လွတ်သွားတဲ့ငါး
နွဲ့တင်နဲ့တော့ ခက်တာပါပဲအေ…�ဟိုတစ်နေ့က ပန်းသတင်းက ဝယ်လာတဲ့ အထည် မကြိုက်တော့လို့တဲ့။တကယ်ပဲ…ဘယ်သူကဘာပြောလိုက်လဲတော့ မသိဘူး။အဲဒါကို..ဟိုသူ့လိုက်ရောင်း သည်သူ့လိုက်ရောင်းနေတယ်ဆိုလို့ ငါပြန်ဝယ်လာလိုက်တယ်။ဒီနွဲ့တင်ကတော့ စိတ္တဇပဲ။´´ ချိုင်းကြားညှပ်လာတဲ့ ကြွပ်ကြွပ်အိတ်အထုတ်တစ်ခုကို စားပွဲပေါ်ပစ်တင်ပြီး အမေကထိုင်ခုံမှာဝင်ထိုင်တယ်။ခုံတစ်လုံးမှာထိုင်ပြီး စာဖတ်နေတဲ့ မိငယ်ကကြွပ်ကြွပ်အိတ်ကိုဖြည်ပြီး အထဲမှအထည်စတစ်ခုကိုထုပ်ယူလိုက်တယ်။ “ဟယ်…လှလိုက်တာ�ထောပတ်စိမ်းရောင်လေး၊ လက်ကော်ချိတ်လေးတော့!�ဒီလောက်လှတဲ့အဆင်လေးကို တီနွဲ့လေးဘာလို့ မကြိုက်ရတာလဲ´´ သူ့ခါးမှာတင်ပြီး မိငယ်ပြောတော့ ကျမ ခပ်လာတဲ့ သောက်ရေတစ်ခွက် အမေကို ကမ်းပေးရင်းကြည့်မိတယ်။�ထောပတ်စိမ်းအခံရောင်ထဲမှာ ခဲဖျော့ရောင်ချိတ်လိုင်းလေးနဲ့ မိငယ်ပြောသလို သိပ်လှတဲ့အဆင်ပါပဲ။ယဥ်ယဥ်ငြိမ်ငြိမ်လေး။
“အဆင်လေးရော အရောင်လေးရော လှရဲ့သားနဲ့။�တီနွဲ့လေးဘာလို့မကြိုက်ရတာလဲ။အဲဒါ ဝါဆိုသင်္ကန်းကပ်မှာဝတ်မလို့ဆိုပြီး ဝယ်လာတဲ့အထည်မဟုတ်လား´´ ကျမက မိငယ်လက်ထဲက အထည်ကိုလှမ်းယူကြည့်ပြီးပြောလိုက်တော့.. “မမ..နင်နဲ့သိပ်လိုက်တာပဲ။�နင်ချုပ်ဝတ်လိုက်။မေကြီးတို့ ဝါဆိုသင်္ကန်းကပ်ကျဝတ်သွားရအောင်´´ “ဟုတ်သားပဲ၊သမီးကြီးကလည်း�ဒီညနေ လမ်းထိပ်က နိုင်နိုင်တို့ဆိုင်သွားအပ်ထားလိုက်´´ ဒီလိုနဲ့ ကျမအဲ့အထည်လေးချုပ်ဝတ်ပြီး အမေကြီးတို့ ဝါဆိုသင်္ကန်းကပ်အလှူကို အမေနဲ့အတူသွားဖြစ်ခဲ့တယ်။ “အယ်… အဲ့လုံချည်လေးက�ဝတ်လိုက်တော့လည်း လှသားပဲ။
�ပိုးစပြောင်လေးပေမဲ့ အင်္ကျီချုပ်ထားတာလေးကချစ်စရာလေး။ ဒီလောက်လှမယ်လို့ မထင်ထားဘူးတော့´´�တီနွဲ့လေးအပြောကို ကျမအပြုံးနဲ့ပဲ ခေါင်းညိတ်မိတယ်။ဘုန်းဘုန်းတို့ကို ဝါဆိုသင်္ကန်းကပ်အပြီး ဆွမ်းပွဲပြင်ရာမှာကျမကူလုပ်ပေးတော့ တီနွဲ့လေးရဲ့အကြည့်တွေက ကျမဆီခဏခဏရောက်လာတယ်။ ဘုန်းဘုန်းတို့ကြွသွားပြီး လူပရိသတ်တွေကို အကျွေးအမွေး နဲ့ဧည့်ခံတဲ့အခါ စားပြီးပန်းကန်တွေကို အခြားညီမဝမ်းကွဲတွေနဲ့ ကူဆေးတော့ တီနွဲ့လေးရောက်လာတယ်။ “ယုဇန…ပန်းကန်တွေမဆေးနဲ့ ထားလိုက်။ အဝတ်အစားလှလှလေး ပေသွားလိမ့်မယ်။လာ…လာ ဟိုဘက်ဝိုင်းတွေကို အချိုပွဲလေးသာလိုက်ချပေး´´ တီနွဲ့လေးကိုကြည့်ပြီး အမေ သက်ပြင်းချလိုက်တာ�ကျမတွေ့လိုက်ရတယ်။ လူရှင်းသွားတော့ ကျမတို့သားအမိရယ်၊တီနွဲ့လေးရယ်၊တီတီကြီးရယ်၊တီတီလတ်ရယ် ထမင်းတစ်ဝိုင်းထဲ လက်ဆုံစားကြတယ်။ကျမနဲ့�မျက်နှာချင်းဆိုင်မှာထိုင်တဲ့ တီတီကြီးက…. “ယုလေး…ဒီနေ့ ငါ့တူမလေးသိပ်လှလို့ပါလား။ထောပတ်စိမ်းက ငါ့အကြိုက်အရောင်တော့။ ဝယ်တတ်လိုက်တာ အဆင်လေးကလည်းလှရော။
ညည်းကငါနဲ့ အကြိုက်တူတယ်´´ တဲ့။ ကျမအကြည့်က တီနွဲ့လေးဆီ။ထမင်းဝိုင်းမှာ တီနွဲ့လေး အစားနှေးနေပါတယ်။အမေက တီနွဲ့လေး ရဲ့ထမင်းပန်းကန်ထဲ ငါးပေါင်းဟင်းခပ်ထည့်ပေးတော့လည်း တို့ကနန်းဆိတ်ကနန်းနဲ့။ ညီအစ်မလေးယောက်ထဲမှာ တီနွဲ့လေးက အငယ်ဆုံး။ပြီးတော့ အပျိုကြီး။ပြီးတော့ ဇီဇာကြောင်တယ်။ပြီးတော့..�တီနွဲ့လေးမှာ ထူးဆန်းတဲ့အမူအကျင့်တစ်ခုက သူဝယ်တဲ့ပစ္စည်းတစ်စုံတစ်ရာကို ပထမဆုံးတစ်ယောက်က ကောင်းတယ် လှတယ်လို့ပြောရင်လည်း သိပ်သဘောကျတတ်တာ။ မကောင်းဘူး မလှဘူးလို့ပြောလာရင်တော့ သူ့စိတ်ထဲမှာ အစွဲဝင်သွားပြီး အဲ့ပစ္စည်းပေါ်မှာ အဲ့စိတ်ကြီးရှိနေတော့တာပဲ။တနုံ့နုံ့တွေးပြီး ဈေးလျှော့ပြန်ရောင်းရရင်ရောင်း မရရင် အလကားပေးပစ်တော့တာ။
မယ်သုမနမျက်နှာ မမြင်ရပြီးတာပဲလို့က ပြောတတ်သေးတာ။ ပြီးတော့ရှိသေးတယ်…ပစ္စည်းက ဝယ်ခဲ့ပြီးတာတောင် သူပေးခဲ့ရတဲ့ဈေး နည်းလားများလားဆိုပြီး သံသယကြီးနဲ့ ကျမတို့ဈေးသွားရင်စုံစမ်းခိုင်းသေးတာ။ မနက်က ဝါဆိုသင်္ကန်းကပ်မှာဝတ်ထားတဲ့ အဝတ်အစားတွေလျှော်ပြီးလို့ခြောက်သွားတာမို့ မီးပူတိုက်ရင်း�တီနွဲ့လေးအကြောင်းတွေးမိနေတုန်း အမေရောက်လာတယ်။နံရံမှာချိတ်ထားတဲ့ အမေတို့ညီမတစ်တွေချည်းရိုက်ထားတဲ့ဓာတ်ပုံကိုငေးမော့ကြည့်ရင်း “ဒီနေ့ …နွဲ့တင်ကိုမြင်ရတာ�နရသိင်္ခမင်းကိုတောင် သတိရသွားတယ်´´လို့ အမေပြောတော့ စာကြည့်စားပွဲမှာ စာထိုင်ကျက်နေတဲ့ မိငယ်က…. “နရသိင်္ခမင်းဆိုတာ ဝေဠုဝတီမင်းသမီးကိုစွန့်ပစ်ခဲ့တဲ့ ဘုရင်မဟုတ်လား အမေရဲ့။တီနွဲ့လေးနဲ့ နရသိင်္ခမင်း ဘယ်လိုများ ဆက်စပ်သွားရတာလဲ…´´ “ဪ..နရသိင်္ခမင်းက ဝေဠုဝတီကို နားတစ်ဖက်ကြီးနေလို့ မလှဘူးထင်ပြီး ငြင်းပယ်ခဲ့တာ။
အိမ်ရှေ့မင်းနဲ့ ဝေဠုဝတီတို့လက်ဆက်ပြီး နောက်ပိုင်း ပြန်တွေ့တော့ မယ်တော်ကြီးရဲ့ ပြုပြင်ပေးမှုနဲ့ အပြစ်ဆိုစရာမရှိလောက်အောင် ချောမောလှပသွားတဲ့ ဝေဠုဝတီလေးကိုမြင်တော့မှ ပြန်လိုချင်ခဲ့တာ မဟုတ်လား။ညည်းတို့တီနွဲ့လေးလည်း မဝတ်ချင်လို့ သူများကိုရောင်းပြီးမှ ညည်းအစ်မကြီး ဝတ်ထားတာလည်းမြင်ရော ဒီလိုလှမှန်းမသိခဲ့ဘူးဆိုပြီးပြောနေတာတွေးလိုက်မိလို့ပါ။ ကိုယ်ပိုင်ဖို့အကြောင်းဖန်လာရက်နဲ့ တန်ဖိုးမမြင်ဘဲ သူများလက်ထဲရောက်မှ နှမြောစိတ်ဖြစ်တာချင်းတူနေလို့။ ဒါပေမဲ့ နရသိင်္ခမင်းက ယုတ်မာကောက်ကျစ်ပြီး လုယူချင်တဲ့စိတ်ရှိပေမဲ့ ငါ့ညီမက အဲ့လိုမျိုးစိတ်ထားတော့ မရှိခဲ့ပါဘူးလေ။
´´ တီနွဲ့လေးက သူမလိုချင်တော့လို့ စွန့်လွှတ်လိုက်တဲ့အရာကို သူများက အမြတ်တနိုးထားတာမြင်ရင် အဲ့လောက်လှမှန်းမသိလို့၊အဲ့လောက်ကောင်းမှန်းမသိလို့�ဆိုပြီး သူ့စိတ်ထဲက နှမြောတသဖြစ်သွားတတ်မှုကို�သူကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောတတ်ပါတယ်။ပြီးတော့…အဲ့လိုတွေဖြစ်ဖြစ်နေတာ မကောင်းဘူးတဲ့။အဲဒီအခါ မေကြီးကတော့… “နွဲ့တင်နဲ့တော့ခက်ပါတယ်။�အပျိုကြီးဖြစ်နေလို့သာ တော်သေးတယ်။ချစ်သူရည်းစားများရှိနေရင် သူ့လိုစိတ်မငြိမ်တတ်တာနဲ့ မြဲမှာလည်းဟုတ်ဘူး။ ကောင်းလားဆိုးလား ကိုယ့်ဖာသာ မဆုံးဖြတ်ဘဲ သူများအပြောပဲ အယုံလွယ်နေမှာ။
သူများပြောရင်လည်း ကိုယ်ပိုင်အတွေးနဲ့ ဘယ်တော့မှ မချင့်ချိန်ဘူး။ အမြဲနားယောင်တာ´´ လို့ ပြောတတ်သေးတာ။ ဒီနေ့တော့ ကျမအတွေးထဲမှာ တီနွဲ့လေးလည်းပါတယ်။�နရသိင်္ခမင်းလည်း ပါတယ်။ အမျှင်တန်းသွားတဲ့ အတွေးတွေ ဆက်သွားလိုက်တာ….. သူများအပြောကို အလွယ်တကူ နားယောင်လွယ်ပြီး သူများအမြင်ကိုအလွန်အမင်း အားကိုးတတ်တဲ့လူတန်းစားတစ်ရပ်အထိပါပဲ။ သူများစိတ်နဲ့ ကိုယ့်ကို ဖြစ်မှန်းမသိဖြစ်လာတဲ့ အဲ့လိုလူတွေက သူများပြောတဲ့အတိုင်း လိုက်ခံစားပြီး ကိုယ်ပိုင်ခဲ့တဲ့အရာရဲ့တန်ဖိုးကိုတောင် အခြားသူတွေရဲ့ အထင်အမြင်နဲ့တိုင်းတာတတ်တော့တာပဲ။
အဲလိုလူတွေက ကိုယ်ရွေးချယ်လိုက်တဲ့အရာရဲ့ ကောင်းခြင်းကိုသာ လက်ခံလိုပြီး ကိုယ်စိတ်အကြိုက်မတွေ့တာပဲဖြစ်ဖြစ် သူများအပြောကြောင့်ပဲဖြစ်ဖြစ် အလွယ်တကူ စွန့်ပစ်မယ်ဆိုတဲ့အတွေးကအရင်ဖြစ်ပေါ်တတ်ကြတာ။ သူများလက်ထဲရောက်သွားပြီး ကိုယ်မပိုင်ရမှန်းသိတော့မှ လက်လွှတ်မိလိုက်တဲ့အရာရဲ့တန်ဖိုးကို မြင်လာတတ်ကြတယ်မဟုတ်လား။ကိုယ်ပစ်လိုက်တဲ့ပန်းက သူများလက်ထဲရောက်မှပိုလှနေသလိုမျိုးပေါ့။ ကိုယ်ပိုင်ဆိုင်ခွင့်ရတဲ့အချိန်တုန်းက တန်ဖိုးမထားခဲ့ဘဲနဲ့ သူများလက်ထဲရောက်သွားမှ နှမြောတသဖြစ်စွာနဲ့…လွတ်သွားတဲ့ငါးမှ ပိုကြီးတယ်လို့အထင်ရောက်ခဲ့ကြရင် အရာရာက အချိန်တစ်ခုပါပဲ။ တချို့အရာတွေက ပြန်လိုချင်လည်း မဖြစ်နိုင်တော့ဘူး…..
စာရေးသူ-ခင်ဦး





