ခေတ်၏သားကောင်များ
မိုးတွင်းကာလဖြစ်သဖြင့် လမ်းလျှောက်သည့်နေရာ အတော်လေးရွေးရသည်။ ချော်လဲမည်ကို ကြောက်သော ကြောင့်ပင်။ ကျွန်တော်ကား မိုးရွာလျှင်ပင် ထီးဆောင်းပီး လမ်းလျှောက်ရခြင်းကို နှစ်သက်နေမိသူဖြစ်သည်။ ထို့ကြောင့် ချော်မလဲနိုင်သည့် လမ်းတွေ၊ လူမပြတ်သည့်လမ်းတွေကို ရွေးချယ်ရသည်။ ယခုတလောတွင် လုယက်မှုတွေက ပိုပြီးဆိုးလာသည်။ အထူးသဖြင့် ရိုက်လုနေခြင်းဖြစ်သည်။ ဖုန်းတစ်လုံး လောက်အတွက် လူ့အသက်တစ်ချောင်းကိုပင် ဂရုမစိုက်လောက်အောင် အသိတရားတွေ ကင်းလာကြသည်။
ကျွန်တော် လမ်းလျှောက်ကောင်းသည့် နေရာကိုရောက်ရန်အတွက် ဘတ်စ်ကားခ ၃၀၀ ကျပ် အကုန်ခံရသည်။ ထိုနေရာသည် လမ်းလျှောက်၍လည်းကောင်းသည်။ လူနှင့်ကားတွေ မပြတ်သောကြောင့် စိတ်လည်း ချရသည်။ မနေ့က ဘတ်စ်ကားပေါ်အတက်တွင် ထိုင်ခုံနေရာရသော်လည်း ကျွန်တော်မထိုင်ပါ။ အလုပ်သွားမည့် ကလေးတွေအတွက် ဦးစားပေးရမည်။ သူတို့မှာ နေ့လည်းပင်ပန်း၊ ညလည်းပင်ပန်း အိပ်ငိုက်ပြီး သွားနိုင်ရန် အတွက်ဖြစ်သည်။ ကျွန်တော်က ၅ မိုင်လောက်အကွာအဝေးဆိုတော့ မတ်တတ်ရပ်စီးလိုက်သည်။ ကားဒရိုင်ဘာက လူပြတ်သဖြင့် တားတိုင်းရပ်တင်သည်။
မှတ်တိုင်မဟုတ်ဘဲ လူငယ်တစ်ယောက်က တားသည်ကို သူရပ်ပေးလိုက်သည်။ အသက် ၂၀ ခန့်ကောင်လေးတစ်ယောက်က ကားပေါ်ပြေးတက်လာပြီး “မောင်း … မောင်း” ဟု ပြောလိုက်သည်။ ကားဆရာက ကားကိုထွက်ပြီးမှ ပြန်ရပ်သည်။ မိန်းမကြီးတစ်ယောက် ကားပေါ်ကို ပြေးတက်လာပြန်သည်။ ထိုအချိန်တွင် ပထမတက်လာသော ကောင်လေးက “နင့်ကို လိုက်မလာပါနဲ့လို့ ပြောတယ်မဟုတ်လား … ဆင်း … ခုပြန်ဆင်း” ဟုအော်သည်။ ကားပေါ်ကလူတွေက နင်နှင့်ငါ ပြောနေသော ကောင်လေးကို ဝိုင်းကြည့်ကြသည်။ ပြောသူအသက်က ၂၀ ခန့်၊ အပြောခံရသည့် မိန်းမကြီးက ၆၀ ခန့်။
မိန်းမကြီးက “သားလေးရယ် မသွားပါနဲ့ … အမေတောင်းပန်ပါတယ်။ ပြန်လိုက်ခဲ့ပါနော်” ဟု ပြောသည်။ “နင်မဆင်းဘူးလား … နင်မဆင်းရင် ငါဆင်းမယ်” ဆိုကာ ကောင်လေးက ပြန်အော်သည်။ မိန်းမကြီးက “သားလေးရယ် … မသွားပါနဲ့” ဟုထပ်ပြောသည်။ ကောင်လေးက အပေါက်ဝကိုသွားပြီး “နင်ဖယ်မလား … မဖယ်ဘူးလား ကန်ချလိုက်မယ်” ဟု အော်သည်။ ကားဆရာက ကားကိုမထွက်။ လူတွေကလည်း “ဟာ မိုက်ရိုင်းလှချည်လား” “ဘာတွေလဲ” စသည်ဖြင့် အမျိုးမျိုးထင်ကြေးပေးနေကြသည်။ ကားဆရာက “အမေကြီး အဲဒီကောင်ကို ဖယ်ပေးလိုက် ဆင်းပါစေ။ ဟေ့ကောင်ဆင်း” ဟုအော်လိုက်သည်။ ကောင်လေးက အမေကြီးကို အတင်းတိုးပြီး ကားပေါ်ကဆင်းသွားသည်။ “သားလေး … သားလေး” ကားဆရာက “အမေကြီးလည်း ဆင်းလိုက်သွားလေ” ဟု ပြောလိုက်သည်။
မိန်းမကြီးလည်း ကားပေါ်က ဆင်းလိုက်သွားသည်။ ကျွန်တော် မနေ့က မြင်တွေ့လိုက်ရသော ကားပေါ်က မြင်ကွင်းဖြစ်သည်။ ကောင်လေးပုံစံက ကြည့်တာနှင့် သိသာသည်။ ပိန်ချုံးနေပြီး ဆေးသမားရုပ်ပေါက်နေသည်။ အမေဖြစ်သူကိုပင် နင်နှင့် ငါနှင့် ဆဲဆိုကာ ကန်ချမည်လုပ်နေပုံကိုထောက်သော် မည်မျှအထိ အခြေအနေဆိုးသနည်း ဆိုခြင်းကို ခန့်မှန်းနိုင်သည်။ ထိုသို့သော အဖြစ်အပျက်မျိုးတွေက ကျွန်တော့်အတွက် မဆန်းဟုဆိုရမည်။ ကျွန်တော်တို့လမ်းထဲမှာပင် အရက်မူးသမားများမဟုတ်သော ဆေးကြောင်လူငယ်တွေ အလွန်များလာသည်။ စိတ်ရောဂါကုဆေးရုံကိုပင် အခေါက်ခေါက်ပြန်လာ ပြန်သွား လုပ်နေသူတွေမနည်း။
ရပ်ကွက်ထဲတွင် မူးယစ်ဆေးတွေကို လိုသလိုဝယ်၍ရနေသည်ဟု သိရသည်။ မူးယစ်ဆေးသုံးစွဲရန်အတွက် ခိုးသူတွေ၊ လုသူတွေပိုပြီးများလာသည်။ အကြောင်းနှင့် အကျိုးတွေက ဆက်စပ်နေသည်။ ဈေးထဲတွင် အရက်ဆိုင်က မိုးလင်းသည်နှင့် တန်းစီပြီး ဝယ်နေသူတွေမှာ ဆီဆိုင်တွင် တန်းစီနေသူတွေထက်ပင် များသေး သည်။ မနက်မိုးလင်းလျှင် ဘယ်အိမ်ကို ညကဝင်လုသွားပြန်ပြီ၊ ဝင်ဖောက်သွားပြန်ပြီဆိုသည့် သတင်းတွေကလည်း မကြားချင်အဆုံးဖြစ်နေသည်။
ဆိုး ခိုး လုနှိုက်တွေ အလွန်ပေါလာသည်။ ဘတ်စ်ကားစီးလည်း စိတ်မချရတော့။ အဆိုးဆုံးမှာ လူငယ်တွေ ဆေးစွဲ၊ အရက်စွဲကာ လူရုပ်ပင်မပေါ်နိုင်လောက်သည့် အနေအထားတွေကို တွေ့လာရခြင်းဖြစ်သည်။ ကြောင်တောင်တောင်နှင့် လမ်းပေါ်လျှောက်သွားနေသူတွေ၊ အုတ်ခဲကြီးတစ်လုံးကိုင်ကာ ဘာမပြော ညာမပြောနှင့် အော်ဟစ်ပြီး လမ်းပေါ်တွင် ပေါက်ခွဲလိုက်သဖြင့် ပြေးလွှား ရှောင်ရှားနေရသူတွေ၊ ညမိုးချုပ်လျှင် လမ်းပေါ်တွင် မိန်းကလေးတွေ တစ်ယောက်တည်း မသွားရဲတော့သောကြောင့် အလုပ်မဆင်းနိုင်တော့သူတွေ ပြဿနာပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာသည် မူးယစ်ဆေးတွေနှင့် ဆက်စပ်နေသည်။
ကျွန်တော်တို့ လူကြီးတွေပင် လူပြတ်သည့်နေရာဆိုလျှင် သွားရန်စဉ်းစားနေရသည်။ အန္တရာယ်က အချိန်မရွေး ကိုယ့်ရှေ့ ကိုယ့်ဘေးတွင် ပေါ်လာနိုင်သည်။ ၂၀၁၉ လောက်က ညဉ့်နက်မှအိမ်ပြန်၊ တစ်ခါတစ်ရံ ကားမရှိသဖြင့် ရန်ကုန် ပန်းဆိုးတန်းမှ ဗန္ဓုလ တံတားကြီးကိုကျော်ဖြတ်ပြီး သာကေတအိမ်ကို တစ်ယောက်တည်း အေးအေးဆေးဆေးပြန်လာခဲ့ရသော ညတွေကို သတိရမိသည်။ ဘာကိုမျှကြောက်စရာမလို၊ စိုးရိမ်စရာမရှိသည့် အချိန်တစ်ချိန်ကို သတိရမိသည်။ လူငယ်တွေ၏စွမ်းအားတွေ အချည်းနှီးဖြစ်ကုန်ပြီ။ ပညာသင်ရမည့် အရွယ်တွေက ပညာသင်၊ တီထွင်ဖန်တီး ရမည့်သူတွေက တီထွင်ဖန်တီး၊ အနာဂတ်အတွက် ပြင်ဆင်ထားသောအနေအထားတွေကို ရင်ဆိုင်နေရမည့် လူငယ်တွေ ဘာတွေဖြစ်ကုန်ပြီနည်း။ ခေတ်၏သားကောင်၊ စနစ်၏သားကောင်တွေဘဝ ရောက်နေရသည်မှာ ရင်နာစရာကောင်းသည်။ ခေတ်၏ သားကောင်းများမဖြစ် ခေတ်၏သားကောင်များဖြစ်နေကြရသည်။
တင်ညွန့် ၁၂.၇.၂၀၂၅





