ကျားမာယာ
�“ကိုယ်တို့လမ်းခွဲကြရအောင်တေး…” “ရှင်…” ဘယ်တုန်းကမှကြားရလိမ့်မယ်လို့အိပ်မက်တောင်မမက်ဖူးတဲ့စကား ကို့နှုတ်ဖျားကထွက်ကျလာတော့ တေးဝေဖြာ အံ့ဩမှင်သက်သွားရသလို ဗယ်ဘက်ရင်အုံဆီကစူးအောင့်လှိုက်တက်လာခဲ့ရသည်။ “ဘယ်လို.. ဘယ်လိုပြောလိုက်တာလဲကို….�တေးတို့ဘာကိစ္စကြောင့်လမ်းခွဲရမှာလဲ…�တေးကို့ကိုဘယ်လောက်ချစ်တယ်ဆိုတာသိရဲ့သားနဲ့ကိုဘာဖြစ်လို့ဒီလိုစကားမျိုးပြောထွက်ရတာလဲဟင်…ပြောပါဦး.. ပြောပါဦးလို့…” စိတ်မြန်လက်မြန်ရှိလှသောတေးသည် စိုးရိမ်ပူပန်စိတ်ကြောင့်တထိတ်ထိတ်အခုန်မြန်နေသောရင်ဖြင့်ပါးစပ်ကလည်းပြောရင်း၊ လက်ကလည်း ကိုရဲ့လက်မောင်းနှစ်ဖက်ကိုဆွဲကိုင်လှုပ်ရမ်းနေခဲ့မိသည်။ ကိုကမျက်မှောင်ကြုတ်ကာ ပါးစပ်က”ကျွတ်”ကနဲမြည်အောင်အသံပြုရင်း တေးကိုစိတ်ပျက်သလိုစိုက်လို့ကြည့်နေခဲ့ပါသည်။ မထုံတက်တေးကိုရဲ့ပုံစံသည် တေးရဲ့သိချင်စိတ်ကိုပိုပြီးမရိုးမရွဖြစ်စေလာတာကြောင့်ဆွဲထားမိသောလက်မောင်းကိုတဖတ်ဖတ်ရိုက်နေမိခဲ့တော့သည်။ ကိုကသူ့ကိုယ်ကိုအနောက်ဘက်ရို့ကာ တေးရဲ့လက်တွေကိုရှောင်ရင်းကာရင်းက… “တေးဝေဖြာ… တစ်ခုခုဆိုလက်ပါခြေပါလုပ်တတ်တဲ့မင်းအကျင့်ကို ငါစိတ်ကုန်နေတာအတော်ကြာပြီဆိုတာသိရဲ့လား… အေး… ငါဘာကြောင့်လမ်းခွဲရချင်တာလဲဆိုတော့ ချစ်တာတစ်ခုတည်းသိပြီး၊�တစ်ဘက်သားရဲ့ခံစားချက်ကိုဘယ်တုန်းကမှထည့်မတွက်တတ်ခဲ့တဲ့၊ ကိုယ့်အတ္တကိုပဲအမြဲရှေ့တန်း တင်တတ်တဲ့မင်းနဲ့တစ်ဘဝလုံးရှေ့ဆက်ဖို့တွေးလိုက်မိရင်ကိုမွန်းကြပ်လွန်းလို့ကွ… ရှင်းပြီလား..” တေးနားမလည်နိုင်စွာပဲ ကို့ကိုမျက်လုံးအပြူးသားဖြင့်ရင်ဆိုင်ကြည့်လျှက်ခွန်းတုံ့ပြန်မိသည်။
“ဘာတွေပြောနေတာလဲကို…�တေးဘာတွေမှားလို့လဲ…�ကိုယ်သိပ်ချစ်ရတဲ့သူကိုစက္ကန့်မလပ်ဂရုတစိုက်စောင့်ရှောက်ပေးချင်မိတာကအပြစ်လား…�ကိုယ်ချစ်တဲ့သူဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်လိုနေ၊ ဘယ်လိုထိုင်တယ်ဆိုတာကိုသိချင်နေမိတာကရောတေးအပြစ်ဖြစ်သွားရောလား… မိန်းကလေးသဘာဝမို့ကိုယ့်ချစ်သူအပေါ်မှာဆိုးချင်နွဲ့ချင်အနိုင်ယူချင်မိတာကရောဘာများမှားနေလို့လဲ…ကိုယ့်ချစ်သူကိုအဆုံးရှုံးမခံနိုင်လို့၊ စွန့်လွှတ်လိုက်ရမှာကြောက်လို့သဝန်တိုအူတိုမိတာကရောဘယ်လောက်ကြီးလေးတဲ့ပြစ်မှုကြီးမို့လို့လဲဟင်..” ဝမ်းနည်းစိတ်နှင့်ဒေါသစိတ်တို့ကြောင့်မှီရာကိုလှမ်းပြီးထုရိုက်နေရင်း တေးမျက်ရည်တွေကျလာမိတော့သည်။ အရင်ကဆိုလျှင် တည်ငြိမ်အေးဆေးပြီးစကားအပိုတွေချွဲနွဲ့မပြောတတ်သောကိုသည် တေးမျက်ရည်ကျဖို့မဆိုထားနှင့် တေးမျက်နှာညှိုးလျှင်ပင် မျက်စိမျက်နှာအပျက်ပျက်ဖြင့်မချော့တတ်ချော့တတ်နှင့်ကြံဖန်ချော့ခဲ့သူပါ။�အဲ့လိုသည်းခံအလျှော့ပေးအလိုလိုက်ခဲ့လို့လည်း တေးကကို့အပေါ်မှာပိုပိုတိုးပြီးဆိုးခဲ့မိသလို၊ လူရှေ့သူရှေ့မရှောင်အလိုမကျတိုင်းထုရိုက်လိမ်ဆွဲတတ်သည့်အကျင့်ပါလာခဲ့ခြင်းဖြစ်သည်။ သူ့အသားအတော်နာလာပြီမို့ ကိုက တေးရဲ့လက်နှစ်ဖက်ကိုချုပ်ကိုင်လိုက်ရင်းက… “တော်တော့… မင်းတော်လောက်ပြီ တေးဝေဖြာ..” စတွေ့ကတည်းက “တေး” လို့သာနာမည်အဖျားဆွတ်ပြီးခေါ်တတ်ခဲ့သောသူက�သူစိမ်းတစ်ယောက်လိုတေးနာမည်ကိုအပြည့်အစုံခေါ်ပြီးလေသံမာမာနှင့်ငေါက်ငမ်းနေတာကြောင့် တေးပိုလို့ဝမ်းနည်းလာရပါသည်။
ကိုဘာကြောင့်ဒီလောက်တောင်ပြောင်းလဲသွားရတာပါလိမ့်။�တေးအမြဲတမ်းမယုံသင်္ကာဖြစ်တတ်ခဲ့သလို ချစ်သူအသစ်တစ်ယောက်များထပ်တွေ့နေခဲ့လေပြီလား။ “မတော်နိုင်ဘူးကို… ရှင် တေးအပြင် နောက်တစ်ယောက်တွေ့နေလို့ လမ်းခွဲချင်နေတာမဟုတ်လား…” တေးရဲ့ယိုးစွပ်မှုကြောင့် ကို့မျက်နှာပေါ်မှာမခံချိမခံသာအရိပ်အယောင်တို့ကိုမြင်တွေ့လိုက်ရကာ ကိုကနှုတ်ခမ်းတစ်ဖက်ကိုကော့တက်အောင်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း… “အဟင်းးး… နောက်ထပ်အသစ်တွေ့မှလမ်းခွဲစကားပြောရမှာလား…�ဘာမှလက်ဆုပ်လက်ကိုင်မပြနိုင်ပဲနဲ့သူတစ်ပါးရဲ့ကိုယ်ကျင့်သိက္ခါကိုအမြဲတမ်းယုန်ထင်ကြောင်ထင်ဖြစ်နေတတ်တဲ့မင်းတစ်ယောက်ထဲနဲ့တင်ငါ့မှာအတော်လေးကြောက်နေပါပြီကွာ…�ငါတို့နှစ်ယောက်ဒီလောက်နဲ့ပဲတစ်ခန်းရပ်ကြတာပေါ့ တေးဝေဖြာ… ငါသွားတော့မယ်…” သူပြောချင်ရာတွေဇွတ်ပြောပြီးထိုင်ရာကထကာရုတ်တရက်ကျောခိုင်းထွက်ခွာသွားသောကို့ကိုစိတ်ဆိုးလွန်း၍ တေးရဲ့နံဘေးမှာချထားသောကျောပိုးအိတ်အသေးလေးကိုယူပြီး သူ့နောက်ကျောကိုအားကုန်လွှဲပေါက်လိုက်သော်လည်း သူကမမှုသလိုပင်လှည့်တောင်မကြည့်ပဲထွက်ခွာသွားခဲ့လေပြီ။ တေးတို့တွဲလာခဲ့ကြသောချစ်သူသက်တမ်းလေးနှစ်အတွင်းမှာ ကိုဒီလောက်အထိတေးကိုမာမာကြောကြောပြောဆိုဆက်ဆံတာမရှိခဲ့ဖူးသော်လည်း လွန်ခဲ့သည့်တစ်လလောက်ကစပြီးအရင်ကထက်ပို၍ငြိမ်သက်သွားသည့်အပြင် တွေ့လိုက်တိုင်းလည်းတွေးနေငေးနေတာတွေများလာခဲ့တာကို သူ့မျက်နှာအရိပ်တကြည့်ကြည့်နေတတ်သူမို့ တေးသတိထားလာမိပါသည်။ ကိုနဲ့ဝေးရပြီဆိုတဲ့စိတ်ကြောင့်တေးအသိစိတ်မဲ့စွာနှင့်ဘယ်ပုံဘယ်နည်းအိမ်ပြန်ရောက်လာခဲ့မှန်းပင်ကောင်းကောင်းမမှတ်မိတော့ပါ။
အိမ်ပြန်ရောက်ကတည်းက တေး ကို့ဖုန်းကို ဗွီဒီယိုကောလ်တွေဆက်တိုက်ခေါ်မိသလို မက်စေ့ခ်ျတွေလည်းမရပ်မနားပို့နေပါသော်လည်း ကိုကဖုန်းလည်းမဖြေသလို၊ စာလည်းဝင်မဖတ်တော့ပါ။�နေ့ကရက်ပြောင်း၊ ရက်ကလတွေပြောင်းလာခဲ့သည့်တိုင်အောင် ကိုနှင့်အဆက်အသွယ်မရ၊ တွေ့ခွင့်မရတော့၊ တေးမှာတငိုငိုတရယ်ရယ်နှင့်နေမထိထိုင် မသာဖြစ်လာရသည်။�တစ်ကယ်တမ်းကို့ဘက်ကစိမ်းကားပြတ်တောက်နိုင်သည်ဆိုတော့ တေးမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိလောက်အောင်ပြာယာခတ်နေခဲ့ရပြီး၊�သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်နှင့် မျက်တွင်းဟောက်ပက်ကျကာ ကိုယ်အလေးချိန်တောင်အတော်ကျသွားရပါသည်။ တေးကိုသူ့အသက်ထက်ပိုချစ်ပါသည်ဟုဆိုခဲ့လေသောကိုသည် အခုတော့အတော်ကိုနေစိမ့်နိုင်ခဲ့ပါလေပြီကော။ ************ လူမှုကွန်ယက်ဆိုရှယ်မီဒီယာသုံးခဲလှတဲ့ကိုရဲ့ဖေ့ဘုတ်ဝေါလ်ထဲမှာဘာစတေးတပ်စ်များတင်ထားလေမလဲလို့ခဏခဏဝင်ဝင်ကြည့်မိပေမယ့်ဘာမှအထူးအထွေပို့စ်တင်ထားတာမျိုးလည်းမရှိသလို၊ တေးအတင်းတင်ခိုင်းလို့တင်ထားခဲ့တဲ့တေးတို့နှစ်ယောက်တွဲပရိုဖိုင်ပုံကိုလည်းဖြုတ်ချထားကာ�ရှုခင်းပုံတစ်ပုံသာအစားထိုးတင်ထားလေသည်။ သူ့သူငယ်ချင်းတွေဆီကိုဆက်သွယ်ပြီး�မသိမသာတီးခေါက်ကြည့်ပါသော်လည်း သူကတေးအကြောင်းတစ်ခွန်းမှမဟပါဆို၍ ဆက်မေးရန်လမ်းပျောက်ရပါသည်။
ရည်းစားဦး၊ အချစ်ဦးမို့ တေးအတွက်အသည်းကွဲဝေဒနာဟာပြင်းထန်ခါးသီးလွန်းလှကာ၊ လမ်းခွဲခါစလေးငါးလလောက်လူနှင့်စိတ်နှင့်မကပ်နိုင်အောင်ဖြစ်ရပြီး အလုပ်မှာလည်းအမှားမှားအယွင်းယွင်းတွေဖြစ်၍ အထက်လူကြီးရဲ့ခေါ်ယူသတိပေးခြင်းကိုခံရသည်အထိပါပေ။ ကို တေးကိုဒီလောက်တောင်ရက်ရက်စက်စက်စွန့်ပစ်ထားခဲ့ရအောင် တေးရဲ့တစ်ကိုယ်ကောင်းဆန်ခဲ့မှု၊ ချစ်သူနှင့်ပတ်သက်သမျှအရာရာမှာလွှမ်းမိုးစွက်ဖက်လိုခဲ့မှုတွေကိုများစိတ်အနာကြီးနာသွားခဲ့လေသလားမသိပါ။ တေးတို့နှစ်ယောက်စလုံးဟာရုံးဝန်ထမ်းတွေဖြစ်ကြတဲ့အပြင် ကို့အလုပ်ကတေးလိုညနေငါးနာရီပုံမှန်ရုံးမဆင်းရတတ်ပဲ၊ ညအတော်နောက်ကျတဲ့အထိအချိန်ပိုဆင်းရတတ်ပါသည်။�တေးကတစ်ပါတ်မှာပိတ်ရက်နှစ်ရက်ရပေမယ့်�ကိုကတော့တနင်္ဂနွေတစ်ရက်သာအနားရသူမို့�တစ်ပါတ်တစ်ရက်သာတွေ့ခွင့်ရခဲ့သည်။�ညဘက်အိမ်ပြန်ရောက်မှဖုန်းပြောရတာမို့ တေးကတစ်နေ့တာလုပ်ငန်းခွင်မှာကြုံတွေ့ခဲ့ရသမျှအသေးအဖွဲလေးတွေကအစကို့ကိုပြောပြချင်တတ်သလို၊ ကိုရောတစ်နေကုန်ဘာတွေလုပ်တယ်ဆိုတာကိုလည်းသိချင်မိသည်။�ကိုကနဂိုစကားနည်းသူဖြစ်တဲ့အပြင်၊ သူများအကြောင်းစိတ်မဝင်စားတတ်သူမို့ တေးပြောနေတာတွေကိုအလိုက်သင့်နားထောင်ရင်းတဝါးဝါးသမ်းနေတတ်သလို၊ ပင်ပန်းနေပြီဟုဆိုကာဖုန်းအရင်ချလိုတတ်သော်လည်း တေးကအလျှော့မပေးခဲ့။
တစ်ရက်မှာ သူနေမကောင်းဖြစ်ချင်နေသည်ဆိုပြီးအတင်းစကားစဖြတ်၍ဖုန်းချလိုက်တော့ တေးကသူစကားမပြောချင်၍တမင်ဟန်ဆောင်သည်ထင်ကာဖုန်းချက်ချင်းပြန်ခေါ်၍တစ်ညလုံးဖုန်းမချခိုင်းပဲရစ်ခဲ့ဖူးသည်။ တေးဖုန်းဆက်တဲ့အချိန်လိုင်းမအားလျှင်၊�ချက်ချင်းမကိုင်လျှင် ဘယ်သူနှင့်ဖုန်းပြောတာများလဲ၊ တမင်သက်သက်မကိုင်ပဲထားတာလားနှင့်တေးမှာသံသယတွေပွားရသည်။ သူ့ဖုန်းပတ်စ်ဝပ်လည်းအတင်းတောင်းယူကာ ဖုန်းကိုမကြာမကြာယူစစ်တတ်ခဲ့သလို၊ သူရှားရှားပါးပါးတင်တတ်သောပို့စ်မှာအသဲဝင်ပေးထားတဲ့ကောင်မလေးတွေတွေ့ရင်လည်း သူတို့အကောင့်တွေထဲအထိလှန်လှောဝင်ကြည့်ကာ ဘယ်လိုပတ်သက်မှုတွေရှိကြသလဲလို့သူစိတ်ညစ်ညူးရသည်အထိ သတိရလျှင်ရသလိုအစပြန်ပြန်ဖော်ပြီးရန်လုပ်တတ်ခဲ့ပါသည်။ ချစ်သူတွေဖြစ်ကြကတည်းကသူဘယ်နေရာသွားသွားတေးသိချင်သလို၊ တေးမပါပဲသွားလျှင်လည်း တစ်ချိန်လုံးဖုန်းတွေဆက်ပြီးချက်ကင်လိုက်တတ်ကာ၊ သူဝါဿနာပါသောဘောလုံးကန်ခြင်းကိုလည်း တေးလိုက်မကြည့်နိုင်သောနေ့တွေမှာမကန်ရလို့ကန့်သတ်ပိတ်ပင်ခဲ့ဖူးပါသည်။�ဒါတွေအားလုံးဟာ တေး ကို့ကိုသိပ်ချစ်လွန်းလို့ဆိုတာ ကိုသိခဲ့သင့်သည်မဟုတ်ပေဘူးလား။�အဲဒီအချိန်တွေကတည်းက တေးအနိုင်ယူလေတိုင်း နှုတ်ဆိတ်နေတတ်ခဲ့လေသောသူ့ရဲ့မျက်ဝန်းအကြည့်တွေဟာတဖြည်းဖြည်းအရောင်ပြောင်းလဲလာတာကိုတေးရိပ်မိသိရှိခဲ့ပေမယ့် “တေးကိုသူဘယ်တော့မှစွန့်ခွာမသွားနိုင်”လို့တစ်ထစ်ချယုံကြည်ထားခဲ့မိပါသော်လည်း… အခုတော့…။
တေးဟာ ကိုအနားမှာမရှိတော့ကတည်းကအသက်မှန်မှန်ရှုနေရုံသာလှုပ်ရှားနေထိုင်ရင်းအသည်းကွဲ�ဒါဏ်ရာကိုကြိတ်မှိတ်ဖြေသိမ့်လို့နေခဲ့ရပါသည်။ တစ်ရက်မှာ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်ရှိတာကြောင့်မတက်မဖြစ်ဧည့်ခံပွဲတက်ရတော့ သူငယ်ချင်းကတေးတို့နှစ်ယောက်စလုံးနှင့်ခင်နေတာမို့ သူ့ကိုပါပွဲဖိတ်လိမ့်မည်ထင်၍ တေးရင်တဖိုဖိုနှင့်လာခဲ့မိပါသည်။�တေး မင်္ဂလာခန်းမထဲကိုဝင်သွားပြီး ဘယ်စားပွဲမှာဝင်ထိုင်ရကောင်းနိုးနိုး မျက်နှာသိတွေကိုရှာဖွေနေစဉ်မှာ၊ သူငယ်ချင်းတစ်ယောက်ကတေးကိုမြင်ပြီးလှမ်းခေါ်သံကြားလို့လှည့်ကြည့်လိုက်ချိန်….�ထိုသူငယ်ချင်းဘေးမှာထိုင်နေသောသူ့ကိုမြင်လိုက်ရတော့ ရင်ခုန်သံရပ်လုမတတ်ဖြစ်သွားခဲ့ရသည်။ မမြင်ရတာခြောက်လလောက်ရှိသွားပြီဖြစ်လို့ သူလည်းပိန်သွားသယောင်ထင်ရသော်လည်း တေးမြတ်နိုးခဲ့ရသောသူ့မျက်နှာလေးကတော့ချောမောကြည့်ကောင်းလို့နေတုန်းပါပင်။ တေးနောက်လှည့်ပြီးသူတို့စားပွဲဝိုင်းမှာပဲသွားထိုင်ဖို့ခြေလှမ်းပြင်လိုက်ချိန်မှာ သူက တေးကိုအတူလာထိုင်ဖို့ခေါ်မည့်ဟန်ပြင်နေသောသူငယ်ချင်းရဲ့လက်ကိုဆွဲကာ�တေးကိုမခေါ်ဖို့မျက်နှာရိပ်မျက်နှာကဲပြနေတာကိုအမှတ်တမဲ့မြင်လိုက်ရတော့ တေးတစ်ကိုယ်လုံးကသွေးတွေနွေးကနဲဖြစ်သွားသည်အထိရှက်ရွံ့သွားခဲ့ရပါသည်။ သူ.. သူ.. တစ်ကယ်ပဲ တေးကိုလျစ်လျူ ရှုနိုင်ခဲ့ပြီပေါ့လေ။ တေးဘာကိုမှမမြင်နိုင်တော့ပဲခန်းမထဲကပြေးထွက်လာခဲ့မိပါတော့သည်။ ဒီကိစ္စကြုံပြီးကတည်းက တေးသည်အိပ်မက်ကရုတ်တရက်လန့်နိုးလာသူတစ်ယောက်လိုဖြစ်ခဲ့ရပါသည်။
တေးကသာ ရင်တွေပွင့်ထွက်သွားမတတ်သူ့ကိုလွမ်းဆွတ်တမ်းတသတိတွေရနေခဲ့ပါသော်လည်း သူ့ဘဝထဲမှာတေးအတွက်နေရာမရှိတော့တာသေချာသွားခဲ့လေပြီ။ အဲဒီနောက်မှာတော့ တေးဟာမပျော်နိုင်တော့ပေမယ့် အရင်ကတေးဝေဖြာလိုပဲလှလှပပကျော့ကျော့မော့မော့ပြင်ဆင်ပြီးရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွနှင့်အလုပ်တွေပြန်လုပ်သည်။�နေ့စဉ်လိုလိုဆယ်လ်ဖီတွေရိုက်ပြီးကိုယ့်ဘဝကိုကိုယ်ပျော်ရွှင်ကျေနပ်နေပါကြောင်းဖေ့ဘုတ်မှာကက်ပရှင်တွေရေးပြီးပုံတွေတင်သည်။ မိန်းကလေး၊ ယောက်ျားလေးသူငယ်ချင်းတွေနှင့်အုပ်စုလိုက်ခရီးတွေထွက်သည်။ မျက်နှာမှာအပြုံးတုတစ်ခုတပ်ဆင်ပြီးဘဝကိုရှေ့ဆက်လျှောက်လှမ်းဖို့အားယူနေခဲ့ပါသည်။ ဒီလိုနေရင်းကပဲ သူငယ်ချင်းတွေထဲမှာ တေးကို�အရင်ကတည်းကချစ်နေခဲ့ပြီး တေးချစ်သူရသွားလို့နောက်ဆုတ်သွားခဲ့သောသူရိန်က တေးလွတ်လပ်သွားချိန်မှာအနားကိုပြန်ရောက်လာခဲ့ကာသူ့အချစ်ကိုလက်ခံပေးပါရန်ဒုတိယအကြိမ်မြောက်ချည်းကပ်တောင်းဆိုလာခဲ့တော့ တေးစဉ်းစားရလေပြီ။ သူငယ်ချင်းတွေအုပ်စုလိုက်ခရီးထွက်ကြလျှင်လည်း လမ်းခရီးတစ်လျှောက် သူရိန်က တေးကိုမှန်လိုအရိပ်ကြည့်ကာကြင်ကြင်နာနာယုယုယယနှင့်ဂရုတစိုက်ရှိလှသည်။ သူရိန်ဟာတေးရဲ့အနွံတာတွေကိုခံနိုင်ခဲ့သူဖြစ်ကာ တက္ကသိုလ်တက်ကတည်းကတေးတစ်ယောက်တည်းကိုသာစွဲစွဲမြဲမြဲချစ်ခင်လာခဲ့သူလည်းဖြစ်၏။ တေး သူချစ်ကိုပစ်ပြီး၊ ကိုယ်ချစ်ကိုရွေးချယ်ခဲ့တော့ရော ဘာတွေများပြန်ရလိုက်ပါသနည်း။ တေးရဲ့နှလုံးသားမှာအချစ်ဆိုတာမရှိတော့ပေမယ့် ကိုယ့်ကိုသည်းခံခွင့်လွှတ်ပြီးတစ်သက်တာလုံးမြတ်နိုးနိုင်မယ့်သူကိုအခွင့်အရေးပေးပြီးလက်ခံလိုက်ရင်ကောင်းမလား… တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို တေးကိုပစ်ပစ်ခါခါကျောခိုင်းသွားခဲ့တဲ့ကို့ကိုလှလှပပကလဲ့စားချေရာလည်းရောက်လေမလား…လို့တေးတွေဝေနေမိပါတော့သည်။ ************ ကျွန်တော် သူမလေးကိုထားစရာနေရာရှာမရအောင် ရင်သိမ့်တုန်ချစ်မြတ်နိုးလှပါသည်။
�သူမလေး ကျွန်တော့်ဘဝထဲကိုရောက်မလာခင်တုန်းကတော့ ဒီကမ္ဘာကြီးပေါ်မှာ တေး ဆိုတဲ့ တေးဝေဖြာတစ်ယောက်တည်းကိုသာအချစ်ဆုံးလို့ကျွန်တော်ထင်ခဲ့ဖူးပါသည်။ လောကကြီးမှာ မတူညီသောအချစ်တစ်မျိုးရှိနေသေးပြီး၊ ထိုအချစ်ဟာကျွန်တော့်ဘဝမှာထပ်မံပြီးပေါက်ဖွားလာလိမ့်ဦးမယ်ဆိုတာ တစ်ခါမှတွေးမထားခဲ့ဖူးသလို၊�မသိရှိမခံစားခဲ့ဖူးပါ။ သူမလေးအတွက်ဆိုလျှင် ကျွန်တော်ပိုင်ဆိုင်သမျှအရာရာကိုသာမက ကျွန်တော့်အသွေးအသားအသက်တို့ကိုပင်နှင်းအပ်ဖို့ဝန်လေးနေမည်မဟုတ်ပါ။ ဖြူဖွေးနူးညံ့သောပါးလေးတွေ၊ နှုတ်ခမ်းနီနီရဲရဲလေးတွေ၊ မျက်ခွံမို့မို့နှင့်ဆံသားနက်နက်ကလေးတွေကိုမြင်လိုက်ရချိန် ကမ္ဘာကြီးတစ်ခုလုံးပန်းတွေနှင့်ဖုံးလွှမ်းသွားသလိုသာယာလှပသွားကာ ရင်ထဲမှာလည်းတလှပ်လှပ်၊ အေးလိုက်နွေးလိုက်နှင့်ပျော်ရွှင်ခဲ့ရသည်မှာတုနှိုင်းဖွယ်ရာပင်ရှာမတွေ့ပါ။�သူမလေးဂျီကျအော်ဟစ်နေရုံမျှမက ကျွန်တော့်ကိုပါးရိုက်၊ ဆံပင်တွေဆောင့်ဆွဲလည်း ကျွန်တော်ပြုံးပြီးကျေနပ်နေနိုင်ပါသည်။ လူ့စိတ်ဆိုသည်မှာအံ့ဩဖွယ်ကောင်းလေစွ။ သူမလေးဆိုတာက ကျွန်တော်ရဲ့တစ်ဦးတည်းသောချစ်မဝလေး… “ကြည်နူးဝေဖြာ”ဆိုတဲ့ ကျွန်တော် “ကြည်ကိုလင်း”နှင့်”တေးဝေဖြာ”တို့ရဲ့သမီးလှရတနာပိစိပေါက်စလေးပါပဲခင်ဗျာ။ ဇာတ်ကြောင်းပြန်လှန်ရမယ်ဆိုရင် တက္ကသိုလ်တက်စဉ်က ကျွန်တော်တို့အတန်းရဲ့အလှဘုရင်မလေး “တေးဝေဖြာ”ကိုမြင်မြင်ချင်းချစ်ခင်စွဲလန်းခဲ့ရာကစတယ်လို့ပဲဆိုရမှာပါ။ တေးကပွင့်လင်းသွက်လက်ကာအပေါင်းအသင်းများသူလေးမို့ ကျွန်တော့်ကိုလည်းတစ်တန်းတည်းသားသူငယ်ချင်းတစ်ယောက်အဖြစ်ခင်ခင်မင်မင်ခေါ်ပြောနှုတ်ဆက်တတ်ပါသည်။
အဲသည်တုန်းကသိပ်လှတဲ့တေးအနားမှာဝဲနေတတ်တဲ့လိပ်ပြာလေးတွေ၊ ပိတုန်းလေးတွေကြားမှာ ကျွန်တော်ဟာမထင်မရှားမို့ တေးအနားကပ်ခွင့်ရဖို့တောင်မဝံ့ရဲခဲ့ပါ။ ဒါပေမယ့် ကိုယ်လက်မဦးရင်၊ သူများခူးသွားလိမ့်မယ်ဆိုပြီးသူငယ်ချင်းတွေကဝိုင်းမြှောက်ပေးလို့ တတိယနှစ်မှာအရဲစွန့်ပြီးဖွင့်ပြောလိုက်ရာက မျှော်လင့်မထားပဲ တေးရဲ့အချစ်ကိုကျွန်တော်ဆွတ်ချူယူငင်နိုင်ခဲ့ပါသည်။ “ယောကျာ်းလေးတွေကစချစ်ပြီး၊ မိန်းကလေးတွေကဆက်ချစ်သွားကြရသည်” ဆိုသည့်စကားမှန်များမှန်လေသည်လားတော့မသိပါ။�ချစ်သူတွေဖြစ်သွားကြချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ပဲ တေးဟာ ကျွန်တော့်ကိုမျက်စိအောက်ကအပျောက်မခံနိုင်အောင်ကိုသည်းသည်းလှုပ်ချစ်ခဲ့သလို ကျွန်တော်နှင့်ပတ်သက်သမျှအရာအားလုံးကိုပိုင်စိုးထိန်းချုပ်လာခဲ့ပါသည်။ ကျွန်တော်ကလည်း တေးလိုချစ်ကြောင်းမပြတတ်၊ မရိုတတ်ပေမယ့် တေးထက်မလျော့တဲ့အချစ်နှင့်ချစ်တာမို့ သူအနိုင်ယူဗိုလ်ကျစိုးမိုးသမျှခွင့်လွှတ်သည်းခံအလိုလိုက်ခဲ့မိပါသည်။�လုပ်ငန်းခွင်အသီးသီးဝင်တဲ့အချိန်ရောက်လာတော့ တေးဟာကျောင်းသူဘဝကလိုမဟုတ်ပဲ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျယ်ပြန့်လာတာနှင့်အမျှ ရင့်ကျက်တည်ငြိမ်သွားလိမ့်မယ်လို့တွေးထင်ထားခဲ့ပါသော်လည်း ထင်ထားသလိုဖြစ်မလာပဲ တေးဟာပိုလို့တောင်ဆိုးလာကာ သူအလိုမကျရင် သူစိမ်းတွေရှေ့မှာတောင် ကျွန်တော့်ကိုရိုက်ပုတ်ထုနှက်တဲ့အထိအများအရိုအသေတန်စေမယ့်အပြု အမူတွေပါလုပ်လာခဲ့ပါသည်။ ကျွန်တော်ဘယ်လိုပဲချော့မော့ပြုပြင်ကြည့်ပေမယ့် တေးကတစ်ဇွတ်ထိုးမို့ နားမထောင်ခဲ့ပါ။
ယောကျာ်းလေးတစ်ယောက်အနေနှင့်�ကိုယ်ဝါဿနာပါရာအားကစားလုပ်တာ၊�လူငယ်သဘာဝသူငယ်ချင်းတွေနှင့်ဘော်ဒါအရင်း တွေချည်းတစ်ခါတစ်လေသွားလာလည်ပတ်တာမျိုးကိုတောင်ခွင့်မပြုချင်တော့သလို ပိတ်ပင်တားဆီးချည်နှောင်တာမျိုးတွေရှိလာတော့�ကျွန်တော့်မှာခြေချုပ်မိသလိုခံစားလာရကာတစ်စထက်တစ်စဒီဆက်ဆံရေးကိုစိတ်ပျက်လာမိတော့သည်။ တေးကိုဒီအနေအထားထိလုပ်ခွင့်ရအောင် ကျွန်တော်ကိုယ်တိုင်ကပဲခွင့်ပြုပေးခဲ့မိတာမို့�ကျွန်တော့်အပြစ်လည်းမကင်းခဲ့ပါ။�တေးကိုသိပ်ချစ်ပါသော်လည်း ဒီလိုမိန်းကလေးမျိုးကို ဇနီးအဖြစ်တစ်သက်တာလက်တွဲသွားရမည်ဆိုလျှင်ဟုစဉ်းစားမိတိုင်းရင်ထဲလေးလံလာရတာကြောင့် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါသည်။ အဲဒီဆုံးဖြတ်ချက်ကတော့ ကျွန်တော့်ကိုအလွန်ချစ်ပြီး၊ ဘယ်သောအခါမှလက်လွှတ်နိုင်မည်မဟုတ်သည့်တေးရဲ့အညှာကိုကိုင်ပြီး သူ့ရဲ့အမူ�အကျင့်တွေကိုပြုပြင်ယူရန်ပရိယာယ်သုံးဖို့ပဲဖြစ်ပါသည်။ စစချင်းလမ်းခွဲကာစက တေးတစ်ယောက်ဖျတ်ဖျတ်တွေလူးပြီး ဖုန်းတွေခေါ်၊ မက်စေ့ခ်ျတွေ�ပို့နှင့်ယောက်ယက်ခတ်နေချိန်၊ တစ်ဖက်မှာကျွန်တော်သည်လည်း ဖုန်းဖြေချင်စိတ်၊ စာပြန်ချင်စိတ်တွေကိုကြိတ်မှိတ်မြိုသိပ်နေရပါသည်။ သစ်စိမ်းချိုးချိုးခံလိုက်ရလို့ရင်ကွဲပက်လက်ဖြစ်နေရှာတဲ့ချစ်သူလေးဆီအပြေးသွားပြီးနှစ်သိမ့်ချင်လိုက်သည်မှာ အိမ်မြှောင်အမြီးပြတ်သလိုထွန့်ထွန့်လူးနေခဲ့ပါသည်။
သို့သော် တေးကိုဒီလိုမှသင်ခန်းစာမပေးလျှင် သူ့အကျင့်တွေကို ဘယ်တော့မှပြင်မည်မဟုတ်မှန်းသိနေတာကြောင့် ကျွန်တော့်စိတ်ကိုအတော်ကြီးထိန်းချုပ်ထားခဲ့ရပါသည်။ တေးရုံးပြန်ချိန်တွေမှာ တေးမမြင်အောင်ခိုး၍စောင့်ကြည့်ခဲ့ပြီး မျက်နှာလေးညှိုးငယ်ကာသိသိသာသာကိုယ်ရည်စစ်သွားသောတေးကိုမြင်ရတော့စိတ်မကောင်းဖြစ်ရလွန်းလို့ ကိုယ်ထင်ထွက်ပြမိတော့မတတ်ဖြစ်ခဲ့ရတာကိုအနိုင်နိုင်ဘရိတ်အုပ်ထားခဲ့ရပါသည်။�ကျွန်တော်တို့ကုမ္ပဏီသူဌေးကလည်းလူငယ်တစ်ဦးဖြစ်ပြီးဝန်ထမ်းတွေကိုညီအစ်ကိုလိုပေါင်းသင်းဆက်ဆံတတ်သူမို့ တေးရုံးဆင်းချိန်တွေမှာ ရုံးကခဏထွက်ခွင့်ရဖို့ကျွန်တော်ခွင့်တောင်းတာကိုနားလည်ခွင့်ပြုပေးခဲ့လို့တော်ပါသေးသည်။ သူငယ်ချင်းမင်္ဂလာဆောင်တုန်းကလည်း တေးလာမယ်ဆိုတာကိုကြိုတင်သိထားခဲ့တာမို့ ကျွန်တော်အများကြီးစိတ်လှုပ်ရှားမနေတော့ပဲ ဘာမှမခံစားရသလိုဟန်ဆောင်ကာ တေးကိုကျွန်တော်တို့ထိုင်နေသောစားပွဲကိုမခေါ်ဖို့ တေးမမြင်မြင်အောင်တမင်လုပ်ပြခဲ့ခြင်းဖြစ်သည်။ တေးမျက်နှာပျက်ပြီးပြေးထွက်သွားချိန်မှာ တစ်စုံတစ်ခုဖြစ်သွားမှာစိုးရိမ်စိတ်နဲ့ကျွန်တော် နောက်ကလိုက်ကြည့်မိတော့ တေးကသူ့အိမ်ကဒရိုက်ဘာမောင်းတဲ့ကားနဲ့ပဲပြန်ထွက်သွားတာတွေ့ရမှ ကျွန်တော်စိတ်ချလက်ချရှိနိုင်ခဲ့ပါသည်။
တေးရဲ့ဖေ့စ်ဘုတ်အကောင့်ကို အကောင့်တုတစ်ခုနဲ့ကျွန်တော်ဝင်ကြည့်နေကျမို့ အဒီနောက်ပိုင်း တေးကျွန်တော့်ကိုအရွဲ့တိုက်သလိုစာတွေရေးတင်တာ၊ ယောကျာ်းလေး၊ မိန်းကလေးသူငယ်ချင်းအုပ်စုနဲ့ပုံတွေတင်တာ၊ ခရီးအတူထွက်တာတွေတွေ့ရတော့ ကျွန်တော်စိတ်ပူစပြုလာပါသည်။�ကျောင်းတုန်းကကျွန်တော်နှင့်အပြိုင်တေးကိုသည်းကြီးမည်းကြီးလိုက်ခဲ့ဖူးတဲ့သူရိန့်ကို တေးအနားမှာပြန်မြင်ရတဲ့အပြင် တေးသူငယ်ချင်းတွေဆီကတစ်ဆင့်အဲ့ကောင်ကတေးကိုချစ်ရေးဆိုထားကာ တေးကလည်းစဉ်းစားပေးနေသည်လို့ကြားရတော့မှ မဖြစ်ချေတော့ဘူး၊ သင်ခန်းစာပေးနေတာတော်လောက်ပြီလို့ဆုံးဖြတ်ကာ တေးကိုတွေ့ပါရစေလို့�ခွင့်တောင်းရပါတော့သည်။ မိန်းကလေးတွေဆိုတာက “ချစ်လုံးလုံး၊ မုန်းလျားလျား” လို့ဆိုတတ်ကြသည်မဟုတ်လား။ တေးရဲ့အပြုအမူတွေကိုမနှစ်သက်တာကတစ်ပိုင်း၊ တေးကိုသိပ်ချစ်နေတာကတစ်ပိုင်းမို့ ဒီထက်ပိုပြီးစွန့်စားဖို့မသင့်တော့သလို၊ အကယ်၍များမပြောကောင်းမဆိုကောင်းတေးကိုအပြီးအပိုင်ဆုံးရှုံးလိုက်ရမည်ဆိုလျှင် ကျွန်တော်ဒီတစ်သက်နောင်တရလို့ဆုံးမှာမဟုတ်တော့ပေ။
************ တေးနှင့်ကျွန်တော်တွေ့နေကျကော်ဖီဆိုင်မှာပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်ပြန်တွေ့ကြတော့ တေးကဘာစကားမှမပြောပဲ တည်တည်ငြိမ်ငြိမ်နှင့်ကျွန်တော့်မျက်လုံးထဲကိုအကြာကြီးမမှိတ်မသုန်စိုက်ကြည့်နေခဲ့တာမို့ ကျွန်တော့်မှာခြေဖျားလက်ဖျားတွေတောင်အေးစက်လို့လာခဲ့ရပါသည်။�နှစ်ယောက်အကြားမှာတိတ်ဆိတ်ခြင်းကိုကြာရှည်သည်းမခံနိုင်တော့တာမို့ ကျွန်တော်ကပဲစပြီး စားပွဲပေါ်မှာတင်ထားတဲ့တေးရဲ့လက်လေးတစ်ဖက်ကိုဆွဲယူလိုက်ကာ… “တေး… ကို့ကိုစိတ်နာနေပြီလားဟင်…�ကိုကတော့တေးကိုတစ်ရက်မှမေ့မရတဲ့အပြင်�ဒီခြောက်လတာကာလအတွင်းမှာအချိန်ယူပြီးအသေအချာစဉ်းစားကြည့်ခဲ့တယ်…�တေးမပါပဲကို့ဘဝခရီးကိုရှေ့ဆက်နိုင်ပါ့မလားဆိုတာကိုပေါ့…�အဲဒီမှာ ကို တေးကိုအဆုံးရှုံးမခံနိုင်လောက်အောင်ချစ်တယ်ဆိုတာသဘောပေါက်လာခဲ့ရတယ်…�ကို တေးကိုမချစ်လို့လမ်းခွဲစကားပြောခဲ့တာမဟုတ်ပါဘူး…�နှစ်ယောက်တစ်ဘဝထူထောင်ကြတဲ့အခါမှာအချစ်တစ်ခုတည်းနဲ့မလုံလောက်တော့ဘူးတေးရဲ့… ဇနီးမောင်နှံတွေကြားမှာတစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊�စာနာမှု၊ လေးစားမှုတွေနဲ့တည်ဆောက်မှ�သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်မှာမို့ အထိုက်အလျောက်ရင့်ကျက်မှုရှိဖို့ကမရှိမဖြစ်လိုအပ်လာပြီလေ…�ဒါကြောင့် ကိုစဉ်းစားဖို့အချိန်ယူခဲ့တာပါ..�တေး ကို့ကိုချစ်နေသေးတယ်၊ ကိုအခုပြောနေတာတွေကိုသဘောပေါက်တယ်ဆိုရင် တေးကို�ကိုလက်ထပ်ခွင့်တောင်းချင်ပါတယ်…�တေးလက်ခံပေးနိုင်မလား… တေးရဲ့သဘောထားလေးသိပါရစေ…” တေးဟာ ကျွန်တော်ပြောသမျှစကားတွေကို�မတုန်မလှုပ်နားထောင်နေရာက နှုတ်ခမ်းလေးတွေတဆတ်ဆတ်လှုပ်ကာမဲ့ကျလာခဲ့ပြီး ကျွန်တော်ဆွဲကိုင်ထားတဲ့သူ့လက်ကိုအတင်းရုန်းကာဆိုင်အပြင်ဘက်သို့ပြေးထွက်သွားပါလေတော့သည်။ ကျွန်တော်လည်း “ငါလုပ်ခဲ့တာတွေသိပ်ကိုလွန်သွားပြီထင်တယ်”လို့ရင်ထဲထိတ်ကနဲဖြစ်ကာဘာလုပ်ရမှန်းမသိပဲ တေးနောက်ကိုသာထပ်ချပ်မကွာအပြေးလိုက်သွားမိပါသည်။ ကားပါကင်မှာ ကားတံခါးကိုဆွဲဖွင့်နေတဲ့တေးကိုပခုံးကကိုင်ပြီးကျွန်တော့်ဘက်ဆွဲလှည့်ကာ ရင်ခွင်ထဲမှာကျစ်ကျစ်ပါအောင်ထွေးဖက်ထားရင်းပါးစပ်ကလည်းတတွတ်တွတ်နှင့်ချော့နေမိပါသည်။
�ရင်ထဲမှာလည်း… “တေးလေး…ချစ်ရတဲ့တေးလေး… သူ့အကျင့်တွေမပြင်ရင်လည်းနေပါစေတော့..�ငါကပဲအလျှော့ပေးပြီးချစ်သွားပါတော့မယ်”လို့.. သန္နိဋ္ဌာန်ချနေမိပါသည်။ တေးကတစ်ခဏတော့အတင်းရုန်းကန်နေခဲ့ပြီး ကျွန်တော်ကလွှတ်မပေးတော့ ဟီးကနဲချုံးပွဲချငိုချလိုက်ကာ ကျွန်တော့်ရင်ဘတ်ကိုတဘုန်းဘုန်းနှင့်ထုရိုက်နေပါလေတော့သည်။ သူငိုလို့ဝတော့မှ ဘာမပြောညာမပြောနှင့် ကျွန်တော့်လက်မောင်းကိုကုန်းကိုက်ပါတော့သည်။ “အား… နာလိုက်တာတေးရယ်….ကျွတ်ကျွတ်” တစ်စက်ကလေးမှမတွန့်၊ မရုန်းပဲအကိုက်ခံနေရင်း ကျွန်တော့်နှုတ်ကညီးသံထွက်လာတော့မှ မျက်ရည်တွေစိုစွတ်နေတဲ့မျက်တောင်ကော့ကြီးတွေနဲ့ မော် ကြည့်ပြီးမျက်စောင်းအကြီးကြီးတစ်ချက်ထိုးကာ… “နာရုံမကလို့…သေပဲသေသေ… နောက်တစ်ခါချန်ထားခဲ့ရင်ဒီထက်ပိုနာအောင်ကိုကိုက်ဦးမှာ..” ပါးစပ်ကသာသေလို့ပြောနေပေမယ့် သွားရာအကွင်းလိုက်ထင်သွားတဲ့ကျွန်တော့်လက်မောင်းကို တေးကသူ့လက်နုနုလေးတွေနဲ့ပွတ်ပေးနေတာမို့ ကျွန်တော့်ရင်ထဲကအပူလုံးကြီးအခုမှကျသွားရပါတော့သည်။ ထိုအချိန်သည်ကား တေးကကျွန်တော့်အား ကိုက်တာ၊ ထုတာ၊ ရိုက်တာနောက်ဆုံးအကြိမ်ဖြစ်ခဲ့ပါသည်။ ************ အခုအချိန်မှာတော့ ကျွန်တော့်မှာ လင်ယောကျာ်းအပေါ်သိပ်ကိုနားလည်သိတတ်ပြီး၊ လိမ္မာယဉ်ကျေးတဲ့ချစ်ဇနီးလေး”တေး”အပြင်၊ သူစိတ်တိုင်းမကျရင်နှုတ်ခမ်းတစ်တောင်လောက်ထော်ပြီး မျက်စောင်းတထိုးထိုးနှင့်တဗြဲဗြဲအော်ငိုကာချွဲနွဲ့တတ်သောအဖေချစ်၊ အမေတူသမီးချောလေး”ကြည်နူးဝေဖြာ” ရယ်နှင့်ပြည့်စုံသာယာသောမိသားစုဘဝလေးကိုပိုင်ဆိုင်ထားရပြီဖြစ်ပါကြောင်း….။
စာရေးသူ=ဝေး





