အိမ်
အိမ်ဆိုသည်မှာ ခိုနားရာသက်သက်သာမဟုတ် ငြိမ်းချမ်းမှု လုံခြုံမှု စိတ်သက်သာမှုကိုပါ ပေးနိုင်သည့် နေရာ တစ်နေရာဖြစ်သည်။ ပဲခူးတွင် ကျွန်တော် ကြီးပြင်းခဲ့ရသောအိမ်သည် ကျွန်တော့် အဖေနှင့်အမေ၏ ချွေးတို့ဖြင့် တည်ဆောက် ခဲ့ရသော မိသားစုဝင်ပေါင်းများစွာ ခိုနားရာ နေရာဖြစ်ခဲ့ပါသည်။ ဤအိမ်တွင်ပင် သား၊ သမီး၊ မြေး၊ ချွေးမ၊ သမက်၊ မြစ်အထိ လူပေါင်းများစွာ ခိုလှုံကြီးပြင်းခဲ့ရသည်။ တစ်နည်းပြောရလျှင် မိသားစုအားလုံးအတွက် “အရိပ်အာဝါသ” အိမ်က နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် အခန်း သုံးခန်းနှင့် ဖွဲ့စည်းထားသည်။ အဖေသည် စတင်ဆောက်ကတည်းက ရည်ရွယ်ချက်ဖြင့် ဆောက်ခြင်းဖြစ်သည်။ “မိသားစုအတွက်” ဤအိမ်သည် အဖေနှင့်အမေတို့ ချွေးဖြင့်သာမက မျက်ရည်တို့ဖြင့်ပါ တည်ဆောက်ခဲ့သော အိမ်ဖြစ်သည်။
အဘယ်ကြောင့်နည်း ဤအိမ်ဆောက်မည် သားသမီးတွေလည်း များလာပြီဆိုသည့် အခါတွင် အဖေသည် ယခုခြံမြေနေရာကို ဝယ်ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ထိုနေရာကို ဗုံးကျခဲ့သဖြင့် ကျင်းချိုင့်ကြီး ဖြစ်နေသည်ကို အဖေသည် လမ်းရေမြောင်းတွေကို တူးပြီး ဖို့ခဲ့ရသည်။ ကိုယ့်အိမ်ရှေ့မြောင်းကိုသာမက အခြားသူတွေအိမ်ရှေ့မြောင်း တွေကိုပါ လိုက်တူးပေးပြီး မြေယူရသည်။ အိမ်ဆောက်သောအခါတွင်လည်း လင်မယားနှစ်ယောက် ပဲခူးဈေး လမ်ဘေးတွင် ရှာရသမျှ ငွေလေးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဆောက်မည်ပြင်စဉ်မှာပင် ၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ကြောင်း ကြေညာခြင်း ခံလိုက်ရသဖြင့် လက်ရှိက လက်မဲ့ဘဝကို ရောက်ခဲ့ရသည်။ အဖေသည် ဇွဲလျှော့တတ်သူမဟုတ်။ အစကပြန်ပြီး တည်ဆောက်သည်။
မနက်မိုးလင်းမိုးချုပ် အလုပ် လုပ်သည်။ အိမ်ကို နှစ်ထပ်ဖြစ်အောင် ခြေတံရှည်ဆောက်မည်ဆိုသောအခါ အမေနှင့် စကားများသည်။ အမေကတော့ တစ်ထပ်ကို ကျယ်ကျယ်ဆောက်စေချင်သည်။ အဖေက “ငါတို့အတွက်မဟုတ်ဘူး။ နောင်လာနောက်သားတွေအတွက်” ဟု ဆိုကာ အိမ်ကို နှစ်ထပ်ဆောက်နိုင်လျှင် ဆောက်မည်ဆိုပြီး ခြေတံရှည်ဆောက်သည်။ ယခုတော့ မောင်နှမတွေအားလုံး ကွယ်လွန်သူတွေ ကွယ်လွန် ရပ်ဝေးရောက်သူတွေ ရောက်နေကြပြီ။
ဤအိမ်ကြီးနှင့် ကင်းနိုင်သူတွေ တစ်ယောက်မျှမရှိ။ အားလုံးသည် ဤအိမ်ကတစ်ဆင့် အခြားနေရာဒေသ အသီးသီးကို ထွက်ခွာကာ တစ်အိုးတစ်အိမ် ထူထောင်သွားကြရသူများဖြစ်သည်။ ကျွန်တော့မိခင်ကြီးက အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သွားသည်။ ထိုစဉ်က ကျွန်တော် ကျောင်းဆရာ ဘဝကထွက်ပြီး ရန်ကုန်တွင် အခက်အခဲတွေကြား ရုန်းကန်နေရချိန်ဖြစ်သည်။ ကျွန်တော့် ဖခင်ကြီးကလည်း အသက် ၈၆ နှစ်အရွယ်တွင် အိပ်ရာထဲလဲနေပြီ။ ဖခင်ကြီး မကွယ်လွန်မီ အိမ်တွင် မိခင်အတွက်ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်ရင်း မောင်နှမတွေ အားလုံး ပြန်ဆုံ ကြသည်။ အဖေက ကျွန်တော့်ကို တိုင်ပင်သည် “ငါမသေခင် အသေဖြောင့်အောင် မင်းတစ်ခုလောက် လုပ်ပေးပါ” “ပြောပါအဖေ” “ဒီအိမ်ကိစ္စကို ငါသေပြီးမှ အမွေတွေဘာတွေခွဲပြီး မိသားစုဝင် သားသမီးတွေ စိတ်ဝမ်း မကွဲစေချင်ဘူး” “အဖေဖြစ်ချင်တာကိုပြောပါအဖေ” ကျွန်တော့် အဖေနှင့်အမေသည် နောက်ဆုံးအချိန်ကာလများတွင် ကျွန်တော့်ညီမ အပျိုကြီးတစ်ယောက်နှင့်သာ ဤအိမ်ကြီးတွင် ကျန်ခဲ့သည်။
ညီမဖြစ်သူကသာ အဖေနှင့်အမေကို အစအဆုံး ချေးသေးကအစ တာဝန်ယူ စောင့်ရှောက်ပေးခွင့် ရခဲ့သူဖြစ်သည်။ ကျန်ညီအစ်ကိုမောင်နှမတွေကား တစ်နှစ်တစ်ခါပင် လာကြည့်ဖော် မရသူတွေ ဖြစ်နေသည်။ ကျွန်တော်ကတော့ တစ်ပတ်တစ်ခါ အဖေ့ထံရောက်အောင် လာတတ်သည်။ ရန်ကုန်နှင့်ပဲခူး မိုင် ၅၀ ကျော်သာ ကွာသည်။ အချိန်မရွေး ထလာနိုင်သည်။ အဖေကလည်း အသက်ကြီးမှ စကားပြောဖော်မက်လာသည်။ သူနှင့် စကားပြောမည့်သူမရှိ။ ကျွန်တော်လာမှ သားအဘနှစ်ယောက် လက်ဖက်ဆိုင်သွားထိုင်ပြီး စကားပြောကြရသည်။ “မင်းက သားအကြီးဆုံးဆိုတော့ မင်းစီမံတာကို အားလုံး လိုက်နာမှာပါ။ မင်းပဲ အားလုံးနဲ့ ညှိနှိုင်းပေးပါ။ အဖေ ဒီအိမ်ကြီးကို မူမူ့ကို ပေးခဲ့ချင်တယ်ကွယ်” မူမူဆိုသည်မှာ ကျွန်တော့်အောက်ညီမ အပျိုကြီးဖြစ်သည်။ ကျွန်တော့ညီမ ဖြူဖြူဆိုတာရှိသေးသည်။ သူက ကျွန်တော့်အောက်ဖြစ်သော်လည်း စောစီးစွာ ကွယ်လွန်သွားသည်။
ထို့ကြောင့် အဖေပြောသည့်အတိုင်း ညှိပေးရမည့် မောင်နှမတွေမှာ ကျွန်တော်အပါအဝင် လေးဦးသာဖြစ်သည်။ ထိုအလှူညတွင်ပင် ကျွန်တော်က ဦးကြီး ဒေါ်ကြီးတွေကို ရှေ့တွင်ထားကာ ညီအစ်ကိုမောင်နှမတွေ အားလုံးကို ခေါ်ပြီးနောက် အဖေ့ဆန္ဒကို ပြောပြလိုက်သည်။ အဖေသည် ထိုအချိန်က ဒရင်းဘက်လေးပေါ်တွင် ကျွန်တော်တို့ကို ကြည့်နေသည်။ ကျွန်တော်က “ကဲ မိသားစုတွေ အကုန်ဆုံတုန်း အဖေ့ဆန္ဒကိုပြောမယ်။ အဖေက ဒီအိမ်ကြီးကို မူမူ့ကို ပေးလိုက်ပါတဲ့။ အမှန်လည်း သူနဲ့ပဲ ထိုက်တန်တယ်။ သူပဲ အဖေနဲ့ အမေကို ပြုစု ကျွေးမွေး စောင့်ရှောက်လာခဲ့တာ။ တို့ကျန်တဲ့ သူတွေက သူ့လို အနစ်နာခံပြီး လုပ်ပေးနိုင်ခဲ့တာ တစ်ယောက်မှ မရှိဘူး။ ဒါကြောင့် ငါလည်း သားအကြီးဆုံး ဖြစ်ပေမယ့် ဒီအိမ်အမွေကို မဆက်ခံထိုက်ဘူး။
အခြား ညီ ညီမတွေလည်း အဖေ့အနေနဲ့ သူအဖြစ်ချင်ဆုံး ဆန္ဒကို ငါထုတ်ပြောပြီးပြီ။ ကျန်တာကတော့ မင်းတို့သဘောပဲ” အဖေက ကျွန်တော့်ကို ခေါင်းညိတ်ပြသည်။ ညီအစ်ကိုမောင်နှမတွေ အားလုံးကလည်း အဖေ့ရှေ့တွင်ပင် သဘောတူပါသည်ဟု ပြောကြသည်။ ကျွန်တော် ကလည်း အခိုင်အမာဖြစ်စေရန် လူကြီးဆုံရာရှေ့တွင် စာချုပ်စာတန်းတွေဖြင့် ညီမဖြစ်သူ မူမူကို အားလုံးက သဘောတူ လွှဲပြောင်းပေးကြောင်း လက်မှတ်ရေးထိုးစေသည်။ အဖေက မျက်ရည်တွေကျလာပြီး “ငါ့သားသမီးတွေကို ကျေးဇူးတင်တယ်။ အဖေစိတ်ချမ်းသာလိုက်တာ” ဟု တိုးတိုးလေးပြောရှာသည်။ နောက်တစ်လခန့်အကြာတွင် အဖေကွယ်လွန်သွားပါသည်။ အဖေကွယ်လွန်ပြီးနောက်တွင် ကျွန်တော့်ညီမသည် တစ်ယောက်တည်း ရုန်းကန်ရသည်။
တူမလေးတစ် ယောက်ကို မွေးစားပြီး သူနှင့်အတူထားသည်။ သူလည်း ခေတ်အနေအထားအရ ကျပ်တည်းလာချိန်တွင် ကျွန်တော်ကသာ ထောက်ပံ့ထားရသည်။ ကျန် ညီအစ်ကို မောင်နှမတွေကလည်း သူ့ကိုထောက်ပံ့နိုင်သည့် အနေအထားတွင် မရှိ။ ကျွန်တော့်ထံသာ အစ်ကိုကြီးအဖြစ် အိမ်ပြင်တာကအစ လာပြီး အပူကပ်သည်။ နောက်ဆုံးတွင် မောင်နှမနှစ်ယောက် တိုင်ပင်ရတော့သည်။ “ဒီအိမ်ကို ရောင်းလိုက်တော့။ ငါနဲ့လာနေ။ အိမ်ရောင်းရငွေကို နင့်ဘာသာ ဘာလုပ်လုပ်၊ လှူချင်လည်းလှူ။ ကိုယ်သေရင် အဲဒီအိမ်ကြီးကို ယူသွားနိုင်မှာမှမဟုတ်တာ” ကျွန်တော်လည်း ဒါပဲတတ်နိုင်တော့သည်။
ကျွန်တော့်မှာလည်း အဝေးမှ ထောက်ပံ့နေရသည်မှာ နှစ်ပေါင်းက မနည်း။ ကိုယ်တိုင်ကလည်း ပင်စင်စား၊ စာလေးရေးပြီး ရပ်တည်နေရသည်။ သူ့ကို ငွေလှမ်းပို့နေမည့်အစား မောင်နှမ နှစ်ယောက် တစ်အိုးတည်း ပေါင်းစားသော် အကုန်အကျသက်သာမည်။ ထိုအိမ်သည် အမှတ် ၁၆၆၊ မြလမ်း၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ပဲခူးမြို့တွင် ရှိပါသည်။ စိတ်ဝင်စားသူများ ဒေါ်မူမူဝင်း၊ ဖုန်း – ၀၉ ၉၇၁ ၉၄၄ ၉၉၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တင်ညွန့် ၂၉.၁၂.၂၀၂၃





