကိစ္စ နောင်ကြီးက လာအော်နေရပါသလဲ” “မင်းဆိုက်ကားအားရင် ငါ့ကိုလိုက်ပို့” “ခင်ဗျား အသံက အမိန့်ပေးသံပေါက်နေပါလား။ လောကမှာ အေးအေးချမ်းချမ်းပြောရင် လေယာဉ်ပျံတောင် အလကားစီးရဆိုပဲဗျ။ ဒါပေမဲ့ ခင်ဗျားက ခင်ဗျား ဒရိုင်ဘာလို ကျုပ်ကိုလာဟောက်နေရအောင် ကျုပ်က ခင်ဗျား အခစား မဟုတ်ဘူးဆိုတာတော့ သိမှာပါနော်” “သိတယ် … သိတယ် … မင်းဆိုက်ကားအားလား … ငါ့ကိုလိုက်ပို့” “ပထမဆုံးပြောချင်တာက ခင်ဗျား ကျုပ်ကို ဟေ့ကောင်လို့ခေါ်တာ ပြန်တောင်းပန်။ အကောင်ဆိုတာ တိရစ္ဆာန်ကိုနှိုင်းခေါ်ရတယ်ဆိုတာလောက်တော့ ခင်ဗျားနားလည်မှာပါနော်။
လူနဲ့လူချင်း ဆက်ဆံရေးမှာ လူ့ကျင့်ဝတ်အတိုင်း ဆက်ဆံရေးလေးကိုတော့ လိုက်နာစေချင်ပါတယ်” “ဟာ မင်းတော်တော် လူပါးဝပါလား” “နောင်ကြီးက ကျွန်တော်ဂိတ်ထိုးထားတဲ့ ညောင်ပင်အောက်ကိုလာပြီးတော့ ပြောချင်ရာ ပြောနေတာပါခင်ဗျာ။ ကျွန်တော် နောင်ကြီးကားနားလာပြီး ပြောချင်ရာပြောနေတာ မဟုတ်ပါဘူး” “ငါ့ကို ညောင်ကျပ်ရွာလိုက်ပို့စမ်း” “ကျုပ်ကို အမိန့်ပေးလို့မရဘူး။ ခင်ဗျား လေသံရော … အပြောပါ ပုံစံပြောင်းမယ်ဆိုရင် ကျုပ်စဉ်းစားမယ်။ နို့မို့ကတော့ ငွေ ၁၀၀ ပေးတောင် မလိုက်ဘူးဗျို့” လူကြီးက စိတ်ဆိုးပြီး မျက်နှာတွေနီရဲနေသည်။ သူက ကားဆီကိုပြန်သွားသည်။ ဆိုက်ကားသမားက လေချွန်ပြီး သီချင်းဆိုနေသည်။ ခဏနေမှ ထိုလူကြီးသည် ပြန်ရောက်လာပြီး “ဒီမှာ ကိုယ့်ညီ ညောင်ကျပ်ရွာကို သွားချင်လို့ လိုက်ပို့ပေးပါ” “အရေးကြီးလား” “အရေးကြီးတယ်” “တစ်ဆယ်ပေးရမယ်” “ဟာ များလိုက်တာ” “စီးချင်မှစီးလေ … ဒီကနေ ညောင်ကျပ်ကိုသွားရမှာ ၃ မိုင်လောက်နင်းရမယ်။ ပြန်ရင် မိုးချုပ်မယ်။ ဒါကြောင့် အရေးကြီးသလားလို့မေးတာ။
အရေးကြီးတယ်ဆိုရင်တော့ လိုက်ပို့မယ်။ ဒါမှမဟုတ်ရင် ဆောရီးပဲ” “ကဲ ပေးရတော့မှာပေါ့” “တက်လေ” ဆိုက်ကားသမားက ဆိုက်ကားကို နင်းလာသည်။ သူဌေးက သူ့ကားကို ဒရိုင်ဘာနှင့်ထားခဲ့သည်။ ဆိုက်ကား ဆရာက လေလေးချွန်လိုက် သီချင်းလေးညည်းလိုက်နှင့် ဆိုက်ကားကို နင်းလာသည်။ သူဌေးကြီးက သူ့ကို ကြည့်လိုက်၊ သူ့ရင်ဘက်ထဲတွင် ပိုက်ထားသော အိတ်ကိုကြည့်လိုက်လုပ်နေသည်။ “ဒီမှာနောင်ကြီး စိတ်ချလက်ချသာ အေးအေးဆေးဆေး စီးလို့ရတယ်။ ကျွန်တော့်ကိုတော့ မသင်္ကာသလို မကြည့်နဲ့။ ခင်ဗျားအိတ်ထဲမှာ ဘာပါတယ်မသိဘူး။ ငွေတွေအများကြီး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ စိတ်သာချ။ ကျွန်တော့်ဆိုက်ကားပေါ်ရောက်ရင် ခင်ဗျားက ကျွန်တော့်တာဝန်ဖြစ်သွားပြီး။ ခင်ဗျားလိုရာကို ဘေးကင်းစွာ ရောက်အောင်ပို့ဖို့ ကျွန်တော့်တာဝန်ဖြစ်သွားပြီ” ဆိုက်ကားဆရာကပြောလည်းပြောသည်။ သီချင်းလည်းဆိုသည်။ လေလည်းချွန်သည်။ ဆိုက်ကားစီးလာသော လူကြီးကား ချွေးပြန်နေသည်။ “နောင်ကြီး ချွေးတွေသုတ်လိုက်ဦးဗျ။ လေကတဖြူးဖြူးတိုက်နေတာတောင် ချွေးပြန်နေပုံထောက်ရင် ဒါရိုးရိုး ချွေးတော့ မဖြစ်နိုင်ဘူး။ လောဘချွေး၊ ဒေါသချွေး၊ သောကချွေးတွေပဲဖြစ်ရမယ်။
စိတ်အေးအေးသာထား။ မကြာခင်ရောက်တော့မယ်။ ကျွန်တော့ကို အမြန်တော့ မနင်းခိုင်းနဲ့ဗျို့။ လူက တစ်နေကုန်ပင်ပန်းနေတာ။ အားနာလို့ လိုက်ခဲ့တာ” “မောင်ရင့်ကိုကြည့်ရတာ စိတ်ချမ်းသာလိုက်တာ” “နောင်ကြီးကို ကြည့်ရတာလည်း ပူလောင်လိုက်တာဗျာ” “ငါလည်း မင်းလို လေလေးချွန်ပြီး အေးအေးဆေးဆေးနေချင်လိုက်တာ” “လွယ်ပါတယ်ဗျာ … ခင်ဗျားဆိုက်ကားနင်းလိုက်၊ ကျွန်တော်က ခင်ဗျားပိုက်ဆံအိတ်ပိုက်ပြီးလိုက်မယ်” “ငါကတကယ့်ကို စိတ်ချမ်းသာစွာနေချင်တာလို့ပြောတာပါ။ မင်းကြည့်ရတာ စိတ်ချမ်းသာတယ်” “ကျုပ်မှာ မိန်းမ မရှိဘူး။ လူပျိုကြီး။ အမေအိုကြီးတစ်ယောက်တည်းရှိတယ်။ အမေက အသက် ၈၀ ကျော်ပြီ။ အမေ့ကို လုပ်ကျွေးတယ်။ သားအမိနှစ်ယောက် စားလောက်ရုံပဲရှာတယ်။ ပိုတာကို နည်းနည်းစုထားတယ်၊ အမေ့ကိုပဲ အပ်ထားတယ်။ ကဲ သိပြီလား ကျုပ်ဘာကြောင့် လေချွန်ပြီး နေနိုင်သလဲဆိုတာ။ ကျုပ်လိုနေချင်ရင် ဘာကိုမှ အစွဲအလမ်းမထားနဲ့ဗျ။ ကိုယ်တိုင်လည်း လောဘမကြီးနဲ့ ကိုယ့်ဘေးမှာလည်း လောဘသမားတွေ ဝိုင်းမနေစေနဲ့” “အင်း တကယ်တော့ မင်းဝါဒက ကောင်းပေမယ့် ငါ့အတွက်ကတော့ မဖြစ်နိုင်တော့ဘူးလေ။ ငါလည်း တစ်ချိန်က လယ်သမားပါကွ။
ကြိုးစားရင်း ချမ်းသာပြီး ဆန်စက်ပိုင်ရှင်ဖြစ်လာတာ။ မင်းလိုလောဘသတ် ဖို့တော့မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါမင်းလိုနေ … မင်းလိုကျင့်လိုက်ရင် ထမင်းငတ်သွားမယ့် ငါ့ကို မှီခိုနေသူတွေများနေလို့ပဲ” “ထင်လို့ပါဗျာ။ စိတ်ချမ်းသာချင်ရင် ပိုင်ဆိုင်တာတွေကို တစ်ခုချင်းလျှော့ဗျ။ တကယ်ပြောတာ။ ခုပဲကြည့် ခင်ဗျား ကားပိုင်တယ်။ ကားပျက်တော့ ဒုက္ခရောက်တယ်။ ကားမပိုင်ရင် ခင်ဗျားဘာမှဖြစ်မှာ မဟုတ်ဘူး” “ဒီကားနဲ့ ငါ့အလုပ်တွေ တွင်ကျယ်ခဲ့တာလည်း ပြောဦးမှပေါ့” “သေရင်ထားခဲ့ရမှာတွေဗျာ … သိပ်ပြီးတော့ မျှော်လင့်မနေပါနဲ့” “ငါအဲဒီလိုစိတ်ထားခဲ့ရင် မချမ်းသာဘူးကွ” “ချမ်းသာတာကောင်းပါတယ်ဗျာ။ လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့က အရေးကြီးပါတယ်။ ခုပဲကြည့်လေ ခင်ဗျား စိတ်ဆင်းရဲနေရပြီ။ ကားပျက်လို့ပေါ့” “ဒီဆိုက်ကားက မောင်ရင့်အပိုင်လား” “မဟုတ်ဘူး … အုံနာရှိတယ်” “တကယ်လို့ မောင်ရင့်ဆိုက်ကားပျက်ရင်ရော” “ကျုပ်ဆိုက်ကားမှ မဟုတ်တာ။ ကိုယ်ပြင်ရမယ့်အပိုင်းဆိုကိုယ်ပြင် … အုံနာပြင်ရမယ့်အပိုင်းဆို သူပြင်ပေါ့” ဆိုက်ကားဆရာက လေလေးချွန်ကာ ဆိုက်ကားနင်းနေသည်။ “ရှေ့မှာ ညောင်ကျပ်ရောက်တော့မယ်။ ရတောင့်ရခဲ အခွင့်အရေးလေးကို လက်မလွှတ်နဲ့။
ကျုပ်လို ဆိုက်ကားနင်းပြီး လေချွန်ကြည့်လိုက်။ ပိုက်ဆံတစ်ပြားမှ ထပ်ပေးစရာ မလိုဘူး” “ငါမှဆိုက်ကားမနင်းတတ်တာ” “ခင်ဗျား စက်ဘီးစီးတတ်လား” “မစီးတတ်ဘူး” “ရပြီ … စက်ဘီးမစီးတတ်တဲ့သူဆိုရင် ဆိုက်ကားနင်းဖို့ အထူးသင်စရာမလိုဘူး။ လာပါ နင်းကြည့်လိုက်ပါ” ဆိုက်ကားဆရာက ဆိုက်ကားကို ရပ်လိုက်သည်။ ဆိုက်ကားပေါ်က ဆင်းလိုက်ပြီး ဖယ်ပေးလိုက်သည်။ “လာပါ နင်းကြည့်စမ်းပါ” သူဌေးကြီးက သူ့အိတ်ကိုပိုက်ကာ ဆင်းလာပြီး “ဒီအိတ်ကို ဘယ်မှာထားရမလဲ” “ကျုပ်ကိုပေးထားပါ။ ခင်ဗျားအိတ်ကို ယူမပြေးပါဘူး” လူကြီးက ဆိုက်ကားသမားကို ပိုက်ဆံအိတ်ပေးသည်။ ဆိုက်ကားပေါ်တက်ခွသည်။ ဆိုက်ကားသမားက ခရီးသည်ထိုင်သည့်နေရာတွင် အိတ်ကိုပိုက်ပြီးထိုင်သည်။
“ကဲ နင်းပေတော့” သူဌေးက ဆိုက်ကားနင်းသည်။ “ဟုတ်ပြီ … ခါးမတ်ထား … နင်းတော့ရပြီ” သူဌေးကနင်းရင်း နင်းရင်း ပျော်လာသည်။ “နင်းထား … ဟုတ်ပြီ … နင်းထား” လေကတိုက်နေသည်။ သူဌေးကပျော်လာသည်။ “ပျင်းစရာကောင်းလိုက်တာ သီချင်းဆိုပါဗျ” သူဌေးက မထင်မှတ်ပဲ သီချင်းကောက်ဆိုသည်။ “ယာတောရယ်တဲ့ အလယ်မှာကွယ် …. ငါပြောမယ် ရွှေရှင်ဘုရင်ရယ့် … နင်ဆင်ခြင်ဦး … နင်ဆင်ခြင်ဦး …” “တိမ်ဗျောင်နောင်” ဆိုက်ကားသမားက စည်းချက်လိုက်သည်။
“ကိုင်းဘယ်လိုလဲ” “ပျော်လိုက်တာကွာ” “ပျော်တဲ့အတွက် ပိုက်ဆံထပ်ပေးစရာမလိုဘူး … ကိုင်းရောက်ပြီး တစ်ဆယ်ပဲပေး” သူဌေးက ဆိုက်ကားပေါ်ကဆင်းလိုက်သည်။ သူ့ကို ငွေတစ်ဆယ်ပေးသည်။ “သွားဦးမယ်ကွာ။ မင်းနဲ့ပြန်ဆုံချင်ပါသေးတယ်၊ ဒီနေ့ ငါတကယ်ပျော်တာပါ” “ခင်ဗျားစိတ်ညစ်လာရင် ကျုပ်ဆီလာပြီး ဆိုက်ကားနင်းဗျ။ နေကောင်းသွားလိမ့်မယ်” “အေးပါကွာ”
တင်ညွန့် ၂၆.၁၁.၂၀၂၅





