Home / Ghost Stoey / ဒီပုတ်ထဲကပဲစေ့လေးတွေ(စ/ဆုံး)

ဒီပုတ်ထဲကပဲစေ့လေးတွေ(စ/ဆုံး)

ဒီပုတ်ထဲကပဲစေ့လေးတွေ(စ/ဆုံး)

————————————

ကျောင်းပိတ်ရက်မို့ နားအေးပါးအေး နေရမလား အောက်မေ့တယ်။ ဧည့်ခန်းထဲမှာ အဖေနဲ့ အတူ မနက်စာ စားနေတုန်း ကိုလတ်မိန်းမက အငယ်မကိုချီပြီး ငိုကြီးချက်မနဲ့ အိမ်ရောက်လာကြတယ်။ စောစောစီးစီး ကျက်သရေ ကို တုံးတယ်။စားနေတဲ့ ကြက်ဥထမင်းကြော် အရသာကို ဘယ်ပျောက်သွားမှန်း မသိဘူး။ အိုးခွဲအိမ်ခွဲဖြစ်နေတာကို အခုထိ မုဆိုးဖိုအဖေဆီ လာလာပြီး ဒုက္ခပေးကြတုန်း။ အဖေက အပြုံးမပျက်
ပေမယ့် ကြားထဲက မနေတတ်မထိုင်တတ်တဲ့ ကျုပ်မှာသာ အလကားနေရင်း အကုသိုလ်ဖြစ်ရတယ်။
“အဖေ့သားကို…သမီး လုံး၀မပေါင်းနိုင်တော့ဘူး…အီး…ဟီး…ဟီး..အခု
လူကြီးအိမ်မှာ သွားကွာမလို့..အဖေ့ကို လာပြောတာ.”
အဖေက သူ့မြေးအငယ်မကို ပွေ့ချီပြီး သူ့ချွေးမ ဆက်ပြောလာမယ့် စကားကို နားစွင့် နေတယ်။
“ကိုလတ်က မူးလာတိုင်း သမီးကို ပြသနာရှာပြီး ရိုက်တယ်..”
ကိုလတ်ဆိုတာ ကျုပ်အထက်က အစ်ကို။ကိုလတ်အထက်မှာ
ကိုကြီးနဲ့ မမကြီးရှိသေးတယ်။သူတို့နှစ်ယောက်စလုံးကလည်း အိမ်
ထောင်သည် အိုးခွဲအိမ်ခွဲတွေ။ ကိုလတ်က ဆယ်တန်းသုံးခါကျ။ဒီရွာသူနဲ့ပဲ အိမ်ထောင်ပြန်ကျတာ။ ကိုလတ်မူးလာတိုင်း ရွာထဲကလူတကာကို လှည့်ပတ်ပြီး ရန်ရှာတတ်တယ်။ ရန်ဖြစ်စရာ လူမရှိရင် မှန်ထဲကသူ့ပုံကို ရန်ပြန်ရှာပြီး မှန်ခွဲတတ်တဲ့ လူစားမျိုး။ကိုလတ်က အရက်
မသောက်ရင် သူ့မိန်းမကို သည်းသည်းလှုပ်ချစ်ပြပေမယ့် မူးလာရင်
ဂျီကျပြီး ရိုက်တတ်တယ်။
“သမီးရယ်..ကလေးနှစ်ယောက်တောင် ရမှတော့. ကွဲဖို့ကွာဖို့တွေ
မပြောပါနဲ့တော့။ အဖေ့သား ဆိုးတာကို အဖေ သိပါတယ်။ ဒါပေမယ့် သမီးရယ်..ကလေးတွေ မျက်နှာထောက်ပါဦး”
အဖေက ဧည့်ခန်းထဲမှာ ထိုင်ငိုနေတဲ့ သူ့ချွေးမကို လေအေးအေးနဲ့ ဆုံးမစကားတွေ ပြောနေပြီ။ ကျုပ်လေ ` ပစ်ထားလိုက် အဖေလို့´
အော်ပစ်ချင်တယ်။ ဘယ့်နှယ့်ဗျာ တစ်လကို ဆယ်ခါလောက် အိမ်မှာလာငိုပြီး ကွဲမယ်ကွာမယ် ပြောနေကျဗျ။ နောက်ပြီး ဘာမှ ကွဲတာ
မဟုတ်ဘူး။ ခဏနေရင် ကိုလတ်လိုက်လာမယ်။ အဖေ့ဆုံးမစကား
တွေကို လင်မယားနှစ်ယောက် ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ကြပြီး သူတို့မိသားစုရဲ့ အတောမသတ်နိုင်တဲ့ ပြသနာတွေ အဖေ့ကို
ပြောပြကြမယ်။ ကိုလတ်က ဘယ်သူ့ဆီက အကြွေးယူထားတာ၊ လယ်စိုက်ဖို့ ငွေမရှိတာ၊အ၀တ်အစားသစ် မ၀ယ်ပေးလို့ အငယ်မငိုနေတာ၊ အိုဗျာ..စုံနေတာပဲ။ အိမ်ကများ သူတို့ပြန်သွားရင် သွားကြည့်စရာ
မလိုဘူး။ အဖေ့သေတ္တာထဲက ငွေအထပ်လိုက်ပါသွားမှာ အသေချာပဲ။
“ဒီအရည်တွေ မသောက်ပါနဲ့။ ကျန်းမာရေး ထိခိုက်တဲ့အပြင် စီးပွားရေးပါ ကျတယ်လို့ အဖေ့သားကို သမီးပြောနေကျ။ အခုလည်း စပါးစိုက်စရာ စရိတ်မရှိလို့ အဖေ့မြေးနှစ်ယောက် ဆွဲကြိုးလေးတွေ
သွားပေါင်ထားတာ။ အဲ့ငွေတွေကို အဖေ့သားက အရက်ကြွေး ဆပ်ပစ်တယ်လေ။ သမီးက သူ့ပြောလို့တဲ့။ သမီးကို ရိုက်လွှတ်တယ်..ဟီး..ဟီး..”
ဘာတဲ့။ အဖေ့မြေးနှစ်ယောက် ဆွဲကြိုးတဲ့လား။ အဲ့ ဆွဲကြိုးနှစ်ကုံး ရာဇ၀င်ကို ပြောပြရဦးမယ်။ သူတို့သမီး အဲ ပြောရရင် ကျုပ်တူမအငယ်မနှစ်နှစ်ပြည့်မွေးနေ့တုန်းက သူတို့မိသားစု မုန့်ဟင်းခါးချိုင့်လေးဆွဲပြီး အဖေ့ကို လာကန်တော့ကြတယ်။ ကိုလတ်နဲ့သူ့မိန်းမအပြင် ၄နှစ်
အရွယ်နဲ့ ၂နှစ်အရွယ်မြေးမနှစ်ယောက်ကပါ ဖင်ထောင်နေအောင်
ကုန်းကန်တော့ တော့ အဖေ့မျက်နှာကြီးများ သကြားအိုးပေါ် ပျားရည်ပုလင်း မှောက်ထားတဲ့အတိုင်းပဲ။ အဖေက `ငါ့မြေးတွေက လိမ္မာတယ်ဟေ့။ ဘိုးဘိုးကြီး ဘာ၀ယ်ပေးရမလဲ´လို့ မေးတော့ `ရွှေဆွဲကြိုး
၀ယ်ပေး´တဲ့ ကလေးနှစ်ယောက် ပါးစပ်က ထွက်လာတဲ့ အသံများ ပြိုင်တူကိုဖြစ်လို့။ သူတို့လေးတွေအရွယ်က ရွှေဆွဲကြိုး ထက် မုန့်ပဲသရေ
စာကို ပိုမက်တဲ့ အရွယ်မဟုတ်ဘူးလား။အဲ့စကားတွေက ကိုလတ်
်မိန်းမ သင်ထားတာနေမှာပေါ့။
“ဟေ့ မိသီ၊နင် အဖေ့ကို ဘာတွေလာပြီး ကုန်းချောနေတာလဲ”
ဟော..ပြောရင်းနဲ့ အမူးသမားကိုလတ် လိုက်လာပြီ။ ထုံးစံအတိုင်း အဖေက ဆူတော့လက်အုပ်ချီ ပြီး
“သားက သောက်ချင်လို့ မဟုတ်ပါဘူးအဖေရာ။ စိတ်ညစ်လို့ပါ။ မိုးစပါးတုန်းက ပိုးကျပြီး ထွက်နှုန်းနည်းတော့ ယူထားတဲ့ မြေသြဇာဖိုးတွေ
မပေးရသေးတဲ့အပြင် အခု ဆောင်းစပါးစိုက်ဖို့ စရိတ်က
လိုနေပြန်တယ်။ဒီကြားထဲ အဖေ့မြေးနှစ်ယောက်က ဖျားလို့ ကျောက်ဆည်က အထူးကုဆီ ပြေးရသေးတယ်။သား ဒုက္ခရောက်ပြီးစိတ်ညစ်တိုင်း အဖေ့ကို သိပ်သတိရတာပဲ။ဒါပေမယ့် အဖေ့ကိုလည်း အပူမကပ်ချင်ဘူး။သားတို့မိသားစု ကြောင့် အဖေ့ စိတ်ဆင်းရဲမှာ စိုးတယ်။
ကဲ..တွေ့တယ်မို့လား။ သူတို့မိသားစု ပြဿနာတွေ ပြောနေတာများ သနားတတ်တဲ့လူဆိုရင် မျက်ရည်တောက်တောက် ကျရချည့်ရဲ့။
ကျုပ်ကတော့မသနားတဲ့အပြင် ဒေါသတွေ တလိပ်လိပ် ထွက်လာ
တယ်။သူတို့ လင်မယား ဇာတ်စုံနှောနေတာ နားမထောင်ချင်လို့
အခန်းထဲကအထ ကိုလတ်က ကျုပ်လက်ကိုဆွဲပြီး
“ဟေ့ညီလေး။မင်းက ဘယ်သွားမလို့လဲ။ ကိုလတ်နဲ့ စကားပြောပါဦးကွ”
“ညီလေး။ ရွာတောင်ပိုင်းက ဖိုးတုတ်တို့ အိမ်သွားမလို့”
“ဘာလဲ။ မင်းက ကိုလတ်လာမှ ထသွားတာ ။ပညာမတတ်တဲ့ အစ်ကိုမို့ လူရာမသွင်းတာလား။ အေးပေါ့ကွာ ကိုကြီးလို ဆရာ၀န်မဟုတ်
တော့ မင်းက ဘယ်ချစ်မလဲ။ ကိုလတ်၀မ်းနည်းတယ်ကွာ..”
ကိုလတ်မျက်၀န်းတွေက မျက်ရည်စတွေနဲ့ ရီဝေ ရီဝြေဖစ်လို့။ မူးနေလို့လား၊ တကယ်၀မ်းနည်းနေတာလား ကျုပ်တောင် ဝေခွဲမရဖြစ်သွားတယ်။ ကိုလတ်ကို အဲ့ဒါတွေ ကြည့်မရတာ။ တစ်ခုခုဆို ကျုပ်တို့မောင်နှမ သုံးယောက်က သူ့ကို ပညာမတတ်လို့ ဝိုင်းပြီးနှိမ်တယ်ထင်နေတာ။ကိုကြီးက ဆရာ၀န်၊ အစ်မက မူလတန်းကျောင်းအုပ်ဆရာမ၊ ကျုပ်က ကျောက်ဆည်တောမ တက္ကသိုလ်မှာ ဓါတုဗေဒ တတိယနှစ်ကျောင်းသား။ ကိုလတ်ကတော့ ဆယ်တန်းနဲ့ ဂိတ်ဆုံး။ကျုပ် ကိုလတ်ကိုတစ်ခုခုပြောမလို့ အားယူနေတုန်း အဖေက
“သားငယ်…ရွာထဲမသွားခင် အဖေ့သေတ္တာထဲက ငွေလေးသိန်း ရေပြီး ယူခဲ့ဦး”
ကြည့်ဦးလေ။ ကျုပ်ပြောတာ မလွန်ဘူးမို့လား။သူ့သားနဲ့ ချွေးမရဲ့
ပတ်ချွဲနပ်ချွဲ စကားတွေတောင် မဆုံးသေးဘူး အဖေက ပိုက်ဆံ ထုတ်ခိုင်းနေပြီ။ ကျုပ်မှာ မယူချင့်ယူချင်နဲ့ ပိုက်ဆံ ရေပြီး ယူပေးရသေး
တယ်။ ပိုက်ဆံ ပေးပြီးတဲ့ထိကိုလတ်က ကျုပ်ကိုရစ်တုန်းပဲဗျာ။
“ပြောပါဦးကွ။ ကိုလတ်က ဆရာ၀န်မဟုတ်လို့ မချစ်တာလား”
“မဟုတ်ပါဘူးဗျာ။ ဟိုကောင်နဲ့ချိန်းထားလို့။ ကိုယ့်အစ်ကိုပဲ
ချစ်တာပေါ့ဗျ”
`ကိုလတ်ကိုချစ်ရင် နမ်း´ဆိုလို့ ကျုပ်မှာ သူ့ရဲ့အရက်ဆီပြန်နေတဲ့မျက်နှာကြီးကို ဘယ်ညာနမ်းပြီးမှ အိမ်ကထွက်ခဲ့ရတယ်။
ဆိုင်ကယ်စီးရင်းနဲ့ ဆရာ၀န်ကိုကြီး အကြောင်းက ခေါင်းထဲရောက်လာတယ်။ အစ်ကိုကြီး ဆေးကျောင်းစတက်တော့ ကျုပ်က တစ်တန်းပဲ ရှိသေးတယ်။ ကျုပ်မှတ်မိနေတာတော့ လကုန်ရက်တိုင်း အဖေနဲ့ အမေက အစ်ကိုကြီးနေတဲ့ မန္တလေးကိုသွားပြီး ပိုက်ဆံတွေ သွားပြီး
ပို့ကြတယ်။ သွားတိုင်းလည်း မုန့်တွေ သစ်သီးတွေ အများကြီးယူသွား
ကြတယ်။ ကြားရက်ထဲ ကိုကြီးအိမ်ပြန်လာရင် ကျောက်ဆည်မြို့ပေါ်သွားပြီး အ၀တ်အစားတွေ ၀ယ်ပေးရသေးတယ်။
အမေဆုံးပြီး နောက်တစ်နှစ်မှာ ကိုကြီးက ဘွဲ့ရတယ်။ ဘွဲ့လည်းရ
ရော မိန်းမတန်းယူသွားတာ။သူ့မိန်းမက ဆွေကြီးမျိုးကြီးထဲကမို့
တိုက်ခန်းတစ်ခန်းနဲ့ ရွှေတစ်ဆင်စာ လက်ဖွဲ့ရမယ်ဆိုလို့ အဖေအမြတ်တနိုး သိမ်းထားတဲ့ အမေ့လက်၀တ်ရတနာတွေ ထုတ်ရောင်းခဲ့ရတာ။အဲ့ဒီညက ဧည့်ခန်းကအမေ့ပုံကို ကြည့်ပြီး အဖေ မျက်ရည်တွေကျနေတာ ကျုပ်ဖြင့်ခုထိ မျက်လုံးထဲက မထွက်ဘူး။
ကိုကြီးက မိန်းမရကတည်းက မန္တလေး ပြောင်းသွားတာ။
အခုတော့ မတ္တာရာ မြို့နယ်ဆေးရုံမှာလက်ထောက်ဆရာ၀န်။
လက်ထောက်ဆရာ၀န်ဖြစ်တော့ တစ်နှစ်တစ်ခါ နှစ်ခါလောက်တော့ ဘဏ်ကနေ ငွေလွှဲပေးပါရဲ့။`အဖေ့ကို သားချွေးနဲစာနဲ့ လှမ်းကန်တော့တာ´တာလို့ ဖုန်းဆက်ပြီး ပြောတတ်သေးတယ်။ ရယ်တော့ရယ်ရယ်ဗျ။ ကိုကြီးပို့ပေးတဲ့ပိုက်ဆံက သူကျောင်းတက်တုန်းက အိမ်ကပို့ရတဲ့
တစ်လစာတောင် မရှိဘူး။
ကိုကြီးဆရာ၀န်ဖြစ်တာ အဖေ့အတွက် ဘာကျန်းမာရေးမှ စောင့်ရှောက်မှု မရဘူး။ အဖေ့မှာ ဆရာ၀န်သားတစ်ယောက် ရှိတယ်ဆိုတဲ့
ဂုဏ်ပဲရှိတယ်။ အဖေနဲ့ ကျုပ်တို့အမျိုးတွေ ဖျားနာလို့ကတော့
ဘေးရွာက ဆေးခန်းကို ပြေးရတယ်ဗျို့။ သွေးမကြာခဏတိုးတဲ့ အဖေ့အတွက်တော့ ဆေးခန်းက ဆရာ၀န်နဲ့ ဘော်ဒါတွေကို ဖြစ်လို့။အရင်
ပတ်က ကိုကြီး အိမ်ခဏပြန်လာတော့ အဖေ့ကို သွေးပေါင်တိုင်းပေးပြီး” အငံတွေမစားပါနဲ့လို့ သားပြောထားတာကို အဖေက နားမထောင်ဘူး။ အခု သွေးက တက်နေပြန်ပြီ။ ညီလေး။ မင်းကို ငါမှာထားတယ်
လေ၊ အဖေ့ကို ငါးပိ၊ငါးခြောက်၊ငံပြာရည်ပါတာတွေ မကျွေးနဲ့လို့”
အမလေး။ အဖေက သူ့သားကြီး အဲဒီလိုပြောတာကို ကျေနပ်နေတာဗျ။ ကျုပ်ကတော့ လွန်ခဲ့တဲ့ ခြောက်လက ကိစ္စနဲ့ ပတ်သတ်ပြီး ကိုကြီးကို စိတ်နာနေတာ။အဲ့နေ့က အဖေ ရုတ်တရက် ဗိုက်နာပြီး အန်တယ်။ ဘေးရွာက ဆရာ၀န်သွားပြတော့ အဖျားလည်းရှိတယ် အူအတက် ရောင်တဲ့ လက္ခဏာတွေလည်း တွေ့တယ်ဆိုပြီး မြို့နယ်ဆေးရုံ တန်းသွားခိုင်းတယ်။ ကိုကြီးဆီဖုန်းဆက်တော့
“ဆေးရုံအုပ်ကြီးက မန္တလေးကို meeting သွားနေတာ။ ဆေးရုံကိစ္စတွေအကိ့ုကို လွှဲခဲ့လို့ ပြန်လာလို့မရသေးဘူးညီလေး။ ကျောက်ဆည် က
အပြင်ဆေးရုံတစ်ခုခု တင်လိုက်ကွာ၊ ကိုကြီးခွင့်ရတာနဲ့ လာခဲ့မယ်”
ကိုကြီးက ဘဏ်ကနေ ငွေနှစ်သိန်း လွှဲပေးတယ်။ ကျုပ် ဗျာ စိတ်တိုလိုက်တာ။ငွေနှစ်သိန်းဆိုတာ အဖေ့လို ဆန်စက်ဆီစက်ပိုင်ရှင် တောင်သူကြီးအဖို့ သူ့မြေးတွေကို ပေးတဲ့ မုန့်ဖိုးတောင် မရှိပါဘူး။ကိုကြီးဆရာ၀န်ဖြစ်ဖို့ အဖေ ဘယ်လောက်တောင် ထောက်ပံ့ခဲ့ရလဲဗျာ။အဖေအတွက်ဒီချိန်မှာ နွေးထွေးတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုသာ အလိုအပ်ဆုံးမို့လား။ ခွဲစိတ်ခန်း၀င်ခါနီး သူ့သားဆရာ၀န်မျက်နှာကို မြင်ချင်ရှာမပေါ့။သူ့သားဆရာ၀န်က သူ့လက်ကိုင်ပြီးပြောတဲ့ အားပေးစကားတွေ ကြားချင်ရှာမပေါ့။ ဒီအချိန်မှာ ကျုပ်တို့ထက် သူ့သားဆရာ၀န်ကို ပိုပြီးအားကိုးချင်မှာပေါ့။
ကိုကြီး မလာအားဘူးလို့ အဖေ့ကို ပြောထားတာတောင် အဖေက သူ့သားကြီး လာဦးမယ်ထင်ပြီး တမျှော်မျှော်ဖြစ်လို့။ အစ်မဆရာမ ကလည်း သူ့ကျောင်းကို မြို့နယ်ပညာရေးမှူးလာမှာမို့ အဖေ့ဆီ လိုက်မလာနို်င်ခဲ့ဘူး ။ ကျုပ်နဲ့ ကိုလတ်ပဲ ဟိုပြေးရသည်ပြေးရနဲ့ ဖတ်ဖတ်ကို
မောလို့။
အဖေဆေးရုံကဆင်းပြီး သုံးရက်လောက်ကြာတော့ ကိုကြီးက သူ့မိန်းမနဲ့အတူ ရောက်လာကြတယ်။ အဖေ့ဗိုက်က အနာကျက်နေပြီဖြစ်တဲ့ ချုပ်ရိုးကြောင်းကို စမ်းသပ်ပြီး
“အဖေ့ အလေးအပင်တွေ မ,မရဘူးနော်။ ၀မ်းချုပ်ခံလို့လည်း မဖြစ်ဘူး။ချောင်းဆိုးလာရင်လည်း သားဆီဖုန်းဆက်။ ချုပ်ရိုးကွဲသွားမှာ စိုးလို့”
အဖေကတော့ ခေါင်းတညိတ်ညိတ်နဲ့ သဘောတွေကျလို့။ ကိုကြီးမိန်းမက တိုးတိုး တိုးတိုးနဲ့ ကိုကြီးကို ဘာကပ်ပြောလိုက်လဲ မသိဘူး။ ကိုကြီးက ကားအနောက်ခန်းထဲက ခြင်းတောင်းကြီး သယ်လာတယ်။
ခြင်းတောင်းထဲမှာ ဖျော်ရည်တွေ မုန့်တွေ နဲ့ အားဆေးတွေ။ အင်း..စုစုပေါင်း လေးသောင်းဖိုးလောက်တော့ ရှိမပေါ့။ကိုကြီးက ကန်တော့
လည်းပြီးရော
“အဖေ့ သားတို့ပြန်ဦးမယ်။ကလေးတွေကို ကျောင်းသွားကြိုရဦးမှာ။
သားကလည်း ဆေးရုံ မှာ ဂျူတီရှိသေးတယ်။.အဖေ့ချွေးမကလည်း သူ့
ရွှေဆိုင်ကို ၀န်ထမ်းတွေနဲ့ထားခဲ့ရလို့ စိတ်မချဖြစ်နေတာ”
ကိုကြီးတို့က အိမ်မှာ ဖင်ပူအောင် မထိုင်ရသေးဘဲ ပြန်ဖို့ပြင်ဆင်
ကြတယ်။
“အော်..မေ့တော့မလို့။ အဖေ့မြေးကလေ…ပေါ်ဆန်းမွှေးဆန်ကို မကြိုက်ဘူး။ ပဒေသာမှကြိုက်တာ။ အဖေ့သားက လည်း နံနက်စာကို ပဲဆီစမ်းရင် မစားဘူး။ ရွာက နှမ်းဆီစစ်စစ်ပဲ ကြိုက်တယ်တဲ့။ အဲ့ဒါ သမီးကို ဆန်နဲ့ဆီ ရောင်းလိုက်ပါဦး”
အဖေလားဗျာ သူ့ချွေးမဆီက ပိုက်ဆံ ယူမှာ။ သူ့ချွေးမစကားမဆုံးသေးဘူး။ အိမ်ကအလုပ်သမားတွေကို ဆန်အိတ်အထပ်လိုက်နဲ့ ဆီပုံးတွေကို ကားပေါ်တင်ခိုင်းနေပြီ။ ပြန်ခါနီး ကိုကြီးက ကျုပ်ကို မုန့်ဖိုးပေးတယ်ဗျ။ အားဟား…မုန့်ဖိုးက ဆန်အိတ်တစ်ဝက်ဖိုးကို မရှိဘူး။
ဆိုင်ကယ်မောင်းရင်း တွေးနေတဲ့ အတွေးတွေက သူငယ်ချင်းအိမ်ရောက်မှ ရပ်တန့်သွားတော့တယ်။ သူငယ်ချင်းအိမ်မှာလည်း စိတ်
မချမ်းသာပါဘူးဗျာ။ သူ့မိသားစု မပြေလည်တဲ့ အကြောင်းတွေပဲ
နားထောင်နေရတယ်။ အားနာပြီး သူ့ဆီကရမယ့် အကြွေးတောင်
မတောင်းပဲ အိမ်ပြန်လာခဲ့ရတယ်။
“အဖေ့ကို အားနာပါတယ်။ သမီးလည်း မတတ်သာလို့ အကူညီ
တောင်းရတာပါ”
အိမ်အပေါက်၀ရှိသေး။ဟိုဘက်ရွာက ကျောင်းဆရာမ အစ်မအသံကိုကြားရတယ်။ သူက ဘေးရွာမှာ တာ၀န်ကျတာ။အဲ့ဒီက ရွာသားနဲ့ပဲ
အိမ်ထောင်ကျပြီး ကလေးသုံးယောက်ရနေပြီ။
“သမီးရယ်..သားအဖတွေပဲ။ အဖေကူညီရမှာပေါ့”
“သမီးက မသွားစေချင်ပါဘူး အဖေရယ်။ သူက အဆက်သွယ်လေးရှိတုန်းစီးပွားရှာချင်တယ်ဆိုလို့”
“အင်းလေး၊ မလေးမှာသာ ပြဿနာတွေတက်နေကျတာ။ကိုရီးယာမှာ
အေးချမ်းပါတယ်”
အဖေက ဘုန်းကြီးကျောင်းထွက် သာပြောတာ။ ရေဒီယို အမြဲနား
ထောင်တော့ ခေတ်နဲ့ အဆက်သွယ် မပြတ်ဘူး။
“အဖေ့သားမက် စီးပွားရှာချင်တာက သူ့ကလေးတွေ ကြီးလာရင်
လူကြားထဲ မျက်နှာ မငယ်အောင်လိုတဲ့”
“အင်း။မိဘမေတ္တာပေါ့ သမီးရယ်။အခု သမီးယောက်ျား သွားဖို့ ငွေ
ဘယ်လောက်လိုလို့လဲ”
“သူက ကုမ္ပဏီအဆက်သွယ်နဲ့သွားမှာအဖေ။ သိန်းနှစ်ဆယ် သွင်းရမယ်တဲ့။ သမီးမှာ လောလောဆယ် ငါးသိန်းပဲ ရှိတာ။ သမီးဆွဲကြိုးနဲ့
လက်ကောက်တွေ အဖေ့ဆီအပေါင်ထားပြီး ဆယ့်ငါးသိန်းလောက်လိုချင်လို့”
လူတွေကြားမှာ သားသမီးတွေ မျက်နှာငယ်မှာကို သေမတတ်
ကြောက်တဲ့အဖေက အစ်မရဲ့ ရွှေတွေကို မယူထားဘူးဆိုတာ ကျုပ်သိနေသလို အစ်မလည်း သိနေမှာ သေချာပါတယ်။ အစ်မကတော့ စံပဲ။ဟိုတလောက အစ်မသား အငယ်ကောင် သွေးလွန်တုပ်ကွေးဖြစ်ပြီး
ဆေးရုံတက်ရတော့ အဖေ့ဆီလာချေးသွားတဲ့ ငါးသိန်း တောင် မဆပ်ရသေးဘဲနဲ့ နောက်ထပ် လာချေးနေသေးတယ်။တံခါးပေါက်နားရပ်နေတဲ့ ကျုပ်ကို အစ်မမြင်သွားတယ်။
“ဟေ့…မောင်လေး။ လာဦး။ မင်းအစ်ကိုက ကိုရီးယားကို အလုပ်သွားလုပ်မလို့တဲ့ ။အဲ့ဒါ အဖေနဲ့ လာတိုင်ပင်တာ။ မောင်လေးက ခေတ်
လူငယ်ဆိုတော့ သွားသင့်မသွားသင့် အကြံပေးဦး”
ကျုပ်လေ `အဲ့နားတင် လဲသေလိုက်´လို့ကို အော်ပစ်ချင်တာ။
သွားဖို့ အားလုံးစီစဉ်ပြီးသားကို မသွားနဲ့လို့ တားကြည့်ပါလား။ ကျုပ်ကို ထဆဲမှာမြင်ယောင်သေးတယ်။
“ဒုန်း..ဒုန်း…ဖောင်း…”
ကျုပ်အခန်းထဲက အသံတွေ ကြားလို့ အခန်းဆီပြေးရတယ်။ ကျုပ်အခန်းထဲမှာ ကျုပ်ရဲ့ ချစ်လေး တစ်လတစ်ခါ ကျုပ်ကို ချစ်သက်လက်ဆောင်ပေးထားတဲ့ အရုပ်တွေနဲ့ပစ္စည်းတွေက နာဂစ်မုန်တိုင်း ၀င်ထားတဲ့အတိုင်းပဲ။ အစ်မသား သုံးယောက်ဆော့နေကြတာ။ တောက်..
မျောက်လောင်းတွေ။ ရှုပ်ပွနေတဲ့ ကျုပ်အခန်းကို ကြည့်ပြီး စိတ်က အဝီစိထိ ထိုးကျသွားတယ်။ ကျောင်းဖွင့်ရက်ကို မြန်မြန်ရောက်ချင်တာပဲ
သိတော့တယ်။
#####################
ချစ်သူနဲ့ တွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင် ကျုပ်ရင် ထဲ ချမ်းမြေ့လိုက်တာဗျာ။ ကျုပ်ရွာနဲ့ ချစ်လေးနေတဲ့ အ ဆောင်က ဆိုင်ကယ်နဲ့ဆို နာရီ၀က်မောင်းရတယ်။ ဆိုင်ကယ် စီးနေကျ လမ်းတွေက ပန်းမွေ့ယာခင်းထားသလိုခံစားရတယ် ။ကျောက်ဆည်မြို့အ၀င်လမ်းဘေးမှာ
ပုံသွင်းထားတဲ့ ဆင်နှစ် ကောင်က ကျုပ်ကို ကပြနေသလိုပဲဗျာ။
ကျုပ်မျက်လုံးထဲ မြင်မြင်သမျှက လှပနေတယ်။
အဆောင်ရှေ့က ထွက်စောင့်နေတဲ့ ချစ်လေးကို ခေါ်ပြီး ကျောင်းမသွားခင် မနက်စာ အတူသွားစားကြတယ်။ချစ် လေးက ကျုပ်လိုပဲ
ကျောက်ဆည်တက္ကသိုလ်မှာ ဓါတုဗေဒအထူးပြုနဲ့ကျောင်းတက်နေတဲ့ တတိယနှစ်ကျောင်းသူ။ဒီအပတ်ကျောင်းပိတ်ရက်မှာ သူ့မိဘကို
ကျုပ်တို့နှစ်ယောက် အနာဂတ်အတွက် အရေးတကြီးတိုင်ပင်စရာရှိလို့ ပျဉ်းမနားမြို့ကိုပြန်သွားတာ။ ကျုပ်နဲ့ချစ်လေး က ဒီလကုန် စာမေးပွဲ
ဖြေပြီးရင် ကျောင်းပြီးကြပြီဗျ။
“ချစ်….။ ချစ်မိဘတွေက ဘာတဲ့လဲ”
ရှမ်းခေါက်ဆွဲ စားရင်း ဆီတွေပေနေတဲ့ ချစ်လေး နှုတ် ခမ်းကို တစ်ရှူးနဲ့ တယုတယ သုတ်ပေးရင်း ကျုပ် သိချင်နေတဲ့ အဖြေအတွက် မေးခွန်းမေးလိုက်တယ်။
“ကိုရယ်။ ဒါရှိနေမှတော့ သဘောမတူဘဲ နေမလား”
ချစ်လေးက လက်နှစ်ချောင်းထောင်ပြီး သူ့ဗိုက်ကို ထိုးပြမှ ကျုပ်ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။
“ဒါပေမယ့်…ကို….”
“အင်း။ ပြောလေချစ်”
“ချစ်လေး အစ်မ၀မ်းကွဲ မင်္ဂလာဆောင်တုန်းက ဟိုဘက်က ကားတစ် စီးနဲ့ သိန်းတစ်ရာ တင်တောင်းတယ်။ အခု ချစ်လေးကိုလည် း…”
“အဲ့ကိစ္စ စိတ်ချစမ်းပါချစ်ရာ။ အဖေက သားသမီးတွေထဲ ကို့ကို
အချစ်ဆုံးကွ”
မနေ့ညကပဲ ကျုပ်နဲ့ ချစ်လေး ကိစ္စအဖေ့ကို ဖွင့်ပြောဖြစ် တယ်။
ချစ်လေးကို တောင်းပေးဖို့ ကိစ္စအပြင်၊ ချစ်လေးက တစ် ဦးတည်း
သော သမီးမို့ သူ့မိဘတွေနဲ့ မခွဲနိုင်လို့ လက်ထပ် ပြီးတာနဲ့ ကျုပ်က ချစ်လေးအိမ် မှာ လိုက်နေရမှာရယ်၊ ပျဉ် းမနားစျေးထဲမှာ အထည်ဆိုင်ဖွင့်ချင်တာပါ တိုင်ပင်ဖြစ်တယ်။ ပျဉ်းမနားမြို့မှာ လိုက်နေမယ်ပြောတော့ အဖေ့မျက်နှာမ ကောင်းဘူး။ အဖေက `ဖြစ်နိုင်ရင် အိမ်မှာပဲ နေစေချင်တယ် ကွာ´လို့ ပြောတယ်။ ကျုပ်လည်း အဖေနဲ့ ဘယ်ခွဲချင် ပါ့မလဲဗျာ။ စိတ်မကောင်းတော့ ဖြစ်တာပေါ့။ဒါပေမယ့် အဖေ့ဆန္ဒထက် ကျုပ်ရင်
သွေးလေး လွယ်ထားတဲ့ ချစ်လေးဆန္ဒပြည့်၀ဖို့က ကျုပ်အတွက်
ပိုပြီးအရေးကြီးတယ်မို့လား။ ကျုပ် က အငယ်ဆုံးဆိုတော့ အဖေ့ရင်
ခွင်ထဲခေါင်းနှစ်ခါ မ ဝှေ့ရပါဘူး။အဖေက ကျုပ်စိတ်ချမ်းသာအောင်
လိုက်လျောပေးမှာ ကျုပ်သိနေတယ်။ သေတ္တာထဲက လယ်ယာမြေပိုင်ဆိုင် ကြောင်း စာချုပ်တစ်ချို့တစ်၀က် ထုတ်ပြီး တွေတွေကြီး
စိုက်ကြည့် နေတဲ့ အဖေ့ကို ဒီမနက် ကျုပ်အိမ်က ထွက်မလာခင် မြင် ခဲ့တယ်လေဗျာ။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

#ဟမ်စိုင်း(ဆေး\မန်း)
October, 2014,မဟေသီမဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *