ပျောက်သောသူ ရှာမတွေ့
နန်းကြာညိုသည် အသက် ၃၀ ကျော် အပျိုဟိုင်းကြီးတစ်ဦးဖြစ်သည်။ ဖခင်အိုကြီးကို လုပ်ကိုင်ကျွေးမွေးနေရ သဖြင့် အိမ်ထောင်မပြုခြင်းလည်း ဖြစ်နိုင်သည်။ သူတို့သားအဘသည် ရွာတွင် လူချမ်းသာပိုင်းစာရင်းဝင်သည်။ ဖခင်ဖြစ်သူ ဦးကျော့ရှိန်က အသက် ၈၀ နီးလာသဖြင့် လုပ်ငန်းတွေကိုနားကာ သမီးကို အိမ်ထောင်ရက်သား ချပေးချင်နေသည်။ သို့သော်နားချ၍မရသည့်အဆုံးတွင် လက်ပိုက်ကြည့်နေလိုက်ရသည်။ “ဆရာလေးရေ … သမီးကိစ္စလေး ပြောချင်သဗျ” တစ်နေ့တွင် ဦးကျော့ရှိန်က ကျွန်တော့်ကျောင်းထဲကို ဝင်လာပြီးဆိုင်းမဆင့် ဗုံမပါ ပြောချလိုက်ခြင်းဖြစ်သည်။
ထိုအချိန်က ကျောင်းလွှတ်ချိန်ဖြစ်သဖြင့် ကျွန်တော်က ကျောင်းစိုက်ခင်းကို ရေလောင်းနေချိန်ဖြစ်သည်။ “ဘာများလဲ ဦးရယ်” “သမီးကို လင်ကောင်းသားကောင်းလေးများနဲ့ နေရာချထားပေးချင်လို့ပါ” “အဲဒါ ကျွန်တော့်ကို ဘာဖြစ်လို့များ လာပြောနေရတာလဲခင်ဗျာ” “ရှင်းအောင်ပြောရရင် ကျွန်တော်ကတော့ ဆရာလေးနဲ့ သမီးကို လွှတ်သဘောတူနေတာ” “ဟာဗျာ … ဦးလေးကလည်း ဒဲ့ကြီးပဲ” “ဒဲ့ပြောမှဖြစ်တော့မယ်။ ရွာထဲမှာ လူကောင်းရှားသကိုးဗျ။ အရက်သမားတွေချည်းပဲ။ ရွာမှာ အရိုးသားဆုံး လက်ညှိုးထိုးပါဆို ဆရာလေးတို့လောက်ပဲရှိတာ။ အဲဒါကြောင့် ကျွန်တော်က သမီးရှင်ဖြစ်ပေမယ့် ဒဲ့ပြောရတာ” “ဦးလေးရေ အိမ်ထောင်ရက်သားပြုတယ်ဆိုတာ နှစ်ဦးနှစ်ဖက် လက်ခံကြည်ဖြူမှ လုပ်လို့ရတာပါ။
နန်းကြာညိုက သဘောကျမှဖြစ်မှာပါ” “ဆရာလေးဘက်ကသာ ခေါင်းညိတ်လိုက် ချက်ချင်းဖြစ်စေရမယ်” ထိုနေ့က ကျွန်တော်ခေါင်းမညိတ်လိုက်ပါ။ ဦးကျော့ရှိန်လည်း ကျွန်တော်နှင့် စကားပြောပြီး သုံးရက်မြောက်နေ့တွင် ရုတ်တရက် ကွယ်လွန်သွားပါတော့ သည်။ ထို့ကြောင့် သူ့သမီးနှင့် သဘောတူခြင်းကိစ္စသည်လည်း နိဋ္ဌိတံသွားရလေတော့သည်။ နန်းကြာညိုသည် သူ့ဖခင်ကွယ်လွန်သွားပြီးနောက်တွင် မြို့ရှိ သူ့အစ်မဖြစ်သူထံ ထွက်သွားသည်။ ကျွန်တော့် စိတ်ထင် ၆ လခန့်ကြာသောအခါ သူပြန်လာသည်။ သူတစ်ယောက်တည်းမဟုတ်။ လူတစ်ယောက် ပါလာ သည်။
ထိုသူနာမည်မှာ ကိုထွန်းမြိုင်ဖြစ်သည်။ သူတို့ရွာတွင် အကျဉ်းချုံးပြီး လက်ထပ်လိုက်ကြသည်။ ကိုထွန်းမြိုင်က နန်းကြာညိုအဆက်အသွယ်ဖြင့် သစ်ကုန်သည်၊ ဝါးကုန်သည်အလုပ်ကို လုပ်ကိုင်သည်။ နန်းကြာညိုက အိမ်တွင် အိမ်ဆိုင်ဖွင့်သည်။ သူတို့လုပ်ငန်းအောင်မြင်သည်၊ စီးပွားရေးလည်း ကောင်းကြသည်။ လင်မယားနှစ်ယောက် တက်ညီလက်ညီလုပ်ကိုင်ကြ၍ စီးပွားတက်သည်။ သို့သော် ကောင်းခြင်းနောက်တွင် ဆိုးခြင်းက ကပ်ပါလာတတ်သည်။
ကိုထွန်းမြိုင်တစ်ယောက် အရက်လေးတမြမြဖြစ်လာသည်။ ပိုဆိုးသည်မှာ မိန်းမမှုပွေလာခြင်းဖြစ်သည်။ တစ်ဖက်ရွာမှ စိန်မြဆိုသည့် မိန်းကလေးနှင့် ဘာလိုလိုတွေကြားရသည်။ လင်မယားရန်ဖြစ်သံတွေ ကြားရသည်။ မူးပြီးဆဲသံတွေ ကြားလာရသည်။ ယခင်က တိတ်ဆိတ်ငြိမ်းချမ်းသော အိမ်မှာ မီးလောင်သလိုဖြစ်လာသည်။ ဤသို့ဖြင့် ကိုထွန်းမြိုင်တစ်ယောက် ရွာမှပျောက်သွားသည်။ နန်းကြာညိုက သူ့လူယုံ အလုပ်သမားတွေနှင့် သစ်လုပ်ငန်းဆက်လုပ်သည်။ ကိုထွန်းမြိုင်အကြောင်း မေးကြသည်။ စိတ်ဆိုးပြီး ထွက်သွားသည်ဟု ပြောသည်။ ကိုထွန်းမြိုင်နှင့် ဇာတ်လမ်းရှုပ်သည့် စိန်မြ ကိုယ်ဝန်နှင့် ဖြစ်သွားသည်။ ကိုထွန်းမြိုင် ပျောက်သွားပြီး ၃ လခန့်အကြာတွင် မြို့က ရဲတွေရောက်လာသည်။
ကိုထွန်းမြိုင်သတင်း လာမေး ခြင်းဖြစ်သည်။ သူ့မိဘတွေက သူတို့သားအကြောင်း စုံစမ်းခိုင်းသောကြောင့် ဖြစ်သည်။ နန်းကြာညိုကလည်း တည်တည်ငြိမ်ငြိမ်ပင်။ “ကျွန်မနဲ့ စိတ်ဆိုးပြီးထွက်သွားတာ။ ဘယ်သွားမှန်း မသိပါဘူး” ဟုဖြေသည်။ ရဲတွေ ဟိုမေးသည်မေး၊ ရွာလူကြီးထံ စုံစမ်းသည်။ သို့သော် သူတို့နောက်တစ်ရက်တွင် ပြန်သွားကြသည်။ ကိုထွန်းမြိုင် ဘယ်ရောက်သွားမှန်း မည်သူမျှမသိ။ လူတွေကလည်း အမျိုးမျိုးပြောကြသည်။ အစဖျောက်လိုက်သလို ဝေဖန်ပြောဆိုကြသည်။ လူတစ်ယောက်ကို အစဖျောက်ရသည်မှာ လွယ်သယောင်။ မည်သို့ဆိုစေ နန်းကြာညိုတွင် တပည့်လုပ်သားတွေများသည်။
သူ ပေးထား ကျွေးထားသူတွေများသည်။ သူနှင့် မကင်းသူတွေများသောကြောင့်လည်း သူ့ကိုဖေးမကူညီသူတွေများသည်။ ကျွန်တော်သူ့ကို မျက်စိထဲမြင်မိသည်။ အသားဖြူဖြူ၊ သွယ်သွယ်နှင့် ချောသည်ဟု မပြောနိုင်သော်လည်း ကျက်သရေရှိသော မိန်းမတစ်ဦးဖြစ်သည်။ ကျွန်တော်နှင့် နန်းကြာညို တစ်နေ့တွင် မြို့သို့အသွား ကားတစ်စီးတည်း ခေါင်းခန်းတွင်အတူစီးကြသည်။ ကျွန်တော်က သူ့ကိုမေးကြည့်မိသည်။ “ကိုထွန်းမြိုင်အကြောင်း ဘာမှမကြားဘူးလား” “မကြားဘူးဆရာ” “အင်း … စိန်မြကလေးလည်း ဒီနှစ်ကျောင်းလာအပ်တယ်နော်” “ဟုတ်တယ်လေ … အဲဒီကလေး ကျွန်မပဲ မွေးစားထားတာ” “ဒါနဲ့ စိန်မြလည်း ရွာက ကလေးမွေးပြီးပျောက်သွားတယ်နော်” “ဟုတ်တယ် အဲဒီကလေးကို သူ့အမေနဲ့ ထားခဲ့လို့ ကျွန်မက သနားပြီး ခေါ်မွေးထားတာ” “အင်း … သားမီးကို စွန့်ပစ်သွားနိုင်တာတော့ ထူးဆန်းတယ်” “သူတို့နှစ်ယောက် တစ်နေရာမှာ ပေါင်းချင်ပေါင်းနေမှာပေါ့ဆရာရယ်”
တင်ညွန့် ၂၄.၁၀.၂၀၂၅





