အငြိုးအတေး(စ/ဆုံး)
“လာကြပြန်ပြီ…မနေနိုင် မထိုင်နိုင် ကမြင်းကျောထပြီး …ဗိုက်ထွက်လာမှ မလိုချင်တော့ဘူးဆို …လုပ်ချင်ရာ လျှောက်လုပ်တော့တာပဲ …မရှုနိုင် မကယ်နိုင်လည်း ဖြစ်ရော …ဆရာရယ် …ကယ်ပါဦး ကယ်ပါဦးနဲ့ ငါတို့က ကယ်ဆယ်ရေးဋ္ဌာနက မဟုတ်ဘူး အဲဒီ ခုတင်ပေါ်မှာ လှဲနေလိုက် ငါလုပ်စရာရှိသေးတယ်” “ဆ…ဆရာမရယ် …နာလွန်းလို့ပါ …ကျမကို ကယ်ပါအုံး …ကျမ မှားခဲ့ပါတယ် ” “အေး ကိုယ့်အပြစ်နဲ့ကိုယ့် …လုပ်တုန်းက လုပ်ပြီး အခုမှ အမယ်လေး၊ အဘလေးတမနေနဲ့ ကျုပ်မှာ လုပ်စရာတွေရှိသေးတယ် ပြီးမှ ကြည့်ပေးနိုင်မယ်” “ဆရာမရယ် …ကျမ နာလွန်းလို့ပါ ရှိခိုးပါတယ် ကယ်ပါဦး …အား …အား ” “ဟဲ့ ကောင်မ နင်မသေနိုင်သေးဘူး၊ ဒီလောက်အသံပြဲကြီးနဲ့ တဖက်မှ လူနာတွေ ရှိသေးတယ် ” ကိုယ်ဝန်ဖျက်ချထားသော လူနာမှာ မခံမရပ်နိုင်အောင် ဟစ်ငြီးငြူရင်း သူနာပြု ဆရာမ မာဂရက်အား ကြည့်ရှုပေးပါရန် တောင်းပန်သော်လည်း အသပြာကြောင့်လား ထိုကိစ္စမျိုးကို မုန်းတီး၍လောမသိ ။
လူမမာအား တစ်ချက်ကလေးမျှ မထိမကိုင်၊ မကြည့်ရှုပဲ ဆီလိုအပေါက်ရှာ၊ မြည်တွန်တောက် တီးနေသည်။ ထို့နောက် အခြားကိုယ်ဝန်သည် တစ်ယောက်ကို သွား၍ ကြည့်ရှုလုပ်ကိုင်ပေးနေတော့သည်။ “အား …ဆရာမ …ရေ၊ ကယ်ပါဦး။ နာတယ် …နား …အား …အား ” “နားညည်းလိုက်တာ ..ဟဲ့ နင်တစ်ယောက်ထဲ မဟုတ်ဘူး ၊ ဒီအခန်းထဲမှာ လူမမာတွေ အများကြီး ရှိသေးတယ် ” ပြောရင်းက အော်ဟစ်နေသော လူနာအမျိုးသမီးထံ ဆရာမ လှည့်လာစဉ် … မျက်ထောင့်နီကြီးနှင့် အံကြိတ်ကာ ဆရာမကို စိုက်ကြည့်နေရင်းက မလှုပ်ရှားတော့ချေ။ “ဟင် ” ထိုအခါ သူနာပြု ဆရာမ မာဂရက်မှာ ပြာပြာသလဲနှင့် လူမမာထဲသွားပြီး စမ်းသပ်ကြည့်သည်။
“ဟင် …အသက်မရှိတော့ဘူး ” ဆရာမက သေဆုံးသွားနေသော မိန်းမ၏ မျက်လုံးကို ပိတ်ရန်ကြိုးစားလိုက်ရာ တော်တော်နှင့် မှိတ်၍ မရ …အငြိုးအတေး ထားခဲ့ပုံရသည်။ ထို့နောက် လူနာပိုင်ရှင် ယောင်္ကျားရောက်လာကာ အမှုအခင်းဖြစ်မှာစိုးရိမ်၍လောမသိ ပြဿနာ မဖြစ်ပဲ ဆေးရုံမှ ပြန်၍ သယ်ကာ သင်္ဂြိုဟ်လိုက်တော့သည်။ဤအဖြစ်အပျက်က ခရိုင်မြို့တစ်မြို့၏ အထွေထွေရောဂါဆေးရုံမှာ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။ ကလေးဖျက်ချ၍ မိခင်ဖြစ်သူ သေဆုံးသွားပြီး နောက်ပိုင်း ဆေးရုံစင်္ကြ ံလမ်းမှာ ညဘက်ရောက်လျင် တရှပ်ရှပ်နှင့် သွားလာနေသံကြားသည်ဟု လူပြောများလာသည်။
ဆေးရုံတွင် ၊ ကျားအိမ်သာသုံးခန်း ၊ မအိမ်သာ သုံးခန်း၊ ဆရာ/ဆရာမများအတွက် နှစ်ခန်းတွဲ၍ ဆောက်ထားသည်။ သူနာပြု ဆရာမ မာဂရက်၊ ဂျူတီဝင်ပြီး မကြာခင် လုပ်ဖော်ကိုင်ဘက် ဆရာမအား အိမ်သာသွားအုံးမည်ဟု အသိပေးကာ ထွက်သွားသည်။ ဆရာမ မာဂရက်လည်း အမျိုးသ္မီးအိမ်သာခန်း ရှေ့မှ ဖြတ်သွားစဉ် … “ဟီး …ဟီး …နာတယ်…နာတယ်…ကယ်ပါအုံး နာတယ် ” ငိုသံလိုလို နာကျင်၍ ညည်းသံလိုလို ကြားသည်အတွင်းသို့ ဝင်လိုက်သည်။ အိမ်သာမှာ အပြင်က တံခါးတစ်တပ်ထပ်ရှိ၍ အတွင်း၌ လူနာအမျိုးသမီးများ ရေချိုးရန် အုတ်ရေကန် ရှိသည်။ ထိုမှ အိမ်သာသုံးခန်းတွဲ ထားရှိသည် ဆရာမလည်း အသံကြား၍ အကူအညီပေးရန် တံခါးဖွင့်၍ အထဲဝင်လိုက်သည်။ ဆရာမ အထဲဝင်တော့ ဘာမှမတွေ့ …အသံပါ ပျောက်သွားသည်။သို့ကြောင့် အမျိုးသမီးအိမ်သာ သုံးခန်းလုံးရှိ တံခါးများကို လိုက်ဖွင့်ကြည့်သည်။ မည်သူမျှ မရှိ။
“ဟင် …ငါတကယ်ကြားခဲ့တာပဲ ” အပြင်ပြန်ထွက်ရန် ရေကန်ဘေးနားက ဖြတ်အလာ၊ အုတ်ရေကန်ထဲက အသံလိုလို ကြားလိုက်သဖြင့် ရေကန်ဆီသို့ လျှောက်ခဲ့သည်။ ထို့နောက် ရေကန်အတွင်း ငုံ့ကြည့်လိုက်သည်။ ဝေါ့ ဝုန်း … ရေကန်ထဲမှ …ကြောက်စရာမျက်လုံးနှင့် အမျိုးသ္မီး ရုတ်တရက်ပေါ်လာပြီး ဆရာမ၏ ဆံပင်ကို ဆောင့်ဆွဲကာ ရေထဲငုတ်လျှိုသွားတော့သည်။ ဆရာမ ရုန်းကန်သော်လည်း လက်မလွှတ်… တဖြည်းဖြည်း ရေကန်ထဲ စိုက်ဆင်းကာ… အသက်ပျောက်သွားတော့သည်။ မကြာခင်မှာပင် အိမ်သာလာတက်သော လူနာစောင့် အမျိုးသမီးတစ်ယောက်က … တွေ့ရာ … “အား…အား …လာကြပါအုံး ..ရေ…ရေကန်ထဲမှာ” “ဘာတွေ့လိုလဲ ” “ဆရာမတစ်ယောက် ရေကန်ထဲမှာ…” သူမ၏ ဟစ်အော်သံကြောင့် လူအများရောက်လာကြသည်။
“ဟင်း …ဆရာမ …မာဂရက်ပဲ” “စောစောကပဲ …အိမ်သာသွားဦးမယ် ဆိုပြီး ထွက်သွားတာ” “အေးဗျာ …ဒါသွေးရိုးသားရိုး မဟုတ်ဘူး အသက်ခံရတာ ခေါင်းကို ရေထဲဆွဲပြီး နှစ်သတ်သွားတာ” သို့ဖြင့် ဆရာမ မာဂရက်အား သူတို့၏ ခရစ်ယန်ဘာသာဓလေ့အရ …ကောင်းမွန်စွာ သင်္ဂြိုဟ်လိုက်ပါသည်။ ထိုဆရာမ သေဆုံးပြီးနောက် ဆေးရုံတွင် မကျွတ်မလွတ်ဟု …လူပြောများလာသည်။ ညဘက်ရောက်လျှင်၊ ခြေသံများကြားရသလို အိမ်သာအတွင်းမှလည်း လူမရှိဘဲ အသံတစ်မျိုးမျိုး ကြားရသည်ဟု လူပြောများလာသည်။ တစ်ည ကိုယ်ဝန်သည် တစ်ယောက် အဖော်မပါပဲ အိမ်သာသွားတက်ရာ ပြန်လာချိန်တန်သည့်တိုင်၊ ရောက်မလာသဖြင့် …အိမ်သာထဲ သွားကြည့်ရာ… “ဟင် …ရေကန်ထဲခေါင်းစိုက်နေတယ် သေနေပြီလား မသိဘူး” ဟုတ်ပါသည် ကိုယ်ဝန်သည်အမျိုးသမီးသေနေပြီ ဖြစ်သည်။
“အင်း …ဒီထဲမှာ …မကောင်းဆိုးဝါး ရှိနေပြီ နောက်ကို …အိမ်သာတက်တာတို့ ရေချိုးတာတို့ ကိစ္စရှိရင် အဖော်နှစ်ယောက်သုံးယောက်နဲ့ သွားကြပါ” ဆရာဝန်ကြီးက သတိပေးသည်။ “ပထမ …မာဂရက်အမှုက တရားခံမပေါ်သေးဘူး အခုနောက်တစ်ယောက် သေပြန်ပြီ” တစ်ရက်တွင် …အမျိုးသမီးနှစ်ယောက် အိမ်သာတက်ရန် အလာ၊ အစွန်ဆုံးအိမ်သာခန်းမှ တဒေါက်ဒေါက်နှင့် ခေါက်သံကြားနေရသည်။ ထိုအခန်းမှာ ဆေးရုံသက်တမ်းကြာမြင့်သလို အိမ်သာတံခါး …တချို့လည်း ပျက်စီးနေသည်။ ထိုအိမ်သာတံခါး၊ အပေါ်ပိုင်း အပိတ်သစ်သား ပြုတ်ထွက်နေသည်။ အတွင်းက လူရပ်လိုက်ပါက ခါးအထက်ပိုင်း မြင်နေရသည်။ အိမ်သာတက်ရန်လာသော အမျိုးသမီးနှစ်ယောက်မှ တစ်ယောက်က … “မမြခင် ၊ဟိုဘက်အိမ်သာက…တံခါးခေါက်သံ ကြားလိုက်လား” ‘ဟုတ်တယ် ကြားလိုက်တယ် …တံခါးဖွင့်လို့ မရလို့လား မသိဘူး” “ငါ အိမ်သာတက်လိုက်အုံးမယ် ၊ နင်အပြင်က ဘာအကူအညီပေးရမလဲ မေးကြည့်” “အေး …အေး …ငါမေးကြည့်လိုက်မယ် ” “အိမ်သာထဲမှာ လူရှိလား ” အထဲက …တုန့်ပြန်သံ မကြားရ။
“စောစောက တံခါးခေါက်သံကြားလိုက်လို့ လူရှိလား ” စကားသံပင် မဆုံးသေး ကျိုးနေသော တံခါးကြားမှ ဆံပင်ဖားလျားချခေါင်းကြီးထွက်လာသည်။ “ဟင်း …သရဲ …သရဲ …အား” “မမြခင် …မမြင်ခင် ဘာဖြစ်တာလဲ ” “အိမ်သာထဲမှာ…သရဲ …သရဲ ရှိတယ် ” အဖော်အမျိုးသမီးလည်း အိမ်သာထဲ အပေါ့သွားနေရာမှ တပိုင်းတစနှင့် အပြင်သို့ ခုန်ထွက်လိုက်သည်။ “ငါ တံခါးနားသွားကပ်ပြီး မေးတော့ ဟိုအပေါက်ထဲက ခေါင်းကြီးထွက်လာတယ် မျက်လုံးကြီးနှစ်လုံးက ပြူးနေတာပဲ ” “လာ …အပြင်သွားကြမယ် ” သူတို့အပြင်သို့ ထွက်လာကြသည်။ ထိုကဲ့သို့သော ခြောက်လှန့်ခြင်းမျိုး အသံပေး၍ ခြောက်လှန့်ခြင်းမျိုး ခပ်စိပ်စိပ် ဖြစ်ပါသည်။ တစ်ရက်တွင် ဆေးရုံသို့ ကိုယ်ဝန်သည်မိန်းကလေးတစ်ယောက် ရောက်လာသည်။ ဆရာမနီနီတစ်ယောက် ဆေးရုံမှတ်တမ်းတွင် လိုအပ်သမျှရေးသွင်းပြီး။ “ညီမမွေးဖို့ လိုသေးတယ်၊ ဒါပေမယ့် နောက်နေ့ မွေးချင်းမွေးနိုင်တာမို့ ဆေးရုံမှာပဲ နေချင်နေပေါ့” “ဟုတ်ကဲ့ …ကျမ ဆေးရုံမှာပဲ နေပါ့မယ်” သို့ဖြင့် ဆေးရုံတက်စာရင်းသွင်းပြီးနောက် ဆရာမ အပြင်သို့ ထွက်သွားသည်။
အသစ်ရောက်လာသော ကိုယ်ဝန်သည် မိန်းကလေးသည် အပေါ့အပါးသွားချင်စိတ် ပေါ်လာသည်နှင့် မည်သူကိုမျှ မမေးမစမ်း အဖော်မခေါ်ပဲ။ “အမေ သမီးအိမ်သာ ခဏသွားလိုက်ဦးမယ်” “အိမ်သာကော သိလို့လား …အမေလိုက်ခဲ့ရမလား တော်ကြာ ဗိုက်နာလာမှဖြင့် ” “အမေနေခဲ့ပါ အပြင်ရောက်ရင် သမီးမေးပြီး သွားပါ့မယ် ဗိုက်ကလည်း …အိမ်မှာလောက် မနာတော့ဘူး …ဆရာမ …မေးရင်သာ အိမ်သာ သွားတယ်လို့ ပြောပေးပါအမေ” “အေးအေး …သတိထားသွား…အိမ်သာဆိုတာ ရေအမြဲစိုနေတာ ၊ ချော်မလဲအောင် ဂရုစိုက်နော် သမီး” “ဟုတ်ကဲ့ …သတိထားပါ့တယ် ” ကိုယ်ဝန်သည်မိန်းကလေးလည်း၊ အသက်ငါးဆယ်ကျော် မိခင်အား အဖော်ခေါ်မနေဘဲ အိမ်သာတက်ရန် အခန်းပြင်ထွက်ခဲ့သည်။
ဆေးရုံနောက်ဘက်သို့ လျှောက်လာခဲ့သည်။ အိမ်သာဘယ်ဘက်မှာရှိသည်ကို မေးရန်လူကြည့်လိုက်ရာ သူနာပြုဆရာမတစ်ယောက်ကို ကျောပေးအနေ အထားနှင့်တွေ့သဖြင့် … “ဆရာမ …အိမ်သာဘယ်နားမှာလဲ ” မိန်းကလေးရှေ့ ဆယ်ပေခန့်အကွာမှ လျှောက်နေသော ဆရာမက နောက်လှည့်မကြည့်ပဲ အိမ်သာရှိရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။ အိမ်သာက အနီးမှာပင်ရှိနေသည် မိန်းကလေး အိမ်သာဟု ရေးထားသော အခန်းတွင်းသို့ ဝင်လိုက်သည်။ အိမ်သာထဲဝင်၍ အပေါ့သွားလိုက်သည် ပြီးနောက် ခြေလက်ဆေးရန် အုတ်ရေကန်သို့ လျှောက်သွားလိုက်သည်။ နောက်မှခြေသံကြား၍ လှည့်ကြည့်လိုက်ရာ၊ သူနာပြုဆရာမ သူ့နောက်ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူမ အသိဝင်လာတော့ နောက်ကျသွားပြီး သူမ ခေါင်းမှ ဆံပင်ကို ဆွဲကာ ရေထဲနှစ်တော့သည်။ “အို …မလုပ်နဲ့ …မလုပ်နဲ့ ” ဝူး …ဝူး …ဝူး … ထိုအချိန် အပြင်သွားသော သူနာပြုဆရာမ မနီနီ အခန်းထဲ ပြန်လာစဉ်… “အမေ…အမေ့ သမီးဘယ်သွားလဲ ” “အပေါ့သွားချင်တယ်ဆိုပြီး …အိမ်သာဘက် ထွက်သွားတယ် ” “သူတစ်ယောက်တည်းလား” “ဟုတ်တယ် အမေအဖော်ခေါ်လိုက်မယ်ဆိုတာ ရပါတယ်ဆိုပြီး …ထွက်သွားတာပဲ” ဆရာမ နီနီလည်း …လက်ထဲမှ ပစ္စည်းများကို စားပွဲပေါ်ချလိုက်ပြီး …အခန်းအပြင်ထွက်ကာ အိမ်သာဆီသို့ ပြေးခဲ့သည်။
“ဝူး …ဝူး ” ဆရာမနီနီ…တံခါးဆွဲဖွင့်ပြီး အထဲဝင်လိုက်တော့ လူမတွေ့ရပဲ ကိုယ်ဝန်သည်မိန်းကလေးအား ခေါင်းက ဆံပင်ဆွဲ၍ ရေထဲဆွဲနှစ်နေသည်သဏ္ဍာန် တွေ့ရသည်။ “ဟဲ့ …ဆရာမ မာဂရက် …ငါ့လူနာကို နင် …ဘာလုပ်နေတာလဲ…ဒါနင့်လူနာမဟုတ်ဘူး၊ ဒါငါ့လူနာ..ပေး…ပေး” နီနီက အတင်းဝင်ဆွဲမှ …ရေထဲနှစ်ထားသည်ကို အလျော့ပေးလိုက်သည်။ ကိုယ်ဝန်သည်မိန်းကလေးမှာ ရေမွန်းနေပြီး ဆရာမ နီနီသာ၊ စက္ကန့်သုံးဆယ်ခန့် နောက်ကျခဲ့လျှင် အသက်မမှီနိုင်တော့ချေ။ သူ့လူနာမဟုတ်ဘူးပြောလိုက်မှ… အလျော့ပေးလိုက်ခြင်းဖြစ်သည်။ ဆရာမ မာဂရက်မှာ ကိုယ်ဝန်ပျက်၍ သေဆုံးခဲ့ရသော လူနာအမျိုးသမီးက မကျွတ်မလွတ်ပဲ ရေထဲ နှစ်သတ်သဖြင့် ၊အသက်သေဆုံးခဲ့ရခြင်းကြောင့်၊ ကိုယ်ဝန်သည်မိန်းခလေးများကို အမုန်းကြီး မုန်းနေခြင်းဖြစ်သည်။ ကိုယ်ဝန်သည်မိန်းကလေးများ အဖော်မပါပဲ။ တစ်ယောက်တည်းလာခဲ့လျှင်၊ ရေနှစ်သတ်ရန် စောင့်နေခြင်းဖြစ်နိုင်သည်။
အမျိုးသမီးအိမ်သာအခန်းသုံးခန်းအနက် အစွန်ဆုံးအခန်းကလည်း ကိုယ်ဝန်ဖျက်ချ၍ သေသော၊ အမျိုးသမီးသရဲရှိနေပုံရသည်။ မကြာခဏ၊ ထိုအိမ်သာအခန်းထဲမှ နည်းမျိုးစုံဖြင့် အခြောက်အလှန့်ခံကြရသည်။ သို့ကြောင့် ထိုအိမ်သာခန်းကို မည်သူမျှမတက်ရန်၊ ချောင်းမကြည့်ရန်၊ သစ်သားအရှည်နှစ်ချောင်းနှင့် ကြက်ခြေခတ်သဏ္ဍာန်…သံနှင့်ရိုက်ကာ အသေပိတ် လိုက်သည်။ သတိ၊ အန္တရာယ်ရှိသည်။ အပေါက်မှ ချောင်းမကြည့်ပါနှင့်။ ဟူ၍ စာရေးကာ သတိပေးထားသည်။ ထိုကဲ့သို့ သတိပေးပြီးနောက်မှပင် အပျော်အပျက်စိတ်ရှိသူ၊ လူနာစောင့် အမျိုးသမီး သုံးယောက်ခန့် စုပြီး သွားချောင်းကြည့်ကြရာ အိမ်သာအခန်းတွင်းမှ၊ မိန်းမကြီးတစ်ယောက်၊ အရပ်ကြီး ရှည်ရှည်ထွက်လာသည်ကို တွေ့ရသဖြင့် … သံကုန်ဟစ်ကာ၊ ပြေးထွက်လာကြတော့သည်။ ထို့နောက်တော့ ဆရာဝန်ကြီးအမိန့်နှင့် တစ်ခန်းဝင်၊ တစ်ခန်းထွက်၊ သတိလိုက်ပေးရသည့်အထိလုပ်ရတော့သည်။
တစ်ရက်တွင် ထိုဆေးရုံ၌ သံဃာတော်ငါးပါး ပင့်ဖိတ်ဆွမ်းကပ်ပြီး၊ မေတ္တာသုတ်ရွတ်၊ ကမ္မဝါများ ရွတ်ဖတ်ကာ၊ အမျှပေးဝေခဲ့သည်။ ခရစ်ယာန်ဆရာတစ်ပါးပင့်၍ ခရစ်ယာန်သာဓလေ့အတိုင်း ရွတ်ဖတ်စေပါသည်။ ထိုသို့ ပြုလုပ်ပြီးသည့်နောက် ၊ အိမ်သာအတွင်း ရန်ပြုခြောက်လှန့်နေသည့် သရဲများကို မမြင်ရတော့ချေ။ သို့ကြောင့်ပင် တတိယမြောက် အိမ်သာတံခါးကို ပြန်ပြင်ကာ တံခါးအသစ်တပ်ပေးလိုက်သည်။ တစ်ဦးနှင့်တစ်ဦးမေတ္တာမထားနိုင်ပဲ အငြိုးအတေး ထားခြင်းကြောင့် သေဆုံးသွားသည့်တိုင် လူများကို သတ်ဖြတ်ခဲ့ကြသည်။ ယခုမူ…ဝိညာဉ်သရဲများပါ။ မေတ္တာတရားကို ခံယူနိုင်ခဲ့ကြသည့်အတွက် အရာအားလုံး ငြိမ်းချမ်းမှုရှိခဲ့ပါတော့သည်။ ဆရာ ဧကန်မင်း၏ ‘ရက်စက်ပါပေ့ မဖဲဝါရယ်’ စာအုပ်မှ လက်ခ စာဖတ်သူကို ကူးယူဝေမျှသည်။
credit ပြီးပါပြီ စာဖတ်သူများ စိတ်ရွှင်လန်းပါစေ





