တတိယလူ

တတိယလူ

အခုတလော ဆရာလေးကိုနိုင် ဆေးခန်းဖွင့်နေတဲ့ ရွာလေးမှာ “တတိယလူ”ဆိုတဲ့ စကားက ရေပန်း အစားဆုံး ဖြစ်နေတယ်။ ရွာထဲက လူတိုင်းလူတိုင်းရဲ့ ပါးစပ်ဖျားမှာ တတိယလူ၊ တတိယလူနဲ့ တိုးတိုးတိတ်တိတ် စိတ်၀င်စားစွာ ပြောဆိုနေကြပေမယ့် သူတို့ရင်ထဲမှာတော့ ကြောက်ရွံခြင်းတွေ ကိန်းအောင်းနေကြ တယ်။ တတိယလူဟာ ဘယ်သူလဲလို့ ရေရေရာရာ မသိကြသေးပေမယ့် အဲ့ဒီ တတိယလူကြောင့် ဗိန္ဒောဆ ရာဦးသောင်း၊ ပယောဂဆရာ ဦးပုနဲ့ နတ်ကတော် ရဲရဲတို့က ပွပေါက်တိုးနေကြတယ်။ သူတို့သုံးယောက်အ ပြင် ပွပေါက်တိုးနေတာက ရွာထဲကခွေးလေ ခွေးလွင့်တွေပဲ။ ရွာအပြင်တောစပ်ကို လာချထားတဲ့ ကျတ်စာ၊ ခေါစာတွေ စုပုံနေတာများ ခွေးတွေတောင် စားလို့ မနိုင်တော့ဘူး။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

################### ဆရာလေးကိုနိုင် ကုတင်ပေါ် လဲလျောင်းရင်း အိပ်မရသေးတာနဲ့ အတွေးနယ်ချဲ့နေမိတယ်။ ဆရာ ၀န်ဘွဲ့ရပြီး အစိုးရအလုပ် မ၀င်ဖြစ်တာနဲ့ သူ့အဖိုးရှိတဲ့ ဒီရွာလေးမှာ ဆေးခန်းလာဖွင့်နေတာ ခြောက်လပြည့်တော့မယ်။ ရွာလေးက မြို့ပြနဲ့ အလှမ်းဝေးတဲ့အပြင် လျှပ်စစ်မီးက မရပြန်ဘူး။ ရွာထဲမှာ ပညာတတ်ဆိုတာ လည်း ရှားမှရှား။ လေးတန်းအောင် ဂိတ်ဆုံးတွေချည်းပဲ။ ရွာထဲကလူအများစုက မနက်လင်းတာနဲ့ တောထဲ သွား တောင်ယာလုပ်ငန်းလုပ်ကြတယ်။ မိုးချုပ်ခါနီးမှ ရွာကိုပြန်လာကြတယ်။ ရွာသူရွာသားတွေ ရိုးအလိုက်တာလည်း လွန်ပါရော။ ရိုးသားခြင်းက ကောင်းပေမယ့် အ,တာကတော့ မကောင်းဘူးလို့ ဆရာလေးကိုနိုင် တွေးမိတယ်။ ရွာသူရွာသားတွေရဲ့ ရှေးရိုးဆန်တဲ့ ကျန်းမာရေး အယူအဆတွေ၊ ကျန်းမာရေး ဗဟုသုတနည်း ပါးပုံတွေကြောင့် ဆရာလေးကိုနိုင် စိတ်သောက ရောက်ရတာ အကြိမ်ကြိမ်။ လွန်ခဲ့တဲ့ သုံးရက်ကမှ ဆုံးသွား တဲ့ ဘွားခင်စိန်အကြောင်း ခေါင်းထဲရောက်လာတော့ ဆရာလေးကိုနိုင် စိတ်မကောင်းဖြစ်မိတယ်။

“သြော် မသေသင့်တဲ့ လူတစ်ယောက်တော့ ဆုံးသွားပြန်ပြီ” ဆရာလေးကိုနိုင် ခေါင်းခါယမ်းရင်း သူ့အမြင်အာရုံထဲ ဘွားခင်စိန် ဆေးခန်း လာပြတဲ့နေ့က ပုံရိပ်တွေ ထင်ဟပ်လာတယ်။ ဘွားခင်စိန် ရင်ဘတ်ကြီးက နှဲသမားပါးစပ်လို ပိန်လိုက်ဖောင်းလိုက်ဖြစ်ပြီး ချောင်းက အဆက်မပြတ် ဆိုးနေတယ်။ဘွားခင်စိန် တစ်ကိုယ်လုံး မို့အစ်ပြီး ရောင်ရမ်းနေတယ်။ သွေးပေါင်က လည်း အဆမတန် ထိုးတက်နေတယ်။ ဘွားခင်စိန်ကို လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်တယ်။ “ဦးမောင်ရယ်၊ အဘွားက ဒီလောက်ဖြစ်နေတာကို အခုမှလာပြရလားဗျာ” “မဟုတ်ဘူးဆရာ။ အမေ့ကို ဆရာဦးသောင်းနဲ့ ပြပြီးပြီ။ မသက်သာလို့ ဆရာ ဦးပုနဲ့ထပ်ပြပြီး ကျတ်လည်း ကျွေး ထားတယ်” ဦးသောင်းဆိုတာ ဒီရွာရဲ့ဗိန္ဒောဆရာ။ ဦးပုက ပယောဂဆရာ။ ဆရာလေးကိုနိုင် ဒီရွာကို ဆေးခန်း လာဖွင့်တာ မကျေနပ်ကြတဲ့ လူနှစ်ဦးပေါ့။ ဒီရွာမှာ လူတစ်ယောက်နေမကောင်းတာနဲ့ ကျတ်ဖမ်းစားတယ်ဆို ပြီး ကျတ်ကျွေးကြတာက ထုံးစံဖြစ်နေပြီ။ ကျတ်ကျွေးတယ်ဆိုတာ ငါးဆယ်သားလောက် ကြက်အဖို အမနှစ်ကောင်ကို သတ်။ ခြေသည်းနဲ့ အတွင်းကလီစာတွေကို သပ်သပ်ဖယ်ပြီး အသားကို ချက်ရတယ်။ ချက်တဲ့အ ခါ နနွင်းမှုန့်နဲ့ ငရုတ်သီးမထည့်ရဘူး။ ကျတ်ကျွေးဖို့ ချက်မယ့်ဆန်လေးလုံးကို ဗန်းထဲထည့်။ ဗန်းကို လူနာပေါ်မှာ ဝေ့ဝဲပြီး “မောင်ဘယ်သူ မဘယ်ဝါ ဘာမှမပူနဲ့ ကျတ်ကျွေးပြီးရင် မင်းနေကောင်း သွားမှာ သေချာတယ်”လို့ ပြောရတယ်။ ထမင်းနဲ့ကြက်သားဟင်းကို ချက်ပြုတ်ပြီး မွန်းမတည့်ခင် တောထဲ သွားကျွေးရတယ်။

ကျတ်ကျွေးမယ့်တောထဲမှာ မြေနေရာရှာပြီး ကျင်းကိုးကျင်း တူး၊ အလယ်ကျင်းထဲမှာ လူနာရဲ့ ခြေသည်းလက်သည်း၊ ဆံပင်တွေနဲ့အတူ ကြက်ခြေသည်း၊ အတွင်းကလီစာတွေကို ထည့် ရ တယ်။ ထမင်းနဲ့ ကြက်သားဟင်းတွေကို ကျန်ရှစ်ကျင်းထဲ ထည့်ရတယ်။ ကြေးဖလားကိုတီးပြီး `ဧဟိ ဘုဉ္ဇာဟိ၊ ဧဟိဘုဉ္ဇာဟိ´ လို့ အော်ပြီး ကျတ်တွေကို ဖိတ်မန္တကပြုရတယ်။ ကျတ်ကျွေးပြီးပြန်လာတဲ့အခါ လူနာအိမ်အ၀က မြေကြီးမှာ တုတ်နဲ့တစ်ကြောင်းခြစ်ပြီး `ကျွတ်ပြီလား၊ လွတ်ပြီလား´လို့ အော်မေးရ တယ်။ လူနာရှင်က `ကျွတ်ပြီ၊လွတ်ပြီ´လို့ ပြန်အော်ရတယ်။ လူနာတွေ ရောဂါပျောက်တာ မပျောက်တာ အသာထား။ ပယောဂဆရာ ဦးသောင်းကတော့ သူဆီလာပြတဲ့လူနာတိုင်းကို ကျတ်ကျွေးခိုင်းတယ်။ ကျတ်ကျွေးဖို့ သေခဲ့ရတဲ့ ကြက်တွေက ဒီရွာမှာ မရေတွက်နိုင်တော့ဘူး။ သာမန် အအေးမိ၊ တုပ်ကွးဖျားနာတာက ဆေးကုကု မကုကု အချိန်တန်ရင် သူ့အလိုလို သက်သာသွားတာကို ရွာသူရွာသားတွေက ကျတ်ကျွေးလို့ သက်သာတာပဲ ထင်နေကြတာ။ ဆရာလေးကိုနိုင် ဖန်ပုလင်း ကိုဖြတ် ပိုက်ထဲဆေးစုပ်ရင်း “ခက်တာပဲဗျာ။ အဘွားအခုဖြစ်နေတာ နှလုံးအမောဖောက်တာဗျ။ ရောဂါဆိုတာ ဆေးနဲ့တွေ့မှ တတ်ကျွမ်း တဲ့လူနဲ့ကုမှ ပျောက်မယ်။ ကျတ်ကျွေးရုံ ၊မန်းမှုတ်ရုံနဲ့ မပျောက်ဘူး။ အဘွားအဆုတ်ထဲမှာ ရေတွေ လျှံနေ ပြီ။” ဆရာလေးကိုနိုင်က ဘွားခင်စိန်ရောဂါအကြောင်း ဦးမောင်ကို ရှင်းပြနေပေမယ့် ဦးမောင်မျက်၀န်းတွေက အရက်ခိုးတွေနဲ့ ရီဝေနေပြီး ပတ်၀န်းကျင်နဲ့ အဆက်သွယ်ပြတ်နေပုံရတယ်။

“ဟေ့လူ ကျွန်တော်ပြောနေတာကြားလား။ ဘွားခင်စိန်ကို ဆေးရုံတင်မှရမယ်။ အသက်အန္တရာယ်ရှိတယ်။ အခု ကျွန်တော်ထိုးပေးတဲ့ဆေးက ခဏပဲသက်သာမှာ” ဆရာလေးကိုနိုင်က ဒေါသသံနဲ့အော်ပြောမှ ဦးမောင်က “ဟုတ်ဆရာ။ ကျွန်တော့်အစ်မနှစ်ယောက်နဲ့ တိုင်ပင်လိုက်ပါ့မယ်။” ဆေးခန်းကပြန်ပြီး သုံးရက်နေတော့ ဘွားခင်စိန် ဆုံးတယ်။ ဦးမောင်က သူ့အမေကို ဆေးရုံတင်ဖို့ အိုးခွဲနေတဲ့ သူ့အစ်မနှစ်ယောက်ကို တိုင်ပင်ပေမယ့် နှစ်ယောက်စလုံးက ငွေကုန်မှာ ကြောက် ပြီး တုတ်တုတ်ကို မလှုပ်ဘူး။ ဒါနဲ့ပဲ ဦးမောင်က သူ့အမေကို ဦးပုနဲ့ ထပ်ပြတယ်။ ဦးပုက ကျတ်စားတာ မဟုတ်ရင် ရွာသူနှောင့်ယှတ်(စုန်းပြုစား)တာဆိုပြီး ရွာသူချခိုင်းတယ်။ ငါးခုံးမတွေကို စလောင်းဖုံးထဲထည့်၊ စလောင်းဖုံးကို ဗန်းရဲ့အလယ်မှာထားပြီး မိုးချုပ်စချိန်မှာ အိမ်ရဲ့ အနောက်ဘက်ကို ချခိုင်းတယ်။ ဗန်းချပြီး ခဏနေလို့ ခွေးတစ်ကောင်လာစားရင် လူနာကို ရွာသူကပြုစားထားတာပဲလို့ ဦးပုက ပြောတော့တာပဲ။ ငါးခုံးမတွေကို ခွေးလာစားရင် လူနာရောဂါသက်သာလာမယ်လို့ ဒီတစ်ရွာလုံးကလူတွေကလည်း ယုံကြည်ကြတယ်လေ။ ဘွားခင်စိန် အတွက် ရွာသူချတော့လည်း ငခုံးမတွေကို ခွေးကလာစားတာပါပဲ။ ဒါပေမယ့် ဘွားခင်စိန်က တော့ အမောဖောက်ပြီး ဆုံးသွားခဲ့တယ်။ ဘွားခင်စိန် အလောင်းမှ မြေမကျသေးဘူး။ ဦးမောင်နဲ့ သူ့အစ်မနှစ်ယောက် အိမ်နဲ့ဝိုင်းကို အမွေလုရင်း ရန်ဖြစ်ကြတာ ပွတ်ပွတ်ညံသွားတာပဲ။ “ဟူး………” ဆရာလေးကိုနိုင် သက်ပြင်းရှည်ချရင်း သူ့နဖူးကချွေးတွေကို လက်နဲ့သပ်ချတယ်။

“ဒီရွာရဲ့ အစွဲတွေ၊ဘယ်လိုလုပ်ရမလဲကွာ။ ငါတစ်ယောက်တည်းနဲ့ ဒီအစွဲတွေကို ဖယ်ရှား ပေးနိုင်ပါ့မလား” ဆရာလေးကိုနိုင် အားလျော့တဲ့လေသံနဲ့ တစ်ယောက်တည်း ညည်းညူနေမိတယ်။ သူ ဒီရွာကို ရောက်တဲ့ ခြောက်လအတွင်း သူ့ဆီလာပြတဲ့ လူနာနဲ့ မိသားစု၀င်တွေကို ရောဂါဆိုတာ တတ်ကျွမ်းတဲ့ဆရာ နဲ့သာ ကုသင့်ကြောင်း၊ ကျန်းမာရေးအသိပညာ ဗဟုသုတတွေဟောခဲ့၊ ကျန်းမာရေးလက်ကမ်း စာစောင် တွေ အခမဲ့ ဖြန့်ဝေခဲ့ပေမယ့် လူအနည်းစုသာ လက်ခံခဲ့ကြတယ်။ အများစုကတော့ ဖျားနာတာနဲ့ ကျတ်ကျွေး ဆဲ၊ နတ်တင်ပြီး ဆုတောင်းမြဲ၊ ခေါပစ်နေကြမြဲပဲ။ မသက်သာဘဲ နောက်ဆုံးအခြေအနေမှ သူ့ဆေးခန်းဆီ ပြေးလာကြတယ်။ ရင်ထဲ ပူလောင်လာလို့ ရေတစ်ခွက်ထသောက်ရင်း ဆရာလေးကိုနိုင် သက်ပြင်းတွေသာ ချနေမိတယ်။ ######################### ဘွားခင်စိန် ဆုံးပြီး နှစ်ရက်နေတော့ ရွာအရှေ့ပိုင်းနေတဲ့ ဦးထွန်းဆုံးတယ်။အိပ်ရာပေါ် အိပ်ပျော်နေ ရင်း အသက်ထွက်သွားတာ။ ဦးထွန်းဆုံးမှ သူ့သမီးတွေကဆရာလေးကိုနိုင်ကို လာပင့်ကြတယ်။ ဆရာလေး ကိုနိုင် ဦးထွန်းတို့အိမ်ရောက်သွားတဲ့အချိန်က မနက်ရှစ်နာရီထိုးပြီ။ ဦးထွန်းခန္ဓာကိုယ်က အေးစက်နေပြီ။ သူတို့အဖေက တရားသမားမို့ ဘာဝေဒနာမှ မခံစားရဘဲ တည်တည်ငြိမ်ငြိမ်လေး ဆုံးသွားတာလို့ ဦးထွန်းရဲ့ သမီးတွေက ပြောကြတယ်။ ဦးထွန်းရဲ့ ချွေးစေးတွေ စီးကျနေတဲ့မျက်နှာကို ဆရာလေးကိုနိုင် မသင်္ကာတာ နဲ့ သွေးဖောက်စစ်ကြည့်တော့ သွေးထဲမှာ သကြားဓာတ်က မရှိသလောက်ပဲ။

အကြောင်းစုံကို မေးမြန်း ကြည့်မှ ဗိန္ဒောဆရာဦးသောင်းက ဦးထွန်းမှာ ဆီးချိုရောဂါရှိတယ်၊ ဆေးသောက်ရမယ်ဆိုပြီး ဆေးတွေပေး သွားတာ သိရတယ်။ ဆေးသုံးမျိုးစလုံးက ဆီးချိုဆေး အားအပြင်းဆုံးတွေ။ ဖြစ်ပုံကဒီလို။ ဦးသောင်းက ဗိန္ဒောအပြင် ဆေးထိုးအပ်လည်း ကိုင်တယ်။ ပြောရရင် အပ်ပုန်းပေါ့။ ဦးသောင်းက ရွာနဲ့ သုံးနာရီကျော်လောက် ဆိုင်ကယ် စီးရတဲ့ မြို့ကိုလည်း မကြာခဏ သွားတတ်တယ်။ အဲ့မြို့မှာ ဦးသောင်းရဲ့အစ်မ ရှိတယ်။ အဲ့အစ်မက ဆီးချိုရောဂါသည်။ ဆရာ၀န် ပေးထားတဲ့ ဆီးချိုဆေးတွေသောက်နေရတာ။ ဦးသောင်းက သူ့ အစ်မ ခံစားရတဲ့ ရောဂါလက္ခဏာတွေမေး၊ သောက်ဆေးတွေ ကူးမှတ်ပြီး ဆေးတွေ၀ယ်လာခဲ့တာ။ ဦးထွန်းက ဆီးတွေခဏခဏသွားတော့ ဦးသောင်းနဲ့ သွားပြ တယ်။ ဆီးခဏခဏသွားတာ ဆီးချို လက္ခဏာဆိုပြီး ဦးသောင်းက ဆီးချို ဆေးတွေပေးလိုက်တာ။ ဆီးချိုဆေးကြောင့်ဦးထွန်း သွေးထဲမှာ သကြားဓာတ်က မရှိသလောက်နည်းသွားခဲ့တာ။ ဦးနှောက်ဆီ သကြား ဓာတ်မရောက်နိုင်တော့ဘဲ မေ့မြောနေရာက အချိန်ကြာတော့ အသက်ထွက်သွားခဲ့တယ်။ “ဒါ လူသတ်မှုပဲ။ဆရာ၀န်တွေ အကြိမ်တစ်သိန်းမှာ မတော်တဆတစ်ကြိမ် မှားယွင်းခဲ့ရင် သတင်စာတွေ၊ လူတွေ ပါးစပ်ဖျားမှာ ပလူပျံနေပြီး ဒီလိုအပ်ပုန်းတွေအကြောင်းကျ ဘာလို့ မပြောကြတာလဲ။ ဒါ လူသတ်မှုပဲ။ ဒါလူသတ်မှုပဲ” ဆရာလေးကိုနိုင် စိတ်ထဲပဲ မချိတင်ကဲ အော်နေမိတယ်။ ########################### လူနှစ်ယောက်ဆက်တိုက် ဆုံးပြီးတော့ ရွာသူရွာသားတွေရဲ့ စိုးရိမ်ပူပန်မှုက အမြင့်ဆုံး ဒီဂရီကို ရောက်လာခဲ့တယ်။ ဒီရွာလေးမှာ လူနှစ်ယောက် တစ်ပတ်အတွင်း သေဆုံးခဲ့ရင် နောက်ထပ်လူတစ်ယောက်က တစ်ပတ်အတွင်း ထပ်သေမယ်လို့ ရွာသူရွာသားအားလုံးက လက်ခံကြတယ်။ သူတို့လက်ခံလောက်အောင်လည်း တိုက်ဆိုင်မှုတွေက ဒုနဲ့ဒေး ရှိခဲ့တယ်။ ရွာထဲကလူတွေက သာမန်နှာစေး၊ ချောင်း ဆိုးတာကစ ဗိန္ဒောဆရာ၊ ပယောဂဆရာ၊ နတ်ဆရာတွေပြပြီး ခေါစာပစ်၊ ကျတ်ကျွေး၊ နတ်တင်တာတွေ လုပ်လာကြတယ်။ တစ်ချို့လည်း မဖျားဘဲနဲ့ကို လုပ်ကြတာ။ အင်းလေ။

သူတို့လည်း တတိယလူ ဘယ်ဖြစ်ချင်ကြပါ့မလဲ။ လူတွေရဲ့အကြောက်တရားက အမှန်တရားကို မသိလို့ဖြစ်တာလား၊ အမှန်တရားကို မသိ တာက ပညာမတတ်လို့လား၊ ပညာမတတ်လို့ပဲ အကြောက်တရားတွေ ကြီးစိုးလာတာလား။ ဆရာလေးကို နိုင် မစဉ်းစားတတ်တော့ဘူး။ ဆရာလေးကိုနိုင် ဆေးခန်းလည်း အခုတလော လူနာတွေ သိသိသာသာ စည်ကားလာခဲ့တယ်။ လူနှစ်ယောက် ဆက်တိုက်ဆုံးပြီး ငါးရက်ကြာတော့ ရွာထဲမှာ သတင်းတစ်ပုဒ် ထွက်လာတယ်။ ရွာတောင်းပိုင်းနေတဲ့ ဘွားသန်းကြည်ရဲ့မြေးလေး သဲသဲက တတိယလူတဲ့။ ဘွားသန်းကြည်ဆိုတာ မုဆိုးမ အိုကြီး။ သူ့သမီးမုဆိုးမက ကလေးတစ်ယောက်မွေးပြီး မီးတွင်းထဲ ဆုံးသွားတာ။ မြေးမလေးသဲသဲကို ဘွား သန်းကြည်ပဲ တောင်းတို့ပလုံးတို့ ရောင်းပြီး ရှာကျွေးခဲ့ရတာ။ သဲသဲကို မနှဲလေးက ချစ်လို့ကျီစားတာလို့ နတ်ကတော် ရဲရဲက ပြောတယ်။ နတ်ကတော် ရဲရဲပြောတဲ့အတိုင်း ကြက်ဥနဲ့ပေါက်ပေါက်ဆုပ်တွေ မနှဲလေး ကို ဆက်သပြီးပြီ။ မသက်သာလို့ ဗိန္ဒောဆရာဦးသောင်းဆီ ပြတဲ့အခါ ပဋိသန္ဓေစောင့်တဲ့ ဒေ၀မာတြာနတ်ဘီးလူး ဖမ်းစားတာ လို့ပြောတယ်။ ဦးသောင်းစီမံပေးတဲ့ မုန့်၊ ငါးကြော်၊ ကောက်ညှင်းနဲ့လုပ်ထားတဲ့လူရုပ် တွေကို ခေါဗန်းထဲထည့်ပြီး တောစပ်မှာလည်း ပူဇော်ပသပြီးပြီ။ မသက်သာတာနဲ့ ပယောဂဆရာဦးပု ခိုင်း သလို ကျတ်စားလည်းကျွေးပြီးပြီ။ အဲ့ဒါကို သဲသဲက ဖျားနေတုန်းပဲ။ ဖျားနေတာ ငါးရက် ပြည့်သွားပြီ။ သဲသဲက အိပ်ရာပေါ်မှာ တခွေခွေ ဖြစ်နေပြီ။ သဲသဲက တတိယလူ ဖြစ်ကိုဖြစ်ရမယ်လို့ ဦးသောင်း၊ ဦးပုနဲ့ နတ်ကတော် ရဲရဲတို့ သုံးယောက်လုံးက ပြောကြတယ်။ တတိယလူ ပေါ်လာမှပဲ ရွာထဲကဖျားနာနေသူတွေက `တော်ပါသေးရဲ့၊ ငါတော့ တတိယလူ မဖြစ်နိုင်တော့ဘူး´ဆိုပြီး သက်ပြင်းချနိုင်တော့တယ်။ တတိယလူက သဲသဲဆိုတဲ့ စကားတွေကြားတော့ ဆရာလေးကိုနိုင် သူ့ဆေးခန်းကို သဲသဲလေး အမြန်လာပြပါစေလို့ ဆုတောင်းမိတယ်။ သူသာ ဒီကလေးရဲ့အသက်ကို ကယ်နိုင်ရင် ဗိန္ဒောဆရာ၊ ပယော ဂဆရာနဲ့ နတ်ကတော်တွေရဲ့စကားက မမှန်ဘူးဆိုတာ သူ သက်သေပြနိုင်မယ်။ ရွာသူ၊ ရွာသားတွေရဲ့ ယုံ ကြည်ကိုးစားမှုတွေ ရလာနိုင်မယ်။

လူနာတွေ တစ်ယောက်ပြီးတစ်ယောက်သာ လာပြသွားတယ်။ သဲသဲဆိုတဲ့ ကလေးမက ညကိုးနာရီထိုးတဲ့အချိန်ထိ ပေါ်မလာခဲ့ဘူး။ “အင်း၊ ဆေးခန်းပိတ်ဖို့ အချိန်တန်ပြီပဲ။ အမြစ်တွယ်နေတဲ့ အယူအဆမှားတွေကို ငါ မချေဖျတ်နိုင်တော့ဘူး။ ဒီလိုနဲ့ အလျော့ပေးလိုက်ရမှာလားကွာ။ ဟူး……. အဲ့ဒီကလေးမအိမ်ကို ငါသွားကြည့်ရမလား။ ဟုတ်တယ်။ ငါ သွားကြည့်ရမယ်။ အဲ့လိုလည်း မဟုတ်သေးပါဘူး။ ငါ့ကိုမှ လာမပင့်တာ။ ငါ သွားသင့်ရဲ့ လား” ဆရာလေးကိုနိုင် အတွေးတွေနဲ့ ယောက်ယက်ခတ်နေတုန်း “ကျုပ် မြေးလေးကို ကယ်ပါဦး ဆရာ” ဘွားသန်းကြည်က ကလေးမကို ပွေ့ချီလာပြီး ဆေးခန်းကုတင်ပေါ်တင်တယ်။ ဆရာလေးကိုနိုင် ကလေးကို အမြန်စမ်းသပ်ရတယ်။ သဲသဲက နှာခေါင်းသွေးတွေ ယိုနေတယ်။ အဖျားလည်း ရှိတယ်။အပေါ်သွေးက(၈၀)mmHg၊အောက်သွေးက(၆၀)mmHg။ Tourniquest Test လုပ်ကြည့်တော့ လက်ဖျံမှာ အနီစက်တွေအများ ကြီး တွေ့ရတယ်။ သဲသဲက အသိရှိသေးပေမယ့် သွေးခုန်နှုန်းက ဖျော့တော့နေပြီ။ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းတွေက မြန်နေပြီ။ သဲသဲရဲ့ လက်ညှိုးထိပ်ကို ဆရာလေးကိုနိုင် ဖိပြီး လွှတ်လိုက်တဲ့အခါ သွေးရောင်ပြန်သန်းဖို့ လေးစက္ကန့်စောင့်ရတယ်။ “ဟာ ကလေးက ရှော့ခ်၀င်နေပြီပဲ” ဆရာလေးကိုနိုင် အလန့်တကြားအော်ရင်း သဲသဲလက်က သွေးကြောထဲ ပိုက်သွင်းပြီး ဆလိုင်းရည် အမြန်ချပေးတယ်။ ကလေးက ကလန်ကဆန် မလုပ်လို့ တော်သေးတယ်။ “အဘွား။ ကလေးက သွေးလွန်တုပ်ကွေးဖြစ်နေတာ။ သွေးပေါင် ကျနေပြီ။ အသက်အန္တရာယ်ရှိတယ်။ ဆေးရုံတင်မှ ရမယ်။” ဆေးရုံသွားဖို့သာ ဆရာလေးကိုနိုင် ပြောရတယ်။ ရွာနှင့်မြို့နယ်ဆေးရုံက အတော်ဝေးတာ။

ဒီအချိန်ကြီး ထော်လာဂျီသမားက လိုက်ပို့၊ မပို့လည်း မသေချာ။ ဘွားသန်းကြည်က မျက်ရည်တွေ ကျလာပြီး “ဆေးရုံသွားဖို့ ကျုပ်မတတ်နိုင်ပါဘူးဆရာလေးရယ်။ အခုတောင် ဘေးအိမ်က တစ်ထောင်ချေးလာတာ။ ဆရာလေး တတ်နိုင်သလောက်ကုပေးပါ။ မတတ်နိုင်လည်း မြေးလေးကံပဲပေါ့” ဆရာလေးကိုနိုင် ဘာပြန်ပြောရမှန်းမသိဘဲ ကလေးကိုပဲ တွေတွေကြီး စိုက်ကြည့်နေမိတယ်။ “ဆရာလေးရယ်။ ဆရာလေး တတ်နိုင်သလောက် မြေးလေးအသက်ကို ကယ်ပါဦး” ဘွားသန်းကြည်က သူ့လက်ကိုဆွဲပြီး ပြောလာမှ ဆရာလေးကိုနိုင် သတိ၀င်လာတယ်။ သွေးလွန်တုပ်ကွေး ကုသပုံကို ဆရာလေးကိုနိုင် အမြန်စဉ်းစားရတယ်။ ကလေးကို အလေးချိန်ကာ သွေးကြောထဲ စီးဆင်းနေတဲ့ဆေးရည်ကို ချိန်ညှိရတယ်။ ဆရာလေးကိုနိုင်ရဲ့ ခြေဖျားလက်ဖျားတွေက အေးစက်နေပြီး နှလုံးခုန်သံက တဒိန်းဒိန်း မြည်နေခဲ့တယ်။ ကလေးနားမှာ သွေးပေါင်တိုင်းလိုက်၊ နှလုံးခုန်နှုန်း တိုင်းလိုက်လုပ်နေတဲ့ ဆရာလေးကိုနိုင်ကို ဘွားသန်းကြည်က “ဆရာလေးရယ်။ ကျုပ်မြေးငယ်ငယ်ကတည်းက နေမကောင်းရင် မနှဲလေးကို ကြက်ဥပြုတ်ပူဇော်လိုက်ရင် သက်သာသွားတာပါတော်။ အခုများ မနှဲလေးအပြင် ခေါစာကျွေးထားတာကို မသက်သာဘူး” “အဘွားရယ်။ ကလေးရောဂါက ခြင်ကိုက်လို့ ဖြစ်ရတာ။ အဘွားပူဇော်နေတဲ့ မနှဲလေးလည်း မကယ်နိုင်ဘူး။ နတ်ဘီလူးလည်း မကယ်နိုင်ဘူး။ ဆလိုင်းရည်တွေကသာ အဘွားမြေး အသက်ကို ကယ်နိုင်မှာ” “မသိပါဘူး ဆရာလေးရယ်။ အရင်က သက်သာတော့ အခုလည်း သက်သာမယ်ထင်ထားတာ” “ဒီမှာအဘွား။ မနှဲလေးဆိုတာ အစိမ်းသေပြိတ္တာ။ ပြိတ္တာဆိုတာ လူထက် ကံနိမ့့်တယ်။ လူကို မကယ်နိုင်ဘူး။ ခေါပစ်တယ်ဆိုတာလည်း မှားယွင်းနေတဲ့ အယူအဆမှားပဲ။ ရောဂါကို တတ်ကျွမ်းတဲ့လူနဲ့ မကုရင် သေဆုံးဖို့ပဲရှိတယ်” ဘွားသန်းကြည်က ခေါင်းတညိတ်ညိတ်လုပ်နေပေမယ့် တကယ်နားလည်လား မလည်လား ဆရာလေးကိုနိုင် ဂရု မစိုက်နိုင်သေးဘူး။

သဲသဲလေးကို သွေးပေါင်ချိန် လိုက်၊နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်း တိုင်း လိုက်နဲ့ ရင်တမမ ဖြစ်နေခဲ့တယ်။ ဆေးသွင်းပြီး နှစ်နာရီကြာတော့ သဲသဲရဲ့ သွေးပေါင်တွေ နှလုံးခုန်နှုန်းတွေက ပုံမှန်ဘက် ပြန်ရောက်လာတယ်။ သဲသဲလေးက အိပ်မောကျနေပြီ။ ဆေးရည်စက် ကျနှုန်းကို လျော့ချရင်း ဆရာလေး ကိုနိုင် နာရီကြည့်မိတော့ ညဆယ့်နှစ်နာရီနီးပါးရှိပြီ။ “အဘွား အိပ်ချင်ရင် အိပ်လေ။ ကလေးက အကောင်းဘက် ပြန်ရောက်လာပါပြီ” “ကျုပ် မအိပ်ချင်ပါဘူး ဆရာလေးရယ်။ ဆရာလေးကို ကျေးဇူးတင်ပါတယ်” နောက်ထပ် သုံးနာရီကြာတော့ သဲသဲက ဆီးသွားတယ်။ “ဒီအတိုင်းဆို သဲသဲလေး ရှော့ခ် မရှိတော့ဘူးကွ” ဆရာလေးကိုနိုင် အားရပါးရ ရေရွတ်ပြီး ရင်ထဲက အပူလုံးကြီးကို သက်ပြင်းနဲ့အတူ လေထုထဲ လွှင့် ထုတ်လိုက်တယ်။ သဲသဲသွေးကြောထဲ လိုအပ်တဲ့ ဆေးရည်စက်တွေ ဆက်ချပေးရင်း ဆရာလေးကိုနိုင် အတိုင်းမသိ ပျော်ရွှင်နေတယ်။ ########################## လူနှစ်ယောက် ဆက်တိုက်ဆုံးပြီး ခွန်နှစ်ရက်နေ့မှာ သဲသဲရဲ့အဖျားက ကျသွားတယ်။ လူကလည်း ထူထူထောင်ထောင်ဖြစ်လာတယ်။ သဲသဲက တတိယလူ မဖြစ်နိုင်တာ သေချာသွားတော့ ရွာထဲက လူတွေ ရဲ့ စိုးရိမ်ပူပန်မှုတွေက ပြန်လည် မြင့်တက်လာခဲ့တယ်။ ရွာထဲကလူတွေက ဟိုလူက တတိယလူဖြစ်မယ့် လူ ဒီလူက တတိယလူဖြစ်မယ့်လူလို့ နေမကောင်းတဲ့လူတိုင်းကို ရမ်းသန်းပြီး ထင်ကြေးပေးကြတယ်။

ခွန်နှစ်ရက်ကို ကျော်လွန်လို့ ရှစ်ရက်နေ့အထိ တတိယသေဆုံးတဲ့သူက ပေါ်မလာခဲ့ပါဘူး။ အဲ့ဒါကိုပဲ ရွာထဲမှာ တတိယလူက တစ်ပတ်အတွင်းပေါ်မလာရင် နှစ်ပတ်အတွင်း ပေါ်ကိုပေါ်လာရမယ်လို့ ကောလာဟတွေ ထွက်ပေါ်နေဆဲပဲ။ ဒီသတင်းတွေကို ဆရာလေးကိုနိုင်ကြားတော့ တစ်ချက်ပြုံးမိရင်း စကားလုံးတစ်ချို့ကို ရေရွတ်မိတော့တယ်။ `ဒီရွာမှာ ကျန်းမာရေး အယူအဆ မှားတွေကို ဆုပ်ကိုင်ထားတဲ့လူ ဘယ်လောက်များများ ငါ စိတ်မပျက်တော့ဘူး။ ဒီတစ်ကြိမ်မှာ လူတစ်ယောက် ငါ ကယ်တင်လိုက်နိုင်ပြီပဲ။ ဒီတစ်ကြိမ်က အစပြုလို့ နောက်ထပ် အကြိမ်ပေါင်းများစွာ လူ့အသက်တွေ ကယ်တင်ဖို့ ငါ ကြိုးစားရမယ်။ ငါတတ်နိုင်သလောက် ဟောပြော ရင်းနဲ့ ဒီရွာမှာ အမြစ်တွယ်နေတဲ့ ကျန်းမာရေးအယူအဆ မှားတွေကို ချေဖျက်ရမယ်။ တဖြည်းဖြည်းနဲ့တော့ ဒီအယူအဆမှားတွေလည်း ပျောက်ကွယ်သွားလိမ့်မယ် ထင်ပါရဲ့´

#ဟမ်စိုင်း(ဆေး-မန်း

Leave a Reply

Your email address will not be published. Required fields are marked *