” ဒဏ်ရာ များနဲ့လူ…”
“ကျွန်တော်သာ တာဝန်ရှိတဲ့သူဆိုရင်တော့၊ အဲဒီသန့်ရှင်းရေးသမားကို၊ နောက်တစ်ခါ ဒီလိုပုံစံတွေ့တာနဲ့၊ အလုပ်ကနေ…..ချက်ခြင်း ထုတ်ပစ်မှာ။ ဒါက ကုမ္ပဏီတစ်ခုဗျ၊ ဘိုးဘွားရိပ်သာမဟုတ်ဘူး။” နေ့ခင်း၂ နာရီနဲ့ ၁၇ မိနစ်မှာ ဖုန်းထဲကို နိုတီတက်လာပါတယ်။ “ဝန်ထမ်းအားလုံး” ရှိနေတဲ့ Group Chat ထဲမှာ အသက် ၂၇ နှစ်အရွယ် အသစ်ရောက်လာတဲ့ မားကတ်တင်း ဒါရိုက်တာ ‘ဂျေဆန်’ က တင်လိုက်တာပါ။ သူက အပေါ်ဆုံးမှာ ဖော်ပြထားတဲ့ စာသားနဲ့အတူ သက်သေအဖြစ် ဓာတ်ပုံတစ်ပုံပါ တင်ထားပါတယ်။ ” ပုံထဲမှာက ပလတ်စတစ်ကုလားထိုင်ပေါ်မှာ ခေါင်းငိုက်စိုက်ကျပြီး အိပ်ပျော်နေတဲ့ အဖိုးအိုတစ်ယောက်ပါ။ သူ့ဘေးမှာ သန့်ရှင်းရေးလုပ်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေနဲ့အတူ ရေပုံးတစ်ပုံး ရှိနေပါတယ်။”
အောက်မှာတော့ ဂျေဆန်က လူပြက်ရုပ် (Clown) အီမိုဂျီလေး တစ်ခုကိုပါ ထည့်ထားပါသေးတယ်။ ကျွန်တော့်စိတ်ထဲမှာ မကြည်မလင် ဖြစ်သွားပါတယ်။ ကျွန်တော်က လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးတန်းရာထူး ယူထားတဲ့၊ ဒု-ဥက္ကဋ္ဌ တစ်ယောက်ပါ။ ဒီကုမ္ပဏီမှာရှိတဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေက၊ ကျွန်တော်နဲ့ဆိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ကျွန်တော် ဘာလုပ်ရမယ်မှန်း မသိသေးခင်မှာပဲ ရုံးမန်နေဂျာဆီက နောက်ထပ်စာတစ်စောင် တက်လာပြန်တယ်။ “သဘောတူပါတယ်။ ၄ လွှာက အမှိုက်ပုံးတွေဆို နေ့လယ်ကတည်းက မသွန်ရသေးဘူး။ ဧည့်သည်တွေ ဖြတ်လျှောက်သွားတဲ့အခါ အများမြင်လို့ မကောင်းဘူးပေါ့။ ” ” အများမြင်လို့ မကောင်းဘူး”တဲ့။ သူတို့ လှောင်ပြောင်နေတဲ့သူဟာ အဖိုးအို တစ်ယောက်ဖြစ်ပါတယ်။ သူ့နာမည်က ”အီလီယပ်စ်” ပါ။ ကျွန်တော်ကတော့ သူ့ကို ‘ဖိုးဖိုး အီလီယပ်စ်’ လို့ပဲ အမြဲခေါ်ပါတယ်။
သူ့အသက်က ၇၄ နှစ်ရှိပါပြီ။အသက်အရွယ်ကြောင့် အသားအရေဟာ အရေးအကြောင်းတွေနဲ့ တွန့်လိပ်နေပါပြီ။ သူ့မျက်လုံးတွေက အမြဲတမ်း တစ်နေရာရာကို ငေးမောနေတတ်ပါတယ်။ သူက ”မားကတ်တင်း မန်နေဂျာ_ ဂျေဆန် ” မမွေးခင်ကတည်းက ဒီအဆောက်အအုံကို သန့်ရှင်းရေးလုပ်လာခဲ့တဲ့သူပါ။ ကျွန်တော် ကုလားထိုင်ကို အရှိန်နဲ့ နောက်ဆုတ်လိုက်ပြီး၊ မတ်တပ်ရပ်လိုက်မိတဲ့အထိ စိတ်တိုသွားပါတယ်။ နောက်ထပ် မိနစ် ၃၀ ဆိုရင် ဘုတ်အဖွဲ့အစည်းအဝေးရှိပါတယ်။ကျွန်တော့်မှာ စိတ်ဖိစီးမှုတွေကလည်း များနေပါတယ်။ ကျွန်တော် နားနေခန်းဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပါတယ်။ ဒီအခြေအနေကို ကိုင်တွယ်ဖို့ စကားလုံးတွေတောင် ပြင်ဆင်ထားပြီးပါပြီ။ “အဖိုးအီလီယပ်စ်…. ကျွန်တော်တို့ အဖိုးကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အလုပ်မှာတော့ နိုးနိုး ကြားကြား ရှိနေဖို့ လိုတယ်…” နားနေခန်းတံခါးကို ကျွန်တော် ဆောင့်တွန်းဖွင့်လိုက်တယ်။အခန်းထဲမှာ မီးတွေကို မှိန်ထားပါတယ်။ “ဂျေဆန်” မှားသွားတာပါ။ အဖိုးက အိပ်ပျော်နေတာ မဟုတ်ဘူး။
သူက ကုလားထိုင်အစွန်းမှာ တောင့်တောင့်ကြီး ထိုင်နေတာပါ။ သူက အညိုရောင် အုတ်နံရံအလွတ်ကြီးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပါတယ်။ အသက်ကြီးလို့ မှဲ့ခြောက် အစက်အပြောက်တွေနဲ့ အဆစ်အမြစ်ရောင်နေတဲ့ သူ့လက်ချောင်းတွေက၊ သူ့ဒူးခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါတယ်။ လက်သည်းတွေက ဘောင်းဘီအသားထဲအထိ နစ်ဝင်နေပါတယ်။ သူ အသက်ကို ပြင်းပြင်းရှုနေရတယ်။ တရွှီရွှီမြည်သံကို ကြားနေရပါတယ်။ ရင်ဘတ်ထဲကနေ အသံတွေထွက်လာနေပြီး၊ အသက်ရှုမဝဘဲ ထိတ်လန့်တုန်လှုပ်နေပုံရပါတယ်။ အလုပ်မလုပ်ဘဲ အနားယူအခန်းထဲမှာ လာအိပ်ပြီး၊ အလုပ်ကို အချောင် ခိုနေတာမဟုတ်ပါဘူး။ သူ ကြောက်လန့်နေတာပါ။ “အဖိုးအီလီယပ်စ်?” ကျွန်တော် မီးခလုတ်ကိုဖွင့်ရင်း တိုးတိုးလေး ခေါ်လိုက်ပါတယ်။
သူ ဘယ်လောက်တောင် လန့်သွားသလဲဆိုရင် ဘေးက ပစ္စည်းတွန်းလှည်းတောင် ပြိုလဲလုနီးပါး ဖြစ်သွားတယ်။ ကျွန်တော့်ကို လှည့်ကြည့်တဲ့အခါ သူ့မျက်လုံးထဲမှာ အလွန်အမင်း ကြောက်လန့်နေတဲ့ အရိပ်အယောင်တွေ တွေ့လိုက်ရပါတယ်။ “ကျွန်… ကျွန်တော် တောင်းပန်ပါတယ် ဆရာ။ ဆရာ ”ပက်တာဆင်”…ကျွန်တော် တောင်းပန်ပါတယ်” သူက အထစ်ထစ်အငေါ့ငေါ့ ပြောရင်း မတ်တပ်ရပ်ဖို့ ကြိုးစားပါတယ်။ သူ့ခြေထောက်တွေက တဆတ်ဆတ် တုန်နေပါတယ်။ “ကျွန်တော်… နားထဲမှာ အသံတွေကြားနေရတယ်။ ကျွန်တော် စိတ်ငြိမ်သွားအောင် ခဏလောက် နားဖို့ လိုအပ်လို့ပါ။ အခုပဲ ၄ လွှာကို သွားမလို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အလုပ်ထုတ်မပစ်ပါနဲ့။” “အဖိုး… ပြန်ထိုင်ပါ” ကျွန်တော့်အသံတွေက တုန်နေမိပါတယ်။ “အဖိုး နေရောကောင်းရဲ့လား? ” လို့ မေးလိုက်ပါတယ်။ “ကောင်းပါတယ် ဆရာ။ အဆင်ပြေပါတယ်။
မိုးရွာလို့ အေးလာတဲ့အခါ ၊ကျွန်တော့်ရဲ့ တင်ပါးဆုံရိုးက အရမ်းနာလာပြီး လှုပ်လို့မရဖြစ်သွားတတ်လို့ပါ။ ကျွန်တော် သွားတော့မယ်။ အခုပဲ အလုပ် လုပ်တော့မယ်နော်…” သူက ကြမ်းတိုက်တံကို ချိုင်းထောက်တစ်ခုလို အားပြုပြီး ဆုပ်ကိုင်လိုက်ပါတယ်။ “နောက်တစ်ခါ မဖြစ်စေရပါဘူး။” လို့လဲ ကတိစကားပြောပါတယ်။ သူ့ရဲ့ခြေထောက်ကို အရင်ကထက် ပိုပြီးတရွတ်တိုက်ဆွဲရင်း ကျွန်တော့်ဘေးကနေ ထွက်သွားပါတယ်။ သူထွက်သွားတော့ သန့်ရှင်းရေးလုပ်တဲ့အခါ သုံးတဲ့ ပိုးသတ်ဆေး အနံ့တွေ ကျန်ရစ်ခဲ့ပါတယ်။ ကျွန်တော် အဲဒီနေရာမှာပဲ တစ်မိနစ်လောက် ငြိမ်သက်ပြီး ရပ်နေမိပါတယ်။ ကျွန်တော့်ရင်ထဲက ဒေါသတွေဟာ သူ့အပေါ်မှာ မဟုတ်တော့ဘဲ ကျွန်တော်တို့အပေါ်ကိုပဲ ပြောင်းလဲသွားပါတယ်။
ကျွန်တော် အပြင်ကို ပြန်ထွက်လာခဲ့ပါတယ်။ ကျွန်တော့်ရုံးခန်းထဲကို မသွားပါဘူး။ ရုံးခန်းတွေရဲ့အလယ်မှာ ရပ်လိုက်ပါတယ်။ “အားလုံးပဲ။ အစည်းအဝေးခန်း (A) ကို လာခဲ့ပေးပါ။ အခုချက်ချင်း လာပေးပါ။ ” ကျွန်တော့်အသံက မကျယ်ပေမဲ့၊ တစ်ခန်းလုံး တိတ်ဆိတ်သွားစေလောက်အောင် အနည်းငယ် မာကြောနေမှာက သေချာပါတယ်။ ဂျေဆန်က သူ့ကွန်ပြူတာရဲ့ မော်နီတာ နှစ်ခုကြားကနေ သူ့အလုပ်တွေ၊ အလုပ်အနှောင့်အယှက် ဖြစ်သွားတဲ့ ပုံစံနဲ့ မော့ကြည့်လာပါတယ်။ ဝန်ထမ်း ၁၂ ယောက်က၊ အစည်းအဝေးခန်းထဲကို ဝင်လာပြီး နာရီတွေကို ကြည့်နေကြတယ်။ ကျွန်တော်က ထိုင်မနေပါဘူး၊ စားပွဲထိပ်မှာပဲ မတ်တပ်ရပ်နေလိုက်ပါတယ်။ “Group Chat ထဲက စာတွေကို ကျွန်တော် တွေ့တယ်” လို့ စကားစလိုက်ပါတယ်။ “အဖိုးအီလီယပ်စ်ရဲ့ ‘အလုပ်စွမ်းဆောင်ရည်’ နဲ့ ‘ကုမ္ပဏီပုံရိပ်’ ကို ထိခိုက်စေတယ်ဆိုတဲ့ ကိစ္စတွေပေါ့။” ကျွန်တော့်အသံက အလိုမကျ သလို ဖြစ်နေမှန်း ပေါ်လွင်သွားတယ် ထင်ပါရဲ့။ “ဂျေဆန်”က ကုလားထိုင်နောက်ကိုမှီပြီး၊ လက်ကိုပိုက်လျက် ပြောပါတယ်။
” ပုံကို ပြန်ကြည့်ပါဦး၊ စိတ်မဆိုးပါနဲ့၊ သူက အိပ်ပျော်နေတာလေ။ ကျွန်တော်တို့က အဆင့်မြင့်တဲ့ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းခွင်တစ်ခုကို လည်ပတ်နေတာ။ တကယ်လို့ သူ မလိုက်နိုင်တော့ဘူးဆိုရင်….”။ “သူ အိပ်နေတာမဟုတ်ဘူး” သူ့စကားမဆုံးခင် ကျွန်တော့်အသံက ကြာပွတ်နဲ့ ရိုက်လိုက်သလို ထွက်သွားပါတယ်။ “သူက စစ်ပွဲတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ တွေ ပြန်ပေါ်နေတာ။ ဒါပေမဲ့ အဲဒါက ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာ မဟုတ်သေးဘူး။” တစ်ခန်းလုံး လုံးဝ တိတ်ဆိတ်သွားပါတယ်။ ” လူပေါင်း ၂၀၀ ရှိတဲ့ Group Chat ထဲမှာ ခင်ဗျားတို့ အရှက်ခွဲလိုက်တဲ့ လူအကြောင်းကို ကျွန်တော် မိတ်ဆက်ပေးမယ်။ ” ကျွန်တော် စကားကို မနားတန်းပြောလိုက်ပါတယ်။ “သူ့နာမည်က ”အီလီယပ်စ်သော”ပါ။ အသက်က ၇၄ နှစ် ရှိပြီ။ ဒီကုမ္ပဏီဆိုတာ စာရွက်စာတန်းတွေပေါ်မှာ ရေးထားတဲ့ စိတ်ကူးတစ်ခုပဲ ရှိသေးတဲ့ အချိန်ကတည်းက၊ သူက ဒီကြမ်းပြင်တွေကို တိုက်ပေးခဲ့တာ။
” “အဖိုးအီလီယပ်စ် အသက် ၁၉ နှစ်အရွယ်မှာ ခင်ဗျားတို့လို ကွန်ပြူတာတွေ အကြောင်း၊ စျေးကွက် စီးပွားရေးဗျူဟာ တွေအကြောင်းကို၊ စိတ်ကူးထဲတောင် ထည့်ခွင့်မရခဲ့ဘူး။ သူ စိတ်ပူနေရတာက အသက်ရှင်ဖို့ပဲ။ ၁၉၆၈ မှာ စစ်ထဲကို အတင်းအဓမ္မ ခေါ်ယူခံခဲ့ရတယ်။ ဗီယက်နမ်စစ်ပွဲမှာ အကျအဆုံးများတဲ့ ငရဲခန်းလို ကြောက်စရာကောင်းတဲ့ စစ်မြေပြင်ကို၊ အပို့ခံခဲ့ရတယ်။ ” ” သူ အဲဒီငရဲခန်းထဲမှာ ၁၃ လကြာအောင် နေခဲ့ရတယ်။ ဒါတွေကို ဘယ်သူ့ကိုမှ သူမပြောဘူး၊ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းကို ကျွန်တော် ကြည့်ဖူးတယ်။ သူဟာ ” ဆေးဗားစတား ” ဆိုတဲ့ စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ရထားတဲ့သူပါ။ အဲဒီဆုကို ဘယ်လို ရလဲ ခင်ဗျားတို့ သိလား…? မီးလောင်နေတဲ့ စစ်ကားထဲမှာရှိနေတဲ့၊ သူ့ရဲဘော်နှစ်ယောက်ကို ကယ်ဖို့ ကျည်ဆန်တွေကြားထဲ ပြေးဝင်ခဲ့လို့ရခဲ့တာပါ။ ” ” အခု သူ ခြေထောက်ထော့နဲ့ထော့နဲ့ ဖြစ်နေတာက အသက်ကြီးလို့ မဟုတ်ဘူး။
လွန်ခဲ့တဲ့ နှစ် ၅၀ က မှန်ခဲ့တဲ့ ကျည်ဆန်ကြောင့် ပေါင်ရိုးကြေသွားခဲ့တာ။ မိုးရွာတိုင်း သူ့ခြေထောက်ထဲမှာ အစားထိုးထည့်ထားတဲ့ သံချောင်းတွေက နာကျင်နေတာ။” ကျွန်တော် ‘ဂျေဆန်’ကို ကြည့်လိုက်တယ်။ သူ လက်ပိုက်ထားတာကို ဖြုတ်လိုက်ပါပြီ။ “သူ စစ်မြေပြင်က ပြန်လာတော့ ကြိုဆိုတဲ့သူ မရှိခဲ့ဘူး။ လူတွေက သူ့ကို ‘လူသတ်သမား တစ်ယောက်လို ” လို ဝိုင်းကြည့်တာ ခံခဲ့ရတယ်။ ဒါကြောင့် သူက လူတွေကို ရှောင်လာတယ်။ သူတစ်နှစ်လုံးရှာတာက ခင်ဗျားတို့ တစ်ပတ်စာ ဝင်ငွေထက် နည်းနေပေမဲ့ အမှိုက်သိမ်းတဲ့ အလုပ်ကိုပဲ လုပ်ခဲ့တယ်။” ကျွန်တော် အသက်တစ်ချက်ရှုလိုက်တယ်။ အခန်းထဲက လေထုက လေးလံနေပါတယ်။ “၁၉၇၀ မှာ သူရဲ့ဇနီးဖြစ်လာမယ့် ‘ဆာရာ’ နဲ့ ဆုံခဲ့တယ်။ ၄၈ နှစ်ကြာ လက်တွဲခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ဆာရာဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ဆုံးသွားခဲ့တယ်။ အီလီယပ်စ်ဟာ သူ့တစ်သက်လုံး စုဆောင်းထားသမျှကို၊ သူ့ရဲ့ဇနီး ဂရုစိုက်စောင့်ရှောက်ဖို့အတွက် သုံးစွဲခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူက…. သူ့ဇနီးကို ဘိုးဘွားရိပ်သာ မပို့ချင်လို့ပဲ။” ” ဇနီးသည်က သူ့ကို ဘယ်သူလဲဆိုတာ မမှတ်မိတော့ပေမယ့် သူက ညတိုင်း လက်ကိုဆုပ်ကိုင်ထားပေးခဲ့တယ်။ ဇနီးသည်ရဲ့ ဈာပနပြီးတဲ့ နောက်တစ်နေ့မှာပဲ သူ အလုပ်ပြန်ဆင်းတယ်။
ဘာလို့လဲဆိုတော့ သူမှာ ကျန်းမာရေး အာမခံ လိုအပ်နေလို့။ ” “နောက်ပြီး လွန်ခဲ့တဲ့ ငါးနှစ်က…” ကျွန်တော့်အသံကို အနည်းငယ်တိုးလိုက်ပါတယ်။ “သူ့ရဲ့ တစ်ဦးတည်းသောသား ” ဒေးဗစ် ” ဟာ အာဖဂန်နစ္စတန် စစ်ပွဲမှာ ကျဆုံးသွားခဲ့တယ်။ မိုင်းထိသွားတာ။ သူ့သားက ဇနီးနဲ့ ကလေးတစ်ယောက် ကျန်ခဲ့တယ်။ အသက် ၇၄ နှစ်အရွယ် ‘အဖိုးအီလီယပ်စ်’ က၊ သူ့မြေးမလေး ကျောင်းတက်ဖို့အတွက် ချေးငွေတွေ မယူရအောင်ဆိုပြီး ဒီအလုပ်ကို ပင်ပင်ပန်းပန်း လုပ်နေတာ။ သူက ဒီမိသားစု တစ်ခုလုံးကို သူ့ရဲ့ ကျိုးကြေနေတဲ့ ကျောပြင်ပေါ်မှာ ထမ်းထားတာ။” ဂျေဆန်က စားပွဲကိုပဲ ငုံ့ကြည့်နေတော့တယ်။ သူ့မျက်နှာတစ်ခုလုံး ဖြူလျော်နေပြီ။ “ဒါပေမဲ့ ခင်ဗျားတို့ကို အိပ်မပျော်အောင် လုပ်မယ့် အကြောင်းအရာက အခုမှလာမှာ” ကျွန်တော် ပြောလိုက်တယ်။ “လွန်ခဲ့တဲ့ သုံးလက အီလီယပ်စ် နှစ်ပတ်လောက် ခွင့်ယူခဲ့တယ်။ ခင်ဗျားတို့ကိုတော့ မိသားစုဆီ သွားလည်တာလို့ ပြောခဲ့တယ်။
” ” တကယ်တော့ သူမသွားခဲ့ဘူး။ ” ” သူ တက္ကသိုလ်ဆေးရုံမှာ ရှိနေတာ။ ကျောက်ကပ် အလှူရှင်စာရင်းမှာ ၄ နှစ်ကြာ စောင့်နေရတဲ့ အသက် ၂၄ နှစ်အရွယ် ဆရာမလေးတစ်ယောက်ကို အမည်မဖော်ဘဲ ကျောက်ကပ်လှူခဲ့တာ။ အဲ့ဒီဆရာမနဲ့သူ လုံးဝမသိဘူးနော်။ ” ” ဆရာဝန်တွေက သူ့ကို၊ ၈ ပတ်လောက် အနားယူရမယ်လို့ ပြောခဲ့တယ်။ ၁၄ ရက်အကြာမှာ သူ အလုပ်ပြန်ဆင်းလာတယ်။ ဘာကြောင့်လဲ သိလား? သူ မရှိတုန်း ရောက်လာမယ့် အလုပ်သမားက ခင်ဗျားတို့ရဲ့ အမှိုက်ပုံးတွေကို သေချာသွန်မပေးမှာ စိုးလို့တဲ့။” ကျွန်တော်…. ရှေ့ကို ကိုင်းလိုက်ပြီး စားပွဲပေါ် လက်တင်လိုက်တယ်။ “ဟုတ်တယ် ဂျေဆန်… အဖိုးအီလီယပ်စ်က နားနေခန်းမှာ၊ မိနစ် ၄၀ လောက် ထိုင်နေမိတယ်။ သူဟာ အသက် ၇၄ နှစ်အရွယ် စစ်ပြန်သူရဲကောင်းတစ်ယောက်ပါ။ ဇနီးသည်ဆုံးပါးသွားတဲ့ မုဆိုးဖိုတစ်ဦးပါ။ သားဖြစ်သူကို စစ်မြေပြင်မှာ ဆုံးရှုံးလိုက်ရတဲ့ ဖခင်ပါ။
ပြီးတော့ ခွဲစိတ်မှုဒဏ်ရာကနေ နာကျင်နေဆဲဖြစ်တဲ့ ကျောက်ကပ်အလှူရှင် တစ်ယောက်ပါ။” ” တစ်ခါတလေမှာ အတိတ်က နာကျင်စရာ အတွေးတွေက သူ့ဆီရောက်လာတတ်တယ်။ တစ်ခါတလေမှာလည်း ဒဏ်ရာဟောင်းက နာကျင်လွန်းလို့ သူအော်ဟစ်ပစ်လိုက်ချင်တယ်။ တစ်ခါတလေမှာတော့ ဇနီးသည်ကို လွမ်းဆွတ်လွန်းတဲ့ စိတ်ကြောင့်၊ အသက်ရှုရတာတောင် ခက်ခဲနေတတ်တယ်။ ” ” သူ့မှာ ထိုင်ပြီး နားခွင့်ရှိပါတယ်။ ကျွန်တော်တို့ကြိုးစားမှုတွေအတွက် ဆုကြေး ဘောနပ် ရသလို၊ သူ့ဘဝတလျှောက်လုံး ပင်ပန်းမှုတွေအတွက် ခဏ ထိုင်နားခွင့် ရသင့်ပါတယ်။ ” ကျွန်တော် တံခါးကို သွားဖွင့်ပေးလိုက်ပါတယ်။ “အခုချိန်ကစပြီး ခင်ဗျားတို့ အဖိုးအီလီယပ်စ် ထိုင်နေတာတွေ့ရင် သူ့ကို လေးစားမှုပြပါ။ ရေသောက်မလားလို့ မေးပါ။ ” ” အကယ်၍ ခင်ဗျားတို့ အမှိုက်ပုံးတွေ ပြည့်နေရင်၊ ကော်ဖီကုန်နေရင် ကျွန်တော့်ရုံးခန်းကို လာခဲ့ပါ။ ကျွန်တော် ကိုယ်တိုင် သွန်ပေးမယ်၊ ကျွန်တော် ကိုယ်တိုင် ကော်ဖီဖျော်ပေးမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ လုပ်ဆောင်မှုတွေဟာ အဖိုးအီလီယပ်စ်ရဲ့ လူသားဆန်မှု တစ်ဝက်စာလောက်တောင် မရှိတဲ့အတွက် သူ့အလုပ်ကို လုပ်ပေးရမှာ ရှက်မနေပါဘူး။” “အစည်းအဝေး ပြီးပါပြီ။ ” လို့ ပြောလိုက်ပါတယ်။
ဒါတွေ ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ၆ လ လောက်ကပါ။ အဲဒီနောက်ပိုင်း ဘယ်သူမှ အီလီယပ်စ်အပေါ် မညည်းညူကြတော့ပါဘူး။ ဒါပေမဲ့ အပြောင်းအလဲက အဲဒါထက် ပိုပြီးကြီးမားပါတယ်။ ဂျေဆန်က အခုဆိုရင် အရင်နဲ့ မတူတော့ဘူး။ မနက်တိုင်း အီလီယပ်စ်ကို၊ ဓာတ်လှေကားနားမှာ၊ စောင့်နေပြီး၊ လေးလံတဲ့ ပစ္စည်းပုံးတွေကို သိုလှောင်ခန်းအထိ ကူသယ်ပေးနေတာ ကျွန်တော် တွေ့ရပါတယ်။ ရုံးမန်နေဂျာက “ကော်ဖီရန်ပုံငွေ” တစ်ခုကို စတင်ခဲ့တယ်။ တစ်ကယ်တော့ အီလီယပ်စ်ကို “ကားဆီဖိုး” ပေးဖို့အတွက်သာ ဖြစ်ပါတယ်။ မနေ့ကတော့… အဖိုးအီလီယပ်စ်ဟာ ပြတင်းပေါက်နားမှာ ရပ်နေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ သူဟာ ပြတင်းပေါက်အပြင်ဘက်က မိုးရွာနေတာကို ငေးကြည့်ရင်း၊ နာကျင်နေတဲ့ သူ့ခြေထောက်ကို သူ့ရဲ့လက်နဲ့ အသာအယာ ပွတ်သပ်နေပါတယ်။ အဲဒီအချိန်မှာ ဂျေဆန်ဟာ သူ့ဘေးနားကနေ ဖြတ်လျှောက်သွားခဲ့တယ်။
ဒါပေမဲ့ အရင်တုန်းကလို အလုပ်ကိစ္စတွေနဲ့ အလောတကြီး မဟုတ်ဘဲ အဖိုးအနားမှာ ခဏရပ်လိုက်တယ်။ သူက အဖိုးကို တစ်ခုခု တိုးတိုးလေး ပြောလိုက်တယ်။ အဖိုးရဲ့ အထီးကျန်နေတဲ့ တိတ်ဆိတ်မှုတွေကြားထဲမှာ ခဏတာ အဖော်လုပ်ပေးရင်း အတူတူ ရပ်နေပေးခဲ့တယ်။ တကယ်တော့ ကြင်နာမှုအတွက် ဘာမှ ကုန်ကျစရိတ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ကြင်နာမှုတွေ ကင်းမဲ့သွားပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ပျက်စီးသွားပါလိမ့်မယ်။
Saya U Khin Zaw ( ဘာသာပြန်) #SayaUKhinZaw





