” ရွာလေးကို ပြန်တည်မယ်…”
ရဲကို ကျွန်တော် ဖုန်းခေါ်မလို့ လုပ်ခဲ့တာပါ။ ည ၈ နာရီအချိန်…ဆီနှင်းတွေပါတဲ့ မိုးရေထဲမှာ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်…လမ်းဘေးမှာတစ်ယောက်ထဲ ထိုင်နေတာကို တွေ့လိုက်ရတာပါ။ မြို့စွန်က ဓာတ်ဆီဆိုင်တစ်ခုမှာ ကျွန်တော့်ကားကို ဆီဖြည့်နေတာပါ။ အဲဒီနေရာမှာရှိတဲ့ လမ်းမီးတိုင်တွေက တဖျတ်ဖျတ်ဖြစ်နေပြီး၊ ပျက်ချင်နေတဲ့အနေအထားမျိုးပါ။ လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း စုံအောင် မကြည့်ရဲတဲ့ နေရာမျိုးပေါ့။ ဒါပေမဲ့ ကျွန်တော် သူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိပါတယ်။ သူ ဝတ်ထားတဲ့ ဟူဒီခေါင်းစွပ်အင်္ကျီ က ပါးလွန်းပါတယ်။
နိုဝင်ဘာလရဲ့ အအေးဒဏ်ကို ခံနိုင်ရည်မရှိလောက်ပါဘူး။ ကိုယ်ပေါ်က အင်္ကျီဟာ ရွှဲရွှဲစိုနေပြီး ကျောပိုးအိတ်လေးကို သူ့ရင်ခွင်ထဲမှာ အသက်ကယ်အင်္ကျီတစ်ထည်လို တင်းတင်းကြပ်ကြပ် ဖက်ထားရှာပါတယ်။ သူ့မှာ ထီးလည်းမပါ ပါဘူး။ လူကြီးလည်း မပါ ပါဘူး။၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်ရဲ့ တံခါးဝကိုပဲ ငေးကြည့်နေပါတယ်။ ကျွန်တော့်အသက်က ၆၈ နှစ်ရှိပါပြီ။ မိုးရွာရင် ဒူးတွေက ကိုက်ပါတယ်။ အဓိပ္ပာယ်မရှိတာတွေကိုလည်း စိတ်မရှည်တတ်တော့ပါဘူး။ ဒါပေမဲ့ ကလေးတစ်ယောက် ဒုက္ခရောက်နေတာကို မြင်ရရင်တော့ ပိုပြီးတောင် စိတ်မရှည်တော့ပါဘူး။ ကားပေါ်မှာ ပါလာတဲ့ ထီးကို ကျွန်တော် ဖွင့်ဆောင်းလိုက်ပြီး သူ့ဆီလျှောက်သွားလိုက်ပါတယ်။ “ဟေ့ သားလေး၊ တစ်ယောက်ယောက် လာကြိုမှာကို စောင့်နေတာလား?” လို့ မေးလိုက်ပါတယ်။ သူ လန့်သွားပြီး ကြောက်လန့်တကြားနဲ့ ကြည့်ပါတယ်။ “မေမေက ဒီမှာပဲ နေပါတဲ့။ ဘယ်မှမသွားနဲ့တဲ့။
” “ဒီလို ရာသီဥတုကြီးထဲမှာလား? မေမေက ဘယ်မှာလဲ?” သူက လမ်းတစ်ဖက်မှာရှိတဲ့ ကုန်လှောင်ရုံကြီးဆီကို လက်ညှိုးထိုးပြပါတယ်။ အဲဒီနေရာက လူတွေ နာရီးပေါင်းများစွာ ပစ္စည်းတွေ ထုပ်ပိုးနေကြတဲ့ မီးခိုရောင် အဆောက်အအုံကြီး တစ်ခုပါ။ “မေမေက အချိန်ပိုဆင်းနေရတယ်။ အလုပ်မပြီးဘဲ ထွက်လာရင် အလုပ်ဖြုတ်ခံရမှာ” လို့ သူက ပြောပါတယ်။ ကလေးတစ်ယောက်မှာ မရှိသင့်တဲ့၊ ရင့်ကျက်မှုမျိုးနဲ့ သူက ပြောပြနေတာပါ။ သူက ညည်းညူနေတာမျိုး မဟုတ်ဘူး၊ ရှင်သန်ရပ်တည်ရေးအတွက် စီးပွားရေးအခြေအနေကို ရှင်းပြနေတာပါ။ “လာပါ သားရယ်” လို့ ကျွန်တော် ပြောလိုက်တယ်။ “မင်းကို ဒီနေရာမှာ၊ ဒီအတိုင်း ထားမသွားပါဘူး။ အဘိုးနဲ့ ဒီနားက ဆိုင်ကို လိုက်ခဲ့။ ” ကျွန်တော်တို့နှစ်ယောက် ထီးတစ်ချောင်း နှစ်ယောက်ဆောင်းပြီး၊ အနီးဆုံးဆိုင်ကို လျှောက်လာခဲ့ပါတယ်။ ချောကလက်ပူပူတစ်ခွက်နဲ့ ကြက်ဆင်သား ဆန်းဒဝစ် တစ်ခု ဝယ်ကျွေးလိုက်တယ်။
ပြတင်းပေါက်နားက စတီးခုံလေးတွေပေါ်မှာ ကျွန်တော်တို့ ထိုင်လိုက်ကြပါတယ်။ “ဘိုးဘိုး နာမည်က ဖရန့်ခ် လို့ခေါ်တယ်” လို့ ကျွန်တော် မိတ်ဆက်လိုက်ပါတယ်။ “သားနာမည်က လီယို ပါ” လို့ သူက အငွေ့တထောင်းထောင်းထနေတဲ့ ချောကလက် ခွက်ကို မှုတ်ရင်း တိုးတိုးလေး ပြန်ပြောပါတယ်။ “မင်း ဒီမှာ ရှိနေတာ မေမေ သိရဲ့လား လီယို?” “မေမေကတော့ ကျွန်တော့်ကို အဆောက်အဦးထဲက ဧည့်ခန်းမှာ ရှိနေတယ်လို့ ထင်မှာပဲ။” လို့ သူက ပြောပါတယ်။ “ဒါပေမဲ့ လုံခြုံရေးဝန်ထမ်းက ‘ဒီမှာ နေလို့မရဘူး’ ဆိုပြီး မောင်းထုတ်လို့ ကျွန်တော် လမ်းဘေးမှာ သွားထိုင်စောင့်နေတာ။” ကျွန်တော့်နှလုံးသားဟာ အက်ရုံတင်မကတော့ဘဲ အပိုင်းပိုင်း ကွဲကြေသွားသလို ခံစားရပါတယ်။ ကျွန်တော်တို့ အဲဒီမှာ နှစ်နာရီလောက် ထိုင်နေခဲ့ကြပါတယ်။
လီယိုက မိုင်းခရက် Minecraft ဂိမ်းကို ကြိုက်ပြီး သင်္ချာကို မုန်းတယ်ဆိုတာ ကျွန်တော် သိခဲ့ရတယ်။ သူက အာကာသယာဉ်မှူး ဖြစ်ချင်တာတဲ့၊ ဘာလို့လဲဆိုတော့ “အာကာသထဲမှာ တိတ်ဆိတ်လို့” တဲ့။ ည ၁၀:၁၅ လောက်မှာ အပြာရောင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် လမ်းကို ဖြတ်ပြီး ပြေးလာပါတယ်။ သူဟာ အရမ်း ပင်ပန်းနွမ်းနယ်နေပြီး မိုးရေကြောင့် ဆံပင်တွေက မျက်နှာမှာ ကပ်နေပါတယ်။ ဆိုင်ထဲကို သူ အပြေးအလွှား ဝင်လာပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား လိုက်ကြည့်နေရင်း ကျွန်တော်တို့ကို တွေ့သွားပါတယ်။ “လီယို…” သူ ပြေးလာပြီး ကလေးကို ပွေ့ဖက်ပါတယ်၊ ကလေး မျက်နှာနဲ့ လက်တွေကို စစ်ဆေးတယ်။ ပြီးတော့ ကျွန်တော့်ကို ကြည့်တယ်။ သူ့မျက်လုံးထဲက ကြောက်ရွံ့မှုဟာ ထိတ်လန့်ရုံတင် မဟုတ်ပါဘူး။ သူ့ကလေးကို လူမှုဖူလုံဌာနက၊ လာခေါ်သွားတော့မလားဆိုတဲ့….. မိခင်တစ်ယောက်ရဲ့ ကြောက်စိတ်မျိုးပါ။ “တောင်းပန်ပါတယ်ရှင်….” လို့ သူက အနောက်ကို အနည်းငယ်ဆုတ်ရင်း ငိုယိုပြီး ပြောပါတယ်။ “ကျေးဇူးပြုပြီး ဘယ်နေရာမှ မတိုင်ပါနဲ့။
ကျွန်မက မိခင်ကောင်း တစ်ယောက်ပါ။ တကယ်ပါ။ ကလေးထိန်းပေးမယ့်သူက အချိန်ကပ်နေတော့မှ မလာဖြစ်တော့ဘူးဆိုပြီး ဖျက်လိုက်လို့ပါ။ နောက်ထပ် ငါးယောက်လောက်ကို ဖုန်းဆက်ပေမယ့် ဘယ်သူမှ မအားကြဘူး။ ကျွန်မမှာ ဆွေမျိုးလည်း မရှိဘူး။ ဒီအိုဗာတိုင်ကို မဆင်းရရင် ကျွန်မ အိမ်လခ မပေးနိုင်တော့ဘူး။ အိမ်လခက ဒေါ်လာ ၁,၈၀၀ ပေးရမှာ။ ကျွန်မမှာ တခြားရွေးချယ်စရာ မရှိလို့ပါ။” သူ တစ်ကိုယ်လုံး တုန်ရင်နေပါတယ်။ “တော်ပါတော့” လို့ ကျွန်တော် ညင်ညင်သာသာ တားလိုက်ပြီး၊ လက်နှစ်ဖက်ကို မြှောက်ပြလိုက်တယ်။ “ဘယ်သူ့ကိုမှ တိုင်မှာ မဟုတ်ပါဘူး။” ကျွန်တော် သူ့ကို ကြည့်လိုက်တယ်။ သေချာ ကြည့်လိုက်မိတာပါ။ သူ့နေရာမှာ ကျွန်တော့်သမီးလေးလို့ အစားထိုးပြီး မြင်ယောင်ကြည့်တယ်။ အိမ်လခလေး အတွက်….. အလုပ်ကို အားသွန်ခွန်စိုက် လုပ်ကိုင်နေကြရတယ်။ ကလေးထိန်းခကလည်း အိမ်လခထက်တောင် ကြီးနေလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ဒီဘက်ခေတ်ရဲ့မိဘတွေကို မြင်လိုက်ရတယ်။ “ကျွန်တော်က အငြိမ်းစားယူထားတာပါ” လို့ ပြောလိုက်ပါတယ်။
“စက်ပြင်ဆရာ လုပ်ခဲ့တာပါ။အခုတော့ အိမ်မှာ ထိုင်ပြီး တီဗွီကြည့်ရင်း အချိန်ဖြုန်းနေရတာ များပါတယ်။” စက္ကူအလွတ်တစ်ရွက်ပေါ်မှာ ကျွန်တော့်ဖုန်းနံပါတ်ကို ရေးပေးလိုက်ပါတယ်။ “နောက်တစ်ခါ ကလေးထိန်း အခက်အခဲဖြစ်ရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ။ ကျွန်တော်နေတဲ့နေရာက ဒီနေရာကနေ ၁၀ မိနစ်လောက်ပဲ ဝေးတယ်။ ကျွန်တော် သူ့ကို စောင့်ပေးမယ်။ သင်္ချာလည်း သင်ပေးမယ်။ ပိုက်ဆံ ပေးစရာ မလိုပါဘူး။” သူက စက္ကူလေးကို ငေးစိုက် ကြည့်ရင်း…… “ဘာဖြစ်လို့လဲဟင်? အဘိုးက ကျွန်မတို့နဲ့ မသိဘဲနဲ့” လို့ မေးပါတယ်။ “ဘာလို့လဲဆိုတော့ သူ မိုးရေထဲမှာ မနေသင့်လို့ပါ” လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။ “ပြီးတော့ သမီးအနေနဲ့လည်း ကလေးကို ကျွေးမွေးဖို့နဲ့ စောင့်ရှောက်ဖို့ နှစ်ခုထဲက၊ တစ်ခုကို ရွေးချယ်နေရတဲ့ အခြေအနေမျိုး မဖြစ်သင့်လို့ပါ။” အဲဒါက လွန်ခဲ့တဲ့ ခြောက်လကပေါ့……….။ ဒီနေ့တော့ ကျွန်တော် ‘လီယို’ကို ကျောင်းကနေ သွားကြိုတယ်။
ပြီးတော့ ကျွန်တော်တို့ စာကြည့်တိုက်ကို သွားကြပါတယ်။ သူ အခု သင်္ချာ တော်လာပါပြီ။ သူ့အမေ ‘ဆာရာ’ အလုပ်က ပြန်မလာခင် ကျွန်တော်တို့ အတူတူ ချက်ပြုတ်စားသောက်ကြတယ်။ ဒါပေမဲ့ အရေးကြီးဆုံး အပိုင်းကတော့ အခုမှ စမှာပါ။ ကျွန်တော်တို့ အငြိမ်းစား ဝန်ထမ်းတွေဆုံဖြစ်ကြတဲ့နေရာမှာ… လီယိုအကြောင်းကို သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြပါတယ်။ အလုပ်အသီးသီးကနေ အငြိမ်းစား ယူထားကြပြီး “ငါတို့ ဒီအရွယ်မှာ ဘာမှ အသုံးမကျတော့ပါဘူး” လို့ ထင်နေကြတဲ့ အဘိုးကြီးတွေပေါ့။ အခုဆိုရင် ကျွန်တော်တို့မှာအဘိုးကြီးတွေ စုပေါင်းပြီး ဖွဲ့ထားတဲ့ ”ကင်းလှည့် ဘိုးဘိုး”တို့အဖွဲ့ ဆိုတာမျိုး ရှိနေပါပြီ။ ကျွန်တော့်သူငယ်ချင်း မိုက်ခ်က အိမ်နီးနားချင်း ကလေးကို ဘောလုံးကွင်းအထိ လိုက်ပို့ပေးပါတယ်။
အဲဒီကလေးရဲ့ အဖေက အလုပ်နှစ်ခု လုပ်နေရလို့ပါ။ နောက်တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ်ကတော့ သူ့အိမ်ရှေ့ဝရန်တာမှာ ထိုင်ရင်း ကလေးတွေအတွက် ကားမှတ်တိုင်ကို စောင့်ကြည့်ပေးပါတယ်။ ‘ဒေ့ဗ်’ ရှိနေတဲ့အတွက်၊ ဘေးအိမ်က အမေဖြစ်သူဟာ သူ့သားလေး ကျောင်းသွား၊ ကျောင်းပြန်အတွက် စိတ်ပူစရာမလိုတော့ဘဲ သူမရဲ့အလုပ်ကို စိတ်အေးလက်အေး သွားနိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကြီးကြီးမားမားတွေ လုပ်နေတာ မဟုတ်သလို၊ ဥပဒေတွေ ပြောင်းလဲပစ်နေတာလည်း မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦးကြားမှာ လိုအပ်နေတဲ့ လိုအပ်ချက်လေးတွေကိုပဲ ဝိုင်းဝန်းဖြည့်ဆည်းပေးနေကြတာပါ။ ပြီးခဲ့တဲ့ အပတ်က ဆာရာ အလုပ်အသစ် ရသွားတယ်။အလုပ်ဆင်း ချိန်ကလည်း ညဘက်တွေ မဟုတ်တော့ပါဘူး။ လီယိုကို နေ့တိုင်း စောင့်ပေးစရာ မလိုတော့ဘူးလို့ လာပြောရင်း သူ မျက်ရည်ကျပါတယ်။ “အဘိုးက ကျွန်မတို့ကို ကယ်တင်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
“မဟုတ်ပါဘူး၊ ငါက ထီးလေး မိုးပေးခဲ့ရုံသက်သက်ပါပဲ။”လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။ ခင်ဗျားတို့ရဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပါ။ နေရာတိုင်းမှာ လီယိုလို ကလေးတွေ ရှိနေပါတယ်။ အိမ်မှာ တစ်ယောက်တည်း သော့ခတ် ကျန်ခဲ့ရတဲ့ ကလေးတွေ၊အကူအညီလိုအပ်နေပေမဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ တိတ်တဆိတ် ရုန်းကန်နေရတဲ့ ကလေးတွေ၊ မိဘတွေက အလုပ်ကိစ္စတွေနဲ့ မသွားမဖြစ် သွားနေရတုန်း တစ်နေရာရာမှာ စောင့်နေရတဲ့ ကလေးတွေ…မျိုးစုံပါပဲ။ အခု ကမ္ဘာကြီးက ခက်ခဲနေပါတယ်။ ကုန်ဈေးနှုန်းတွေကတော့ တက်နေပြီး လူတွေရဲ့ စိတ်ရှည်နိုင်စွမ်းကတော့ ကျနေပါတယ်။ မိဘတွေဟာ အကူအညီတောင်းဖို့ ရှက်နေကြလို့၊ တိတ်တဆိတ် အခက်အခဲတွေကို ဖြေရှင်းနေကြပါတယ်။
ဒါကို ကူညီဖြေရှင်းဖို့၊ ခင်ဗျား…ချမ်းသာစရာ မလိုပါဘူး။ ကလေးတစ်ယောက်ကို မွေးစားစရာလည်း မလိုပါဘူး။ ခင်ဗျား သတိပြုမိဖို့ပဲ လိုတာပါ။ အစားအသောက်လေး ပိုဝယ်ပြီး ဝေမျှပေးလိုက်ပါ။ အချိန်ရရင် သူတို့ကို လိုက်ပို့ပေးပါ။ သူတို့အတွက် ဘေးကင်းတဲ့ နေရာလေးတစ်ခု ဖြစ်ပေးလိုက်ပါ။ အရင်ကတော့ “ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ရွာတစ်ရွာလုံး ဝိုင်းဝန်းရတယ်” လို့ ပြောလေ့ရှိကြတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ…. အဲဒီရွာကလေးက မီးလောင် ပျက်စီးသွားခဲ့ပါပြီ။ အဲဒီရွာကလေးကို ပြန်လည်တည်ဆောက်ဖို့ အချိန်တန်ပါပြီ။ ကလေးတစ်ယောက်၊ ထီးတစ်ချောင်း၊ စေတနာတစ်ခုချင်းစီကို စုစည်းပြီး ကျွန်တော်တို့ ပြန်လည်တည်ဆောက်ကြရအောင်။ ကျွန်တော်တို့ ကိုယ်တိုင် အဲဒီ “ရွာလေးကို ပြန်အသက်သွင်းပေးမယ့် ရွာသားတစ်ယောက်” ဖြစ်နိုင်ပါတယ်။
Saya U Khin Zaw ( ဘာသာပြန် )
#SayaUKhinZaw





