ကျေးဇူးကြွေး…..
ကျွန်တော်ပဲခူးရောက်စဉ် သတိရမိသည်မှာ ကိုကြည်မြင့်ဖြစ်သည်။ ကျွန်တော် အလှူသွားလုပ်သည့် ဘုန်းကြီး ကျောင်းမှာ ကိုကြည်မြင့်နေသည့် လမ်းနှင့်နီးသည်။ ကျွန်တော်က ထိုလမ်းထဲဝင်သွားပြီး ကိုကြည်မြင့်နေသည့် အိမ်နေရာကိုရှာသည်။ အရာရာသည် ပြောင်းလဲနေ သည်။ ယခင်တဲလေးတွေက အိမ်ကောင်းလေးတွေဖြစ်၊ တိုက်လေးတွေဖြစ်ကုန်သည်။ ကိုကြည်မြင့် အိမ်က ချောင်းရိုးလေးဘေးတွင်ရှိသည်ကို မှတ်မိနေသည်။ ယခင် ကျွန်တော်တို့ ငါးဆင်းဖမ်းသည့် ချောင်းရိုးလေးသည် တစ်တောင်လောက်အကျယ်သာ ရှိတော့သည့် မြောင်းကလေးဖြစ်နေသည်။
လူတွေက ခြံစည်းရိုးတွေကို ရသလောက်တိုးချဲ့ထားကြသည်။ သူ့အိမ်လေးကတော့ ဘာမျှမပြောင်းလဲ။ “ဒါကိုကြည်မြင့်တို့အိမ်လား” ကျွန်တော်က သေချာအောင် အိမ်ရှေ့တွင်ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို မေးလိုက်သည်။ ထို အမျိုးသမီးက “အဖေ … အဖေ့ဧည့်သည်” ဟုအော်လိုက်သည်။ အိမ်ထဲက ခါးကိုင်းကိုင်းနှင့်လူတစ်ယောက်ထွက်လာသည်။ ဆံပင်တွေ တစ်ခေါင်းလုံးဖွေးနေသည်။ စွပ်ကျယ်ချိုင်းပြတ်အောက်တွင် ပခုံးရိုးတွေ၊ နံရိုးတွေကို အပြိုင်းလိုက်တွေ့နေရသည်။ “ဘယ်သူလဲ” “ဟေ့ ကိုကြည် ကျွန်တော်လေ … ကျွန်တော် … မမှတ်မိဘူးလား” “ဟာ … မင်းနှယ် ဝလာလိုက်တာ … အသားတွေလည်းဖြူလို့ မှတ်တောင် မမှတ်မိဘူး။ လာလေ အိမ်ပေါ်တက်” သူက ကျွန်တော့်ကို အိမ်ပေါ်အတင်းဆွဲခေါ်သဖြင့် သူနှင့်လိုက်ခဲ့ရသည်။ “ဟေ့ ဖျာကတော့မရှိဘူး ရတယ်မဟုတ်လား … ရှိတာတွေက အစုတ်တွေကွ” “ရပါတယ်ဗျာ” ကျွန်တော် ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ရောက်ခဲ့သည့်ဤနေရာ။
ယခုလည်း ဘာမျှ မပြောင်းလဲဟု ထင်သည်။ သူ့အိမ်လေးက ခြေတံရှည်အိမ်လေး သို့သော်ယိုင်နေပြီး ကျားကန်ထားရသည်။ အမိုးကလည်း ကြယ်မြင်လမြင် အနေအထား။ “ကိုကြည် ဘာတွေလုပ်စားနေသလဲ” “ဆိုက်ကားခေတ်မဟုတ်တော့ ဆိုက်ကား မနင်းတော့ဘူးကွ။ နင်းလည်း မနင်းနိုင်တော့ပါဘူး။ မိန်းမက ဈေးထဲမှာ ငါးရောင်းတယ်” “ရှေ့မှာထိုင်နေတာ မင်းသမီးကြီးလား” “အေးလေ” “သူတောင် မိန်းမကြီးဖြစ်နေပြီ။ ကျွန်တော်နဲ့နောက်ဆုံးတွေ့တုန်းက သေးသေးလေး” “သားတွေ သမီးတွေ အကုန်အိမ်ထောင်ကျကုန်ပြီ။ ဒီသမီးကြီးက သူ့လင်သေလို့ ဒီမှာလာပြန်ကပ်နေတာ” “ခင်ဗျားရော ကျန်းမာရေးကောင်းရဲ့လား” “မကောင်းဘူးကွ။ တီဘီတဲ့။ ဆေးကုနေရတယ်” ကျွန်တော့်အပေါ် ကိုကြည်ကျေးဇူးရှိဖူးပါသည်။
ကျွန်တော် ဘူတာတွင် ဆိုက်ကားနင်းစဉ်က ဆိုက်ကားရှာ မရသဖြင့် ယောင်လည်လည်ဖြစ်နေစဉ် သူက ကျွန်တော့်ကို သူ့ဆိုက်ကား ပေးနင်းသည်။ ဝေးသည့် ခရီးတွေကို သူမနင်းချင်လျှင် ကျွန်တော့်ကို သူ့ဆိုက်ကားပေးနင်းသည်။ ပြန်လာပြီး သူ့ကို ဆိုက်ကားခပေးလည်း သူကမယူပါ။ “မင်းနင်းတာ မင်းယူ” ဟုသာပြောလေ့ရှိသည်။ ကျွန်တော်က အိတ်ထဲမှ ပိုက်ဆံအိတ်ကိုထုတ်လိုက်သည်။ ပိုက်ဆံအိတ်ထဲမှာ ငွေတစ်သိန်းကိုထုတ်ပြီး အသင့်ပါလာသည့် စာအိတ်လေးထဲထည့်ကာ “ကိုကြည် … ကိုကြည့်အတွက် ကျွန်တော်ဆေးကုဖို့ပေးတာပါ … ရော့” သူက ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်။
ကျွန်တော်ပေးသည့် ပိုက်ဆံကို မယူ။ “ကိုကြည် ရော့လေဗျာ” “အင်း … မယူချင်ပါဘူးကွာ” “ဘာဖြစ်လို့လဲကိုကြည်” “ငါ့လူရာ မင်းဘယ်လောက် ချမ်းသာနေသလဲဆိုတာ ငါမသိပါဘူး။ ဒါပေမဲ့ ငါ့ထက်တော့ အခြေအနေ ကောင်းပုံရပါတယ်။ မင်းနဲ့ငါ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ဆက်ဆံရေးမျိုးပဲ လိုချင်တယ်ကွာ။ ငါ့ကို သနားတဲ့ သဘောမျိုးနဲ့ ပေးတာမျိုး မလိုချင်ဘူး” “ခင်ဗျားကို သနားလို့ ပေးတာ မဟုတ်ပါဘူးဗျာ” “ကိုယ့်လူ … ဘာဖြစ်လို့ပဲဖြစ်ဖြစ် မပေးနဲ့။ ငါလက်မခံချင်ဘူး။ မင်းပေးတာကို ငါလက်ခံလိုက်ပြီးတော့ မင်းကို ကျေးဇူးတင်နေရတာမျိုး ငါစိတ်ထဲမှာ ဖြစ်မနေချင်ဘူး။
မင်းတစ်ချိန်က ငါ့ကို ပြောခဲ့တဲ့စကားကို ငါပြန်ပြောတာ။ မင်း ဒုက္ခရောက်တုန်းက ငါ ငွေ ၅ ကျပ်ပေးတာ မှတ်မိသေးလား” “မှတ်မိတာပေါ့” “အဲဒီတော့ မင်းဘာပြန်ပြောခဲ့သလဲ” “မမှတ်မိတော့ဘူး” “ငါကတော့မှတ်ထားတယ်ကွ” “ဘာများလဲဗျာ” “ကျွန်တော် ကျေးဇူးအကြွေးမတင်ချင်ဘူးဆိုတာလေ။ မင်းမှာ ပစ္စည်းမဲ့မာနရှိခဲ့သလို ငါ့မှာလည်း ရှိပါတယ် ကွာ။ မင်းကျေးဇူးကြွေး အတင်မခံဘူး။ ငါဒီအတိုင်း နေလို့ဖြစ်ပါတယ်” “ဆောရီးဗျာ … ကျွန်တော်အဲဒီတုန်းက အဲဒီလိုပြောခဲ့မိတာ” “ကိုယ့်လူရေ မဆောရီးနဲ့။ မင်းမာနကိုကြိုက်ခဲ့တာ။ ခုလည်း ထားလိုက်ပါကွာ” ကျွန်တော်သူ့ကိုနှုတ်ဆက်ကာ ပြန်ခဲ့သည်။
ကျွန်တော်လမ်းထိပ်လောက်အရောက်တွင် ကျွန်တော့်နောက်မှ “ဦးလေး … ဦးလေး” ဟုခေါ်သံကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။ ကိုကြည့်သမီးဖြစ်နေသည်။ သူက “ဦးလေး အဖေက အဲဒီလိုပဲ တကယ်တော့ အိမ်မှာ စားဖို့တောင် ဆန်မရှိဘူး” “ငါ့နောက်ကို သမီးလိုက်လာတာ နင့်အဖေသိလား” “မသိဘူး” ကျွန်တော်က အိတ်ထဲမှ စောစောက စာအိတ်ကို ပြန်ထုတ်လိုက်သည်။ “ရော့ နင့်အဖေကို လိုတာလုပ်ပေး” ဆိုကာသူ့လက်ထဲကို ပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ်ဦး” ကျွန်တော်နှင့်ကိုကြည်မှာ ကျေးဇူးကြွေး မရှိ။ …….
ဆရာကြီးတင်ညွန့်……





