Home / Ghost Stoey / အိုးသူကြီးဘဝ အမှတ်တရ(စ/ဆုံး)

အိုးသူကြီးဘဝ အမှတ်တရ(စ/ဆုံး)

အိုးသူကြီးဘဝ အမှတ်တရ(စ/ဆုံး)
—————————
ကျွန်တော့်အဖေသည် ဟင်းချက်အလွန်ကောင်းသူဖြစ်သည်။ တောသူတောင်သားလည်းဖြစ်သည့်အပြင် ဟင်းချက်ရခြင်းကိုလည်း ဝါသနာပါသဖြင့် အိမ်တွင် မိသားစုကို ဟင်းကောင်းချက်ကျွေးတော့မည်ဆိုလျှင် သူကိုယ်တိုင် စီမံချက်ပြုတ်လေ့ရှိသည်။ အမေကလည်း ထိုကဲ့သို့ ဟင်းကောင်းချက်မည့်နေ့ဆိုလျှင် အဖေ့ကို မီးဖိုချောင်ကိစ္စ အိုးသူကြီးနေရာပေးတတ်သူဖြစ်သည်။

ကျွန်တော်တို့အိမ်သည် မိသားစုများသည်။ အစ်မနှစ်ဦးက စောစီးစွာအိမ်ထောင်ကျသွားပြီး သူတို့အိမ်နှင့်သူတို့ နေကြသည်။ အိမ်တွင်ကျန်မောင်နှမ ငါးယောက်နှင့် အမေကြီး (အဖေ့အမေ)အပါအဝင် စုစုပေါင်း ၈ ဦး ရှိသည်။ ထို့ကြောင့် ဟင်းထမင်းချက်လျှင် အိုးကြီးနှင့်ချက်ရသည်။

အဖေနှင့်အမေသည် မိသားစုအတွက် တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် ဟင်းကောင်းလေးတွေ ချက်ကျွေး တတ်ပါသည်။ တစ်ပတ်တစ်ခါဟင်းကောင်းဟုဆိုသဖြင့် ကျန်သည့်နေ့တွေ မကောင်းဟု မဆိုလိုပါ။ တစ်ပတ်တစ်ခါ စပယ်ရှယ်ဟင်းကို ချက်ကျွေးခြင်းဖြစ်ပါသည်။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ထိုနေ့ကို ကျွန်တော်မှတ်မိနေသည်မှာ အိုးသူကြီး အဖေ့ကို ကူညီခွင့်ရခြင်းကြောင့်ဖြစ်သည်။

အဖေက ဈေးထဲမှ ကဝက်ကင်း ငါးသလောက်ကြီးများကို ဝယ်လာသည်။ အိမ်တွင် ငါးသလောက်ချက်ပြီ ဆိုလျှင် ကဝက်ကင်းငါး ဆူဆူဖြိုးဖြိုးကြီးတွေသာ ချက်လေ့ရှိပါသည်။ ငါးသလောက်ယောက်ဖလို သေးသေး ကွေးကွေးတွေ ဘယ်သောအခါမျှ အဖေက မစားပါ။

ထိုနေ့က အဖေငါးသလောက်ကောင် အကြီးကြီး ၅ ကောင်ဝယ်လာသည်။ အိမ်ရှိ မိသားစုလည်း စိတ်ကြိုက်စား၊ သီတင်းကျွတ်လပြည့်နေ့တွင် ဘုန်းကြီးကျောင်းကိုလည်းလှူရန်ဆိုကာ ငါးသလောက်တွေကို ဝယ်လာခြင်း ဖြစ်သည်။

အဖေ ငါးသလောက်ပေါင်းတော့မည်။ ထိုခေတ်က ယခုလိုပေါင်းအိုးတွေလည်းမရှိ။ ညနေ ဈေးကပြန်လာက တည်းက အဖေချွေးတလုံးလုံးနှင့် ပြင်ဆင်သည်။ အမေက အဖေလုပ်သည့်ကိစ္စတွင် ဝင်မပါ။ အဖေက သူ့အလုပ်တွင် ဝင်ပါသည်ကိုလည်းမကြိုက် အော်ထုတ်တတ်သောကြောင့်လည်း ဖြစ်သည်။

ငါးတွေကို လက်ဝါးပြားလောက် အတုံးကြီးတွေပိုင်းသည်။ ရေစင်အောင်ဆေးသည်။ ထို့နောက် ရှောက်သီး တွေကိုညှစ်ကာ အရည်တွေစုသည်။ ငါးတုံးတွေကို ရှောက်ရည်နှင့် အခြားဘာမှန်းမသိသော ဟင်းခတ်အမွေး အကြိုင်တွေနှင့်နယ်ကာ ဗန်းကြီးတစ်ဗန်းထဲတွင် နှပ်ထားသည်။ အပေါ်က ပိတ်စိမ်းပါးလေးကို အုပ်ထားပြီး ငှက်ပျောရွက်တွေကို ထပ်အုပ်သည်။ ကျွန်တော့်ကို ကြောင်လာမနှိုက်စေရန် ကြည့်ခိုင်းထားသည်။

အဖေက ဝါးတစ်လုံးကို တစ်တောင်ခန့်ပိုင်းပြီး အစိတ်လေးတွေစိတ်ကာ ပါးပါးလေးတွေဖြာသည်။ ဝါးဖြာထားသည်တို့ကို ရေစင်အောင်ဆေးပြီးနောက် အဖေထရံရက်သလိုရက်သည်။ ကျွန်တော်က အဖေ ဘာလုပ်မလို့လဲဟုမေးရာ ငါးသလောက်ပေါင်းရင် အိုးမကပ်အောင်လို့ဟုပြောသည်။

အိမ်နောက်ဖေးက မီးဖိုကသေးသည်။ အဖေက မိုးပြဲဒယ်ထဲတွင် စောစောက ရက်ထားသည့် ဝါးကတ်ကို ထည့်သည်။ ထို့နောက်မိုးပြဲဒယ်ထဲကို နှပ်ထားသည့် ငါးသလောက်တုံးတွေ တစ်တုံးပြီးတစ်တုံး စီရီစွာ နေရာချတော့သည်။ စပါးလင်တွေကိုလည်း ခါးချိုးပြီး အစည်းလိုက်ထုံးထည့်သည်။

ကျွန်တော်က အဖေအိမ်ရှေ့ခြံအတွင်း အုတ်နီခဲ ဖိုခနောက်ဆိုင်ထားသည့် မီးဖိုထဲတွင် မီးမွှေးသည်။ ထိုအချိန်က အိမ်တွင် ထင်းကိုသာသုံးသည်။ အိမ်တွင် တစ်မိုးစာ ထင်းအပြည့်လှောင်ထားသည်။ မီးတောက်လာသည့် အခါတွင် အဖေက ငါးသလောက်ဒယ်ကို မီးဖိုပေါ်တင်တော့သည်။ အပေါ်မှာ သစ်သားအဖုံးကို ဖုံးထားပြီး နှုတ်ခမ်း ပတ်လည်တွင် ပုဆိုးကို ရေဆွတ်ကာရေငွေ့မထွက်နိုင်စေရန်စုလုံးပြီး လိုက်ပိတ်သည်။ ငါးသလောက် ပေါင်းခြင်းစပြီ။

ကျွန်တော်တို့ညစာကို အိမ်ပေါ်တွင် တက်စားကြသည်။ ငါးသလောက်ပေါင်းကား မနက်မှ စားရမည်ဖြစ်သည်။ အားလုံးပျော်နေကြသည်။ မနက် ဘုန်းကြီးကျောင်းကိုလည်း သွားကြရမည်။ ကျွန်တော်တို့မိဘများ ကိုးကွယ် သည့် ဘုန်းကြီးကျောင်းက အနောက်တော ရွှေသာလျောင်းဘုရားအနီးတွင်ရှိသည့် ကြေးနီကန်ကျောင်း ဖြစ်သည်။ ထိုကျောင်းတွင် ကလေးဘဝ ဆော့ကစားရသည်မှာ ပျော်စရာကောင်းလှသည်။

ငါးသလောက်အနံ့ကား အိမ်ပေါ်အထိ သင်းနေသည်။ အဖေက အိုးကိုဖွင့်လိုက် ရေထည့်လိုက်နှင့် လုပ်နေသည်။ အိမ်ပေါ်မှ ပက်လက်ကုလားထိုင်ကို အိမ်အောက်ချပြီး တစ်ညလုံးကို လုပ်နေခြင်းဖြစ်သည်။ ကျွန်တော် ကလည်း အဖေက ထင်းလေးထည့်လိုက်ဦးကွ၊ မီးမပြတ်စေနဲ့၊ ရေသွားခပ်ဦး စသည့် အခိုင်းခံရမှုကို ပျော်နေ သည်။

ညဉ့်နက်လာပြီ အဖေက ကျွန်တော့်ကို သွားအိပ်ခိုင်းသည်။ ကျွန်တော်ကလည်း မအိပ်ချင်သေးဘူးဟု ငြင်းသည်။ အဖေနှင့်အတူ လက်ဖက်ရည်သောက်လိုက်၊ လက်ဖက်စားလိုက်နှင့် ပျော်နေခြင်းဖြစ်သည်။

အဖေက မီးဖိုအောက်က ထင်းတွေကိုထုတ်သည်။ မီးသွေးခဲရဲရဲလေးနှင့်ဖြစ်နေစေရန်လုပ်သည်။

“ရပြီကွ မနက်ဆိုရင်ဆီသတ်ပြီး စားလို့ရပြီ။ သွားအိပ်တော့လေကွာ”

“ကျွန်တော်မအိပ်ချင်ဘူးအဖေ”

“အေးလေ ဒါဆိုလည်း မင်းကို အိုးသူကြီးရာထူးအပ်မယ်။ ခွေးလာရင်မောင်းထုတ်။ အဖေ ခဏလောက် အိပ်လိုက်ဦးမယ်” ဟုပြောပြီး အိမ်ပေါ်ကို တက်သွားသည်။

ကျွန်တော်ကတော့ အဖေ အိုးသူကြီးရာထူးခန့်ထားခဲ့သည်ကို ဝမ်းသာနေသည်။ ငါးသလောက်ပေါင်းဒယ်ကြီး သည် ကျွန်တော့်စောင့်ရှောက်မှုအောက်တွင် ရှိနေသည် မဟုတ်ပါလား။

ကျွန်တော်က ဝါးဆစ်ပိုင်းတစ်ပိုင်းကိုယူလိုက်သည်။ အဖေထိုင်သွားသော ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ညက နည်းနည်းအေးလာသဖြင့် ပုဆိုးလေးကိုစုပြီး ခြုံလိုက်သည်။ မိုးပြဲဒယ်ထဲမှ ငါးသလောက်ပေါင်းအနံ့ကမွှေးနေသည်။ မနက်ဖြန် ဘုန်းကြီးကျောင်းရောက်လျှင် သပြေသီးတွေခူးမည်။ ဆားနှင့်တို့စားမည်ဟုစိတ်ကူးနေသည်။

“ဟေ့ … ဟေ့ကောင် ထစမ်း … ထစမ်း”

ကျွန်တော့်ကို အဖေကလှုပ်နှိုးလိုက်မှ ကျွန်တော် ယောင်ယောင်ဝါးဝါးထလိုက်သည်။

“ဒီမှာကြည့်စမ်း … ကြည့်စမ်း”

ကျွန်တော်အဖေပြသည့် မီးဖိုဆီကိုကြည့်လိုက်သည်။ ငါးသလောက်ပေါင်းအိုးကြီးက ဖိုခနောက်မှ စောင်းလျက် ကြီးကျနေသည်။ အဖုံးကလည်း ပွင့်နေသည်။

“မင်းကို ငါအိုးသူကြီး ခန့်ထားတာလေ … အိပ်ပျော်နေတယ်ပေါ့”

“အဖေ ငါးသလောက်တွေရော”

“ဟေ … ငါးသလောက် ဟုတ်လား …. တစ်တုံးမှ မရှိတော့ဘူး … ခွေးစားသွားပြီ”

ကျွန်တော်၏ ပေါ့လျော့ခဲ့မှုအတွက် တစ်သက်လုံး နောင်တရမဆုံး ဖြစ်ခဲ့ရပါသည်။

တင်ညွန့်

၉.၁၀.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *