”အကိုကြီး အဖအရာ”(စ/ဆုံး)

”အကိုကြီး အဖအရာ”(စ/ဆုံး)

​”အစ်ကိုကြီး… ခင်ဗျား ကျွန်တော်ပို့တဲ့ ပိုက်ဆံတွေကို ဘာလုပ်ပစ်လိုက်တာလဲ!” ​ဖခင်ဖြစ်သူရဲ့ နာရေးကိစ္စပြီးလို့ ဧည့်သည်တွေပြန်တာနဲ့ “ညီညီ” တစ်ယောက် အိမ်ရှေ့ခန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်တယ်။ ညီညီဆိုတာ ရန်ကုန်မှာ ကုမ္ပဏီမန်နေဂျာလုပ်နေတဲ့၊ ရှပ်အင်္ကျီ တောက်ပြောင်ပြောင်နဲ့ လူ.ဂုဏ်ထူးရှင်တစ်ယောက်။ ​သူ့ရှေ့မှာ ခေါင်းငိုက်စိုက်ကျနေသူကတော့ သူ့အစ်ကိုရင်း “ကိုထွန်းမြ” ပါ။ ကိုထွန်းမြကတော့ ရွာမှာပဲနေ၊ လယ်လုပ်၊ မိဘတွေကို ပြုစုရင်း အသားတွေမဲ၊ လက်တွေကြမ်းပြီး အိုစာနေတဲ့ လူတောမတိုးတဲ့ ရုပ်ရည်နဲ့ပါ။ ​”ကျွန်တော် လစဉ် ၃ သိန်း ပို့တယ်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

အဖေ နေမကောင်းဖြစ်တာ ၂ နှစ်လောက်ရှိပြီ။ ပိုက်ဆံတွေ နည်းတာ မဟုတ်ဘူး။ အခုကြည့်… အိမ်ကလည်း ယိုင်နဲ့နဲ့၊ အဖေ့ဆေးကုသမှုကလည်း ဘာမှရေရေရာရာ မရှိခဲ့ဘူးဆို။ ခင်ဗျား… အဲ့ဒီပိုက်ဆံတွေကို အရက်သောက်၊ လောင်းကစားလုပ်ပြီး ဖြုန်းပစ်လိုက်တာမလား!” ​ညီညီ့ရဲ့ စွပ်စွဲသံက အိမ်လေးထဲမှာ ဟိန်းထွက်နေတယ်။ ကိုထွန်းမြကတော့ ဘာမှပြန်မပြောပါဘူး။ သူ့ရဲ့ အက်ကွဲနေတဲ့ ခြေဖနောင့်တွေကိုသာ ငေးကြည့်ရင်း သက်ပြင်းချနေတယ်။ ​”ညီလေးရယ်… မင်းအစ်ကိုကြီးက အဲ့လိုလူ မဟုတ်ပါဘူးကွာ” ဘေးနားက ဦးလေးဖြစ်သူက ဝင်ပြောပေမဲ့ ညီညီက လက်ကာပြတယ်။

​”ဦးလေး ဝင်မပါနဲ့။ ဒါ ကျွန်တော်တို့ ညီအစ်ကို ကိစ္စ။ ကျွန်တော်က ပညာတတ်။ စာရင်းအင်းဆိုတာ နားလည်တယ်။ ဝင်ငွေနဲ့ ထွက်ငွေ မကိုက်ရင် ဒါ မသမာမှုပဲ။” ​ညီညီ မှတ်မိသလောက် ငယ်ငယ်ကတည်းက အစ်ကိုကြီးက စာညံ့တယ်။ သူက စာတော်တယ်။ ၁၀ တန်းအောင်တော့ မိဘတွေက လယ်တစ်ကွက်ရောင်းပြီး သူ့ကို မြို့တက် ကျောင်းထားပေးတယ်။ အစ်ကိုကြီးကတော့ “ငါက စာမရပါဘူးကွာ၊ လယ်ပဲ လုပ်တော့မယ်” ဆိုပြီး ရွာမှာ ကျန်ရစ်ခဲ့တယ်။ ​အဲ့ဒီအချိန်ကစပြီး ညီညီ့ဘဝက တက်လမ်းတွေချည်းပါပဲ။ ဘွဲ့ရ၊ အလုပ်ကောင်းရ၊ မိန်းမချောချောနဲ့ လက်ထပ်။

ရွာကို တစ်နှစ်မှ တစ်ခေါက်လောက်ပဲ ပြန်ဖြစ်တယ်။ ပြန်ရောက်တိုင်းလည်း အစ်ကိုကြီးရဲ့ ပုံစံကိုကြည့်ပြီး စိတ်ပျက်မိတယ်။ “လူကလည်း ညစ်ပတ်လိုက်တာ၊ တိုးတက်ချင်တဲ့စိတ်လည်း မရှိဘူး” လို့ အမြဲ တွေးမိတယ်။ ​အဖေ လေဖြတ်တော့ ညီညီ ပြန်မလာနိုင်ခဲ့ဘူး။ “အလုပ်မအားလို့ပါ၊ ပိုက်ဆံပို့လိုက်မယ်” ဆိုပြီး တာဝန်ကျေခဲ့တယ်။ သူ့စိတ်ထဲမှာတော့ “ငါက ငွေရှာပေးနေတာပဲ၊ ပြုစုတဲ့အလုပ်တော့ အစ်ကိုကြီး လုပ်ပေါ့” လို့ သတ်မှတ်ထားခဲ့တယ်။ ​”ကဲ… ခင်ဗျား ဘာမှ မပြောရင် ပြီးရောလား။ ကျွန်တော် ဒီအိမ်ကို ရောင်းမယ်။ အမေ့ကို မြို့ခေါ်ထားမယ်။ ခင်ဗျား ဘာသာ ခင်ဗျား လယ်တဲမှာ သွားနေတော့။” ​ညီညီ့စကားဆုံးတော့ ထောင့်မှာ ငိုနေတဲ့ အမေဖြစ်သူက ထလာတယ်။ အမေ့လက်ထဲမှာ ပလပ်စတစ်အိတ်အနွမ်းလေး တစ်လုံးပါတယ်။

​”သား ညီညီ… မင်းအစ်ကိုကို အဲ့လို မပြောပါနဲ့သားရယ်။ နင် မသိတာတွေ အများကြီးပါ…” ​အမေက အိတ်ထဲကနေ ဘဏ်စာအုပ်အဟောင်းလေး တစ်အုပ်နဲ့ စာရင်းစာအုပ်လေး တစ်အုပ်ကို ထုတ်ပေးလိုက်တယ်။ ညီညီ မျက်မှောင်ကြုတ်ပြီး ယူကြည့်လိုက်တယ်။ ဘဏ်စာအုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ… ​”ဟာ!” ​ညီညီ မျက်လုံးပြူးသွားတယ်။ စာအုပ်ထဲမှာ သူလစဉ်လွှဲခဲ့တဲ့ ပိုက်ဆံ ၃ သိန်းတွေ… တစ်လမှ မပျက်ကွက်ဘဲ စုဆောင်းထားတာ တွေ့လိုက်ရတယ်။ ပြန်ထုတ်ထားတဲ့ ငွေပမာဏ ဆိုတာ “သုည” ပါ။ ပိုက်ဆံတွေက အတိုးနဲ့အရင်းပေါင်းပြီး သိန်းရာချီ ရှိနေပါပြီ။ ​”ဒါ… ဒါ ဘာသဘောလဲ။” ​အမေက မျက်ရည်တွေသုတ်ရင်း ရှင်းပြတယ်။ “မင်းအစ်ကိုကြီးက မင်းပို့တဲ့ ပိုက်ဆံ တစ်ပြားမှ မသုံးဘူးသား။ ‘ငါ့ညီက မြို့မှာ နေရတာ၊ အိမ်ငှားခနဲ့ စားစရိတ်နဲ့ မလောက်မငှ ဖြစ်နေမှာ။ သူ့ခမျာ မာနကြီးတော့ အဆင်မပြေလည်း ပြောမှာ မဟုတ်ဘူး။

ဒီပိုက်ဆံတွေ စုထားမှ တစ်ချိန် သူ အိမ်ဝယ်ချင်ရင်၊ ကားဝယ်ချင်ရင် အဆင်ပြေမှာ’ ဆိုပြီး မင်းနာမည်နဲ့ စာအုပ်လုပ်ပြီး စုပေးထားတာ။” ​ညီညီ ဆွံ့အသွားတယ်။ “ဒါဆို… အဖေ့ ဆေးကုသစရိတ်တွေကရော…။” ​”မင်းအစ်ကိုကြီး နေ့ရောညရော သူများလယ်ထဲ အငှားလိုက်လုပ်တယ်။ ညဘက်ဆို ဖားရှာတယ်။ ပြီးတော့… ဟိုတလောက မင်းအစ်ကိုကြီး သိပ်မြတ်နိုးတဲ့ နွားတစ်ရှဉ်းကို ရောင်းပြီး အဖေ့ကို ဆေးကုပေးခဲ့တာ။ မင်းသိမှာ မဟုတ်ပါဘူး… အဖေမဆုံးခင် နောက်ဆုံး စားချင်တာလေးတွေစားရစေဖို့ မင်းအစ်ကိုကြီး နေ့ညမနားဘဲအလုပ်လုပ်ပီးပြီး ဝယ်ကျွေးနေခဲ့တာ သားရဲ့…” ​ညီညီ့လက်ထဲက စာအုပ်လေး လွတ်ကျသွားတယ်။ သူ အစ်ကိုကြီးကို လှမ်းကြည့်လိုက်တယ်။ ကိုထွန်းမြက ခုနကအတိုင်း ခေါင်းငုံ့နေဆဲပါပဲ။ ​ညီညီ့ ခေါင်းထဲမှာ အတိတ်ပုံရိပ်တွေ ပြန်ပေါ်လာတယ်။ ငယ်ငယ်က သူ ကျောင်းသွားခါနီးတိုင်း ဖိနပ်သုတ်ပေးတဲ့ အစ်ကိုကြီး။

မြို့တက်တုန်းက “ညီလေး… မင်းက ငါတို့အိမ်ရဲ့ မျှော်လင့်ချက်နော်” ဆိုပြီး လမ်းစရိတ် ထည့်ပေးခဲ့တဲ့ အစ်ကိုကြီး။ ​တကယ်တော့ အစ်ကိုကြီး စာညံ့တာ မဟုတ်ခဲ့ဘူး။ ညီဖြစ်သူ ကျောင်းဆက်တက်နိုင်ဖို့၊ အိမ်ရဲ့ စားဝတ်နေရေးအတွက် သူကျောင်းထွက်ပြီး လယ်ထဲ ဆင်းခဲ့ရတာ။ ညီညီက “ပညာတတ်” ဖြစ်ဖို့အတွက် အစ်ကိုကြီးက “ပညာမဲ့” ဘဝကို ရွေးချယ်ခဲ့တာ။ ​ညီညီ့ရဲ့ နုဖတ်နေတဲ့ လက်တွေနဲ့ ယှဉ်လိုက်ရင်၊ အစ်ကိုကြီးရဲ့ လက်တွေက သစ်ကိုင်းခြောက်တွေလို ကြမ်းတမ်းနေတယ်။ ဒါပေမဲ့ အဲ့ဒီလက်ကြမ်းကြီးတွေကမှ တကယ့် “ပေးဆပ်သူရဲ့ လက်တွေ” ပါလား။ ​ညီညီ ဒူးထောက်ကျသွားတယ်။ သူ့ရဲ့ မာနတွေ၊ အထင်အမြင်သေးမှုတွေ အကုန်လုံး အရည်ပျော်ကျသွားတယ်။ သူ အစ်ကိုကြီးရဲ့ ခြေထောက်ကို ဖက်ပြီး အော်ငိုလိုက်မိတယ်။ ​”အစ်ကိုကြီး… ကျွန်တော် မှားသွားပြီဗျာ။ ကျွန်တော် မိုက်မဲခဲ့ပါတယ်။ ခင်ဗျားရဲ့ မေတ္တာကို မမြင်ဘဲ ကျွန်တော် စော်ကားမိပါတယ်။

ခွင့်လွှတ်ပါ အစ်ကိုကြီးရယ်…” ​ကိုထွန်းမြက ညီဖြစ်သူကို ဆွဲထူလိုက်တယ်။ သူ့မျက်နှာမှာ အပြုံးနွမ်းနွမ်းလေး ပေါ်လာတယ်။ “ရပါတယ် ညီလေးရာ။ မင်းက မြို့ကြီးပြကြီးမှာ နေရတာဆိုတော့ စိတ်ဖိစီးမှုတွေ များမှာပေါ့။ အစ်ကို နားလည်ပါတယ်။ အစ်ကိုက တောသားပါကွ။ ဒီလို အပူအပင်တွေ ခံနိုင်ပါတယ်။ မင်း အဆင်ပြေရင် ပြီးတာပါပဲ…” ​အစ်ကိုကြီးရဲ့ စကားတစ်ခွန်းချင်းစီက ညီညီ့ရင်ကို ဓားနဲ့မွှန်းသလို နာကျင်စေတယ်။ ​ဒီနေ့မှာ ညီညီ နားလည်လိုက်တာတစ်ခုက… သူက ငွေရှာပေးရုံနဲ့ တာဝန်ကျေတယ်လို့ ထင်ခဲ့ပေမဲ့၊ အစ်ကိုကြီးကတော့ သူ့ဘဝတစ်ခုလုံးကို ပုံအောပြီး မိသားစုကို ကာကွယ်ပေးခဲ့တာပါ။ အိမ်ကြီး ယိုင်နဲ့နေတယ်လို့ သူ ထင်ခဲ့ပေမဲ့၊ တကယ်တမ်း ယိုင်နဲ့မသွားအောင် ထောက်ထားပေးခဲ့တဲ့ တိုင်မကြီးက သူ့အစ်ကိုကြီး ကိုထွန်းမြပါပဲ။

​”ပညာတတ်” ဆိုတဲ့ သူဟာ စာအုပ်ထဲက စာတွေကို ဖတ်တတ်ပေမဲ့၊ အစ်ကိုကြီးကတော့ “မေတ္တာ” ဆိုတဲ့ စာအုပ်ကို နှလုံးသားနဲ့ ရေးသားခဲ့သူ ဖြစ်ပါတယ်။ ​အိမ်ပြန်လမ်းမှာ ညီညီ့ကားပေါ်မှာ အစ်ကိုကြီးနဲ့ အမေ ပါလာခဲ့ပါတယ်။ ဒီတစ်ခါတော့ အိမ်ရောင်းဖို့ မဟုတ်ပါဘူး။ အစ်ကိုကြီးကို မြို့မှာ ဆေးစစ်ပေးဖို့၊ ကောင်းကောင်းမွန်မွန် ပြုစုဖို့ ခေါ်လာခဲ့တာပါ။ ​ကားမောင်းနေရင်း ဘေးခုံက အိပ်ပျော်နေတဲ့ အစ်ကိုကြီးရဲ့ ညိုမဲနေတဲ့ လက်ကြမ်းကြီးကို ညီညီ လှမ်းဆုပ်ကိုင်လိုက်မိတယ်။ ​”ဒီလက်တွေက… ကမ္ဘာပေါ်မှာ အလှပဆုံး လက်တွေပါပဲ…” လို့ သူ တိုးတိုးလေး ရေရွတ်လိုက်မိပါတော့တယ်။

”သွေးသည် ရေထက် ပျစ်၏ ”ဆိုသလိုပဲ- ညီအစ်ကို မောင်နှမဆိုတာ မိဘပြီးရင် အရင်းနှီးဆုံး သွေးသားတွေပါ။ စကားများကောင်း များမယ်၊ စိတ်ဝမ်းကွဲကောင်း ကွဲမယ်။ ဒါပေမဲ့ အရေးကြုံလာရင် ကိုယ့်ဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ့်သူတွေက သူတို့ပါပဲ။ ငွေကြေးထောက်ပံ့သူကလည်း ကျေးဇူးရှင်ပါပဲ။ ဒါပေမဲ့ လူကိုယ်တိုင် ပြုစုစောင့်ရှောက်သူ၊ အချိန်ပေးသူတွေရဲ့ တန်ဖိုးကလည်း ကြီးမားပါတယ်။ “ငါက ပိုက်ဆံပေးထားတာပဲ” ဆိုတဲ့ မာနနဲ့ ကျန်ရစ်သူတွေရဲ့ ပေးဆပ်မှုကို အထင်မသေးသင့်ပါဘူး။ အမြင်နှင့် အမှန် – မျက်စိနဲ့မြင်ရတဲ့ အရာတွေ က အမှန်တရား မဟုတ်တတ်ပါဘူး။ နောက်ကွယ်က အကြောင်းတရားကို မသိဘဲ စွပ်စွဲပြောဆိုခြင်းက နောင်တကြီးစွာ ရစေတတ်ပါတယ်။ ​ဒီဇာတ်လမ်းလေးက မောင်နှမတွေကြားက ချစ်ခြင်းမေတ္တာကို ပိုမို ခိုင်မြဲစေပါစေဗျာ။

#စာပေ-ရသမြေ

Leave a Reply

Your email address will not be published. Required fields are marked *