လင်ဆိုးမယား

လင်ဆိုးမယား

မြင့်သန်းလို့ဆိုလိုက်တာနဲ့ ရွာထဲကလူတွေအကုန်နှာခေါင်းရှုံ့ကြသည်။ရှုံ့ရလောက်အောင်လဲ ဂုဏ်ပုဒ်တွေကများသည်ကိုး။ကြက်ဝိုင်းလဲပါသည်၊ဖဲဝိုင်းလဲပါသည်၊အရက်ဝိုင်းလဲပါသည်ပင်။ဘယ်နေရာမှာတော့ ရန်ဖြစ်ပြီးရိုက်ကြလို့တဲ့ ပြေးမကြည့်နဲ့တွေးကြည့်ရင်တောင်မှန်သည် ထိုနေရာ၌မြင့်သန်းရှိလေသည်။ “ဟေ့ကောင် မြင့်သန်းမင်းမူးနေပြီ တော်တော့ကွာ”�“ဟ ဘာလဲကိုချစ်က ကျုပ်ကိုမောင်းထုတ်နေတာလား”�“ဟာ မဟုတ်ပါဘူး မြင့်သန်းရာ နေလဲကျပြီဆိုတော့ ဆိုင်သိမ်းတော့မှာမလို့ပါ”�“အေ့ ဆိုင်သိမ်းတော့မှာလား အေ့ ဒါဆို ကျုပ်တစ်လုံးယူပြီးပြန်မယ်”�“အေးပါကွာ” ဆက်ပြောနေလဲဘာအကျိုးမှမဖြစ်ထွန်းနိုင်တာကိုသိလို့ ချက်အရက်ဆိုင်လေးဖွင့်ထားတဲ့ ကိုချစ်လဲစိတ်ကျေနပ်အောင် အရက်တစ်လုံးပေးပြီးပြန်ခိုင်းလိုက်ရတော့သည်။ “အေ့ အရက်ကိုကြိုက်လို့သောက်တဲ့သူ အေ့ စိတ်နာ”�“ဝုတ် ဝုတ် ဝုတ်”�“ဟာ ဒီခွေးစုတ်တော့ အေ့” လမ်းထိပ်ကခွေးဟောင်သံနဲ့အတူ ယောင်္ကျားဖြစ်သူရဲ့အသံကိုပါကြားလိုက်ရတာကြောင့် အေးမိတစ်ယောက်သက်ပြင်းချနေမိတော့သည်။

အေးမိနဲ့မြင့်သန်းတို့မညားခင်က အေးမိဘက်ကအမျိုးတွေကဝိုင်းတာကြပါသေးသည်။အေးမိကငယ်ကတည်းကမိဘတွေမရှိတော့တာမို့ အဒေါ်ဖြစ်သူတွေကခေါ်ယူမွေးစားခဲ့ကြတာဖြစ်သည်။ပစ္စည်းရှိတဲ့အသိုင်းအဝိုင်းမို့ အေးမိလဲလူမွေးသူမွေးပြောင်ခဲ့ရလေသည်။ မြင့်သန်းကတော့ မိခင်မုဆိုးမကြီးနဲ့နှစ်ယောက်ထဲနေပြီး ကြုံရာအလုပ်လုပ်ရင်း ဘဝကိုဖြတ်သန်းနေတာဖြစ်သည်။မြင်ပါများတော့ခင်ဆိုတဲ့အတိုင်း အေးမိတစ်ယောက် မြင့်သန်းအပေါ်ကရုဏာမိုးတွေအစွေလွန်ပြီးညားခဲ့ကြတာ ကလေးတောင်နှစ်ယောက်ရချေပြီ။အဒေါ်တွေကဘယ်လိုပင်တားခဲ့သော်လဲ အေးမိနဲ့မြင့်သန်းညားခဲ့ကြသည်မို့ ဆွေခန်းမျိုးခန်းဖြတ်ထားကြလေသည်။ ရခါစတုန်းကတော့ ဒင်းကမူမပျက် အသောက်အစားမဖက်ဘဲ အလုပ်ကြိုးစားပြီး သူ့ကိုအလိုလိုက်ရှာသည်။ပထမဆုံးသားကြီးမွေးပြီးတဲ့နောက်ပိုင်း အလုပ်ပင်ပန်းတာကိုအကြောင်းပြပြီး အသောက်အစားဖက်လာသည်။နောက်ပိုင်းတော့ပိုပိုဆိုးလာပြီး အလောင်အစားပါဖက်လာတာကြောင့် သူရှာသမျှငွေ အေးမိထံရောက်မလာတော့ပေ။ အပျိုဘဝတုန်းကအဒေါ်တွေဆီမှာ ထမင်းချက်ဟင်းချက်လောက်သာ လုပ်ဖူးခဲ့တဲ့ အေးမိတစ်ယောက် ဈေးဗန်းခေါင်းရွက်ပြီး ရွာထဲဟင်းရွက်ရောင်းနေရပြီဖြစ်သည်။

ဘဝဆိုတာကြီးကမျက်လှည့်ပြလိုက်သလိုပင် အရင်တုန်းကနဲ့တခြားစီခုတော့ မရှက်နိုင်အောင် တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ဈေးရောင်းနေရသည်။ဒီကြားထဲ ကံမကောင်းရှာတဲ့ သမီးလေးက သူတို့ဘဝထဲရောက်လာသေးသည်။ သမီးလေးကိုယ်ဝန်ရှိချိန်မှာတော့ ဒင်းအတော်ခြေငြိမ်သွားသေးသည်။အသောက်အစားတွေရပ်ပြီး အလုပ်ပုံမှန်လုပ်ကာ မွေးစားရိတ်အတွက် ငွေအပ်သေးသည်။နောက်တော့လဲ ဒုံရင်းကဒုံရင်းနဲ့ ခုဆိုသမီးလေးတောင် လေးနှစ်ထဲရောက်ချေပြီ။သားကြီးကတော့ ခုနှစ်နှစ်ထဲမို့သူ့အတွက်ကူဖော်ရနေပြီဖြစ်သည်။ “မိန်းမရေ အေ့ ငါပြန်လာပြီကွ ထွက်မကြိုဘူးလား အေ့” အေးမိတစ်ယောက် လင်ဖြစ်သူရဲ့အသံဆိုးကိုကြားမှပဲ အတွေးလွန်နေရာကနေ သတိဝင်လာတော့သည်။ “ဟေ့ ဒီမိန်းမ ငါခေါ်နေတာကို”�“ဒီမှာ ကိုအဝှါ တော့်မှာခြေထောက်ပါတာပဲ တက်လာပေါ့”�“ဘာကြ” တစ်နေ့တစ်နေ့ တစ်ကျက်ကျက်နဲ့ရန်ဖြစ်ရသည့် အချိန်ကဒင်းအရက်ဆိုင်ကပြန်လာသည့်အချိန်ပဲဖြစ်သည်။တစ်ခါတလေသုံးရက်လောက်အိမ်မပြန်လာသည့်အခါဆို စိတ်ချမ်းသာရသည်က အတိုင်းမသိ။ဒင်းပြန်လာပြီဆိုရင် အိမ်မှာဆူရပူရပြီ။ “ငါ ထမင်းစားမယ် ဘာဟင်းရှိလဲ အေ့”�“အဲ့မှာ ရှိတာအကုန်ပဲ စားစရာရှိတာစား”�“ဟ မင့်ဟင်းက ဘယ်နေ့လာလဲ ကန်စွန်းရွက်ကြော် ဘယ်နေ့လာလဲ”�“ဒီမှာ အဲ့ကန်စွန်းရွက်ကြော်တောင် တော်စားရတာကံကောင်းတယ်မှတ် တော့်လုပ်စာတစ်ပြားမှမပါဘူး”�“ဘာကွ တောက် ဒီမိန်းမ ကဲကွာ”�“ဝုန်း” ကြမ်းပြင်မှာပြန့်ကျဲသွားတဲ့ ထမင်းနဲ့ဟင်းတွေကိုကြည့်ပြီး အေးမိလဲဒေါကန်ပြီး ထတီးဖို့အလုပ် သမီးလေးရဲ့အသံကြောင့် စိတ်ထိန်းလိုက်ရလေသည်။ “မေမေ သမီးကြောက်တယ်”�“လာလာ သမီး ဘာမကြောက်နဲ့ မေမေရှိတယ်နော်” နုနယ်တဲ့ကလေးတွေစိတ်ထဲဒဏ်ရာရမှာစိုးလို့ အေးမိဒေါသကိုထိန်းရင်း သမီးလေးကိုချော့သိပ်နေလေသည်။

အိမ်ရှေ့ခန်းမှာတော့ အော်ဟစ်ဆဲဆိုကာ အရက်သောက်နေသူကတော့ မြင့်သန်းပဲဖြစ်သည်။ပတ်ဝန်းကျင်ကလဲ သူ့အကြောင်းသိကြသည်မို့ ဘယ်သူမှဝင်မပါကြတော့ပေ။ အေးမိတစ်ယောက် မနက်စောစောထကာ မနေ့ညထဲကပြင်ဆင်ထားတဲ့ ဈေဗန်းခေါင်းရွက်ကာရွာထဲလှည့်လာပြီဖြစ်သည်။ဘေးအိမ်က ဒေါ်ရွှေဆီ ကလေးအပ်ပြီး ဈေးထွက်ရောင်းနေကြပင်။ရှေ့ခန်းမှာခုထိ မူးပြီးအိပ်နေသူ မြင့်သန်းကတော့ အရက်ဆာမှပဲထလာမှာဖြစ်သည်။ “ဟောဒီက ကန်စွန်းရွက်တွေပါတယ်နော်”�“လာပါအုန်း အေးမိရေ”�“ဟုတ် ကြီးကြီးတင်” ရွာထဲကလူတွေကတော့ အေးမိကိုချစ်ကြသည်မို့ တကူးတကအားပေးကြလေသည်။တစ်ချို့အိမ်တွေဆို စားစရာတွေပိုနေရင် သားနဲ့သမီးအတွက်ထုပ်ပေးလိုက်ကြသည်။တစ်မနက်လုံးရောင်းလို့ပြီးတော့ အေးမိအိမ်ပြန်လာခဲ့သည်။သားနဲ့သမီးကိုဝင်ခေါ်ပြီး မနက်စာနဲ့နေ့လည်စာကိုပေါင်းပြီးချက်စားလိုက်သည်။ပြီးရင်ရွာနောက်ကအင်းထဲ နောက်နေ့ရောင်းဖို့ ကန်စွန်းရွက်နဲ့အခြားအရွက်လေးတွေခူးရအုန်းမှာဖြစ်သည်။ မောမောပန်းပန်းနဲ့ဟင်းရွက်ခူးပြီးပြန်လာတဲ့ အေးမိလဲအိမ်ရှေ့မှာ လူတွေစုနေတာကြောင့် ရင်ထိတ်ပြီးအိမ်ထဲအပြေးဝင်လာခဲ့သည်။ “ဘာဖြစ်ကြတာလဲရှင်”�“ဟာ အေးမိဘာဖြစ်ရမှာလဲ နင့်ယောင်္ကျားကဖဲကြွေးမဆပ်လို့ ငါတို့လာတောင်းတာ”�“ရှင်”�“ဟုတ်တယ် ဟေ့ကောင်မြင့်သန်း ဆင်းလာစမ်း”�“နေကြပါအုန်းရှင် ဖဲကြွေးက ဘယ်လောက်တောင်လဲ”�“ငါးသောင်း”�“ဘယ်လို ငါးသောင်း” တစ်နေ့လုံးခြေညောင်းအောင်ရောင်းရင်တောင်စားဖို့အနိုင်နိုင်ရတာကို ဒင်းကတော့တစ်ရက်ထဲနဲ့ ဖဲကြွေးငါးသောင်းတင်အောင်ရိုက်နိုင်လေသည်။

နက်ဖြန်ဆက်ဆက်ပေးမည်ဖြစ်ကြောင်းတောင်းပန်ကာပြန်လွတ်လိုက်ပြီး အေးမိအိမ်ပေါ်တက်လာတော့သည်။အိမ်ပေါ်မှာတွေ့လိုက်ရတာက တစ်အိမ်လုံးပွစာကြဲလို့ သေတ္တာထဲလဲ အကုန်မွေနှောက်ထားလေသည်။ “ကိုမြင့်သန်း”�“ဟာ ဘာလဲကွာ အလန့်တကြားနဲ့”�“ရှင်ဟာလူစိတ်ရော ရှိသေးရဲ့လား ရှင့်မှာသားနဲ့သမီးရှိသေးတယ်”�“အဲ့တော့ ငါကဘာလုပ်ရမှာလဲ ငါ့အကြွေးဆပ်ဖို့ ငွေလိုတယ် ဘယ်မှာလဲ လက်စွပ်က ပေးစမ်း”�“ဘာ လက်စွပ်” ခုမှပဲအေးမိရင်ထိတ်သွားရသည် ကလေးတွေကိုကျောင်းထားနိုင်ဖို့ အလုပ်ကြိုးစားပြီးဝယ်ထားတဲ့ လက်စွပ်လေးကို ဒင်းတွေ့သွားပြီထင်သည်။သေတ္တာဆီကိုပြေးသွားပြီး အိတ်လေးနဲ့ကပ်ထားတဲ့ လက်စွပ်ကိုမြင်မှစိတ်အေးသွားရသည်။ “အော် လက်စသတ်တော့ ဒီမှာကိုး”�“ရှင်အနားကပ်မလာနဲ့နော် ဒါသားနဲ့သမီးအတွက်�လုပ်ထားတာ”�“လျှာမရှည်နဲ့ ငါ့ပေးစမ်း”�“မပေးဘူး”�“ဟာ ကဲကွာ ဖြန်း” ပါးဆီကနာကျင်တဲ့ဝေဒနာကိုခံစားလိုက်ရပြီး အေးမိခွေလဲကျသွားတော့သည်။နားထဲမှာ မြင့်သန်းရဲ့ကျေနပ်နေတဲ့ရီသံကိုကြားတချက်မကြားတချက်နဲ့ ရှိနေသည်။ “ရော့ ဒီမှာ ဘတုတ် မင်းဖဲကြွေး”�“ဟ ဒီလိုမှပေါ့ မြင့်သန်းရ ဒီနေ့ရော ချအုန်းမလား”�“အေး ချမှာစောင့်နေ” အိမ်ကနေလုယူလာတဲ့ လက်စွပ်လေးကို ရောင်းပြီးဖဲကြွေးဆပ်ကာ ပိုတာကိုအရက်ကြွေးပေးပြီးသုံးရက်လောက်အိမ်မပြန်တော့ပေ။

အေးမိခမျာမှာတော့ တစ်မနက်လုံးရွာစဉ်လှည့်ရောင်းကာမှ ၃ထောင်၄ထောင်တောင်မနဲ။ခုတော့ အယူမှားမိလေတဲ့ မြင့်သန်းကြောင့် လင်ဆိုးမယား တဖားဖားဖြစ်ရချေပြီ။ခုလဲအိမ်ပြန်မလာတာ သုံးရက်လောက်ရှိပြီမို့ ကလေးတွေနဲ့သူ စိတ်ချမ်းသာရသည်။ “အေ့”�“ဟေ့ကောင် မြင့်သန်း ဖဲဝိုင်းတောင်မလာနိုင်လောက်အောင် မွဲနေပြီလားကွ”�“ဟေ့ ဘတုတ် စကားကိုကြည့်ပြော ငါမလုပ်ရဲတာဘာမရှိဘူး အေ့”�“ဒါဖြင့်လဲ ညနေဝိုင်းကိုလာခဲ့ကွာ သွေးရှိမှလာနော် ဟဟဟ” အရက်ဆိုင်ပိုင်ရှင်ကိုချစ်လဲ မြင့်သန်းကိုဖျောင်းဖျကြည့်ဖို့ ကြိုးစားရသည်။မြင့်သန်းသူ့ဆိုင်မှာသောင်တင်နေတာ ဒီနေ့နဲ့ဆိုလေးရက်ရှိချေပြီ။ “ဟေ့ကောင် မြင့်သန်း မင်းဆက်မမိုက်ပါနဲ့တော့ကွာ အေးမိလေးမျက်နှာလဲကြည့်ပါအုန်း သူ့ခမျာခလေးနှစ်ယောက်နဲ့ ဘယ်လောက်ပက်ပန်းရှာလိုက်မလဲ”�“ဟ ကိုချစ်ရ ခင်ဗျားနဲ့ဘာဆိုင်လို့နာနေရတာလဲ အေ့”�“ဟေ့ကောင် ခွေးစကားမပြောနဲ့ ငါကမင်းကိုမကြည့်ရက်လို့ပြောနေတာ အဲ့ဘတုတ်ဆိုတဲ့ကောင်ဆီ မသွားနဲ့ သွားရင်မင်းပဲဒုက္ခရောက်မှာ”�“ဟား ဟား မြင့်သန်းကွ သွေးကြောင်တဲ့ကောင်စားထဲမပါဘူး” သူ့စကားကိုအဖက်တောင်မလုပ်ဘဲ ဒယိမ်းဒယိုင်နဲ့ ထွက်သွားတဲ့ မြင့်သန်းကိုကြည့်ရင်း ကိုချစ်တစ်ယောက်အေးမိကိုသနားနေမိသည်။ဟိုဘက်ရွာက အေးမိအဒေါ်တွေနဲ့ ကိုချစ်အတော်ရင်းနှီးလေသည်။ “ဟ မြင့်သန်းကြီးတကယ်လာသားပဲကွ”�“ဟေ့ကောင် ဘတုတ် ငါကပြောရင်ပြောတဲ့တိုင်းလုပ်တတ်တယ်ကွ”�“ဟုတ်ပါပြီကွာ”�“လောလောဆယ် ငါ့ကိုငွေဆယ်သိန်းအရင်ချပေး”�“ဟိုး ဒီလိုလွယ်လွယ်ဘယ်ရမလဲ မင်းဘက်ကဘာပြန်ပေးမှာလဲ မြင့်သန်းရ”�“ဟာ ငါ့အိမ်နဲ့ခြံကိုအပေါင်ထားတယ်ကွာ”�“ကြိုက်ပြီဟေ့ ရော့ဒီမှာဆယ်သိန်း” ဖဲဝိုင်းမှာမိုက်လုံးကြီးနေတဲ့မြင့်သန်းကတော့ အစပိုင်းသာနိုင်ပြီး တဖြည်းဖြည်းနဲ့ရှုံးပွဲဆက်လာလေသည်။

 

ရှုံးမဲမဲပြီးငွေယူရင်း ဖဲရိုက်လိုက်တာ သိန်း၅၀လောက်အကြွေးတင်သွားတော့သည်။ဘတုတ်တို့အဖွဲ့ကလဲ တစ်လအတွင်းလာမရွေးနိုင်ရင် အဆုံးပဲဟုပြောလိုက်တာကြောင့် မြင့်သန်းအိမ်ပြန်လာတော့သည်။ “ဟေ့ အေးမိ ငါဗိုက်ဆာတယ်”�“ဒီမှာ ငါးကြော်ရှိပါတယ်” သမီးလေးကနေမကာင်းဖြစ်နေတာကြောင့် ရန်မဖြစ်အားဘဲ ပြုစုနေရသည်။သမီးလေးအားရှိအောင် မနက်က ဇွတ်မှိတ်ပြီးကြက်ပေါင်တစ်ချောင်းဝယ်လာကာ စွပ်ပြုတ်လေးပြုတ်ထားလေသည်။ငါးနှစ်ကောင်ကတော့ လမ်းမှာငါးမျှားသမားတွေနဲ့တွေ့လို့ ဟင်းစားပေးလိုက်တာဖြစ်သည်။ “အံမှာ ဒီမှာကြက်စွပ်ပြုတ်ရှိတာကို ငါးကြော်ကဘာလုပ်ရမှာလဲ”�“ကိုမြင့်သန်း သမီးလေးဖို့ပါနော် မစားပါနဲ့ သမီးနေမကာင်းဘူး”�“ငါမသိဘူးကွာ စားတယ်ကွာ စားတော့ဘာဖြစ်လဲ”�“ရှင်ဟာလူစိတ်မရှိတဲ့ ဖခင်ပဲ” အသံဆူဆူညံညံတွေကြောင့် အိပ်ပျော်နေတဲ့ အေးမိရဲ့သမီးလေးလန့်နိုးလာသည်။ “မေမေ”�“ဟင် သမီးလေး မေမေရှိတယ်နော်” တစ်လကြာပြီးနောက်နေ့မှာတော့ ဘတုတ်တို့အိမ်ကိုရောက်လာကြလေသည်။ဈေးရောင်းရာကနေပြန်လာတဲ့ အေးမိလဲ ဘတုတ်တို့ကိုမြင်တော့ ဒင်းဘာပြဿနာရှာလာပြန်ပြီမသိချေ။ “ဟေ့ အေးမိ နင့်ယောင်္ကျားဘယ်မှာလဲ”�“အိမ်မပြန်လာတာ တစ်ပတ်လောက်ရှိပြီ”�“အေး သူမရှိရင်လဲ ရှိတဲ့သူကိုပြောရမှာပဲ”�“ဘာများလဲ ကိုဘတုတ်ရယ်”�“အေး ကိစ္စကတော့နင့်ယောင်္ကျားကဒီအိမ်နဲ့ခြံကိုပေါင်ပြီး ဖဲလာရိုက်ထားတာပဲ အဲ့တာတစ်လပြည့်ရင်လာရွေးပါမယ်ပြောသွားလို့ ခုတစ်လပြည့်ပြီ”�“ဘယ်လို ကိုဘတုတ် အိမ်ပေါင်ပြီးဖဲရိုက်တယ်”�“အေး ဒီမှာစာချုပ်”�“ရှင်”�“ဒီနေ့လာမရွေးနိုင်ရင် နက်ဖြန်အိမ်ပေါ်ကဆင်းကြပေတော့” အသားတွေတဆတ်ဆတ်နဲ့ ရင်ထဲမှာလဲဒေါသမီးလျှံတွေတောက်လောင်စွာနဲ့ အေးမိရပ်နေမိသည်။ပေါင်းလာကတည်းက အစစအရာရာသည်းခံခဲ့ပေမဲ့ ခုဒီတစ်ကြိမ်မြင့်သန်းလုပ်ပုံကိုတော့ သူလုံးဝခွင့်မလွှတ်နိုင်တော့ပေ။သားသမီးမျက်နှာလဲ မကြည့်တတ်တဲ့ ဒီလူယုတ်မာနဲ့တစ်သက်လုံးဝေးဖို့သူကြိုးစားရတော့မည်။

ညနေစာထမင်းဟင်းချက်နေတုန်း ရွာထဲကပုတိုရဲ့ အလောတကြီးပြေးရင်း သူ့နာမည်အော်လာတာကိုကြားလိုက်ရလေသည်။ “မအေးမိ ဗျို့မအေးမိ”�“ဟဲ့ ပုတိုထိတ်ထိတ်ပြာပြာနဲ့ဘာဖြစ်လာတာတုန်း”�“ကိုမြင့်သန်း ထန်းတောကြက်ဝိုင်းမှာဓားထိုးခံရလို့သေပြီ”�“ဟင် မြင့်သန်းသေပြီ” စိတ်ထဲမှာ တစ်ဖက်ကပေါ့သွားသလို တစ်ဖက်ကလဲလေးလေးကြီးခံစားလိုက်ရသည်။ဘယ်လောက်ပဲကိုယ့်အပေါ်မကောင်းခဲ့ပေမဲ့ အားလုံးကိုအတိုက်အခံလုပ်ကာချစ်ခဲ့ရသူမို့လွမ်းလွမ်းဆွေးဆွေးကြီးဖြစ်နေမိသည်။ မြင့်သန်းကောင်းမှုကြောင့် ဒီနေ့အိမ်ပေါ်ကဆင်းပေးရသလို သုဿာန်မှာအသုဘပြင်ထားတာကလဲ မြင့်သန်းပဲဖြစ်လေသည်။ပေါင်းခဲ့ရတဲ့ကာလတစ်လျှောက် အမျိုးမျိုးစိတ်ဒုက္ခပေးခဲ့သူဟာ ခုတော့မပေးနိုင်တော့ပေ။ကလေးတွေကိုနောက်ဆုံးအနေနဲ့ကန်တော့ခိုင်းပြီး အေးမိတစ်ယောက်ကလေးနှစ်ယောက်လက်ဆွဲကာ အဒေါ်တွေရှိတဲ့ဟိုဘက်ရွာကို ထွက်လာခဲ့တော့သည်။ အရင်တုန်းကမင်းသမီးတစ်ပါးလိုနေခဲ့ရတဲ့ အိမ်ကြီးရှေ့မှာ ကလေးနှစ်ယောက်ကိုလက်ဆွဲထားရင်းတွေဝေငေးမောနေမိသည်။

ထိုစဉ်မှာပဲ တံခါးနှစ်ချပ်ကပွင့်သွားပြီး ဝမ်းနဲဝမ်းသာမျက်နှာနဲ့ သူမရဲ့ကျေးဇူးရှင်ဒေါ်ဒေါ်မြတ်ထွက်လာတော့သည်။ “ဟယ် အေးမိ အမိုက်မ နင်ပြန်လာပြီနော်”�“ဟင့် ဟင့် ဒေါ်ဒေါ်မြတ်” မောပန်းနွမ်းနယ်ခဲ့ရသမျှ ဒေါ်ဒေါ်မြတ်ရဲ့ရင်ခွင်ထဲဝင်ပြီးကလေးတစ်ယောက်လိုငိုချပြစ်လိုက်တော့သည်။ကလေးနှစ်ယောက်မိခင်ပင်ဖြစ်လင့်ကစား ခုတော့အေးမိခမျာကလေးငယ်တစ်ယောက်လိုငိုနေမိလေသည်။ “ကဲ တိတ်ပါကွယ် ဒါနဲ့ဟိုဟာတွေက ငါ့မြေးတွေလားအေ့”�“ဟုတ် ဟုတ်ပါတယ် ဒေါ်ဒေါ်မြတ်”�“ကဲ အဘွားဆီလာကြပါအုန်းကွယ်” ရုပ်လေးသနားကမားနဲ့မြေးနှစ်ယောက်ကိုကြည့်ရင်း ဒေါ်မြတ်ခင်စိတ်ထဲ ကြည်နူးမှုတွေခံစားလိုက်ရသည်။တကယ်ဆိုသူတို့လူကြီးတွေ အတ္တကြီးခဲ့လို့ ချစ်တူမလေးခမျာ ဒုက္ခပင်လယ်ဝေခဲ့ရလေသည်။ “ကဲလာကြ အိမ်ထဲဝင်ကြမယ်”�“သမီးကို ခွင့်လွှတ်ပါနော် ဒေါ်ဒေါ်မြတ်”�“ခွင့်လွှတ်ပါတယ်ကွယ် လာပါ ညည်းခုတော့ဝဋ်ကျွတ်သွားပါပြီ”

မိုးငွေ့(ဗန်းမော်)

Leave a Reply

Your email address will not be published. Required fields are marked *