အထီးကျန်

အထီးကျန်

“အထီးကျန်” ဆိုတဲ့စကားလုံးကိုအရင်ကကြားဘူး ၊ မြင်ဘူးပေမဲ့ ကိုယ်နဲ့ပတ်သက်ရမယ်လို့မထင်မိတာကြောင့် သူ့ရဲ့အဓိပ္ပါယ်ကိုတိတိကျကျမသိခဲ့ပါဘူး၊ အခုကိုယ်တွေကြုံလိုက်ရတော့မှခါးသီးလိုက်တာဗျာ၊ ကျွန်တော့်နံမည်က ဦးမောင်မောင် ပါ၊ အလုပ်ကတော့မြို့နယ်ပညာရေးမှူးကြီး (ပင်စင်) ပေါ့ဗျာ၊ ကျွန်တော့်မိန်းမကလည်းအထက်တန်းပြဆရာမတဦးပါ၊ အခုတော့ပင်စင်ယူတဲ့အရွယ်ရောက်ကုန်ပါပြီ၊ ကျွန်တော့်မှာအလွန်လိမ္မာရေးချားရှိလှတဲ့ သမီးလေးနှစ်ယောက်ရှိပါတယ် ၊ နှစ်ယောက်လုံးကဘွဲ့ရ ပညာတတ်ကလေးတွေမို့ လစာကောင်းတဲ့ အလုပ်ကိုယ်စီရှိကြပါတယ်၊ ကျွန်တော်တို့လင်မယားရတဲ့လုံးကနဲပင်စင်ငွေလေးနဲ့အစိုးရကပေးထားတဲ့မြေကွက်လေးမှာတိုက်ကလေးတလုံးဆောက်ပြီးနေပါတယ်၊ သမီးလေးနှစ်ယောက်ကလည်းအသက် (၃၀) ကျော်အရွယ်တွေရောက်နေပေမဲ့၊ အိမ်ထောင်မပြုကြဘဲ ကျွန်တော်တို့မိသားစုလေးဟာသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာမိသားစုလေးပါ၊ ကျွန်တော်တို့လင်မယားကခုထိ အိမ်ထောင်ကျခါစကခေါ်သလို “မောင်.” ရေ၊ “မိ.”ရေ နဲ့ခေါ်နေကြတုန်းပါဘဲ၊

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

တခြားလင်မယားတွေလို ဖေကြီး၊ မေကြီး၊ ယောကျားရေ ၊ မိန်းမရေ နဲ့မခေါ်ကြပါဘူး၊ မိန်းမရဲ့အမကြီးတယောက်ကအဖော်လာနေပေးတာကြောင့် အိမ်မှာယောကျားသားဆိုလို့ ကျွန်တော်တယောက်ဘဲရှိပါတယ်၊ ကျွန်တော့်ရဲ့တာဝန်ကမနက်စောစောအိပ်ရာကနိုးတာနဲ့ စက်ဘီးလေးနင်းပြီး၊ မနီးမဝေးမှာရှိတဲ့စျေးကိုသွား ၊ မိန်းမမှာလိုက်တဲ့အသီးအရွက်လေးတွေဝယ်၊ သားငါးကိုတော့စျေးသည်အများစုကတပည့်တွေဖြစ်တာမို့ ဖုံးဆက်လိုက်တာနဲ့ ဆေးကျောခုတ်ထစ်ပြီးသား ကိုအိမ်အရောက်လာပို့ပေးကြပါတယ်၊ မနက်စောစောစားဖို့ကိုလည်း မိန်းမကတနေ့တမျိုးဖွယ်ဖွယ်ရာရာအိမ်မှာဘဲလုပ်ကျွေးတာကြောင့်၊ မနက်ခင်းစာစားပြီးရင် သတင်းစာလာပို့တဲ့တပည့်လေးစောင့်ပြီး၊ သတင်းစာဖတ်၊ မျက်စိညှောင်းရင်ခဏတဖြုတ်ပြန်လှဲ၊ သမီးနှစ်ယောက်ရုံးသွားရင်အိမ်မှာကျွန်တော်တို့အဖိုးကြီး၊ အဖွားကြီး ၃ ယောက်ဘဲ ကျန်ခဲ့တာမို့ ဆာတဲ့အချိန်မှထစားကြ၊ ဒီလိုဘဲ နေ့စဥ်ဘဝကြီးကဖြတ်သန်းနေခဲ့ကြတာပါ၊ ဒီနှစ်နွေကအတော်ပူတာနော်၊ကျွန်တော်တို့အိမ်ကတထပ်တိုက်လေးမို့ ၊ ခြံအပြည့်ဆောက်ထားပေမဲ့ ရှိတဲ့မြေလေးမှာမိန်းမကသီးပင် ၊ စားပင် ၊ ပန်းပင်လေးတွေစိုက်ထားတာမို့ လေလေးရပြီးအေးချမ်းပါတယ်၊ သမီးနှစ်ယောက်အလုပ်ကပြန်လာရင် သူတို့အမေနဲ့ တနေ့တာအကြောင်းအရာတွေပြောကြ ၊ ဆိုကြ နဲ့ဆူညံနေတာပေါ့ဗျာ၊ ဒီလိုနဲ့ပူပြင်းတဲ့နွေရာသီရဲ့တရက်မှာပေါ့- “မောင်ရေ” “မိမျက်နှာကြည့်ပေးစမ်းပါ”

”မိတ်ဖုတွေထွက်တာလားမသိဘူး၊ သနပ်ခါးလိမ်းတာလည်းမပျောက်ဘူး” “ဟုတ်လား ၊ ပူလို့ထွက်လာတာဖြစ်မှာပေါ့” “မေမေ ၊ မေမေ့ရင်ဘတ်မှာအကြိတ်တခုထွက်နေလို့ဆို” “ဟုတ်တယ် ၊ သမီးကြီးရဲ့ ရာသီဥတုပူလို့ အဖုအကြိတ်တွေများထွက်လာတာလားလို့” “တပါတ်လောက်စောင့်ကြည့်လိုက်အုန်းလေ ၊ တပါတ်လောက်မှ မပျောက်သေးဘူးဆိုရင်တော့ ဆရာဝန်ပြကြည့်ရအောင်နော်” ” အေးပါ သမီးရယ်၊ သမီးတို့ရုံးပိတ်ရက်ထိမှ မပျောက်သေးဘူးဆိုရင် သွားပြကြတာပေါ့” သူတို့သားအမိတွေပြောနေတာကိုကြားနေပေမဲ့ ၊ ဖြစ်ရိုးဖြစ်စဥ် အပူကြိတ်ထွက်တာဖြစ်မှာဘဲဆိုပြီး ၊ ပေါ့ပေါ့ဆဆတွေးနေလိုက်တာပါ၊ တပါတ်လောက်နေလည်းမပျောက်သေးတော့မှဆေးခန်းသွားပြ၊ အဲဒီကတဆင့်ဆေးစစ်ခိုင်းလို့ သိရတဲ့အဖြေက ရင်သားကင်ဆာ အဆင့် ၂ တဲ့၊ ဒီတော့မှတမိသားစုလုံးထိတ်ထိတ်ပြာပြာဖြစ်သွားကြပြီး၊ အကောင်းအသင်းတွေဆီတိုင်ပင်ကြ၊ မိတ်ဆွေတွေဆီကအကြံဥာဏ်တောင်းကြနဲ့ ၊အားလုံးကဘန်ကောက်မှာသွားပြပြီးခွဲစိတ်ပါတဲ့၊ နိုင်ငံခြားသွားရအောင်လည်း သူတို့သားအမိ ၃ ယောက်သွားရင်ကုန်ကျစရိတ်၊ ဆေးရုံစရိတ် ၊ ခွဲစိတ်ခစရိတ်တွေတွက်ကြည့်တော့ သိန်း ၅၀၀ လောက်ကုန်မှာဆိုတော့လောလောဆယ်လက်ထဲမှာလည်းအဲလောက်ငွေမရှိသေးတာတကြောင်း၊

Passport မရှိသေးတာတကြောင်း၊ Passport လုပ်နေစဥ်အတွင်း တောင်ကြီးကစပ်စံထွန်းဆေးရုံက ကင်ဆာခွဲစိတ်ကုတာကောင်းတယ်ဆိုလို့- တောင်ကြီးမှာလည်းမိန်းမရဲ့အမတယောက်ရှိနေတာကြောင့်နေရေးအတွက်မပူရတာကြောင့် ၊ ရန်ကုန်ကကားစီးလုံးငှားပြီး သူတို့သားအမိ ၃ ယောက်ကိုသွားခိုင်းလိုက်ပါတယ်၊ တောင်ကြီးကအမကလည်းတိုက်ကြီးတလုံးလုံးမှာသူတယောက်ထဲနဲ့ ခိုင်းတဲ့သူတွေလောက်ဘဲရှိတာမို့အဆင်ပြေလှပါတယ်၊ တောင်ကြီးရောက်ပြီးနောက်နေ့ဆေးရုံသွားပြတယ်ဆိုရင်ဘဲ ကင်ဆာကုဆရာဝန်မကြီးကချက်ချင်းအဲဒီနေ့ ညနေပိုင်းမှာခွဲစိတ်ခန်းဝင်ပြီး ခွဲစိတ်ပေးလိုက်ပါတယ်၊ဆရာဝန်မကြီးရဲ့ကျွမ်းကျင်တဲ့ခွဲစိတ်ပေးမှုကြောင့် မိန်းမရဲ့ရင်သားတဖက်ကအကြိတ်အလုံးတွေရော၊ ချ်ုင်းအောက်မှာရှိတဲ့အကြိတ်အလုံးတွေပါ အကုန်ရှင်းထုတ်ပေးလိုက်တာကြောင့်၊ ခွဲပြီးတလအတွင်းမှာကျန်းမာလာလို့ သူတို့သားအမိတွေရန်ကုန်ပြန်လာကြပါတယ်၊ မိန်းမကသူ့အိမ်လေးကိုသိပ်သံယောဇဥ်တွယ်တာလေ၊ ရန်ကုန်ရောက်တော့ အိမ်အလုပ် ၊ မီးဖ်ုချောင်အလုပ်တွေကိုသူ့အမကြီးနဲ့ သမီးနှစ်ယောက်ကသာလုပ်ကြပြီး၊

မိန်းမကိုတော့အနားယူခိုင်းလိုက်ပါတယ်၊ ဒီလိုနဲ့ ၂ လခြားတခါလောက်ဆေးခန်းမှာဆေးစစ်ကြည့်တော့လည်း ကင်ဆာဆဲလ်တွေလုံးဝပျောက်သွားလို့ ကင်ဆာနဲ့ပတ်သက်တဲ့ဆေးတွေမသောက်ရတော့ဘဲ၊ အားဆေးလောက်သာသောက်ရတဲ့အထိကောင်းမွန်လာပါတယ်၊ ကင်ဆာဖြစ်တုန်းကဆံပင်တွေကျွတ်ကုန်လို့ ကတုံး တုံးထားရတဲ့ဆံပင်တွေတောင်ပြန်ပေါက်လာပါပြီ ၊တနှစ်ကျော်လောက်ထိ ကျန်းကျန်းမာမာဝဝဖြ်ုးဖြိုးရှိနေရာမှ- “မောင် ရေ” “မိ-ထမင်းမစားရသေးဘူးလား” “ခုနကဘဲ မောင်နဲ့မိ ထမင်းစားထားတာလေ၊” “ဟုတ်လား ၊ မိကမစားရသေးဘူးမှတ်လို့” “သမီးရေ ၊ မေမေ့သူငယ်ချင်းလေ ဟို-ဘယ်သူပါလိမ့်၊ ပြောမယ်ဆိုမှ နံမည်မေ့သွားပြန်ပြီ.” မိန်းမဟာတနေ့တခြား နေ့စဥ်လုပ်နေတဲ့အကြောင်းအရာလေးတွေတောင်မေ့လာပါတယ်၊ ဒါရိုးရိုးတန်းတန်းတော့မဖြစ်နိုင်ဘူးဆိုပြီး၊ ဆေးခန်းသွားပြ၊ခေါင်းကိုဓာတ်မှန်ရိုက်ကြည့်တော့ ဦးနှောက်ထဲက အာရုံကြောကိုသွေးခဲလေးများကဖိထားတာတွေ့ရပါသတဲ့၊ သွေးခဲအရည်ပျော်စေတဲ့ဆေးတိုက်လည်းမသက်သာတာကြောင့်၊ ဦးခေါင်းကိုခွဲပြီးအဲဒီသွေးခဲတွေဖယ်မှရမယ်တဲ့၊ ဒီတခါတော့သမီးနှစ်ယောက်က Passport တွေလည်းရပြီမို့ ဘန်ကောက်မှာသွားခွဲမယ်ဆိုပြီး၊ သူတို့သားအမိတွေထွက်သွားကြပါတယ်၊ ကျွန်တော်နဲ့ သူ့အမကြီးသာအိမ်မှာကျန်ခဲ့ပြီး နေ့စဥ်စိုးရိမ်ထိတ်လန့်မှုပေါင်းစုံနဲ့ ဆုတောင်းနေရတာပေါ့၊ ဘန်ကောက်မှာဆေးတွေထပ်စစ် ၊

ဦးခေါင်းခွဲရမှာမို့ အထပ်ထပ်စစ်ဆေးချက်တွေလုပ်ရတာနဲ့ ရောက်ပြီး ၂ လကျော်လောက်မှခွဲရပါတယ်၊ သူခွဲခန်းဝင်တဲ့နေ့ကကျွန်တော့်မှာထိုင်မရ ၊ စားမရနဲ့ မိန်းမအတွက်ဘုရားစင်ရှေ့မှာ တချိန်လုံးဆုတောင်းနေခဲ့ရတာပါ၊ ခွဲခန်းကထွက်လာပြီးသတိပြန်မရမချင်း အသက်တောင်ကောင်းကောင်းမရှုနိုင်ပါဘူး၊ သမီးတို့ပို့ပေးတဲ့ဓာတ်ပုံနဲ့ ဗီဒီယိုလေးတွေကြည့်ပြီး မျက်ရည်တွေတွေကျရင်းနဲ့ ဆုတောင်းနေရပါတယ်၊ခွဲခန်းကထွက်ပြီး နာရီတော်တော်ကြာမှသတိပြန်ရလာတော့ လက်မထောင်ပြနေတဲ့ မိန်းမကိုကြည့်ပြီး၊ ဝမ်းသာလိုက်ရတာ၊ ဒီတောင်တော့ကျော်နိုင်ပြီဟဲ့ လို့ဟစ်ကြွေးလိုက်မိပါသေးတယ်၊ ဒီလိုနဲ့ခွဲပြီးတလလောက်အတွင်းအကုန်မှတ်ဥာဏ်တွေလည်းပြန်ရ၊ ဆေးရုံကဆင်းဖို့ ၂ ရက်လောက်အလိုမှာဆေးပြန်စစ်ကြည့်တော့ ၊ မိန်းမရဲ့ကင်ဆာပိုးတွေကအဆုတ်ကိုကူးသွားပြီး အဆုတ်ထဲမှာသွေးတွေပြည့်နေတာကိုတွေ့ရပါသတဲ့၊ အဆုတ်ထဲကသွေးတွေကိုဖောက်ထုတ်တော့ အားနည်းသွားပြီး၊ အောက်ဆီဂျင်ကတဖြေးဖြေးကျလာပါတယ်၊ သတိမရတချက် ရတချက်အခြေအနေမှာဖြစ်လာပြီမို့ ကျွန်တော့်ကိုအမြန်ဆုံးလိုက်လာဖို့ခေါ်နေတဲ့အထိဖြစ်လာပါတယ်၊ ဟိုကဆရာဝန်ကြီးတွေကလက်လျော့လိုက်ပြီတဲ့၊ ကျွန်တော့်မှာ Passport မရှိတာကြောင့်တပည့်တပန်းတွေရဲ့အကူအညီနဲ့ ၃ ရက်အတွင်း Passport အမြန်လုပ်ပြီး ဘန်ကောက်ကိုလိုက်သွားရပါတယ်၊ အဲဒီရက်တွေကတော့စားလို့လည်းမဝင်၊ အိပ်လို့မရတဲ့ရက်တွေပါဘဲဗျာ၊

ဘန်ကောက်ကဆေးရုံကအထူးကုအခန်းထဲကကုတင်ပေါ်မှာဆေးပိုက်မျိုးစုံတပ်ထားတဲ့မိန်းမကိုတွေ့လိုက်ရတော့ အော်ဟစ်ငိုခြင်စိတ်ကိုမနည်းအံကြိတ်တင်းထားရပြီး၊ သူ့အနားတိုးသွားကာ- “မိ ရေ ၊ မောင်ရောက်လာပြီလေ၊ မျက်စိဖွင့်ကြည့်ပါအုန်းနော်.” “ဒီတော့မှ မိန်းမကမျက်လုံးလေးဖွင့်ကြည့်ပြီးကျွန်တော့်ကိုတလှည့် ၊ သမီးလေးနှစ်ယောက်ကိုတလှည့်ကြည့်ပြီး ကျွန်တော်ရောက်လာလို့စိတ်ချသွားတဲ့ပုံနဲ့ ငြင်ငြင်သာသာဘဲ အသက်ထွက်သွားပါတယ်၊ နောက်ဆုံးကြည့်သွားတဲ့အကြည့်တချက်ကိုကျွန်တော့်တသက်ဘယ်တော့မှမေ့ဖျောက်လို့ရမှာမဟုတ်တော့ပါဘူး၊ မိန်းမကဆုံးတော့အသက် (၇၃)နှစ်၊ ကျွန်တော်ကအသက် (၇၅) ရှိပါပြီ၊ အသက် ၂၀ ကျော်အရွယ်မှာစတင်တွေ့ကြပြီး ဒီအသက် ၇၀ ကျော်အရွယ်အထိ တခါမှအကြာကြီးခွဲသွားခဲ့ဘူးတာမရှိဘဲ၊ အခုမှသေမင်းကကျွန်တော်တ်ု့လင်မယားကိုခွဲသွားရက်တယ်ဗျာ၊ သူ့ကိုဘန်ကောက်မှာဘဲကောင်းမွန်စွာသဂြိုလ်ခဲ့ပြီး၊ အိမ်ရှင်မ မရှိတော့တဲ့အိမ်ရဲ့အပြန်လမ်းဟာ ဘယ်လောက်တောင်ဝမ်းနည်းရပါသလည်း၊

တအိမ်လုံးမှာသူ့လက်၊ သူ့ခြေ ၊ သူ့လက်ရာတွေချည်းဘဲရှိနေတဲ့အိမ်မှာ ကျွန်တော်ဘယ်လိုနေရပါ့မလည်း၊ နှစ်ယောက်နေခဲ့တဲ့အခန်းထဲမှာကျွန်တော်တယောက်တည်းဘယ်လိုအိပ်ရပါ့မလည်း၊ အိမ်ထောင်သက်တမ်း ၅၀ လောက်ပေါင်းခဲ့ရတဲ့မိန်းမကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ကျွန်တော့်ရင်ကိုခွဲပြလိုက်ချင်ပါရဲ့၊ သူ့ကိုဘယ်လောက်လွမ်းနေရသလဲဆိုတာကို၊ ဒါပေမဲ့ သူအသက်ထွက်ခါနီးကျွန်တော့်က်ုကြည့်သွားတဲ့အကြည့်တွေက၊ သမီးလေးနှစ်ယောက်ကိုစောင့်ရှောက်ပေးဖို့ အပ်သွားတဲ့အကြည့်တွေမို့၊ ဒီသမီးလေးနှစ်ယောက်အတွက်အသက်ရှင်နေရအုန်းမှာပါ၊ အထီးကျန်လှတဲ့၊ ကျန်ရှိနေသေးတဲ့ ကျွန်တော့်ဘဝတလျှောက်လုံး မိန်းမကိုလွမ်းဆွတ်စွာနဲ့ဘဲ၊ သူ့ကိုကောင်းရာဘုံဘဝမှာအနာရောဂါကင်းစင်ပြီးနေရပါစေလို့ ဆုတောင်းပေးရင်းနဲ့ ကုသိုလ်တွေအမြဲလုပ်ပေးနေအုန်းမှာပါ၊

မေသင်းလှိုင် (ရွှေဘို)

Leave a Reply

Your email address will not be published. Required fields are marked *