အမေ(စ/ဆုံး)
အမေဟာ တော်တော်လေးကို သိလိုစိတ်တွေ များလာပါတယ် လမ်းမှာ လူတစ်ယောက်ဖြတ်သွားရင်ကို “ဟဲ့ ဟဲ့ အဲ့တာ ဘယ်သူလဲ သိလား”လို့ လိုက်မေးတတ်ပြန်တယ် အမေဟာ ကျမ သိတဲ့ အမေမဟုတ်တော့ဘူး တိတိကျကျပြောရရင် အမေအသက် ၇၁ နှစ်လောက်ကစပြီး အမေပြောင်းလဲသွားခဲ့တယ်အမေဟာ အရင်ကဆို အတော့်ကို စည်းဘောင်နဲ့ နေတတ်သူပါ ဥပမာ ကျမကို မပြောဘဲ ကျမ ပစ္စည်းတွေ မကိုင်တာမျိုး တစ်ခုခုလိုချင်ရင်တောင် ကျမကို အသိပေးပြီးကျမ ကျေနပ်မှ ယူသွားမျိုးယုတ်စွအဆုံး ကျမ အပြင်သွားလို့ အမေ့အတွက် မုန့်၀ယ်ခဲ့ရင်တောင် ကျမက အမေ့အတွက် ၀ယ်လာတယ် လိူ့မပြောမိရင် ယူမစားဘဲနေတဲ့ အမေပါ သိပ်ကို စည်းစောင့်တဲ့အမေဟာ အသက် ၇၀ ကျော်တော့ အတော်လေးကိုကိုးရိုးကားယား ဖြစ်လာခဲ့ပါတယ် ။
အမေဟာ အမေမကြိုက်ခဲ့တဲ့ မလုပ်ခဲ့တဲ့ အပြုအမူတွေကို ခပ်စိတ်စိတ်လေး လုပ်လာတတ်ပါတယ်ဥပမာ ကျမ ဖုန်းဆက်ရင်ဘယ်သူနဲ့ပြောနေလဲ ဆိုပြီး ၀င်ပြောနေတာမျိုးအမေဟာ တကယ်ကိုပြောင်းလဲခဲ့ပါပြီ အမေ့ပြောင်းလဲမှုကို လက်သင့်မခံနိုင်တာက ကျမပါ ကျမဟာ အမေ့ကို အရင်ကလို စည်းကမ်းရှိသော စနစ်ကျသော အမေအဖြစ် ကျမရဲ့ အသိစိတိကရော မသိစိတ်ကပါ ဖြစ်စေချင်ခဲ့တာပါ။အမေ့ရဲ့ ဖရိုဖရဲအနေအထားကို လက်ခံဖို့ ကျမတကယ်ပင်ပန်းပါတယ် ခက်ခဲလှပါတယ်အမေနဲ့ ကျမကြား ကတောက်ကဆလေးတွေ များသထက်များလာပါတယ် ။တစ်ရက် ကျမ ကျောင်းကပြန်လာတော့ သားကလေးက ကျမ ဆွဲခြင်းကို အတင်းဆွဲရင်း မုန့်မွှေရှာပါတယ်။ကျမ အမေက လှမ်းကြည့်ရင်း “ငါ့အတွက်ရော မုန့်ပါလား”တဲ့ကျမ ရင်ထဲ နင့်ကနဲပါပဲ အမေဟာ မာနကြီးသူတစ်ဦးပါ အရင်ကဆို ဘယ်တော့မှ ပြောမှာ မဟုတ်တဲ့ စကားမျိုးပါအမေ တကယ်အို သွားခဲ့ပါပြီ။
အမေရဲ့ နုပျိုမှုတွေ သွက်လက်မှုတွေ ကုန်သွားခဲ့ပြီ လက်မခံချင်ဘဲ ကျမ လက်ခံလိုက်ရပါပြီ။ နောက်ပိုင်း ကျမဟာ ဘာကို အလိုမကျမှန်းမသိ ဖြစ်လာခဲ့ပါတယ်။ အမေဟာ ကျမ မျက်နှာအရိပ်အခြေကို ကြည့်ပြီး ဟိုငေးဒီငေးလုပ်လာပါတယ်။ အမေဟာ အရင်လို တက်ကြွမှုမရှိတော့ပါဘူး မနက်စောစောလဲ အိပ်ယာမထတော့ပါဘူး အိပ်ယာထရင်တော့ ရေနွေးအိုးလေးတည်တတ်ပါတယ် တံမြက်စည်းလေး လှဲပါတယ် အိမ်က ပစ္စည်းလေးတွေ စနစ်တကျဖြစ်အောင် နှေးနှေးကွေးကွေး လုပ်တတ်ပါတယ်။ ဒါပြီးရင်တော့ အမေဟာ အိပ်ငိုက်နေတတ်ပါတယ် ကျမသားကလေး ဟာ သူ့အဖွားအပေါ် အတင်းထိုင်လိုက်ပြီး အဖွားကို ချစ်တယ်နော် အာဘွား ဆိုပြီး ပြောတဲ့အခါတိုင်း အမေ့ မျက်၀န်းတွေဟာ ကျမ ကလေးဘ၀ကလို တလက်လက်ပြန်ပြီး တောက်ပသွားခဲ့ပါတယ် ။
သားကလေးကို ထိန်းနေရတဲ့အချိန်မျိုးဆို အမေဟာ ပုံမှန်ထက် တက်ကြွနေတတ်ပြန်တယ် ကျန်တဲ့ အချိန်တွေမှာတော့ အမေဟာ အိပ်ငိုက်နေတတ်ပါတယ် အမေဟာ အရင်လို အမြင်မစူးရှတော့ပါဘူး။ လောကဓံရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့အမေဟာ ပိန်လှီပါးလှပ်နေတဲ့ ခန္ဓာကိုယ်လေးကို မန်ုင့်တနိုင် သယ်နေရပြန်တယ် “ခန္ဓာကိုယ်ကြီး လေးလာလိုက်တာ” ဆိုတဲ့ စကားကို အမေ အမြဲပြောလာခဲ့တယ် “ငါက နင်တို့ကို မကူညီနိုငိတော့ဘူး ငါဟာ သူများတွေအတွက် ၀န်ထုပ်၀န်ပိုးဖြစ်မှာ ကြောက်လိုက်တာ” ဆိုတဲ့ စကားဟာ အမေ ပြောနေကြ ဖြစ်လာတယ် တက်ကြွမှုတွေ မရှိတော့ဘူးလို့ ထင်ရတဲ့အမေဟာ ကျမ ပိုက်ဆံမလောက်လို့ အမေ့ပင်စင်လစာလေး ထုတ်ပြီး ယူသုံးရတဲ့ အချိန်မျိုးမှာ အမေဟာ ပျော်နေပြန်ရော တက်ကြွနေပြန်ရော ။
တစ်ရက် အမေ ကျမဆီက အဖျားကူးပြီး အပြင်းဖျားပါတယ်။ အသက်အရွယ်ရယ် အားမရှိတာရယ်ပေါင်းပြီး အမေ အိပ်ယာက မထနိုင်ခဲ့ဘူး။ ကျမဟာ အိပ်ယာထတာနဲ့ မျက်နှာသစ် အိမ်သန့်ရှင့်ရေးလုပ်၊ ရေနွေးအိုးတည် ၊ ကျမသား ကစားထားတဲ့ ကစားစရာတွေ ပြန်သိမ်း၊ ထမင်းအိုးတည်၊ ဟင်းချက် မပြီးခင် ကလေးက ငို၊ ချာချာလည်ကိုလည်ပါရော။ အဖွားဖြစ်သူက ဖျားနေတော့ သားက ကျမအနားလိုက်ကပ်နေလိုက်တာ ရေချိုးရင်လဲ ငိုနေ၊ ထမင်းတွေ မြိုချရ၊ ကျမ အမေ ဖျားနေတဲ့ ရက်တွေဟာ ကျမ အတွက် တကယ့်ငရဲပါပဲ။
အမေ လုပ်ခဲ့တဲ့ ရေနွေးအိုးတည်တာလေးတွေ၊ ပစ္စည်းလေးတွေပြန်သိမ်းတာလေးတွေ၊ သန့်ရှင့်ရေးလုပ်တာလေးတွေဟာ ဘာမှ မကြီးကျယ်ဘူး လို့ထင်ခဲ့မိတာ အမေဖျားမှ အဲ့အတွေးဟာ ပါစင်အောင် လွဲမှန်း သိခဲ့ရပါတယ်။ အမေဟာ ကလေးထိန်းထားပေးလို့သာ ကျမ လုပ်ချင်တာလေးတွေကို လုပ်ခွင့်ရကြောင်း ကျမ ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ။ တကယ်တော့ အမေ မအိုခဲ့ပါဘူး ဘယ်တော့မှ မအိုခဲ့ပါဘူး အမေက ကျမတို့ကို လိုအပ်တယ်လို့ ကျမထင်ခဲ့ပေမဲ့ တကယ်တမ်းက အမေ့ကို ကျမတို့ လိုအပ်ခဲ့တာပါ အမေဟာ ကျမနဲ့ ကျမ သားလေးအတွက် ဘယ်တော့မှ မအိုခဲ့ပါဘူး။
လရိပ် – သံတွဲ 12.10.2025 10: 20pm





