ရင်ထဲကစမ်းရေ(စ/ဆုံး)
နေ့လည် ထမင်းစားချိန်မှာတော့ မယ် နဲ့ ထွေးလေးတို့ထမင်းအတူစားကြတယ်။ ထွေးလေးက သူ့ထမင်းချိုင့်ကိုဖွင့်ကြည့်ပြီး။ မုန်ညင်းရွက်ကြော် နဲ့ငရုပ်သီးဆားထောင်း ပါတယ် မယ်ရေ.. အိုကေ..အိုကေ..ငါ့အကြိုက်ပဲ.. သူထည့်ပေးတဲ့မုန်ညင်းရွက်ကြော်ကို အနည်းငယ် ယူစားလိုက်တယ်။ မုန်ညင်းရွက်ကြော်က ခါးတယ် ထွေးလေး… ဟင်..ဟုတ်လား.. နေဦး..ငါစားကြည့်ဦးမယ်.. အေးဟယ်…ခါးလိုက်တာ.. အမေ ဘယ်လိုကြော်ပေးလိုက်တယ် မသိဘူး… အိမ်မှာ ဆီကုန်နေတယ်နဲ့ တူတယ်… ငါးကြင်းဆီဖတ်ကို ကြော်ထားတဲ့ဆီနဲ့ မုန်ညင်းရွက်ကိုကြော်တော့ ခါးတာပေါ့.. ငါးကြင်းဆီဖတ်တွေက သည်းခြေပါတတ်တယ်… ဒါကြောင့် ခါးသွားတာကိုး… မယ်ရေ.. နင် မုန်ညင်းရွက်ကြော် မစားနဲ့.. ငါ စားလိုက်မယ်.. အမေကဟယ်.. ဆီမရှိတော့ ရှိတဲ့ဆီနဲ့ကြော်ပေးလိုက်ရတာ.. ငါ့အမေ သနားပါတယ်… သူ့ခမြာ မနက်အစောကြီး ထချက်ပေးရတာ.. ငါ့ကိုတောင် မနှိုးဘူး.. ထွေးလေးက သူ့အမေကို လုံးဝအပြစ် မမြင်သူ အပြစ်မတင်သူပါလား။ ဒီလောက် ခါးတူးလန်နေတဲ့ မုန်ညင်းရွက်ကြော်ကို ထမင်းနဲ့စားလိုက်..။
ငရုပ်သီးဆားထောင်းကို ဇွန်းနဲ့ ကော်ယူစားလိုက်နဲ့။ ထွေးလေး… ငါ့မှာ ကြက်ဥ ကြော်တွေ အများကြီးပါတယ်.. ခရမ်းချဥ်သီးငပိချက်တွေလဲပါတယ်.. ရော့..ထည့်စား.. ကျမနဲ့ထွေးလေးက အိမ်နီးနားချင်းတွေပါ။ ထွေးလေး တို့အဖေက အဝေးတနေရာမှာ အလုပ်သွားလုပ်ရင်းငှက်ဖျားမိပြီး ဆုံးပါးသွားခဲ့တာငါးနှစ်လောက်ရှိသွားပြီ။ ဆယ်တန်း ကိုတစ်နှစ်ကျပြီး ပြန်မဖြေကြတော့ပဲ၊ စက်ရုံမှာ အလုပ်အတူ ဝင်လုပ်ကြရတယ်။ ထွေးလေးတို့ကမိသားစု သုံးယောက်ရှိတယ်။ အမေ နဲ့ အလယ်တန်းတက်နေတဲ့ညီမလေး။ သူတို့အမေက ကျန်းမာရေးမကြာခဏချို့တဲ့သူ။ ထွေးလေးက သူ့အမေကို အလွန်ဂရုစိုက်သူ။
ချစ်တတ်သူပါ။ တစ်ခါဆို ထမင်းချိုင့်မှာချဥ်ပေါင်ဟင်းထည့်ပေးလိုက်တယ်။ ပုစွန်ငပိမထည့်ပဲ ချက်ပေးလိုက်တဲ့ ချဥ်ပေါင်ဟင်းက ချဥ်လိုက်သည်မှ အတိုင်းထက်အလွန်။ ထွေးလေးက ထုံးစံအတိုင်းပြုံးပြုံးလေးပါပဲ။ အမေက မနက်အစောကြီးထချက်ပေးရတော့ …. အိပ်ချင်မူးတူးနဲ့ချဥ်ပေါင်ဟင်းမှာ … ငပိထည့်ချက်ဖို့မေ့သွားတယ်နဲ့တူပါရဲ့.. ရတယ်.. ငါစားနှိုင်တယ်.. အမေ့ကိုအပြစ်မမြင်ပဲ ရယ်သံလေးစွက်ပြီးတော့တောင် ပြောနေတဲ့ထွေးလေးပါ။ အဲဒီလိုဖြည့်တွေးတတ်တဲ့ထွေးလေး ဆီမှာကျမသင်ယူစရာတွေအများကြီးပါလား။ အမေ့ကိုအပြစ်မတင်တတ်တဲ့သူ့စိတ်ကလေးက ကျမနဲ့တခြားစီ။
ကျမကတော့ စိတ်ထဲမှာနည်းနည်းလေး အဆင်မပြေတာနဲ့ မျက်နှာကြီး သုန်မှုန်နေရတာနဲ့။ ကျမ မကြိုက်တဲ့ဟင်းကို အမေထည့်ပေးလိုက်တာနဲ့ထမင်းလုံးဝမစားတော့ပဲ ချိုင့်ကိုဒီအတိုင်း ပြန်ယူလာရတာနဲ့။ ပြောရရင် အများကြီးပါ။ ကျမလည်း အမေ့ကိုချစ်ပါတယ်။ ဒါပေမယ့် ထွေးလေးလို အမေအပေါ်မှာ ကောင်းတဲ့ဖက်ကနေကြည့်မပေးဘူး။ စိတ်ကောက်စရာရှိရင် အဆုံးထိစိတ်ကောက် ပြစ်လိုက်တယ်။ တစ်ဦးတည်းသော သမီးမို့ဖြစ်ပါလိမ့်မယ်။ အမေကလည်း ကျမအပေါ်မှာ ခုချိန်ထိကလေးတစ်ယောက်လို ပြုမူဆက်ဆံနေတုန်းပါ။ . . . လခထုပ်တဲ့ရက်မို့ စက်ရုံကလူတွေမျက်နှာမှာ အပြုံးတွေဝေလို့။ ကြွေးရှင်ကလည်းအတိုးငွေယူဘို့ အားမနာတဲ့မျက်နှာနဲ့အဆင်သင့်စောင့်ကြိုလို့။ အဝတ်အစား အလှပြင်ပစ္စည်းရောင်းထားတဲ့သူကလည်းစာအုပ်တစ်အုပ်နဲ့ဧရာမငွေစာရင်းကြီးနဲ့။ အကြွေးရှင်ကိုရှောင်ပုန်းဖို့ကြိုးစားနေသူတွေကလည်းဂိတ်ဝဆီကိုလျှင်မြန်တဲ့ခြေလှမ်းတွေနဲ့။
မယ်ကတော့ငွေတစ်ချို့တစ်ဝက်ကိုခွဲလိုက်တယ်။ ဒါကအမေ့ကိုပေးဖို့။ ကျန်တာကငါသုံးဖို့…အိုကေ။ မယ်…နင်ကအိမ်ကိုအကုန်မပေးဘူးလား… ဟင့်အင်း…မပေးဘူးထွေးလေး… .ငါသုံးဖို့ထားရသေးတယ်လေ..ဘိနပ်လှလှလေးဝယ်ချင်လို့… အမေကသူ့ဆီပိုက်ဆံရောက်သွားရင်ပြန်တောင်းလို့မရတော့ဘူး… ထွေးလေးကတစ်ချက်ငိုင်သွားပါတယ်။ ပြီးမှ။ ငါကတော့အမေ့ကိုအကုန်အပ်ရတယ်ဟာ….ဒါတောင်မလောက်ချင်ဘူး… ဖြစ်နိုင်ရင် အလုပ်နှစ်ခုလောက်လုပ်ပြီးအမေ့ကိုပေးချင်တာ…. . . . ဒီတစ်ပါတ် အလုပ်ပိတ်ရက်မှာတော့ တဖက်ရပ်ကွက်က အလှုဖိတ်တာသွားဖို့ ဖြစ်လာတယ်။ ထွေးလေးတို့အိမ်ကိုလည်း ဖိတ်တယ်။ ထွေးလေးတို့အမေက နည်းနည်းနေမကောင်းဖြစ်နေတယ်။ ထွေးလေးနဲ့ ကျမအတူသွားဖို့ဖြစ်လာတယ်။
ထွေးလေးက အိမ်မှာထမင်းချက်ခဲ့ရသေးတယ်။ ထွေးလေးတို့အမေကို အိမ်ရှေ့ကဘုရားခန်းမှာ ဖျာခင်းပြီးအိပ်နေတာတွေ့တယ်။ ကြီးကြီး..ဖျားနေတာလား.. ကျမ အမေးကို သူက ဖျားတယ်လဲမဟုတ်ဖူး သမီးရေ.. ကိုယ်လက်တွေကိုက်ခဲပြီး မအီမသာဖြစ်နေတာ.. ထွေးလေးတို့ အမေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအမေကတော့ပြောဖူးတယ်။ မမြကြည်က ဆွေးဆုံးကိုင်နေတာတဲ့… သူများတွေ ချမ်းနေပေမယ့် သူကပူချင်ပူနေတာ… သူများတွေက ချွေးဒီးဒီးကျအောင်ပူနေပါစေ.. သူကအနွေးထည် မချွတ်ရအောင်ချမ်းချင်ချမ်းနေတာ… အမေကတော့ဆက်ပြီးပြောပြပါသေးတယ်။
ကျမက ရောယောင်ပြီးသာခေါင်းညိတ်နေတာ။ မီးယပ်သွေးဆုံးကိုင်တယ်ဆိုတာကို ဘာမှမသိသေးတဲ့အရွယ်လေ။ ထွေးလေးကပြင်ဆင်ပြီးတာနဲ့သူ့အမေကို ပြောလိုက်တယ်။ အမေ..သမီးတို့သွားပြီ.. အမေ့ဘေးမှာ ရေနွေးအဆင်သင့်နော်.. အေး..အေး..ဒေါ်ကြွေကတော့အလှုလာဖိတ်ရင်းပြောခဲ့တယ်.. ငါးသလောက်ပေါင်းကျွေးမှာတဲ့.. အလှုချက်ကလေး စားချင်သား.. ကျမနဲ့ထွေးလေးတို့ အလှုအိမ်ရောက်တော့ လူတော်တော်များနေပြီ။ ကျမတို့အရပ်ထဲက လူတွေအလှုကို လာကြတယ်။ မယ်တို့ထွေးလေးတို့ တခါထဲဝင်စားကြတော့.. ဒီမှာလူရှင်းနေပြီ.. အလှု့အမက လူရှင်းတယ်ဆိုလို့သာဝင်ထိုင်ရတယ်။ စားပွဲဝိုင်းတွေမှာ လူတွေကအပြည့်။ ငါးသလောက်ပေါင်း ဝက်သားဟင်း ကြက်သားဆီပြန် ငပိကြော် သရက်ချဥ်သုတ် မယ်ဇလီဟင်းချို တို့စရာအစုံ ကျမ အကြိုက်တွေချည်းပဲ။ ငါးသလောက်ပေါင်းကို ပန်းကန်ထဲက ဇွန်းနဲ့ ခပ်ယူလိုက်တယ်။
ထွေးလေးကိုလည်း ထည့်ပေးလိုက်တယ်။ စားလို့ကောင်းလိုက်တာ။ ကျမ ထမင်း နောက်တခါ ထပ်ယူလိုက်တယ်။ ဟင်… ထွေးလေး..စားမကောင်းဘူးလား.. မျက်စေ့မျက်နှာ ပျက်နေတဲ့ထွေးလေးက။ ငါထမင်းဆက်စားလို့မဝင်တော့ဘူး မယ်ရေ… ဘာဖြစ်လို့လဲ..နင်နေမကောင်းဘူးလား.. ကောင်းပါတယ်.. ဒီထမင်းတော့ ကုန်အောင်စားပါဟာ… ဟင်းတွေ ထည့်ထားတာနှမြောစရာကြီး… ထမင်းစားပြီးတော့ ကျမတို့အိမ်ရှေ့ဖက်မှာအချိုပွဲ..လက်ဖက်.. ရေနွေးကြမ်းနဲ့ အလှုရှင်ကဧည့်ခံပါသေးတယ်။ ခဏအကြာမှာတော့ ထွေးလေးက အိမ်ဘေးဖက်ဆီကနေပြီး အိမ်အနောက်ဖက် မီးဖိုရှိရာကို ခဏဆို ပြီးထသွားပါတယ်။ ကျမ သူ့နောက်က လိုက်သွားလိုက်တယ်။ အိမ်အနောက်ဖက်မှာတော့ အလှုအတွက်ချက်ထားတဲ့ ဟင်းဒန်အိုးတွေ ပန်းကန်ဆေးနေတဲ့သူတွေ ဟင်းပွဲပြင်ပေးနေသူတွေ ကိုတွေ့ရတယ်။ ထွေးလေးက မိန်းမဝဝကြီး တစ်ယောက်အနားကို သွားပြီး။
ကြီးမေကြီးရယ်.. ကျမကို ငါးသလောက်ပေါင်း နည်းနည်းလောက် ပေးပါလား… တစ်ယောက်စာထဲပါ… အတုံးလေးတစ်တုံးလောက်ဆိုရပါတယ်.. ကျမအမေ နေမကောင်းနေလို့ပါ.. ကျမ မနက်ကဒီကိုအလာမှာ ငါးသလောက်ပေါင်းစားချင်တယ်ပြောလို့… အမေ့ကိုကျွေးချင်လို့ပါ.. ထမင်းချက်ဆောင်က လူတွေရော ကျမပါ သူပြောလိုက်တဲ့စကားကြောင့် အံ့အားသင့်သွားပါတယ်။ ထွေးလေးကို ကြည့်လိုက်တော့လည်း အသားဖြူဖြူ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည် နဲ့ မျက်နှာလေးက ချောမောလှပသူလေး။ အလှုကိုလာတယ်ဆိုတော့ သင့်တင့်တဲ့အဝတ်အစားလေးနဲ့ အထက်တန်းကျကျ ရုပ်ရည်ကလေး။ အနှီမိန်းကလေးဆီက အမေ့ကိုကျွေးချင်လို့။ အမေ့ အတွက်ဟင်းလေး တစ်တုံးလောက်ပေးပါဆိုတော့။
ဟင်းချက်ရုံက အမျိုးသမီးကြီးတွေ အသဲ ခိုက်သွားပါပြီ။ ချောမော လှပပြီးနုနုနယ်နယ်မိန်းကလေးတစ်ယောက်ဆီက ဒီလိုအရဲစွန့်ပြီး အမေအတွက်ဟင်းတောင်းတာ သူတို့မကြုံဖူးခဲ့ပါ။ အဒေါ်ကြီးတစ်ယောက်က ထိုင်နေရာကထလာပြီး။ အေးပါသမီးရယ်.. ပေးလိုက်မယ်…. ပေးလိုက်မယ်.. ဆိုပြီး ကျွတ်ကျွတ်အိပ် ထရှာပါတယ်။ ငါးသလောက်ပေါင်းတွေ ခပ်ထည့်နေတုန်း ထွေးလေးက။ ကြီးမေ..တော်ပြီ..တစ်တုံးဆိုတော်ပြီ..အမေ ဝတယ်..ရပြီ… ထွေးလေး တားနေတဲ့ကြားထဲကပဲ ငါးသလောက်ပေါင်းတွေ ထည့်ပေးလိုက်တာ အများကြီး။ ပုစွန်ခြောက်များများနဲ့ ကြော်ထားတဲ့ငပိကြော်က တစ်ထုပ်။ အလှုအိမ်ကအပြန်လမ်းမှာတော့ထွေးလေးက ခြေလှမ်းတွေသွက်လက်လို့ နေပါတယ်။ အဝတ်အစား တောက်တောက်ပြောင်ပြောင်တွေ ဝတ်ပြီးအလှုအိမ်ကပြန်လာတဲ့ သူ့ လက်ထဲမှာ ဟင်းထုပ်တွေနဲ့ ဆိုတော့ လူတွေကကွက်ကြည့်ကွက်ကြည့် ပြုံးစေ့စေ့နဲ့။ တို့အမျိုးက အိမ်အတွက်လဲသယ်တယ်..ဟေ့ ရွယ်တူကောင်လေးတစ်ချို့က မကြားတကြားနဲ့ ပြောသွားသေးတယ်။
ကျမမှာ ခေါင်းငုံ့ပြီး လမ်းကိုသာတွင်တွင်လျှောက်နေရတယ် လူက ရှက်လို့သေတော့မယ်။ ထွေးလေးကတော့ ဘာကိုမှဂရုမစိုက်ပဲ အိမ်ကိုသာအမြန်ရောက်ဖို့သုတ်ခြေတင်နေတယ်။ ကျမသူနဲ့အတူ သွားနေတာကနေမသိမသာနောက်ချန် နေခဲ့တယ်။ စိတ်ထဲမှာလည်းသူ့လုပ်ရပ်ကြောင့် ရှက်နေတယ်။ အလှုအိမ်ဆိုတာ လူစုံတယ်လေ။ ပါးစပ်စုံ အတင်းစုံ တဲ့နေရာမှာထွေးလေးလုပ်ရပ်က မကြာခင်မှာရပ်ကွက်ထဲ သတင်းပျံ့တော့မယ်။ အလှုအိမ်မှာ သွားစားသေးတယ်။ ကိုယ့်ရုပ်ရည်လေးမှအားမနာ။ အိမ်ကိုသယ်တယ် အစရှိသည်ဖြင့်ပေါ့။ အိမ်ရောက်တော့ အမေကို ဒီအကြောင်းတွေ ပြောပြမိတယ်။ အမေက အေးဟယ် ငါးသလောက်ပေါင်းဆိုတော့ ငါစားချင်သား..တဲ့။ ကျမ အမေ့ကိုအငေါ်တူးတူးနဲ့ပြန်ပြောလိုက်တယ်။
အမေ..သမီးက ထွေးလေးမဟုတ်ဖူးနော်..လူမြင်မကောင်းတာမလုပ်ဖူး.. ညနေဖက်ရောက်တော့ ထွေးလေးတို့ အမေက သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းပြီးပြုံးပြုံးရွှင်ရွှင်နဲ့ အိမ်ဖက်ကိုကူးလာပါတယ်။ လက်ထဲမှာ နှစ်ဆင့်ချိုင့်တစ်လုံးကိုကိုင်လာတယ်။ မမအေးရေ… ဟောဒီမှာ ငါးသလောက်ပေါင်းနဲ့ ငပိကြော်.. နည်းနည်းခွဲပြီး လာပို့ပေးတာ.. နေမကောင်းဘူးဆို.. ခုဘယ်လိုနေလဲ.. ကောင်းသွားပြီ.. ကောင်းသွားပြီ.. အလှုက သမီးတောင်းလာတဲ့ဟင်းတွေနဲ့ စားလို့ကောင်းလိုက်တာ မမအေးရယ်.. ထမင်းနှစ်ခါထည့်ကိုစားလိုက်တာ.. ဝမ်းသာအားရနဲ့ ပြောပြနေတဲ့ထွေးလေးတို့အမေကို ကျမတို့အမေက ဂရုဏာမျက်ဝန်းတွေနဲ့ကြည့်ပြီး ပြုံးနေတယ်။ ကျမကတော့ မကြည်မွေ့နှိုင်ဘူး။ ဘယ့်နှယ်.. ကိုယ့်သမီး အပျိုအရွယ်အချောအလှလေးကအလှုမှာ အမေအတွက်ဟင်းတောင်းရတယ်လို့။ . . . အလုပ်တွေပြန်ဆင်းရပြီ။ အလှုကကိစ္စတွေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီ။ တစ်နေ့မှာတော့ ထွေးလေးနဲ့ကျမတို့အလုပ်က စောစောပြန်ရတယ်။ ကျမ ရှေ့ကဆံပင်အနည်းငယ်ရှည်နေတာကြောင့် စက်ရုံအနားက အမျိုးသမီး ဗြူတီပါလာကိုခဏဝင်ကြတယ်။ ဆိုင်ထဲက လူတွေရဲ့မျက်လုံးတွေက ထွေးလေးရဲ့ဆံပင်အရှည်ကြီးဆီမှာပဲရစ်ဝဲနေကြတယ်။
လှလိုက်တဲ့ဆံပင်..ဖြေင့်စင်းနေတာပဲ.. ဒီခေတ်မှာဆံပင်အရှည်နဲ့တွေ့ရတာ ရှားသွားပြီ… ကျမဆံပင် ဖြတ်ရောင်းရင်ဘယ်လောက်ရမလဲ.. ကောက်ခါငင်ခါ မေးလိုက်တဲ့ထွေးလေးရဲ့စကားကြောင့် ကျမရော ဆိုင်ထဲကသူတွေပါ အံ့ သြသွားပါတယ်။ ဆံပင်ညှပ်တဲ့အမျိုးသမီးက ထွေးလေးဆံပင်ကိုကိုင်ကြည်ပြီး သုံးသောင်းလောက်ရမယ်… သုံးသောင်းခွဲပေး အမ.. ကျမ ဆံပင်ဖြတ်ရောင်းမယ်.. ပုခုံးလောက်ထိပဲထားခဲ့ပြီးသူ့ဆံပင်တွေကိုဖြတ်ချလိုက်ပါတယ်။ ထွေးလေးဆံပင်တွေကသိပ်လှတာ။ တင်ပါးကျော်နေတဲ့သူ့ဆံပင်ကဖြောင့်စင်းပြီး မဲခက်အိနေတာ။ သူ့ဆံပင်တွေကိုလဲ သူအလွန်မြတ်နိုးတာ။ အရင်တုန်းကဆိုကျမတို့က ခေါင်းလျှော်ရတာစိတ်ညစ်ပါတယ်ဟာ..နင့်ဆံပင်တွေညှပ်ပြစ်လိုက်ပါလား…. လို့ပြောတာကိုသူကစိတ်ဆိုးလိုက်တာဆိုတာလေ။ အခုတော့သူက သူအမြတ်တနိုးရှိခဲ့တဲ့ဆံပင်အရှည်ကြီးကို နှမြောတသကင်းမဲ့စွာနဲ့ ဖြတ်ရောင်းလိုက်တယ်ဆိုတော့။ အပြန်မှာတော့သူက လမ်းထိပ်ကစူပါမားကက်ကိုခဏဝင်တယ်။ သူ့အမေအတွက် အားဆေးဝယ်တယ်။ အန်ရှုးဝါးတစ်ဗူးဝယ်တယ်။
လမ်းထိပ်ရောက်တော့ လိမ္မော်သီးတွေဝယ်တယ်။ သူက ကျမကိုပြောတယ်။ လခထုပ်ဖို့ကလဲ ဆယ်ရက်ကျော်လောက်လိုသေးတယ် မယ်ရယ်.. အမေကခုတလော ထမင်းသိပ်မစားဘူး… ထမင်းစားမကောင်းတဲ့နေ့တွေကျရင် အန်ရှုးဝါး အားဖြည့်အစာကိုစားပေးရင် ထမင်းစားသလိုပဲလို့ ဆရာဝန်ကပြောလို့.. နင့်ဆံပင်ကိုမနှမြောဘူးလား…ထွေးလေး.. မယ်ရယ်… လောကကြီးမှာလေမိဘထက်အရေးကြီးတာဘာမှမရှိဘူး… ဒီဆံပင်က ငါ့အတွက်ဘာမှအရေးမပါဘူးလေ… ဒီဆံပင်တင်မဟုတ်ဖူး… အရာရာတိုင်း အကုန်လုံး အစားထိုးလို့ရတယ်… မိဘက အစားပြန်မရဘူး… မိဘ မရှိတော့မှ မိဘကိုရည်စူးပြီး အသည်းအသန် လှုတာတွေဘာတွေ ငါလက်မခံဘူး.. အဲဒါကလေ အမှောင်ထဲကတိုင်ကိုမှန်းပြီး ခဲနဲ့ပေါက်တာနဲ့တူတယ်.. ထိမယ်.. မထိဘူးဆိုတာမသေချာဘူး… အဲဒီတော့ အမေအသက်ရှင်နေတုန်း ငါလုပ်ပေးနိုင်စွမ်းရှိသလောက်ကို ငါလုပ်ပေးမယ်.. အမေစိတ်ချမ်းသာအောင်ထားမယ်… အမေ ရှိနေတာကိုက ငါတို့ညီအမအတွက် ခွန်အားတစ်ခုပါ… ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အမေအသက်ရှင်ဖို့ အမေအသက်ရှိဖို့ကိုပဲ ငါ အလိုချင်ဆုံးဆန္ဒပါ မယ်ရယ်.. သူ့ရဲ့စကားအဆုံးမှာတော့ ကျမရင်ထဲမှာ အတွေးတွေပျံလွင့်နေပါတယ်။ နှလုံးသားထဲအထိ အတွေးတွေကနက်ရှိုင်းစွာရောက်ရှိသွားတယ်။ အမေ့ကို ဒီနေ့ထမင်းစားကောင်းရဲ့လားလို့ကျမ တစ်ခါမှမမေးဖူးခဲ့ပါ။
အမေက ခေါင်းကိုက်လိုက်တာလို့ပြောရင် လိမ်းဆေးဗူးကိုယူပေးပြီး ကျမက ထောင့်ကလေးမှာဖုန်းပွတ်နေတယ်။ အမေသက်သာသွားပြီလား.. ဘယ်လိုနေသေးလဲလို့ မမေးဖူးပါ။ ကျမပေးတဲ့လခနဲ့အမေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေလဲ။ ကျမ မသိခဲ့ပါ။ သိအောင်လဲမကြိုးစားခဲ့ပါ။ ဒီလ အမေစျေးဖိုးလောက်ငှရဲ့လား။ အမေ ဘာစားချင်လဲ။ ကျမ တစ်ခါမှမမေးကြည့်ခဲ့ပါ။ ထွေးလေးဆီကသင်ယူစရာတွေထက် ကိုယ့်ရင်ထဲက သူ့အလိုလိုဖြစ်လာတဲ့သိတတ်မှု့ နားလယ်မှု့ကအဓိက မဟုတ်ပါလား။ ကျမ ဖြတ်သန်းလာခဲ့မိတဲ့အတိတ်အကြောင်းတွေကို ပြန်တွေးကြည့်မိနေပါတယ်။ ကျမတို့အမေ အရွယ်ကောင်းလေးမှာမုဆိုးမဖြစ်ခဲ့တယ်။ ကျမကို ငဲ့ညှာပြီး အမေနောက်အိမ်ထောင် မပြုခဲ့ဘူး။ ကျမကို ဘဝတစ်ခုလို အမေကဖက်တွယ်ခဲ့တယ်။ အမေက ကျမကို အားတစ်ခုလိုယူဆထားပြီး အရာရာကိုရင်ဆိုင်ခဲ့တယ်။ စျေးတောင်းခေါင်းရွက်ပြီး အမေက ကျမကိုရှာဖွေကျွေးခဲ့တယ်။
ညအိပ်ယာဝင်ရင် ကျမဆံပင်လေးကို သူ့လက်ကလေးနဲ့ညင်ညင်သာသာဖွပြီး သီချင်းလေးတွေဆိုငြီးပြတယ်။ ကျမအလုပ်ကပြန်လာရင်မျက်နှာချိုချိုလေးနဲ့ပြုံးပြီးဆီးကြိုတတ်တဲ့ အမေ။ ကျမရှာဖွေကျွေးမွေးနေတာကို အားနာနေတဲ့ အမေ။ . . . ပိုက်ဆံအိတ်ထဲမှာ ကျစ်ကျစ်လစ်လစ်လေး ရှိနေတဲ့ တစ်ရွက်ထဲသောတစ်သောင်းတန်လေးကိုအသာလေးယူလိုက်တယ်။ ကရင်းပတ်ဗူးဝယ်ဖို့ သိမ်းထားတဲ့ပိုက်ဆံလေး။ မိတ်ကပ်ဗူးကအရေးမကြီးတော့ပါဘူး။
အသီးအနှံရောင်းတဲ့ဆိုင်မှာ ပန်းသီးကြီးတွေ လှလိုက်တာ။ အမေကပန်းသီးဆိုသိပ်ကြိုက်တာ။ ပန်းသီးဆိုတာအမေတို့လိုလူတန်းစားတွေနဲ့မတန်ပါဘူးမယ်ရယ်… ပန်းသီးကိုအမေကကြိုက်ပေမယ့်လည်းသူ့အရသာကိုမေ့ထားလိုက်တယ်.. သြော်…အမေ…အမေ… မယ်တို့ကပန်းသီးလောက်တောင်တန်ဘိုးမရှိတော့ဘူးလားအမေရယ်။ အမေ့အတွက်ဆိုရင် မယ်ကထွေးလေးနည်းတူပါပဲလို့ဆုံးဖြတ်ချက်ကိုချလိုက်တယ်။ ပန်းသီးတွေထည့်ထားတဲ့အိတ်ကိုကိုင်ထားတဲ့ မယ့်ခြေလှမ်းတွေကသွက်လက်နေတယ်။ ပြုံးနေတဲ့မျက်နှာလေးနဲ့ ပန်းသီးစားနေတဲ့အမေ့ကို တွေ့ချင်လှပြီ။ . . #လှပသောဆန်ရေများဖြစ်ကြပါစေ။ . . . #ခင်လှမြတ်ခိုင်








