” မိုးထဲရေထဲက လူ ”
ကျွန်တော့်ရဲ့ သမီးလေးကို မြေမြှုပ်သင်္ဂြိုလ်တဲ့နေ့က လူတစ်ယောက်ဟာ…မိုးထဲရေထဲမှာ… ၃ နာရီကြာအောင် မတ်တပ်ရပ်နေခဲ့ပါတယ်။ သူ့ကို ကျွန်တော် လုံးဝမသိပါဘူး။ ကျွန်တော်က အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့၊ သမီးလေး ”အမ်မာ” – Emma ကို နောက်ဆုံးနှုတ်ဆက်နေတဲ့ အချိန်ပါ။ ဘုရားကျောင်းထဲမှာတော့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ သမီးလေးကျောင်းက ဆရာမတွေ၊ အတန်းဖော်တွေနဲ့ ပြည့်နှက်နေပါတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် မိုးရွာထဲမှာရပ်နေတဲ့… ထိုသူကို ကျွန်တော် ခဏခဏ လှမ်းကြည့်မိပါတယ်။ မီးခိုးရောင် မုတ်ဆိတ်ဗလပွနဲ့၊ သားရေဂျာကင်ဝတ်စုံဝတ်ထားတဲ့ အဲ့ဒီလူထွားကြီးဟာ…. သည်းထန်စွာ ရွာသွန်းနေတဲ့မိုးရေတွေကြားမှာ ကျောက်ရုပ်ကြီးလို မလှုပ်မယှက် ရပ်နေတာပါ။
မိုးခိုဖို့လည်း မကြိုးစားပါဘူး။ အဲဒီနေရာကနေ ထွက်လည်းမသွားပါဘူး။ ခေါင်းလေးငုံ့ပြီး ငြိမ်သက်စွာ ရပ်နေခဲ့တာပါ။ သူပုံစံကတော့ ဆိုင်ကယ်သမားတစ်ယောက်ရဲ့ပုံစံပါပဲ။ လွန်ခဲ့တဲ့ ၅ ရက်က ကျွန်တော့်သမီးလေး အမ်မာဟာ ကားအက်စီးဒင့်နဲ့ ဆုံးပါးသွားခဲ့တာပါ။ အရက်မူးနေတဲ့ ကားသမားတစ်ယောက်က မီးနီကို ဖြတ်မောင်းရာကနေ တိုက်မိခဲ့ပါတာ။ သမီးလေး ချက်ချင်းပဲ ဆုံးသွားခဲ့ပါတယ်။သမီးလေးဟာ ဝေဒနာကို အကြာကြီး မခံစားလိုက်ရပါဘူးလို့ လူတွေက ကျွန်တော့်ကို ပြောကြပါတယ်။ အချိန်တိုအတွင်းမှာပဲ သက်သက်သာသာနဲ့ ပြီးသွားခဲ့ရတာပါလို့ သူတို့က နှစ်သိမ့်ကြပါတယ်။ အဲ့ဒီစကားတွေက ကျွန်တော့်ကို စိတ်သက်သာရစေမယ်လို့ သူတို့ ထင်နေကြတာပါ။ သမီးလေးရဲ့ ဘဝဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြီးဆုံးသွားခဲ့ရတယ်ဆိုတဲ့ အသိက ကျွန်တော့်ရဲ့နာကျင်မှုကို လျော့ပါးသွားစေမယ်လို့ ထင်နေကြတာပါ။ အမှန်တော့ မသက်သာခဲ့ပါဘူး။
ဈာပန အခမ်းအနားတစ်ခုလုံးက ဝေဝါးနေခဲ့ပါတယ်။ သေးငယ်လွန်းတဲ့ အဖြူရောင် ခေါင်းတလားလေးကို ကျွန်တော် မှတ်မိနေပါတယ်။ အမ်မာ အကြိုက်ဆုံးအရောင်ဖြစ်တဲ့ ပန်းရောင် ပန်းလေးတွေကိုလည်း ကျွန်တော် မှတ်မိနေပါတယ်။ သူမရဲ့ အတန်းဖော်လေးတွေ ငိုနေတာ၊ ကျွန်တော့်ဇနီး ”ဆာရာ” (Sarah) တစ်ယောက် မတ်တပ်မရပ်နိုင်တော့ဘဲ ကျွန်တော့် ဘေးမှာ ပုံယက်သားပြိုလဲကျသွားတာတွေကို မှတ်မိနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အကြည့်တွေက သည်းသည်းမဲမဲရွာနေတဲ့ မိုးရေထဲမှာ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေတဲ့ ဆိုင်ကယ်သမားဆီကိုပဲ မကြာခဏ ရောက်သွားခဲ့ပါတယ်။ သူ အထဲကို လုံးဝ ဝင်မလာခဲ့ပါဘူး။ ဝင်ဖို့လည်း မကြိုးစားခဲ့ပါဘူး။ မိုးရေတွေက သူငုံ့ထားတဲ့ခေါင်းကနေ၊ သူ့မုတ်ဆိတ်ကနေ၊ သူ့အင်္ကျီကနေ၊ စီးကျနေပါတယ်။ သူက ကားရပ်တဲ့နေရာမှာပဲ ရပ်နေခဲ့ပါတယ်။ အခမ်းအနားပြီးတဲ့အခါ၊ ကျွန်တော်အပြင်ကို ထွက်လာပါတယ်။
မိုးက တိတ်သွားပါပြီ။ ဆိုင်ကယ်သမားက စိုရွှဲနေပါတယ်။ ချမ်းလို့ တုန်နေရှာပါတယ်။ “တစ်ဆိတ်လောက်ဗျာ” ကျွန်တော် လှမ်းခေါ်လိုက်တယ်။ “အမ်မာ့အတွက် လာတာလား။” လို့ ကျွန်တော်မေးလိုက်ပါတယ်။ သူ မော့ကြည့်လာတယ်။ သူ့မျက်လုံးတွေက နီရဲနေတယ်။ သူ ငိုထားတာပဲ။ “ဟုတ်ကဲ့ခင်ဗျာ။ ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုအတွက် တကယ် စိတ်မကောင်းပါဘူး။” “ကျွန်တော့်သမီးကို သိလို့လားဗျ။” သူ ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်ပြတယ်။ “သိပါတယ်… သိပ်တော့ မရင်းနှီးပေမဲ့ သူ့ကို ကျွန်တော် သိပါတယ်။” “ဘယ်လို သိခဲ့တာလဲ…?” ဆိုင်ကယ်သမားက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီး… “လွန်ခဲ့တဲ့ သုံးလလောက်က ကျွန်တော် ကုန်စုံဆိုင်ရှေ့က ခုံတန်းလေးမှာ ထိုင်နေခဲ့တယ်။ ” ” အဲ့ဒီတုန်းက ကျွန်တော့်ကင်ဆာက အဆင့် (၄) ဖြစ်နေပြီဆိုတာ ရုတ်တရက် သိလိုက်ရတယ်။ အသက်ရှင်ဖို့ ၆ လလောက်ပဲ ကျန်တော့တယ်ဆိုတာကို သိလိုက်ရတဲ့အချိန်ပေါ့။ ကျွန်တော် ဒီရောဂါကို ဆက်တိုက်သင့်သလား၊ ဒါမှမဟုတ် အရှုံးပေးလိုက်ရမလားဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။
သူက ရေစိုနေတဲ့ အင်္ကျီလက်နဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။ “အဲ့ဒီအချိန်မှာ ခင်ဗျားရဲ့ သမီးလေးက ကျွန်တော့်ဆီ လမ်းလျှောက်လာတယ်။ ဆံပင်နှစ်ဖက်ကျစ်ပြီး ကျောပိုးအိတ်လေးလွယ်ထားတဲ့ ကလေးမလေးပေါ့။ သူက ကျွန်တော့်ကို ‘ဦးဦး… ကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံပဲ။ ဖက်ထားပေးဖို့ လိုမလားဟင်’ လို့ မေးတယ်။” ကျွန်တော့် လည်ချောင်းထဲမှာ တစ်ဆို့သွားသလို ခံစားလိုက်ရတယ်။ “ကျွန်တော်ကတော့ ရပါတယ် သမီးလေးရယ်၊ မေမေ့ဆီပဲ ပြန်သွားပါလို့ ပြောလိုက်တာပေါ့။ ဒါပေမဲ့ သူက မသွားခဲ့ပါဘူး။ သူက ‘ဖက်ထားပေးရင် ဘာကိုမဆို ကုသပေးနိုင်တယ်လို့ သမီးဆရာမက ပြောတယ်၊ ဝမ်းနည်းနေတဲ့ နှလုံးသားတွေကိုတောင် ကုပေးနိုင်တာတဲ့’ လို့ ပြောတယ်။ ပြီးတော့ ကျွန်တော် ဘာမှပြန်မပြောနိုင်ခင်မှာပဲ ကျွန်တော့်ကို သူက ဖက်လိုက်တယ်။ သူရဲ့ လက်ကလေးတွေနဲ့ ကျွန်တော့်ကို တင်းတင်းလေး ဖက်ထားပေးတာပါ။” စကားပြောနေရင်း သူ့ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာပါပြီ။ “သူရဲ့ မေမေ ၊ ခင်ဗျားဇနီးလို့ထင်ရတာပဲ အပြေးအလွှား ရောက်လာပြီး တောင်းပန်ပါတယ်။ အမ်မာက လူစိမ်းတွေကို ဖက်တတ်တဲ့ အကျင့်ရှိလို့ပါတဲ့။ ဒါပေမဲ့ ခင်ဗျားသမီးလေးက ကျွန်တော့်ကို မော့ကြည့်ပြီး ‘တွေ့လား ဦးဦး… အခု နေလို့ ပိုကောင်းသွားပြီမလား’ လို့ ပြောခဲ့တယ်။” သူက စိတ်ကို ထိန်းချုပ်ဖို့ကြိုးစားရင် ခဏရပ်နားလိုက်တယ်။ ”
တကယ်လည်း ကျွန်တော် နေလို့ကောင်းသွားခဲ့တာဗျ။ ရက်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်မဲ့နေရာကနေ တစ်ခုခုကို ခံစားလိုက်ရတာ။ ရှေ့မှာ အနာဂတ်တွေ အများကြီးရှိသေးတဲ့ ဒီကလေးမလေးက၊ ဘဝရဲ့နောက်ဆုံး အချိန်တွေကို စောင့်နေတဲ့ လူစိမ်းတစ်ယောက်အပေါ် ကို….ပြခဲ့တဲ့ ကြင်နာမှုဟာ…. နှစ်ပေါင်းများစွာ ကြာခဲ့တဲ့အထိ ဘယ်သူမှ ကျွန်တော့်အပေါ် မပြဖူးခဲ့တဲ့ ကြင်နာမှုမျိုးပါ။ ” ကျွန်တော် ဘာမှပြန်မပြောနိုင်ဘဲ မိုးရေတွေကြားထဲမှာ နားထောင်နေမိတယ်။ “သမီးလေးက ကျွန်တော့်နာမည်ကို မေးတယ်။ ”ဒေးဗစ်”_ David လို့ ကျွန်တော် ပြောပြလိုက်တယ်။ကျွန်တော် နေမကောင်းဖြစ်နေတာ ပြောပြလိုက်တယ်။ သူက ‘သမီးနာမည်က အမ်မာပါ၊ အသက် ၇ နှစ်ရှိပြီ။ ဦးဦးဒေးဗစ် ဒီရောဂါကို တိုက်ထုတ်သင့်တယ်လို့ သမီးထင်တယ်နော်။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးပေါ်မှာ လူတွေ ပိုများလာဖို့ပဲ လိုတာပါ၊ နည်းသွားဖို့ မလိုဘူးလေ’ တဲ့။ အဲ့ဒီလိုပြောပြီး သူမက ခင်ဗျားဇနီးနဲ့အတူ ခုန်ပေါက်ပြီး ထွက်သွားတာ။” ဒေးဗစ်ရဲ့ အသံက တုန်ယင်နေတယ်။
“အဲ့ဒါ လွန်ခဲ့တဲ့ သုံးလကပေါ့။ အဲ့ဒီနေ့ကစပြီး ကျွန်တော် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကင်ဆာဆေးတွေ စသွင်းတယ်၊ ဓာတ်ရောင်ခြည်ကင်တယ်။ ပင်ပန်းလွန်းလို့ လက်လျှော့ချင်တဲ့ အချိန်တိုင်းမှာ အမ်မာ့အကြောင်းကိုပဲ ကျွန်တော် တွေးနေမိတယ်။ ‘ကမ္ဘာကြီးမှာ လူတွေ ပိုများလာဖို့ လိုတယ်’ လို့ ယုံကြည်နေတဲ့ ၇ နှစ်အရွယ် ကလေးမလေးအကြောင်းပေါ့။” တုန်ရင်နေတဲ့ လက်တွေနဲ့ သူ့ အင်္ကျီအပေါ်အိတ်ထဲက ရေစိုနေတဲ့ စက္ကူခေါက်လေးတစ်ခုကို ထုတ်လိုက်ပါတယ်။ “လွန်ခဲ့တဲ့ နှစ်ပတ်က ဆေးစစ်ချက်ရလဒ်တွေ ထွက်လာတယ်။ ကင်ဆာက ပျောက်ကင်းလုနီးပါး ဖြစ်သွားပြီတဲ့။ ဆရာဝန်တွေတောင် ဘယ်လိုဖြစ်တာလဲ မသိဘူး၊ သူတို့က အံ့ဖွယ်ရာလို့ ခေါ်တယ်။ ကျွန်တော်ကတော့ ”အမ်မာ” လို့ ခေါ်ပါတယ်။” သူက စက္ကူလေးကို သေချာ ဖြန့်လိုက်တယ်။ အဲ့ဒါက ကလေးတစ်ယောက် ဆွဲထားတဲ့ ပုံလေးပါ။ မုတ်ဆိတ်ဗလပွလူကြီးတစ်ယောက်နဲ့ ဆံပင်ကျစ်ထားတဲ့ ကောင်မလေးတစ်ယောက် ဘေးချင်းယှဉ်ရပ်နေတဲ့ပုံ၊ ပတ်ပတ်လည်မှာ အသည်းပုံလေးတွေနဲ့။ အပေါ်မှာတော့…. “ဦးဦးဒေးဗစ်နဲ့ အမ်မာ… ထာဝရ သူငယ်ချင်းများ” လို့ ရေးထားပါတယ်။ ” ခင်ဗျားဇနီးက ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပေးခဲ့တယ်။
အမ်မာက အဲ့ဒီပုံကို ကြည့်ပြီး ပြန်ဆွဲထားတာ။ နောက်တစ်ပတ် ပန်းခြံမှာ ပြန်ဆုံတော့ သူ ကျွန်တော့်ကို ပေးခဲ့တယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို အသက်ရှင်နေ စေချင်တယ်ဆိုတာ သတိရနေအောင်လို့တဲ့။” ကျွန်တော် ရှိုက်ကြီးတငင်နဲ့ ငိုချလိုက်မိတယ်။ “ခင်ဗျား မသိခဲ့ဘူးလား… မတော်တဆမှုအကြောင်းကို။” ” မသိခဲ့ဘူး။ မနေ့ကသတင်းစာထဲက နာရေးသတင်းမှာ သူပုံကို မြင်လိုက်ရမှ သိတာပါ။ ကျွန်တော်… ကျွန်တော်…” သူ စကားမဆက်နိုင်တော့ပါဘူး။ “ကျွန်တော် သူရဲ့နောက်ဆုံးခရီးကို လာမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့ ကောင်မလေးကို လာပြီး ဂါရဝပြုချင်လို့ပါ။ ဒါပေမဲ့ ဘုရားကျောင်းထဲ ဝင်ဖို့က ကျွန်တော်နဲ့ မသင့်တော်ဘူးလို့ ထင်မိတယ်။ ခင်ဗျားတို့ကိုလည်း မသိသလို၊ အနှောင့်အယှက်လည်း မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ဒီအပြင်မှာပဲ ရပ်နေခဲ့တာ။ သူနဲ့ နီးနီးနားနား ရှိနေချင်ရုံတင်ပါ။ ဦးဦးဒေးဗစ် လာခဲ့တယ်ဆိုတာကို အမ်မာ့ကို သိစေချင်တယ်။ ကျွန်တော် ကတိအတိုင်း ရောဂါကို တိုက်ထုတ်ခဲ့တယ်ဆိုတာ သူမကို သိစေချင်တာ။ ” ကျွန်တော် ရှေ့ကို တိုးသွားပြီး အဲ့ဒီလူစိမ်းကြီးကို ဖက်လိုက်ပါတယ်။ ကျွန်တော့်သမီးလေးကို ဂုဏ်ပြုဖို့ မိုးရေထဲမှာ ၃ နာရီတောင် မတ်တပ်ရပ်နေခဲ့တဲ့ ဒီကြောက်စရာပုံစံနဲ့ ဆိုင်ကယ်သမားကြီးကိုပေါ့။ “ကျေးဇူးတင်ပါတယ်” လို့ ကျွန်တော် တိုးတိုးလေး ပြောလိုက်တယ်။
“ဒါတွေကို ပြောပြပေးလို့ တကယ် ကျေးဇူးတင်ပါတယ်။” “အစ်ကို… ကျွန်တော် ပြောတာကို နားထောင်ပါဦး။” ဒေးဗစ်က ကျွန်တော့်ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်တယ်။ “ခင်ဗျားသမီးလေးက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တာ။ စက္ကန့် ၃၀ အတွင်းမှာ၊ သူ့ရဲ့ပွေ့ဖက်မှု တစ်ကြိမ်နဲ့ စကားလုံး အနည်းငယ်လေးက၊ ကျွန်တော်အသက်ရှင်ဖို့အတွက် အကြောင်းရင်းဖြစ်စေခဲ့တာပါ။ သူ ကျွန်တော့်ကို ကယ်ခဲ့တာ။ ကျွန်တော်အသက်ရှင်နေသရွေ့ သူ့ကို ဘယ်တော့မှ မမေ့ပါဘူး။” လက်ထဲက အမ်မာဆွဲထားတဲ့ ပုံလေးကို၊ ကျွန်တော့်ကို လှမ်းပေးပါတယ်။ “ဒါကို ခင်ဗျား သိမ်းထားသင့်တယ်ထင်တယ်၊ ဒါက သူရဲ့ မိသားစုနဲ့ပဲ ဆိုင်တာပါ။” “မဟုတ်ဘူး” လို့ ပြောပြီး ကျွန်တော် ပုံလေးကို ပြန်ပေးလိုက်တယ်။ “အမ်မာက ခင်ဗျားကို ပေးခဲ့တာ။ ခင်ဗျား သိမ်းထားတာကိုပဲ သူ အလိုရှိမှာပါ။ ခင်ဗျားရောဂါကို ဆက်ပြီး တိုက်ပွဲဝင်နေတာ သူ မြင်ချင်နေမှာ သေချာပါတယ်။ ” အဲ့ဒီအချိန်မှာ ဇနီးသည် ဆာရာက ကျွန်တော့်ဘေးကို ရောက်လာတယ်။ သူမက ဒေးဗစ်ကို ကြည့်ပြီး မှတ်မိသွားပုံရပါတယ်။
“ရှင်က… ကုန်စုံဆိုင်က လူပဲ။ အမ်မာ ဖက်ခဲ့တဲ့သူ မလား။” ဒေးဗစ် ခေါင်းညိမ့်ပြတယ်။ “ဟုတ်ကဲ့ခင်ဗျာ။ စိတ်မကောင်းပါဘူး… တကယ်ကို စိတ်မကောင်းပါဘူး။” ဆာရာက ငိုပြီး သူ့ကို ဖက်လိုက်တယ်။ “အမ်မာက ရှင့်အကြောင်းကို အပတ်တိုင်း ပြောနေခဲ့တာ။ ရှင့်ကို တွေ့မလားဆိုပြီး ကုန်စုံဆိုင်ရှေ့ကို နေ့တိုင်း ကားမောင်းခိုင်းခဲ့တာ။ ရှင် နေကောင်းရဲ့လား၊ ရှင် ရောဂါကို တိုက်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီလားဆိုတာကို သူ သိချင်နေခဲ့တာ။” “ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဒေးဗစ်က ပြောတယ်။ “သူ့ကြောင့်ပါ။” ကျွန်တော်တို့ သုံးယောက်ဟာ အဲ့ဒီကားပါကင်ထဲမှာ ရပ်နေခဲ့ကြတယ်။ အသက်ဆုံးရှုံးသွားခဲ့တဲ့ မိန်းကလေးရဲ့မိဘနှစ်ဦး။ အဲဒီ မိန်းကလေးငယ်လေးဆီကနေ အသက်ကို ပြန်ရလိုက်တဲ့ ဆိုင်ကယ်သမားတစ်ယောက်။ “ကျွန်မတို့အိမ်ကို လိုက်ခဲ့မလား” လို့ ဆာရာက ဖိတ်ခေါ်ပါတယ်။ “ဧည့်သည်တွေလည်း လာကြမှာပါ။ အမ်မာ့ရဲ့ အဘိုးအဘွားတွေ၊ ဦးလေးတွေ၊ ဒေါ်လေးတွေနဲ့ မိတ်ဆက်ပေးချင်တယ်။ သမီးလေး ကယ်ခဲ့တဲ့ အသက်တစ်ချောင်းကို သူတို့ကို သိစေချင်လို့ပါ။” ဒေးဗစ်က တွန့်ဆုတ်နေပုံရတယ်။ “မိသားစုရဲ့အချိန်တွေကို ကျွန်တော် အနှောင့်အယှက် မဖြစ်စေချင်ပါဘူး။” “အနှောင့်အယှက် မဖြစ်ပါဘူး” လို့ ကျွန်တော်က ခိုင်ခိုင်မာမာ ပြောလိုက်တယ်။
ဆာရာက…..သူ့ကို အားမနာဖို့ ပြောပါတယ်။ “အမ်မာက ရှင့်ကို ဖက်ခဲ့တဲ့နေ့ကတည်းက ရှင်က မိသားစုဝင်တစ်ယောက် ဖြစ်သွားတာပါ။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။” သူ လိုက်လာခဲ့ပါတယ်။ အဲ့ဒီနေ့ နေ့လည်ခင်းမှာ ဒေးဗစ်က ကျွန်တော်တို့ ဧည့်ခန်းထဲမှာ ထိုင်ပါတယ်။ အမ်မာ့ရဲ့မိသားစုကို သူနဲ့အမ်မာအကြောင်းကို ပြောပြနေခဲ့တယ်။ ၇ နှစ်အရွယ် သူတို့ရဲ့ မြေးမလေး၊ တူမလေးက…… လူတစ်ယောက်ကို ဖက်ပေးလိုက်ပြီး ဘယ်လိုကယ်ခဲ့လဲဆိုတာ။ မျှော်လင့်ချက် ကုန်ဆုံးနေတဲ့သူကို ဘယ်လို မျှော်လင့်ချက်တွေ ပေးခဲ့လဲဆိုတာ။ ကမ္ဘာကြီးမှာ သူ ရှိနေဖို့ လိုအပ်တယ်ဆိုတာကို ဘယ်လိုယုံကြည်စေခဲ့လဲဆိုတာတွေ ကိုပေါ့။ အမ်မာ့အဘိုးဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီး ဘယ်တော့မှ စိတ်ခံစားချက် မပြတတ်သူဖြစ်ပေမဲ့ အဲ့ဒီနေ့ကတော့ ရှိုက်ကြီး တငင်ငင် ငိုခဲ့ပါတယ်။ “ဒါ ငါ့မြေး အမ်မာပဲ.. ဒါ သူပဲ။” အဲ့ဒီနေ့မှာ အားလုံးက အမ်မာ့အမှတ်တရတွေကို ဝေမျှကြတယ်။ လမ်းဘေးက လူတစ်ယောက်ကို သူမရဲ့ထမင်းဘူး ပေးခဲ့တဲ့အကြောင်း၊ အတန်းထဲက အထီးကျန်နေတဲ့ သူငယ်ချင်းကို သွားပြီး မိတ်ဆွေဖွဲ့ခဲ့တဲ့အကြောင်း၊ သူရဲ့ မွေးနေ့မှာ လက်ဆောင်ရတဲ့ ပိုက်ဆံတွေနဲ့ ဆေးရုံက ကလေးတွေအတွက် ကစားစရာ သွားဝယ်ပေးခဲ့တာတွေကိုပေါ့။
အမ်မာက အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လူအများစုက အသက် ၇၀ တိုင်အောင် မလုပ်နိုင်ခဲ့တဲ့ ချစ်ခြင်းတရားတွေကို သူမလုပ်ဆောင်ခဲ့ပါတယ်။ အဓိပ္ပာယ်ရှိရှိနဲ့ လူအများကြီးရဲ့ ဘဝကို ထိတွေ့ခဲ့တဲ့သူပါ။ အခုဆိုရင် ဒေးဗစ်က တစ်လတစ်ကြိမ် ကျွန်တော်တို့ဆီကို လာလည်ပါတယ်။ ဓာတ်ပုံအယ်လ်ဘမ်တွေ ကြည့်ကြတယ်၊ သူ့ရဲ့ ကုသမှုအခြေအနေတွေ၊ သူ့ဘဝအကြောင်းတွေကို ပြောပြတယ်။ သူက ကျွန်တော်တို့ကို မိသားစုလို့ သတ်မှတ်တယ်။ ကျွန်တော်တို့ကလည်း သူ့ကို မိသားစုလို့ သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့လက အမ်မာ ဆုံးတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ကျွန်တော့်ဘဝရဲ့ အဆိုးရွားဆုံးနေ့လေးရဲ့ တစ်နှစ်ပြည့်ပေါ့။ ဒေးဗစ်က အမ်မာ အကြိုက်ဆုံး ပန်းရောင်ပန်းလေးတွေနဲ့ သင်္ချိုင်းကို ရောက်လာခဲ့တယ်။ သူမရဲ့ ဂူရှေ့မှာ ကျွန်တော်တို့နဲ့အတူ ရပ်ပြီး သူမကို ကျေးဇူးတင်စကား ပြောခဲ့တယ်။ သူ့ကို ကယ်ခဲ့လို့၊ သူ့ကို ယုံကြည်မှုပေးခဲ့လို၊ သူ့ရဲ့ အမှောင်ထုထဲမှာ အလင်းရောင် ဖြစ်ပေးခဲ့လို့ပေါ့။ “သူမက ကျွန်တော့်ကို အခုထိ နောက်ထပ် အသက်ရှင်ခွင့် ပေးခဲ့တာ” လို့ သူက တိုးတိုးလေး ပြောတယ်။ “သူမသာ မရှိရင် ဒီအချိန်တွေက ရှိလာမှာ မဟုတ်ဘူး။ နေ့တိုင်း သူပေးတဲ့ ဒီလက်ဆောင်နဲ့ ထိုက်တန်အောင် ကျွန်တော် နေထိုင်ပါတယ်။ သူ ယုံကြည်ပေးခဲ့တဲ့ လူမျိုး ဖြစ်လာအောင် ကျွန်တော် ကြိုးစားနေပါတယ်။” သူက ပုံလေးကို ထုတ်ပြတယ်။
သူ သွားလေရာ အမြဲဆောင်ထားတာပါ။( အခုတော့ မပျက်စီးအောင် ပလတ်စတစ် လောင်းထားပြီးပါပြီ။) “သူမက ကျွန်တော်တို့ကို ထာဝရ သူငယ်ချင်းတွေ ဖြစ်သွားမယ်လို့ ပြောခဲ့တာ။ သူမ ပြောတာ မှန်ပါတယ်။ သေခြင်းတရားက သူငယ်ချင်းဖြစ်မှုကို အဆုံးမသတ်နိုင်ပါဘူး။ ဘယ်လို ရှေ့ဆက်ပြီး သူငယ်ချင်းအဖြစ် ဆက်ဖြစ်ကြမလဲဆိုတဲ့ ပုံစံပဲ ပြောင်းသွားတာပါ။” အဲဒီဆိုင်ကယ်သမားကြီးဟာ ကျွန်တော့်သမီးလေးကို ဂုဏ်ပြုဖို့ မိုးရေထဲမှာ ၃ နာရီရပ်ခဲ့ပေမဲ့ တကယ်တော့ သူဟာ အမ်မာ့ကို ဖက်ခဲ့တဲ့နေ့ကတည်းက စပြီး သူမကို ရင်ထဲက ဂုဏ်ပြုနေခဲ့တာပါ။ ဘဝဟာ တိုက်ပွဲဝင်ဖို့ ထိုက်တန်တယ်ဆိုတာကို ယုံကြည်အောင် သူမ လုပ်ပေးခဲ့တဲ့ နေ့ကတည်းကပေါ့။ အမ်မာက ဒေးဗစ်ရဲ့ အသက်ကို ကယ်ခဲ့သလို၊ တစ်နည်းအားဖြင့် ဒေးဗစ်ကလည်း ကျွန်တော်တို့ရဲ့ ဘဝကို ကယ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ သမီးလေး ဒီကမ္ဘာပေါ်မှာ နေထိုင်သွားတဲ့ အချိန်တိုလေးဟာ….. ‘တစ်ယောက်ယောက်အတွက်၊ အဓိပ္ပာယ်ရှိစေခဲ့တယ်’ဆိုတဲ့ အသိက ကျွန်တော်တို့ရဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိစေလို့ပါပဲ။
အသက် ၇ နှစ်ပါ။ ဒါက သူနေထိုင်ခွင့် ရလိုက်တဲ့ အချိန်ပါ။ ဒါပေမဲ့ သူဟာ နေ့ရက်တိုင်းကို ကမ္ဘာကြီး ပိုကောင်းလာအောင် အသုံးချသွားခဲ့ပါတယ်။ မိုးထဲက ဆိုင်ကယ်သမားကြီးဟာ “သေးငယ်တဲ့ ကြင်နာမှုတစ်ခုက အရာအားလုံးကို ပြောင်းလဲနိုင်တယ်” ဆိုတဲ့ သက်သေပါပဲ။ ကျွန်တော် သမီးလေးကို စက္ကန့်တိုင်းမှာ သတိရနေမိတယ်။ ဒါပေမဲ့ ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူမဟာ ကျွန်တော်တို့ သမီးဖြစ်ခဲ့လို့၊ သူမဟာ အရမ်းကြင်နာတတ်လို့၊ လူစိမ်းတစ်ယောက်အတွက် အလိုအပ်ဆုံးအချိန်မှာ ဖက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ သမီးလေးကို နောက်ဆုံးနှုတ်ဆက်ဖို့အတွက် မိုးသည်းထန်စွာရွာနေတဲ့ကြားမှာ နာရီပေါင်းများစွာ ကြံ့ကြံ့ခံရပ်နေနိုင်တဲ့အထိ… သမီးလေးအပေါ် လေးနက်တဲ့မေတ္တာ ထားပေးခဲ့တဲ့ ထိုလူစိမ်းကြီးကိုလည်း ကျေးဇူးအထူးတင်မိပါတယ်။
Saya U Khin Zaw ( ဘာသာပြန် ) #SayaUKhinZaw





