ခက်ထန်သောမေတ္တာ

ခက်ထန်သောမေတ္တာ

ကန္တာရကြီးထဲတွင် သစ်ပင်တွေက ဟိုတစ်ကွက် သည်တစ်အုပ်နှင့် ခြောက်သွေ့နေသည်။ နေပူရှိန်က ပြင်းလှသည်။ သစ်ကုလားအုပ်တစ်ကောင် လေးတွဲ့စွာဖြင့် ချုံတစ်ခုကြားက ထွက်လာသည်။ သူ့အရပ်က သစ်ပင်အုပ်ထက် မြင့်မားသည်။ သစ်ပင်ချုံထဲကထွက်လိုက်မှ သူ့ကိုဗိုက်ကြီးပူဖောင်းနေကြောင်းသတိထားလိုက်မိသည်။ သူက မြေကြီးတွေကို ခွာဖြင့်ထိုးနေသည်။ မြေမှုန်တွေက လွင့်ပါးသွားသည်။ သစ်ကိုင်းတစ်ကိုင်းကို သူ့လည်ပင်းနှင့်ပွတ်နေပြန်သည်။ ဂနာမငြိမ် ဘာကြောင့်ဖြစ်နေရသနည်း။ နောက်မှ အဖြေတွေ့သည်။ သူမ ကလေးမွေးချင်နေသည်။ လှုပ်ရှားနေရင်းက သူ့နောက်ပိုင်းမှ ကလေးကပြူ ထွက်လာသည်။ သူက ပေါင်ကိုကားပြီး အားယူနေသည်။ အတင်းညှစ်နေပုံပေါ်သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ထိုမြင်ကွင်းကိုကြည့်ပြီး မိခင်တို့၏သဘာဝကို ကိုယ်ချင်းစာမိသည်။ သစ်ကုလားအုပ်မကြီးက မတ်မတ်ပြန်ရပ်သည်။ သူ့နောက်ပိုင်းမှာ ဝေါခနဲ ကလေးကထွက်ကျလာသည်။ သူ့ကလေးဖြစ်ရသည့်ဘဝ အဘယ်မှာလျှင်လွယ်ပါသနည်း။ မိခင်ဝမ်းမှ ကျွတ်ကျွတ်ခြင်း ၈ ပေခန့်မြင့်သည့် အမြင့်မှ မြေပြင်ကို ပြုတ်ကျရခြင်းဖြစ်သည်။ ဝမ်းမှ ကျွတ်ကျွတ်ခြင်း ကလေးလေးမှာ အချင်းတွေပတ်နေသည်။ လှုပ်ရှားနိုင်ခြင်း မရှိသေး။ မိခင်က သူ့ကလေး၏ အချင်းတွေကို လျာဖြင့်လျက်ပေးသည်။ အချင်းတွေ ကုန်သွားသည်အထိ ကလေးက တုတ်တုတ်မျှမလှုပ်။ မိခင်က အဝေးကိုလှမ်းကြည့်နေသည်။

တောခွေးတစ်အုပ် လာနေသည်။ အနည်းငယ်ဝေးသေးသည်။ အရေးကြီးသည်မှာ သူ့ကလေးမြန်မြန်လမ်းလျှောက်နိုင်ရေးဖြစ်သည်၊ သစ်ကုလားအုပ်မကြီးက မထင်မှတ်သည့် အပြုအမူတစ်ခုကို ပြုလိုက်သည်။ သူ့ကလေးကို သူ့ရှေ့ခြေဖြင့် ကန်လိုက်ခြင်းဖြစ်သည်။ ကြည့်နေမိသည့်ကျွန်တော့်မှာ “သေပါပြီ” ဟု ယောင်ပြီးထွက်သွားမိသည်။ ကလေးလေးသည် သဲထဲဖုန်ထဲတွင် လိမ့်သွားသည်။ မိခင်က သူ့ကို ဆက်တိုက်ကန်နေသည်။ ကျွန်တော့်အထင် သူ့သားကို သူသတ်နေရော့သလား။ မကြာပါ သစ်ကုလားအုပ်ပေါက်လေးသည် သူ့ဘာသာသူ လူးလွန့်လာသည်။ သစ်ကုလားအုပ်မကြီးက တစ်ချက်ထပ်ကန်ပြန်သည်။ ဤတစ်ချီတော့ နံဘေးကို ကန်လိုက်ခြင်းဖြစ်သည်။ ကလေးသည် မတ်တတ် ထရပ်နိုင်ရန် ကြိုးစားသည်။

ကုန်းကုန်းကွကွ အနေအထားမှ ယိုင်တိုင်တိုင် သူ့ဟန်ချက်ကို သူထိန်းနေရသည်။ သူ့ဘာသာသူ မတ်တတ်ရပ်နိုင်ရန် ကြိုးစားရသည်။ မိခင်က ကူညီခြင်းလုံးဝမရှိ။ မိခင်က အဝေးတစ်နေရာမှ လာနေသော ခွေးတစ်အုပ်ကိုကြည့်နေသည်။ မတ်မတ်ရပ်နိုင်သည့် ကုလားအုပ်လေးသည် သူ့မိခင်ပေါင်တွင်းကိုတိုးဝင်သည်။ သူကနို့စို့ရန် ဗီဇစိတ်ဖြင့် နို့ကို ရှာသည်။ သို့သော် မိခင်က သူ့ကိုနို့မတိုက်။ ဦးခေါင်းဖြင့် သူ့တင်ပါးကိုတိုက်ပြီး ရှေ့ကို ရွေ့နိုင်စေရန် အားထုတ် သည်။ သူလည်း တစ်လှမ်းချင်းလျှောက်လိုက်၊ မြန်မြန်လျှောက်လိုက် လုပ်သည်။ နည်းနည်းဝေးသွားလိုက် သူ့သားကို ရပ်စောင့်လိုက်လုပ်သည်။ နောက်ဆုံး အပြေးလေးသွားသည်။ သူ့သားလေးကလေး သူ့မိခင် နောက်ကို အပြေးလေးလိုက်သွားနိုင်ခဲ့သည်။

သူတို့ဝေးရာကိုပြေးနေသည်မှာ ခွေးတစ်အုပ်ဘေးရန်က လွတ်သည့်နေရာကိုဖြစ်မည်။ မိခင်ဝမ်းဗိုက်မှ ကျွတ်ကတည်းက ကလေးငယ်ဘဝ အဘယ်မှာလျှင် အေးချမ်းသနည်း။ အမြင့်က ပြုတ်ကျ သည်။ သဘာဝက သူ့ကို သန်မာစွာ ရှင်သန်ခွင့်ပေးထားသည်။ အသက်ရှူဖို့မေ့နေသည့် သားငယ်ကို မိခင်က အဆက်မပြတ်ကန်သည်။ မိခင်အတွက်လည်း သေရေးရှင်ရေး၊ သူ့သားလေးအတွက်လည်း သေရေး ရှင်ရေး ဖြစ်နေသည်။ “ထစမ်း … ထစမ်း … မင်းခုချိန်မှာ မထနိုင်ရင် မင်းသေလိမ့်မယ်” မိခင်က သူ့သားကိုချစ်ခင်စွာဖြင့် နာကျင်စေခြင်းအား ကျွန်တော်သဘောပေါက်လိုက်သည်။

တိရစ္ဆာန်လောကတွင်ပင် ကိုယ့်ဘာသာ ရုန်းထနိုင်ရန် ကြိုးစားကြရသည်။ ကျွန်တော် အခြားဗီဒီယိုမှတ်တမ်း များတွင်လည်း ဝမ်းဗိုက်က ကျွတ်ကျွတ်ခြင်း သားရဲတွေဝင်ဆွဲသွားသဖြင့် ဘာမျှမတတ်နိုင် လက်မှိုင်ချနေကြ ရသော ကြီးနိုင်ငယ်ညှဉ်း တိရစ္ဆာန်လောကတွေကို တွေ့ဖူးသည်။ ယခုမြင်ကွင်းထဲက မိခင်စိတ်ကို ကျွန်တော်လေးစားမဆုံးဖြစ်နေသည်။ သားသမီးကို မည်သူက နာကျင်စေချင် မည်နည်း။ မည်သို့ဆိုစေ ခွေးဆွဲခံရခြင်းထက် သူကန်တာကိုခံပြီး အမြန်ဆုံး လှုပ်ရှားနိုင်ရေးသည် သူတို့အတွက် သေရေးရှင်ရေးဖြစ်သည်။ အချို့သောနာကျင်စေခြင်းများမှာ မေတ္တာကြောင့်သာဖြစ်သည်။

သစ်ကုလားအုတ်မကြီး၏ မေတ္တာတရားသည် “ခက်ထန်သောမေတ္တာ” (Tough Love) သာဖြစ်သည်။ သားသမီးဘဝ ရပ်တည်နိုင်ရေးအတွက် သူ၏ အကြမ်းတမ်းဆုံး ဆက်ဆံခြင်းကို ပထမဆုံး ခံလိုက်ရခြင်းမှာ ချက်ချင်းလက်ငင်း အန္တရာယ်မှကာကွယ်ခြင်း (Physical Survival) တစ်ခုလည်းဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်က ပူလောင်သောမီးတောက် သို့မဟုတ် မီးပူတစ်ခုခုကို သွားကိုင်မိတော့မည်ဆိုလျှင် အမေကအတင်းဆွဲကာ နောက်မကိုင်ရဲအောင် လက်ကို ဆတ်ဆတ်လေးရိုက်ခြင်းသဘောနှင့်ဆင်သည်။ ထိုသို့ ရိုက်ခြင်းကို ခံလိုက်ရသဖြင့် ကလေးသည် မီးဆိုသည်မှာ အန္တရာယ်ရှိကြောင်း သတိပေးမှုကိုချက်ချင်းမှတ်မိ သွားသည်။ တစ်နည်းအားဖြင့် ရှင်သန်မှုဗီဇ (Survival Instinct) ကို ရရှိသွားခြင်းဖြစ်သည်။

ကျွန်တော်ကြည့်လိုက်ရသော ဗီဒီယိုမြင်ကွင်းလေးကို ကလေးတစ်ယောက်အနေဖြင့် နားလည်ချင်မှ နားလည် ပေလိမ့်မည်။ သို့သော် လူကြီးတစ်ယောက်ခံစားချက်ဖြင့် မိခင်၏ချစ်ခြင်းမေတ္တာကို နားလည်မိသည်။ အချို့သော ကြမ်းတမ်းမှုများတွင်လည်း မေတ္တာ (Tough Love) သဘောရှိနေသည်။ သစ်ကုလားအုပ်မကြီး၏ သူ့သားကို ခွေးဆွဲခံရခြင်းဘေးမှ ကင်းဝေးစေရန် လုပ်ဆောင်နေပုံမှာ မိခင်မေတ္တာ သဘောကို ဖော်ဆောင်ရာရောက်သဖြင့်လေးစားမိသည်။ သဘာဝကျကျ ကြမ်းတမ်းမှုများသည် ပိုပြီးသန်မာစေနိုင်သည်။ ကိုယ့်ဘာသာ မတ်မတ် မရပ်နိုင်မချင်း ကိုယ့်ခြေထောက်ကိုယ်သုံးကာ မပြေးနိုင်မချင်း သဘာဝမိခင်က ကန်နေခြင်းကို နားလည်ပေးနိုင်ရမည်။ ရင်ခွင်ထဲတွင် ထွေးပိုက်ထားချင်သော်လည်း၊ ဆာနေသောသားသမီးကို နို့ချိုလေး တိုက်ကျွေးချင်သော်လည်း ပြေးနိုင်မှလွတ်မည့် မိခင်သောကတွေ မည်မျှရှိနေသနည်း။ (ညကကြည့်လိုက်ရသည် ဗီဒီယိုမှတ်တမ်းလေးတစ်ခုကို ပြန်လည်ခံစားရေးဖွဲ့ခြင်းဖြစ်ပါသည်)

တင်ညွန့် ၃.၁၀.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *