” အရေးပါတဲ့ စိတ် လုံခြုံမှု ”

” အရေးပါတဲ့ စိတ် လုံခြုံမှု ”

အခုတလော ကျွန်တော့်သမီး၊ နေတာ ထိုင်တာက အရမ်းတိတ်ဆိတ်လွန်းပါတယ်။ ကျောင်းက ပြန်လာတယ်။ သူ့အခန်းထဲကို တန်းဝင်သွားတယ်။ ထမင်းစာချိန်ပြန်ထွက်လာတယ်။ ထမင်းစားခန်းထဲမှာလည်း စကားသိပ်မပြောပါဘူး။ ဘယ်သူ့ကိုမှလည်း သူ စိတ်မကောက်ဘူး။ ဒေါသထွက်နေတဲ့ ပုံမျိုးနဲ့ အခန်းတံခါးကို ဆောင့်ပိတ်တာမျိုးလည်း မလုပ်ဘူး။ ဒါပေမယ့် သူမရဲ့ ပုံစံက အရမ်းတိတ်ဆိတ်လွန်းပါတယ်။ အဲ့ဒီနေ့က အင်္ဂါနေ့ရဲ့မနက်ခင်းတစ်ခုပါ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကျွန်တော်က ကော်ဖီဖျော်ရင်း ဘာရယ်မဟုတ်ဘဲ တီဗီထဲက သတင်းတစ်ခုကို လှမ်းကြည့်နေတာပါ။ သတင်းတင်ဆက်သူက မနက်ခင်း လမ်းပိတ်တဲ့ အခြေအနေကို ရှင်းပြနေပါတယ်။ သမီးက မီးဖိုချောင်ထဲ ဝင်လာပါတယ်။ အင်မတန်လေးတဲ့ အရာတစ်ခုကို ကျောမှာပိုးထားသလို သူက လွယ်အိပ်ကို လွယ်ထားပါတယ်။ သူ ကျွန်တော့်ကို ကြည့်တယ်။ သူ့မျက်လုံးတွေက ခံစားချက်တွေကို မျိုသိပ်ထားရပြီး၊ အရမ်းကို ပင်ပန်းနွမ်းနယ်နေပုံရပါတယ်။ အသံက အလွန်ကို တည်ငြိမ်ပြီး အေးစက်လွန်းတဲ့အပြင် သူပြောတဲ့ အကြောင်းအရာက၊ ကျွန်တော့်ကို ထိတ်လန့်သွားစေပါတယ်။

“ဖေဖေ… သမီး တခြားကျောင်းကို ပြောင်းတက်လို့ ရမလား……..?” ကျွန်တော် ဆွံ့အသွားပါတယ်။ လက်ထဲက ကော်ဖီခွက်ဟာ ပါးစပ်နားမှာတင် ရပ်တန့်သွားပါတယ်။ မိဘတစ်ယောက်က မေးလေ့ရှိတဲ့ မေးခွန်းတွေကို ကျွန်တော် မေးလိုက်ပါတယ်။ “တစ်ခုခုဖြစ်လို့လား သမီး ?” “ဟင့်အင်း။” လို့ ပြန်ဖြေပါတယ်။ “စာတွေ ခက်နေလို့လား? သင်္ချာတွေ မလုပ်နိုင်လို့လား?” “ဟင့်အင်း။” “နေ့လယ်စာအတူစားဖို့ သူငယ်ချင်းတွေရော ရှိရဲ့လား?” သမီးက ပုခုံးကိုတွန့်ပြပြီး သူ့ဖိနပ်ကိုပဲ စိုက်ကြည့်နေတယ်၊ “သမီး မသိဘူး။” “တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်နေလို့လား? ကောင်လေးတစ်ယောက်ယောက်လား?” ဒီမေးခွန်းအတွက် သူမရဲ့အဖြေကတော့ တိတ်ဆိတ်မှုပါပဲ။ အသက်ရှူရ ကြပ်စေလောက်တဲ့ ပြင်းထန်တဲ့ တိတ်ဆိတ်မှုကြီးပါပဲ။ အဲ့ဒီညက မျက်နှာကျက်ကို ကျွန်တော် စိုက်ကြည့်ရင်း နာရီပေါင်းများစွာ အတွေးတွေ၊ များနေခဲ့ပါတယ်။

ဇနီးသည်ကတော့ အိပ်ပျော်နေပါပြီ။ကျွန်တော့်စိတ်တွေကတော့ အပြေးအလွှားဖြစ်နေပါတယ်။ ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ သတင်းဆိုးတွေကို ကျွန်တော်တို့ ကြားနေရတာပါပဲ။ ကိုယ့်အလှည့်မရောက်မချင်း ဒါတွေက ကိုယ့်ဆီမှာတော့၊ ဖြစ်လာမှာမဟုတ်ဘူးလို့ပဲ ကျွန်တော်တို့ ထင်ထားခဲ့ကြတာပါ။ နောက်တစ်နေ့မနက်မှာ ကျွန်တော် အလုပ်ရှင်ဆီ ဖုန်းဆက်ပြီး ခွင့်တစ်ရက် ယူလိုက်ပါတယ်။ ကျွန်တော့်သမီးကို မပြောခဲ့ပါဘူး။ သူတက်နေတဲ့ အုတ်နီခဲရောင် အဆောက်အအုံကြီးရှိတဲ့ အလယ်တန်းကျောင်းကို ကျွန်တော် ကား မောင်းသွားခဲ့ပါတယ်။ အပြင်ပန်းကကြည့်ရင်တော့ အားလုံး အဆင်ပြေနေတဲ့ပုံပါပဲ။ ကျောင်းရုံးခန်းကို စာရွက်စာတမ်းတွေ လာပေးတာပါဆိုပြီး စကားကို အဆင်ပြေသလို ပြောလိုက်ပါတယ်။

ကျွန်တော် ကိုယ်တိုင် မြင်ချင်ခဲ့တာပါ။ သမီး ဘာဖြစ်လို့ ကျောင်းပြောင်းချင်တာလဲ ဆိုတာကို နှုတ်က ထုတ်မပြောတဲ့အတွက် ကျွန်တော့်မျက်စိနဲ့ကိုယ်တိုင်မြင်မှ ဖြစ်မှာပါ။ နေ့လယ်စာ စားချိန်အတွက် ကျောင်းသားတွေ အခန်းထဲ ထွက်လာကြတဲ့အခါ၊ ကျွန်တော် ကန်တင်းတံခါးနားက စင်္ကြံမှာ မတ်တပ်ရပ်နေလိုက်ပါတယ်။ ခေါင်းလောင်းသံ မြည်လာတာနဲ့ ကျောင်းသားတွေဟာ၊ အော်ဟစ်ရယ်မောရင်း အခန်းထဲက ထွက်လာကြပါတယ်။ အဲ့ဒီအချိန်မှာပဲ သမီးကို ကျွန်တော် မြင်လိုက်ရတယ်။ သူမက သူငယ်ချင်းအုပ်စုနဲ့ လမ်းလျှောက်နေတာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်ရဲ့ ဖုန်းပေါ်က TikTok ကို ကြည့်ပြီး ရယ်မောနေတာမျိုးလည်း မဟုတ်ဘူး။ သူမက ခြံစည်းရိုးနားမှာ တစ်ယောက်တည်း ရပ်နေပါတယ်။

သူက ကိုယ်ကို အသင့်ကာကွယ်ထားသလိုမျိုး ရပ်နေတာပါ။ ကော်ဖီဘူးလေးကိုလည်း ဒိုင်းကာတစ်ခုလိုမျိုး တင်းတင်းကြပ်ကြပ် ဖက်ထားပါသေးတယ်။ ဆံပင်ပုံစံတွေကို အတူတူ ညှပ်ထားပြီး၊ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်ထားတဲ့ မိန်းကလေးတစ်စု၊ သမီးနားကနေ ဖြတ်လျှောက်သွားကြပါတယ်။ သူတို့က သမီးကို ရိုက်နှက်တာမျိုး မလုပ်ပါဘူး၊ တွန်းတိုက်တာမျိုးလည်း မလုပ်ပါဘူး။ ဒီထက်ပိုပြီး သိမ်မွေ့တဲ့ နည်းလမ်းနဲ့ အနိုင်ကျင့်တာမျိုးပါ။ သူတို့က သမီးနားအရောက်မှာ လမ်းလျှောက်တာကို နှေးလိုက်ပြီး တစ်ခုခုကို တိုးတိုးလေးပြောကာ ရယ်မောသွားကြပါတယ်။ တစ်ယောက်က ဖုန်းထုတ်ပြီး တစ်ယောက်တည်း ရပ်နေတဲ့ သမီးကို ဓာတ်ပုံရိုက်ယူလိုက်တယ်။ရိုက်ယူလိုက်တဲ့ သမီးပုံကို အုပ်စုကိုပြတယ်။ လှောင်ကြတယ်။ သူတို့ရဲ့ ရယ်မောသံတွေက ကျွန်တော့်ရင်ဘတ်ကို လက်သီးနဲ့ အရှိန်ပြင်းပြင်း ထိုးလိုက်သလို ခံစားလိုက်ရပါတယ်။

ပြီးတော့ ကောင်လေးတစ်ယောက်က ဘေးနားက ပြေးသွားရင်း သမီးရဲ့ ပခုံးကို “မတော်တဆ” ဖြစ်သလိုနဲ့ အားပြင်းပြင်း ဝင်တိုက်လိုက်တဲ့အတွက် သမီးတစ်ပတ် လည်သွားပါတယ်။ သမီးလက်ထဲက အားဖြည့်အချိုရည်တွေက အင်္ကျီလက်ပေါ် ဖိတ်စင်ကုန်ပါတယ်။ သူ မရပ်ပါဘူး။ မတောင်းပန်ပါဘူး။ သူ့သူငယ်ချင်းကို လက်ချင်းရိုက် ‘ဟိုက်ဖိုက်’လုပ်ပြီး ဆက်ပြေးသွားပါတယ်။ ကျွန်တော့်သမီး ဘာလုပ်သလဲ….? သူ လှမ်း မအော်ပါဘူး၊ အဲ့ဒီကောင်လေးနောက်ကိုလည်း ပြေးမလိုက်ပါဘူး။ သူမက အိတ်ကပ်ထဲက တစ်သျှူးလေးကို ထုတ်ပြီး အင်္ကျီလက်ကို သုတ်နေရှာပါတယ်။ နှုတ်ခမ်းကိုတော့ ခပ်တင်းတင်းလေး ကိုက်ထားပါတယ်။ သမီးက သူ့ကျောင်းမှာ ဒီလိုကိစ္စတွေကို နေသားကျနေပုံရပါတယ်။ အဲ့ဒါက ကျွန်တော့်နှလုံးသားကို အစိတ်စိတ် အက်ကွဲစေပါတယ်။ ဒါဟာ သူ့အတွက်တော့ ပုံမှန် နေတစ်နေ့လို ပါပဲ။ ကျွန်တော့်ကို ပိုပြီး စိတ်ပျက်စေတာက ကလေးတွေရဲ့ ရက်စက်မှု မဟုတ်ပါဘူး။ ကလေးဆိုတာ တစ်ခါတစ်လေ ရက်စက်တတ်ပါတယ်။ သူတို့က စာနာမှုကို သင်ယူနေဆဲပါ။

ကျွန်တော့်ကို စိတ်ပျက်စေတာက “လူကြီး” ပါ။ ဆရာတစ်ယောက်က သမီးနဲ့ ၁၀ ပေလောက်အကွာမှာတင် ရပ်နေပါတယ်။ “နေ့လယ်စာ စားချိန်မှာ တာဝန်ကျ” တဲ့ ဆရာတစ်ယောက်ပါ။ မိန်းကလေးတစ်စုက ကျောင်းစည်းကမ်းကို ချိုးဖောက်ခါ၊ ဓာတ်ပုံရိုက်တာကို မြင်တယ်။ လှောင်ပြောင်နေတာကိုလည်း သူမြင်ပါတယ်။ ကောင်လေးက သမီးကို၊ တမင်တိုက်သွားတာကိုလည်း သူမြင်ပါတယ်။ သူက သမီးကို ကြည့်တယ်၊ အနိုင်ကျင့်တဲ့ အုပ်စုကို ကြည့်တယ်။ ပြီးတော့… နာရီကို ငုံ့ကြည့်ပြီး ကော်ဖီတစ်ငုံသောက်ကာ ကျောခိုင်းထွက်သွားပါတယ်။ ဒါက “မမြင်ချင်ယောင် ဆောင်လိုက်တာ” ပါ။ ပြဿနာတွေကို အစီရင်ခံစာ ရေးနေရတာထက် မသိချင်ယောင်ဆောင်လိုက်တာက သူ့အတွက် ပိုလွယ်ကူနေပုံရတယ်။

ကျွန်တော် ကျောင်းထဲက ထွက်လာခဲ့ပါတယ်။ ဒေါသတွေနဲ့ တစ်ကိုယ်လုံး တုန်ရင်နေပါတယ်။ အိမ်ရောက်တော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဆီ အီးမေးလ်တစ်စောင် ရေးလိုက်ပါတယ်။ ကျွန်တော် မြင်ခဲ့ရသမျှ အကုန်လုံးကို အသေးစိတ် ရေးပြလိုက်တာပါ။ သမီးကို အုပ်စုထဲကနေ သီးသန့်ခွဲထုတ်ထားတာ၊ ဆိုက်ဘာဘူလီလုပ်ပြီး အနိုင်ကျင့်တာ၊ ကိုယ်ထိလက်ရောက် စော်ကားတာတွေ အကုန်ပြောပြလိုက်ပါတယ်။ ကျွန်တော့်သမီးလေးရဲ့ပျော်ရွှင်မှုတွေက ကျွန်တော့်မျက်စိရှေ့မှာတင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနေပြီဆိုတာကို ကျွန်တော် သူတို့ကို ပြောပြခဲ့ပါတယ်။ ကျောင်းအုပ်ကြီးဆီက ပြန်လာတဲ့ အဖြေကတော့ စာအုပ်ကြီးအတိုင်းဖြစ်ပြီး တာဝန်ရှောင်တဲ့ပုံစံပါ။ “မစ္စတာ မီလာ ခင်ဗျာ၊ ကျွန်တော်တို့ ဒါကို အလေးအနက်ထား စဉ်းစားပါတယ်။ ကျွန်တော်တို့ဆီမှာ အနိုင်ကျင့်မှုနဲ့ ပတ်သက်ပြီး လုံးဝ သည်းမခံတဲ့ မူဝါဒ ရှိပါတယ်။ ဒါပေမဲ့ လူကြီးမင်းပြောကြားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး၊ ကျောင်းဝန်ထမ်းတွေဆီက ဘာတိုင်ကြားချက်မှ မရရှိသေးပါဘူး။ ဆယ်ကျော်သက်အရွယ်ဆိုတာ အခက်အခဲတွေ ရှိတတ်တဲ့အရွယ်ပါ။

ဒါက ကလေးအချင်းချင်းဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အခြေအနေကို စောင့်ကြည့်ပေးပါ့မယ်။” “အခြေအနေကို စောင့်ကြည့်ပေးပါ့မယ်” တဲ့။ အဓိပ္ပာယ်ကတော့ “တစ်ခုခု အကြီးအကျယ် မဖြစ်မချင်း ငါတို့ ဘာမှ လုပ်မှာမဟုတ်ဘူး” လို့ ပြောတာပါပဲ။ အဲ့ဒီညနေမှာ ကျွန်တော်၊ သမီးရဲ့ ကုတင်ဘေးမှာ ထိုင်လိုက်တယ်။ သူက စာဖတ်နေသလို ဟန်ဆောင်နေတာပါ။ စာမျက်နှာတွေကို ငေးကြည့်နေယုံသာဖြစ်မှန်း ကျွန်တော် သိပါတယ်။ “ဖေဖေ စဉ်းစားပြီးပြီလား?” လို့ သူမက တိုးတိုးလေး မေးတယ်။ ကျွန်တော် သူမကို ‘စိတ်ဓာတ်ကြံ့ခိုင်ဖို့’ လေရှည်မနေတော့ဘူး။ “လောကကြီးက ခက်ခဲတယ်၊ သည်းခံရမယ်” လို့လည်း မပြောတော့ပါဘူး။ လောကကြီးက ‘ရက်စက်မှန်း’ သူ ကျွန်တော့်ထက် ပိုသိနေပါပြီ။ သူ သိဖို့လိုတာက သူ့အဖေဟာ သူ့ဘဝအတွက် အားကိုးရတယ် ဆိုတာပါပဲ။ “အေး… ဖေဖေ စဉ်းစားပြီးပြီ သမီး” လို့ကျွန်တော် ပြောလိုက်ပါတယ်။ “သမီး အဲ့ဒီကျောင်းကို နောက်ထပ် ဘယ်တော့မှ ပြန်သွားစရာ မလိုတော့ဘူး။” သူမက ဘာကြောင့်လဲလို့ မမေးပါဘူး။

ဘယ်လိုပြောင်းမလဲဆိုတာလည်း မမေးဘူး။ သူမက သက်ပြင်းအရှည်ကြီး ချလိုက်တယ်။ သူမရဲ့ ပခုံးတွေက သိသိသာသာကို ပြေကျသွားပါတယ်။ သက်ပြင်းချလိုက်တဲ့အသံဟာ စိတ်ဆင်းရဲစရာကောင်းတဲ့ ကျောင်းကြီးထဲမှာ နေရတဲ့ဘဝကနေ လွတ်မြောက်သွားပြီ ဆိုတဲ့ ခံစားချက်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။ အခု သမီး ကျောင်းအသစ်ကို တက်နေပါပြီ။ ကျောင်းကတော့ အဆောက်အအုံအဟောင်းကြီးပါ။ ကစားကွင်းအသစ်တွေမရှိသလို၊ ကျောင်းသားတိုင်းအတွက် တက်ဘလက်အသစ်တွေလည်း မရှိပါဘူး။ အိမ်နဲ့ကလည်း မိနစ် ၃၀ လောက် မောင်းရလို့ ဆီဖိုးနဲ့ အချိန်လည်း ပိုကုန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကျောင်းက အရင်ကျောင်းနဲ့ မတူပါဘူး။ အဲ့ဒီကျောင်းရဲ့ကျောင်းအုပ်ကြီးက ကျောင်းဝင်းထဲဝင်လာတဲ့ ကျောင်းသားတွေကို နာမည်ခေါ်ပြီး တံခါးဝကနေ ကြိုဆိုပါတယ်။ ဆရာတွေက ဖုန်းကြည့်မနေဘဲ ကျောင်းသားတွေကို ပဲကြည့်ကြပါတယ်။

အဲ့ဒီမှာ သမီးက ပတ်ဝန်းကျင်နဲ့ အဆင်ပြေဖို့အတွက် ခေါင်းငုံ့နေစရာ မလိုပါဘူး။ ပြီးခဲ့တဲ့အပတ်က သူ့သူငယ်ချင်းသစ်နဲ့အတူ၊ အိမ်ရှေ့ မှာ ရယ်ရယ်မောမော ဆော့ကစားနေတာကို ကျွန်တော် မြင်လိုက်ရတယ်။ နှစ်နှစ်အတွင်း သူမရဲ့ ရင်ထဲက တကယ့်အပြုံးကို၊ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ မိဘများခင်ဗျာ၊ ကျေးဇူးပြုပြီး ကျွန်တော့်စကားကို အလေးအနက်ထားပေးပါ။ ကလေးတစ်ယောက်က ကျောင်းပြောင်းချင်တယ်လို့ ပြောလာခဲ့ရင် ဒါက အပျော်သဘော မဟုတ်ပါဘူး။ ကျောင်းပြောင်းတယ်ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။ အဲ့ဒီကျောင်းမှာ ကျောင်းသားအသစ် တစ်ယောက် အဖြစ်နဲ့ နေရမယ်။ တစ်ယောက်တည်း ထမင်းစားရမယ်။ စည်းကမ်းတွေ အသစ်ပြန်မှတ်ရမယ်။ ကလေးတစ်ယောက်က ကျောင်းပြောင်းချင်တယ်လို့ ပြောလာပြီဆိုရင်၊ ‘ကျောင်းအသစ်မှာ ဘာဖြစ်မလဲဆိုတာ မသိတဲ့ စိုးရိမ်စိတ်’ ထက် ‘လက်ရှိကျောင်းမှာ….. နေ့တိုင်းခံနေရတဲ့ နာကျင်မှု’ က ပိုပြီးဆိုးဝါးနေလို့ပါ။ တစ်ခါတလေ အနက်ရှိုင်းဆုံး ဒဏ်ရာတွေက အနိုင်ကျင့်တဲ့သူတွေဆီက လာတာ မဟုတ်ပါဘူး။

အဲ့ဒီကလေးတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ လူကြီးတွေရဲ့ “နှုတ်ဆိတ်နေမှု” ကနေ လာတာပါ။ ကလေးတွေကိုတော့ တစ်ခုခုမြင်ရင် ချက်ခြင်းပြန်ပြောဖို့ ကျွန်တော်တို့ သင်ပေးကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူကြီးတွေ ကိုယ်တိုင်လည်း အဲ့ဒီအတိုင်း လုပ်ဖို့ လိုပါတယ်။ ကလေးတွေရဲ့ တိတ်ဆိတ်တဲ့ အပြုအမှုတွေကို လျစ်လျူမရှုပါနဲ့။ စာမေးပွဲအမှတ်တွေ ကျလာတာ၊ တနင်္လာနေ့မနက်တိုင်း… ကျောင်းသွားခါနီးမှ ဗိုက်နာတယ်လို့ အကြောင်းပြတာ၊ ကျောင်းကား မစီးချင်တာ၊ ပြီးတော့ တိတ်ဆိတ်သွားတာ…..အဲ့ဒီလို အပြုအမှုတွေရဲ့ နောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ရှိနေနိုင်ပါတယ်။ “ဒီနေ့ ကျောင်းမသွားချင်ဘူး” ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ ကြောက်ရွံ့မှု၊ အထီးကျန်မှုနဲ့ အနိုင်ကျင့်ခံရနိုင်မှုတွေ ရှိနေနိုင်ပါတယ်။

ကလေးတစ်ယောက်က သူ့ကို အနိုင်ကျင့်ခံရတာကို ပြောပြဖို့ အရမ်းကြောက်တတ်ပါတယ်။ ” ဘာအကြောင်းအရာပဲ ဖြစ်ဖြစ် ပြောပြလို့ ရတယ်” ဆိုတာကို သူတို့ ယုံကြည်အောင် ဖန်တီးပေးထားပါ။ “ကိုယ့်ကလေးက နှိပ်စက်ခံနေရတယ်”လို့သိလိုက်ရတဲ့အခါ မိဘတစ်ယောက်အတွက် အရမ်းနာကျင်ရပါတယ်။ ကလေးရဲ့စကားကို အဆုံးထိ စိတ်ရှည်လက်ရှည် နားထောင်ပေးဖို့ အတွက် ကိုယ်ဖက်က “စိတ်ဓာတ်ခိုင်မာမှု” လည်း လိုအပ်ပါတယ်။ ပြီးတော့… လက်တွေ့ လုပ်ဆောင်ပေးပါ။ ကိုယ့်ကလေးကို ကရုစိုက်ပါ။ တစ်ခါတလေမှာ ကလေးတစ်ယောက်ရဲ့ အကျယ်လောင်ဆုံး အကူအညီတောင်းသံက….စကားလုံးတွေမဟုတ်ဘဲ အပြုအမှုတွေ ဖြစ်နေတတ်ပါတယ်။ ရဲစခန်းက အစီရင်ခံစာတွေ၊ ဆေးရုံက မှတ်တမ်းတွေ ရောက်လာတဲ့အထိ မစောင့်ပါနဲ့။ သူတို့ကို ကြည့်ပေးပါ၊ နားထောင်ပေးပါ၊ တုံ့ပြန်ပေးပါ။ သင့်ကလေးရဲ့ စိတ်လုံခြုံမှုဟာ ကျောင်းခေါ်ချိန် မှတ်တမ်းထက် အများကြီး ပိုပြီးတန်ဖိုးရှိပါတယ်။

Saya U Khin Zaw ( ဘာသာပြန် ) #SayaUKhinZaw

Leave a Reply

Your email address will not be published. Required fields are marked *