လောကငရဲ(စ/ဆုံး)
“ဘကြီးထွန်းရေ.. ဘကြီးထွန်း” “ဟေ့… အရေးကြီးသုတ်ပြာနဲ့ အိမ်ရှေ့ကအော် နေတာ ဘယ်သူတုန်းကွ” “ဘကြီးထွန်း…ကျုပ်ဖိုးခွေးပါဗျ” “ဟေ့ကောင်ဖိုးခွေး..ဘယ်လိုဖြစ်လို့ ငါ့နာမည်တအား အော်ခေါ်နေရတာတုန်း” “ဘကြီးအိမ်ခဏလိုက်ခဲ့အုံး…..အိမ်မှာ အဖေနဲ့အမေ စကားများရန်ဖြစ်ပြီး…အဖေက အိမ်မီးရှိူ့မယ်လုပ်နေလို့” “ရေ…ဒီလိုဆိုမဖြစ်ဘူး…အမြန်သွားမှ….ဒီကောင် အရှုးထတာအရေးမကြီးဘူး…တစ်ရွာလုံး ဒုက္ခရောက်ကုန်တော့မှာဘဲ” ဘကြီးထွန်းက ရွာလူကြီးမဟုတ်ပေမယ့် ရွှေပြည်အေးရွာလေးမှာတော့ သြဇာရှိသူဖြစ်သည်။ဒါကြောင့်လည်း ရွာမှာ ဘာပြဿနာ၊ဘာအကြောင်းအရာဘဲ ဖြစ်ဖြစ် ဘကြီးထွန်းကို အားကိုးတကြီးနဲ့တိုင်ပင်ကြ။ အခုလဲ ရွာလယ်က သာဒင်နဲ့မယ်ခင် တို့လင်မယား ရန်ဖြစ်လို့ သားဖြစ်သူ ဖိုးခွေးက အားကိုးတကြီးနဲ့ ပြေးလာကာ ဘကြီးထွန်းကို ဖြောင့်ဖျဆုံးမပေးဖို့ လာခေါ်လို့ ဘကြီးထွန်းတယောက် လိုက်သွားရပြန် သည်။
******************************************* “သာဒင် ကို ဘာထင်သလဲ…တစ်အိမ်လုံးကိုမီးရှို့ပစ် မယ်..သာဒင်တဲ့ကွ တဒင်ပဲရှိတယ်” သာဒင် တယောက် ပါးစပ်ကအော်ဟစ်ကြိမ်းမောင်း နေပေမယ့် ခြေထောက် လေးကွက်သိုင်းနင်း ပြီး ဒရိဒရိုင်ဖြစ်ကာ အရက်စော်ကနံဟောင်နေသည်။ “မသာ သေချင်းဆိုး မျိုစို့ ကာလနာတိုက်ပြီးရင် အေးအေးဆေး မနေဘူး….ဘာအလုပ်မှလက်ကြော တင်းအောင်မလုပ်ဘဲ….ငါ့အဖေထားခဲ့တဲ့ အမွေ တွေကိုသုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်းပြီး… အခု ငါ့အဖေအိမ်ကို မီးရှို့မယ်တဲ့….အောင်မလေး အရပ်ကတို့ရေ..ကြားလို့မြင်လို့မှကောင်းကြသေး ရဲ့လား…..” မယ်ခင်ရဲ့ အိမ်တွင်းမှအော်ဟစ်ညည်းတွား ဆဲဆိုနေတဲ့အသံတွေ က တရွာလုံးကြားနေရသည်။ အိမ်ရှေ့မှာလည်း လူစုလူဝေးကြီးဖြစ်လို့ အားလုံးက သာဒင်တို့လင်မယား ရန်ဖြစ်တာကိုစပ်စုရင်းကြည့် နေကြသည်။ဘယ်သူမှဝင်မတားရဲကြ။
သာဒင် က မူးရင်အရမ်းသွေးဆိုးတော့ ဘယ်သူမှလည်းမတား ရဲကြပေ။ =================================== “အုန်း…ဒိုင်း…ခွမ်း” သာဒင် တယောက် အိမ်ထဲမှာ ရှိတဲ့ အိုးခွက် ပုဂံ တွေ ကို စိတ်ထင်တိုင်း ရိုက်ခွဲနေသည်။ “ဟေ့..သာဒင်..ငါ့တူကြီး မင်းဒီလို မလုပ်နဲ့…ဦးကြီး ပြောတာနားထောင်…ဒီလိုလုပ်လို့မင်းအတွက်ဘာ အကျိုးရှိလဲ…ကိုယ်ကြိုက်တဲ့အရက် ကိုယ်သောက် ပြီးပြီဘဲ…အေးအေးဆေး စားသောက်ပြီးအိပ်တော့ ပေါ့…မင်းမကျေနပ်တာရှိရင်…မနက်ရောက်တော့ ပြေပြေလည်လည် ဆွေးနွေးပေါ့….ကလေးတွေ လည်း အရွယ်ရောက်လာပြီ…မင်း ဒီလိုခဏခဏ ရန် ဖြစ်နေတာ မသင့်တော်ဘူး….ပတ်ဝန်ကျင်လည်း အနှောင့်အရှက်ဖြစ်တဲ့ ကွ” ဘကြီးထွန်းက လူကြီးပီပီ လူကြီးစကားပြောကာ ဖြောင့်ဖျနားချပေမယ့် သာဒင်က တော့ မူးနေတော့ နားမဝင် “ဟေ့ မယ်ခင် နင်က… နင့်လင်အားကိုနဲ့ ငါ့ကို ပြန်ပြောနေတာပေါ့” “ဟဲ့မသာ မစော်ကာနဲ့” “ဘကြီးထွန်းရယ် ကန်တော့နော်…ကျမတောင်းပန်းပါတယ်…ဒီမသာ က မူးလာရင် လူစိတ်ပျောက်ပြီး.. သူပြောချင်တာပြော…သူလုပ်ချင်တာလုပ်တာ… ကျမလည်း…ဒင်းကို စိတ်ကုန်လှပါပြီ ဘကြီးထွန်း ရယ်….ကလေးတွေမျက်နှာထောက်ပြီး..ဒင်းကို သည်းခံပေါင်းနေတာ…တနေ့မှစိတ်မချမ်းသာဘူး” မယ်ခင်ကတော့ ဘကြီးထွန်းကိုအားတုံ့ အားနာဖြစ် သွားသည်။
“ကဲ မယ်ခင်……ပြောမနေနဲ့တော့ဒီ.ကောင့်အကြောင်းငါသိပြီးသား…ဒီကောင် ဒီလောက်မူး ရမ်းနေတာ…ဒီအချိန် ငါ့စကားလည်းနားထောင် မှာမဟုတ်ဘူး…စိတ်ရှိလက်ရှိငါလုပ်ရင်လဲ နင့်လင် သေလိမ့်မယ်” “ဟေ့ကောင်…ဖိုးခွေးသွား… သူကြီးဘစီသွားခေါ် စမ်း” ဘကြီးထွန်းက ခိုင်းတော့ ဖိုးခွေးလည်း သူကြီးရှိရာ အပြေးအလွှားထွက်သွားသည်။ ခဏကြာတော့ ဖိုးခွေးနဲ့အတူ သူကြီးဘစီရောက်လာသည်။ သူကြီးလည်း သာဒင်ကို အမျိုးမျိုး ဖြောင့်ဖျဆုံးမ ပေမယ့် မရ။ နောက်ဆုံးလက်လျော့ကာ ဘကြီး ထွန်းနဲ့တိုင်ပင်ကာ သာဒင်ကို ထိပ်တုန်းခပ်ထားလိုက် ရသည်။
============================= ==== မယ်ခင် က တော့ ငိုယိုပြီး သူကြီးနဲ့ဘကြီးထွန်းကို သာဒင်နဲ့ဆက်မပေါင်းနိူင်တော့တဲ့အကြောင်းပြော ပေမယ့် ဘကြီးထွန်းကတော့ လူကြီးပီပီ လူကြီးစကားပြော ရှာသည်။ “ဟေ့ မယ်ခင် နင်တို့ အသက်တွေလည်းမငယ်ကြ တော့ဘူး…ကလေးတွေတောင်အရွယ်ရောက်လာပြီး ….ကွဲဟယ်ကွာဟယ်ဖြစ်ရင် ကလေးတွေဒုက္ခရောက် လိမ့်မယ်…အချိန်တန်ရင် ပြေလည်သွားမှာပါ စိတ်လိုက်မာန်ပါ မဆုံးဖြတ်နဲ့ ” “အိုဘကြီးထွန်းကလည်း ကလေးတွေမျက်နှာထောက်လို့ ဒင်းကို သည်လောက်သည်းခံနေတာ…မဟုတ်ရင်ကွဲတာကြာပေါ့” “မဟုတ်တာ မယ်ခင်ရယ်” ဘကြီးထွန်း သက်ပြင်းအရှည်ကြီးချလိုက်ပြီးမှ “ဆရာတော်ဦးဗုဓ်ကတော့ နန်းမယ်တော်မယ်နုကို ….ဟဲ့..မယ်နု သူ့အကြွေးရှိရင်ကြေးအောင်ဆပ်တဲ့… ငါလည်း ဒီအချိန်မှာ ဒီစကားဘဲပြောတတ်တယ်… ကလေးမျက်နှာကြည့်ပြီး…သူ့အကြွေးရှိရင်ကြေ အောင်ဆပ်ကွယ့်……. အိမ်ထောင်မူ့၊ဘုရားတည်၊ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင်ရင် နောင်ပြင်ရန်ခက်သည့် အမျိုးဆိုတာ နင်လည်းသိသားနဲ့ ” ဖိုးခွေးတို့ မောင်နှမတွေကတော့ သူအဖေ့ မူးရမ်း တာတွေကိုမကြိုက်ပေမယ့် မပြောရဲ အမေဖြစ်သူ ကလည်း ခဏခဏသည်းခံ ရတာ များနေတော့ မပြောပါနဲ့တော့လို့ မဆိုသာ မျက်နှာငယ်လေးတွေနဲ့ စိတ်ညစ်နေရှာကြ။
ဘကြီးထွန်းကဖိုးခွေးတို့မောင်နှမရှိာရာကို မျက်နှာမူပြီး “ဟေ့ ဖိုးခွေး… မင်းငရဲဆိုတာသိလား” ဖိုးခွေးက ခေါင်းရမ်းပြသည် ” မှတ်ထားငါ့တူ…ငရဲကြီးရှစ်ထပ်မှ ငရဲ မဟုတ်ဘူးကွ….လောကမှာမိဘဝတ္တရားမကျေတဲ့ မိဘတွေလက်ထဲ သားသမီးဖြစ် ရတာလဲ ငရဲပဲ…အေးအဲ့ဒီလိုဘဲ..သားသမီးဝတ္တရားမကျေ တဲ့..သားသမီးတွေလက်ထဲမှာ နေရတဲ့မိဘ ဟာလဲ ငရဲပဲကွ……..မင်းတို့ ငရဲရောက်သလို မိဘတွေပြန် မရောက်စေနဲ့ကြားလား…..ကိုယ့်အလှည့်ရောက်ရင် ကိုယ့်ဝတ္တရားကျေအောင်လုပ်…..ဒီမိသားစုလေးကို နောက်ထပ် လောကငရဲမှာ မမြင်ချင်းဘူး”လို့ ဘကြီးထွန်းက ဖိုးခွေးတို့မောင်နှမတွေကို ဆုံးမ စကားပြောပြီး သူ့အိမ်သို့သူပြန်သွားသည်။ ဘကြီးထွန်းပြန်သွားပေမယ့်ဖိုးခွေးစိတ်ထဲမှာတော့ ဘကြီးထွန်းပြောတဲ့ လောကငရဲ အကြောင်းက စွဲ ထင်ကျန်ရစ်နေသည်။
လွမ်းဝေအောင်(အမရ)





