ပဉ္စလောဟာအရုပ် (စ/ဆုံး)
ရေးသားသူ…တာတေ တာတေ
ငယ်ငယ်တုန်းက အင်မတန်မှကို စပ်စပ်စုစု လုပ်ခဲ့တာဗျ။နည်းမျိုးစုံအောင် ကမြင်းတဲ့နေရာမှာ တာတေနဲ့ ဘက်ညီ အောင် ကမြင်းနိုင်တာက အောင်စိန်ပဲရှိ တာဗျ။ အောင်စိန်ဆိုတဲ့ကောင်က လူ လေးကသာ ပိန်ပိန်သေးသေးလေးဗျ။ ဆော့တဲ့နေရာမှာတော့ မျောက်ရှုံးအောင် ဆော့နိုင်တဲ့ အကောင်ဗျို့။ ဒီတုန်းက အကြောင်းလေးတစ်ခုကို ပြန်ပြောပြ ရဦးမယ်။ အဘက ကျုပ်ကို မြို့သွားပြီး နှမ်းအိတ်တွေ ပို့ခိုင်းတယ်။ ကျုပ်အဘ က ဒီလိုပဲ လုပ်နေကြလေဗျာ။ မြို့က ပွဲရုံကို ကျုပ်က လှည်းနဲ့ နှမ်းအိတ် ပို့ပေးရတယ်။ သူက တစ်ရက် နှစ်ကြာမှ ဘန့်ဘွေးကုန်းက ထွက်တဲ့ကားနဲ့ လိုက် သွားပြီး နှမ်းဖိုးငွေ ယူတာဗျ။ ပြီးတော့ စျေးဝယ်စရာရှိတာတွေ ဝယ်တာပေါ့ဗျာ။ ဒီနေ့တော့ အောင်စိန်ပါ ကျုပ်နဲ့ပါလာတာ ဗျ။နှစ်ယောက်ဆိုတော့ တစ်ယောက်တစ် လဲ လှည်းမောင်းရတာပေါ့ဗျာ။ အဘခိုင်းတဲ့ အတိုင်း နှမ်းအိတ်တွေကို ဦးမောင်စိန်ပွဲရုံ ကို ပို့ပေးပြီး အောင်စိန်နဲ့ ကျုပ်နဲ့ ပြန်ချ လာတာပေါ့ဗျာ။
မြို့ရောက်တုန်း ခေါက် ဆွဲကြော် တစ်ယောက်တစ်ပွဲလည်း စား ခဲ့သေးတာဗျ။ ဒီတော့ နှစ်ယောက်သား ဗိုက်ကလေးကလည်း တင်းနေတော့ အာလေးကလည်း တရွှင်ရွှင်ပေါ့ဗျာ။ လှည်းကိုလည်း အောင်စိန်မောင်းလိုက်၊ ကျုပ်က ယူမောင်းလိုက်ပေါ့ဗျာ။ “ဟေ့ကောင် တာတေ၊ မင်း နတ်ကြီး ကမ်းပါးက ဘုရားပျက်ကြီးက နှုတ်ခမ်း မွေးကားကားကြီးတွေနဲ့ ကနေတဲ့နိဗ္ဗာန် ဆော် အရုပ်ကြီးကို သိတယ်မို့လား” “ဟာ သိတာပေါ့ အောင်စိန်ရ၊ ရှားဖြူ ပင်တွေ အများကြီး ရှိတယ်လေကွာ” ဒီကောင်ပြောတဲ့ နတ်ကြီးကမ်းပါးဆိုတာ တောင်နံရံကြီးတစ်ခုကို ပြောတာဗျ။ ကျုပ်တို့ရွာကနေ မြို့ကိုသွားတဲ့ အခု ကျုပ်တို့ မောင်းနေတဲ့ လှည်းလမ်းကြောင်း ရဲ့ တောင်ဘက်မှာ ရှိတာဗျ။ ဟိုတုန်းက လှည်းလမ်းကြောင်း အဟောင်းကြီးပဲ ရှိတယ်။ လူအသွားအလာလည်း မရှိ ပါဘူးဗျာ။ ရှားဖြူသီး များများလိုချင်တဲ့ လူတွေတော့ သွားချင် သွားကြမှာပေါ့ ဗျာ။
အဲဒီမှာ အုတ်ပုံကြီးတစ်ခု ရှိတယ် ဗျ။တစ်ချို့က ပြောတာတော့ ရှေး ဟောင်းဘုရားပျက်ကြီးလို့ ပြောတာ ပဲဗျ။ ဟိုးတော်တော်ရှေးကျတဲ့ အချိန် တုန်းကဒီနေရာကို ဘုရင်တွေ တိုင်းခန်း လှည့်ရင်း မကြာ မကြာ ရောက်ကြတယ် လို့ပြောတာပဲဗျ။ အခု ပြိုပျက်နေတဲ့ အုတ်ပုံအဆွေးအမြည့်ကြီးကလည်း ဒီတုန်းက ဘုရင်တွေ တည်ထားတဲ့ ဘုရားလို့ပြောတယ်။ ဒါကတော့ ကျုပ်တို့အရပ်သားတွေပြောတဲ့ ပါးစပ်ရာဇဝင်ပေါ့ဗျာ။ အဲဒီမှာ ထူးခြားတာ က လူတစ်ရပ်သာသာလောက်ရှိတဲ့ နိဗ္ဗာန် ဆော်ရုပ်ကြီးတစ်ရုပ် ကျန်နေသေးတာဗျ။ အင်္ဂတေနဲ့ ထုထားတဲ့အရုပ် ဆိုပေမယ့် အင်္ဂတေကောင်းလို့ ဖြစ်မယ်ဗျ။အခုအထိ ရှိနေသေးတာ။ဆေးရောင်တွေ ဘာတွေ တော့ မရှိတော့ဘူးပေါ့ဗျာ။ ဒါပေမဲ့ နှုတ် ခမ်းမွေးနဲ့ သျှောင်ထုံးကြီးနဲ့ဗျ။ခြေထောက် တစ်ချောင်းက နောက်ဘက်ကို မြှောက် ထားပြီး လက်နှစ်ဖက်မြှောက်ပြီး ပြုံးပြုံး ကြီး ကနေတဲ့ပုံဗျ။ ပုဆိုးခါးထောက်ကြိုက်ပြီး သိုရင်းအင်္ကျီ ဝတ်ထားတာဗျ။ ဒါပေမဲ့ ဝတ်ထားတဲ့ သို ရင်းအင်္ကျီက ကျပ်လို့ ဗိုက်ပူပူကြီးက ပေါ်နေတဲ့ပုံ ထုထားတာဗျ။
မြင်ရတဲ့လူ တွေ၊ နိဗ္ဗာန်ဆော်ရုပ်ကြီးကို မြင်တာနဲ့ တစ်ပြိုင်နက် ပြုံးပြီး ပျော်သွားအောင် ကို ထုထားတာဗျ။ ကျုပ်လည်း ဟိုတုန်းက နတ်ကြီးကမ်းပါး ကိုရောက်တိုင်း ဒီအရုပ်ကြီးကို သွားသွား ကြည့်ရင်း ပြုံးမိတာဗျ။ အခုတော့ ကျုပ်က မြို့မှာ ကျောင်းသွားတက်နေတာဆိုတော့ ဒီဘက်တွေကို မသွားဖြစ်တော့တာပါဘူး ဗျာ၊ အခုတောင် ကျောင်းပိတ်ရက် အိမ် ပြန်ရောက်နေလို့ အဘက လွှတ်တာဗျ။ အောင်စိန်က ကျုပ်ကို ဆက်ပြောတယ်။ “မင်း အဲဒီအရုပ်ကြီးက တစ္ဆေခြောက်တာ သိလား” “ဟေ ဘယ်လိုကွ အောင်စိန်ရဲ့၊ အဲဒီနိဗ္ဗာန် ဆော်အရုပ်ကြီးက ဘယ့်နှယ်လုပ် တစ္ဆေ ခြောက်မှာတုံးကွ၊ အရုပ်ကြီးပါဆိုနေမှာ” “ဟား ဟား ဟား မင်းက မကြုံဖူးသေးဘူး ထင်တယ်ကွ၊ ငါကတော့အဲဒီအရုပ်ကြီးနဲ့ မကြာမကြာ သွားပြီးဆော့ဖူးတယ်ကွာ” “အရုပ်ကြီးနဲ့ မင်းက ဘယ်လိုဆော့တာတုံး” “အဲဒီနားက ရှားဖြူပင်ကနေ ရှားဖြူသီးတွေ ခူးပြီး သူ့ကိုပေါက်ရင် သူက မင်းကို ပြန် ပေါက်လိမ့်မယ်” “ဟေ အဲဒီအရုပ်ကြီးက ပြန်ပေါက်တယ် ဟုတ်လား၊ မင်းကတော့လေ ပေါက်ကရ ပြောတဲ့နေရာမှာတော့ နှစ်ယောက်မရှိတဲ့ ကောင်ပဲ” “ဟာ မင်း ငါပြောတာ မယုံဘူးပေါ့ ဟုတ်လား တာတေ” “ဒါ ယုံစရာလားကွ အောင်စိန်ရ” “ကဲ ဒါဆိုရင် ဟိုရှေ့နားက နတ်ကြီး ကမ်းပါးကိုသွားတဲ့ လှည်းလမ်းကြောင်း အဟောင်းရှိတယ်၊
အဲဒီကျရင် ငါတောင် ကိုချိုးပြီး မောင်းလိုက်မယ်၊ ဒါပေမဲ့ မင်း ကြောက်တော့ မကြောက်ရဘူးနော်” “ဟာ အောင်စိန်ရာ၊ မင်းက ရယ်စရာ လည်း တော်တော်ပြောတတ်တဲ့ကောင် ပဲကွ၊ တာတေ ကြောက်တာ မင်း မြင်ဖူး လို့လား” “အေး ဒါဆိုလည်း ပြီးရော နတ်ကြီး ကမ်းပါးကို သွားမယ်” မှန်တာကတော့ သေသေချာချာကို မှန်တာဗျ။ ကျုပ်မျက်စိနဲ့ကို သေသေချာချာမြင်လိုက်ရ တာ။ ကျုပ် နိဗ္ဗာန်ဆော်ရုပ်ကြီးကို လှမ်းကြည့် လိုက်တယ်။ အရုပ်ကြီးကတော့ ဒီအတိုင်းပဲဗျ။ လက်ကြီးမြှောက်ပြီးကနေတဲ့ပုံပဲ။ ပါးစပ်က လည်း ခါတိုင်းလိုပြုံးပြုံးကြီးပဲ။ “ကဲ မင်း မြင်ပြီမို့လား တာတေ၊ အဲဒါ မင်း သိလား၊ ငါ ပစ်လိုက်တာ သူ့ကို သွားထိလို့ ငါ့ကိုထိအောင် ပြန်ပစ်တာကွ၊ မင်း သူ့ကို နဖူးထိအောင်ပစ်ရင် သူကလည်း မင်းကို နဖူးထိအောင် ပစ်လိမ့်မယ်၊ မင်းက သူ့ကို ဗိုက်ထိအောင် ပစ်ရင် သူကလည်း မင်း ဗိုက်ကိုထိအောင် ပစ်လိမ့်မယ်။ မင်းပစ် တာ သူ့ကို မထိဘဲ ချော်သွားရင် သူက လည်း မင်းကို ချော်သွားအောင် ပြန်ပစ် လိမ့်မယ်။ ကဲ မင်း မယုံရင် စမ်းလေကွာ” “နေပါဦး အောင်စိန်ရဲ့၊ ဒီအရုပ်ကြီးက ပြန်ပြီးပစ်တယ် ထားပါတော့၊ ဒီရှားဖြူ သီးကို သူ ဘယ်ကခူးပြီး ပစ်တာတုံး။ သူ့အနားမှာ ရှားဖြူပင်မှ မရှိတာ” “ဟာ တာတေရာ၊ မင်းက တော်တော် အတွေးခေါင်တာကိုးကွ၊ မင်းပစ်တဲ့ အ လုံးနဲ့ မင်းကို ပြန်ပစ်တာကွ၊ မင်း မယုံ ရင် ရှားဖြူသီးမှာ မှတ်ထားပြီး ပစ်ကြည့်” ကျုပ်မယုံဘူးဗျ။
ကျုပ်လှည်းပေါ်က နှင်တံကို ယူပြီး နှင်တံမှာပါတဲ့ သံချွန် ကလေးနဲ့ ရှားဖြူသီးမှာ အပေါက်က လေး သုံးပေါက်စီဖောက်ပြီး မှတ်ထား လိုက်တယ်။ ကဲ ကျုပ်ပစ်ပြီဗျာ။ ကဲ ပစ်ပြီ၊ ပထမတစ်လုံး။ “ဝှီး” ဟာ မထိဘူးဗျို့။ ကဲ ထပ်ပစ်ပြီဗျာ။ ဒုတိယတစ်လုံး။ “တိန်” ဟော ထိပြီဗျို့။ နဖူးကို တည့်တည့် ထိတာဗျို့။ “တိန်” ဟာ ကျုပ်ကြည့်နေတုန်းမှာပဲ ကျုပ်နဖူးကို ‘တိန်’ကနဲ ပြန်ထိသွားတာဗျို့။ ကျုပ်ရှေ့မှာ ကျသွားတဲ့ ရှားဖြူသီးလေးကို ပြေးကောက် လိုက်တယ်။ ဟာ ကျုပ် သံချွန်နဲ့ သုံးချက် ထိုးဖောက်ထားတဲ့ အသီးလေးပဲဗျ။ ကဲ တွေ့ကြသေးတာပေါ့ဗျာ။ ကျုပ်ဆက် တိုက်ပစ်ပြီဗျို့။ ကဲကွာ၊ ကဲကွာ။ တစ်ချို့ က လွဲတယ်ဗျ။ တစ်ချို့က ထိတယ်။ဗိုက် ကြီးကိုထိတဲ့အလုံးက ထိတယ်။ ရင်ဘတ် ကြီးကို ထိတဲ့အလုံးက ထိတယ်။ နဖူး၊ လက်၊ ပေါင်၊ ခြေထောက်၊ လွဲတဲ့အလုံး လည်း လွဲပေါ့ဗျာ။ “တိန်”၊ “ထောက်”၊ “တိန်”၊ “ဘုတ်”၊ “ထောက်” အိုး ကျုပ်တစ်ကိုယ်လုံးလည်း ဆက်တိုက် မှန်တာဗျို့။ ကျုပ်ဘယ်လိုရှောင်ရှောင် လွတ်ကို မလွတ်ဘူးဗျာ။ ကျုပ်ရှေ့မှာကျ သွားတဲ့ ရှားဖြူသီးလေးတွေကို ကောက် ပြီး ကြည့်လိုက်တာ အားလုံးအပေါက်က လေး သုံးပေါက်နဲ့ချည်းပဲဗျ။ ကျုပ်ဖြင့်အံ့ သြလိုက်တာဗျာ။ ကျုပ် နားလိုက်တာနဲ့ အောင်စိန်က ပစ်တော့တာဗျာ။
ဒီကောင် ပစ်လို့ အရုပ်ကြီးကို ထိသွားတဲ့ အလုံးမှန်သမျှ အောင်စိန်ကို ပြန်မှန်တာ ပဲဗျို့။ အောင်စိန်လက်ထဲမှာ ဆုပ်ထားတဲ့ ရှားဖြူသီးတွေ ကုန်သွားရင် ကျုပ်က ရှေ့ တိုးပြီး ပစ်ရောဗျ။ ကျုပ်ကုန်သွားရင် အောင်စိန်က ပစ်ပြန်ရောဗျ။ ဒီလိုပစ်ရင်း နဲ့ ကျုပ်ရော အောင်စိန်ရော ပျော်လိုက် ကြတာဗျာ။ ကြောက်တဲ့စိတ်ဆိုတာ နည်းနည်းမှ မရှိတော့ဘဲ ပျော်တဲ့စိတ် ပဲ ရှိတော့တာဗျို့။ ကျုပ်ပစ်လိုက် ကျုပ်ကို ရှားဖြူသီးတွေ ပြန်မှန်လိုက်၊ အောင်စိန် ပစ်လိုက်၊ အောင်စိန်တစ်ကိုယ်လုံးကို ရှားဖြူသီး တွေ ပြန်မှန်လိုက်ပေါ့ဗျာ။ “အောင်စိန် ဒီတစ်ခါ မင်းနဲ့ငါ ပြိုင်တူ ပစ်ကြည့်ရအောင်၊ ဒါဆိုရင် သူဘယ် လိုလုပ်မလဲ ကြည့်ရအောင်ကွာ” “အေး ကောင်းတယ်၊ကဲ ပြိုင်တူပစ်မယ်၊ ဝမ်း၊ တူး၊ သရီး ပစ်” ဟာ ပစ်ပြီဗျို့။ ကျုပ်ရော အောင်စိန်ရော လက်တစ်ဆုပ်စာ ရှားဖြူသီးတွေနဲ့ တစ် လုံးပြီးတစ်လုံး မနားတမ်းကို ပစ်ကြတာ ဗျ။ ဟာ ပစ်တာပဲဗျို့။ ကျုပ်တို့နှစ်ယောက် စလုံးကို ပြန်ပစ်တာဗျို့။ ကျုပ်ဆိုတာ ခေါင်းတွေရော၊ ရင်ဘတ်တွေရော၊ လက်မောင်းတွေရော၊ ပေါင်တွေရော၊ နေရာလပ်မကျန်အောင် မှန်တော့တာ ဗျို့။ အောင်စိန်လည်း ဒီအတိုင်းပဲဗျ။ “ဟား ဟား ဟား ဟား ဟား” ကျုပ်ရော အောင်စိန်ရော ရယ်လိုက်ကြရ တာဗျာ၊နှစ်ယောက်စလုံးလည်း ခြေကုန် လက်ပန်းကျသွားပြီဗျို့။
ချွေးတွေလည်း ပျံနေပြီ။ နှစ်ယောက်စလုံး တဟားဟားနဲ့ အော်ရယ်ပြီး ရှားဖြူပင်အောက်မှာ လှဲချ လိုက်တယ်။ အမောပြေသွားတော့မှပဲ နှစ်ယောက်စလုံး ပြန်ထပြီး… “ကဲ အောင်စိန် သွားကြစို့ဟေ့၊ ရွာအ ရောက်နောက်ကျနေဦးမယ် ” “အေး သွားမယ်၊ မင်း ယုံပြီမို့လား တာတေ” ” ယုံပြီ အောင်စိန်ရေ ယုံပြီ၊ ယုံလည်း ယုံတယ်၊ အံ့လည်း အံ့သြတယ်ကွာ” ပြောရင်းနဲ့ ကျုပ် အရုပ်ကြီးကို မော့ကြည့် လိုက်တယ်။ အရုပ်ကြီးကတော့ ပြုံးပြုံးကြီး ဗျ။ ကျုပ်တို့ကို ပြုံးပြနေသလားလို့တောင် ထင်ရတာဗျ။ “ကဲ ဒါဆိုရင် အရုပ်ကြီးကို ငါ နှုတ်ဆက် လိုက်ဦးမယ်ကွာ၊ နိဗ္ဗာန်ဆော်ကြီးရေ ကျုပ် တို့နဲ့ ဆော့ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်ဗျာ။ ကျုပ်တို့က ထနောင်းကုန်းကပါ။ ကျုပ်က အောင်စိန်ဗျ၊ ဒီကောင်ကတာတေ၊ ကဲ ကျုပ်တို့ ပြန်ပြီဗျို့ နိဗ္ဗာန်ဆော်ကြီးရေ” ဒီကောင်အောင်စိန်က အရုပ်ကြီးကို သေသေချာချာ နှုတ်ဆက်တာဗျ။ လှည်းကို ရွာသွားတဲ့လမ်းကြောင်းဘက် ကို ဦးတည်လိုက်တယ်။ နာရီဝက်လောက် မောင်းလိုက်တော့ ကျုပ်တို့ ရွာသွားတဲ့ လှည်းလမ်းပေါ်ကို ပြန်ရောက်တယ်ဗျ။ ဒီတစ်ခေါက် ကျုပ်မောင်းတာဗျ။ လှည်း မောင်းရင်း ကျုပ် တွေးနေတာပေါ့ဗျာ။ ဒါ ဘယ်လို ဖြစ်တာတုံးဆိုတာ ကျုပ် တွေးလို့ကို မရတော့ဘူးဗျ။
နိဗ္ဗာန်ဆော်ကြီးအနားမှာ တစ္ဆေတစ် ကောင် ရှိနေတာလား။ ဒါမှမဟုတ် နှစ်ကောင်လောက် ရှိနေတာလား။ ဒါမှမဟုတ်ရင်လည်း ဒီအရုပ်ကြီးထဲကို တစ္ဆေတစ်ကောင်ရဲ့ဝိညာဉ်ဝင်ပူးကပ် နေတာများလား။ အရုပ်ကို တစ္ဆေပူး တာတော့ ရှိတာပေါ့ဗျာ။ ခုဟာက နိဗ္ဗာန်ဆော်ရုပ်ကြီးဗျ။ “အောင်စိန် ဒီအရုပ်ကြီးဆီသွားပြီး ကစားတာ ဘယ်နှခါလောက် ရှိပြီတုံးကွ” “လေးငါးခါလောက် ရှိပြီကွ” “မင်း ဒီအကြောင်းကို ဘယ်လိုလုပ်ပြီး စသိတာတုံးကြ” “ငါ့အဘ ဒီကိုလာပြီး ရှားဖြူသီးတွေ ခူးတုန်းက ငါပါ လိုက်လာတာကွ၊ ငါ့ အဘက ရှားဖြူသီးတွေကို စိမ်ရေတည် ပြီး လေဆေးချက်တာလေကွာ၊ အဲဒီမှာ ငါက ရှားဖြူသီးတစ်လုံးနဲ့ ရယ်နေတဲ့ အရုပ်ကြီးရဲ့မျက်နှာကို ငါပစ်လိုက်တာ နှာခေါင်းကြီးကို သွားထိတာကွ၊ ချက် ချင်း ငါ့နှာခေါင်းကို ဘုတ်ကနဲ ပြန်ထိ တာပေါ့ကွာ၊ ငါလည်း အံ့သြသွားတာ ပေါ့ တာတေရ၊ ကြောက်တောင် ကြောက်သွားတယ်၊ ဒါနဲ့ပဲ ဟုတ်ရဲ့ လားဆိုပြီး ရှားဖြူသီးတွေခူးပြီး ထပ် ပစ်ကြည့်တယ်၊ အဲဒီတော့မှ စောစော က မင်းတွေ့ခဲ့တဲ့အတိုင်း ဖြစ်တာပေါ့ ကွာ။ ငါလည်းပျော်သွားပြီး ရှားဖြူသီး တွေနဲ့ တစ်ဆုပ်ပြီးတစ်ဆုပ် ပစ်တော့ တာဟေ့၊ ငါက ပစ်လိုက်၊ သူက ပြန် ပစ်လိုက်နဲ့ ကိုယ်တွေလက်တွေတောင် နာလာတာကွ၊ နောက်ထပ် ရောက် လာတိုင်း ငါ အရုပ်ကြီးနဲ့ ဆော့တော့ တာပေါ့ကွာ” “အေးကွာ အောင်စိန်ရာ၊ ငါ မင်းပြော တုန်းကမယုံဘူးကွ၊ အခုမှ လက်တွေ့ တွေ့လို့ ယုံသွားတာကွ၊ ဒါပေမဲ့ ဒါ ဘာ တယ်လို့ မင်း ထင်တုံး” “ငါ ထင်တာတော့ အဲဒီနိဗ္ဗာန်ဆော် အရုပ်ကြီးက အသက်ဝင်နေတယ်လို့ ထင်တာပဲကွ” “အရုပ်ကြီးကတော့ အသက်ဘယ်ရှိ မတုံး အောင်စိန်ရာ၊ ဘေးက ဝိညာဉ် တွေ ဘာတွေ ပူးကပ်နေတာဖြစ်မှာပါ”
“အဲဒါတွေ ငါ ဘယ်လိုလုပ်ပြီး နားလည် မှာတုံး တာတေရ၊ ငါ သိတာတော့ ဒီအ ရုပ်ကြီးက ရှားဖြူသီးပေါက်တမ်း ကစား လို့ရတယ်ဆိုတာပဲ သိတာပေါ့ကွာ” ကျုပ်နဲ့ အောင်စိန် ရွာပြန်ရောက်တော့ နေတောင် တော်တော်စောင်းနေပြီဗျ။ “တာတေ နင်တို့ပြန်တာ နောက်ကျနေ ပါလား၊ မြို့မှာ ဘိုင်စကုတ်တွေ ဘာတွေ ကြည့်နေကြတာလား” “ဟာ မကြည့်ပါဘူး အမေရ၊ ကျုပ်နဲ့ အောင်စိန် နတ်ကြီးကမ်းပါးဘက်ကို သွားနေလို့ပါဗျ” “ဟေ နတ်ကြီးကမ်းပါးကို နင်တို့က ဘာသွားလုပ်တာတုံး” “အောင်စိန် ရှားဖြူသီး သွားခူးတာ အမေရ” ကျုပ်က အမေ စိတ်မပူအောင် လိမ်ပြီး ပြောလိုက်ရတာပေါ့ဗျာ။ “အေး ဟုတ်တယ်၊ အောင်စိန့်အဖေက အဲဒီ ရှားဖြူသီးတွေကို စိမ်ရည်တည်ပြီး လေဆေးပြန်ချက်တာ တော်တော်ကောင်း တာပဲ၊ ငါတောင် တစ်ခါသွားတောင်းပြီး သောက်ဖူးတယ်၊ လေတွေဘာတွေ တော် တော်ကို ပျိုကျတာ၊ နင့်အဘက နင်တို့ ကို စိတ်ပူနေတာဟေ့” ကျုပ်နဲ့ အမေနဲ့ ပြောနေတာကို အိမ် ပေါ်က အဘလည်း ကြားတာပေါ့ဗျာ။ “နတ်ကြီးကမ်းပါးမှာ ရှားဖြူတောကြီး ရှိသေးလားကွ တာတေရ” “ရှိပါပြီလား အဘရာ၊ ကျုပ်စိတ်ထင် တော့ရှားဖြူတွေ ပိုတောင်များလာသ လိုပဲဗျ။ နို့အဘ နတ်ကြီးကမ်းပါးက နိဗ္ဗာန်ဆော်ရုပ်ကြီးက ဘာများထူး တုံးဗ်” “ဟေ နိဗ္ဗာန်ဆော်ရုပ်ကြီးက ဘာထူး မှာတုံးကွ၊ အရုပ်ကြီးပေါ့။ ပါးစပ်ကြီး ဟပြီး ရယ်နေတာပဲ၊ ရှေးဘုရင်တွေ သူတို့ဘုရားမှာ ထုထားတဲ့ အရုပ်ကြီး ပဲလေ၊
ဘာမှထူးတာ မရှိပါဘူး” အဲဒီညက ကျုပ်လည်း ပင်ပန်းလာတော့ စောစောအိပ်ရာဝင်ခဲ့တာပေါ့ဗျာ၊ ဒါပေမဲ့ ချက်ချင်းအိပ်မပျော်ပါဘူးဗျာ။ နေ့လယ်က ကျုပ်တို့နဲ့ ရှားဖြူသီး ပေါက်နေ ခဲ့တဲ့ အရုပ်ကြီးကိုပဲ ကျုပ်မျက်စိထဲမှာ မြင် နေတာဗျို့။ ကျုပ် ဘယ်လိုပဲတွေးတွေး ဘာ အဖြေမှတော့ မရပါဘူးဗျာ။ အခု ကျုပ်ပြော တာ ကျုပ်ငယ်ငယ်က ကြုံခဲ့တဲ့အကြောင်း တစ်ခုပေါ့ဗျာ။ ဒီတုန်းက ကျုပ် ငါးတန်း ခြောက်တန်းလောက်ပဲ ရှိသေးတာလေ။ “တာတေ၊ ဟဲ့ တာတေ ထတော့လေ၊ မျက်စိတွေဘာတွေ ဖွင့်ကြည့်ပါဦး၊ နေ ဘယ်လောက်ရောက်နေပြီဆိုတာ။ပြီး တော့ ဝိုင်းထဲမှာ နင့်အဘတစ်ယောက် တည်း ဆီကြိတ်ဖို့ နှမ်းလှမ်းနေတယ်” ဟုတ်ပါ့ဗျာ၊ ကျုပ်မျက်စိတွေ ဖွင့်ကြည့် လိုက်တော့ နေတော်တော်ကို မြင့်နေ ပြီပဲဗျ။ ကျုပ်လည်း အိပ်ရာကနေ လူး လဲထလိုက်တယ်။ မျက်နှာသစ်ပြီး မ နေ့က ကျန်တဲ့ဝက်သားဟင်းလေးနဲ့ ထမင်းကြမ်းစားလိုက်တယ်၊ ပြီးတာနဲ့ ကျုပ် ဝိုင်းထဲဆင်းလာခဲ့တယ်။
ကျုပ် ဝိုင်းထဲရောက်တော့ အဘက နှမ်းအိတ်တွေ အကုန်လုံး ဖြန့်ပြီးသွား ပြီဗျို့။ ကျုပ်လည်း မန်ကျည်းပင်ကြီး အောက်က သစ်သားကွပ်ပျစ်ပေါ်မှာ ထိုင်လိုက်ပြီး နဂါးဆေးပေါ့လိပ်က လေးတစ်လိပ်ကို ဖွာနေလိုက်တယ်။ “ဟေ့ကောင် တာတေ၊ ဘာတွေများ ဒီလောက်စဉ်းစားနေတာတုံးကွ” ကျုပ် ဆေးပေါ့လိပ်ကလေး နှစ်ဖွာ၊ သုံးဖွာပဲ ဖွာရသေးတယ်။ဝိုင်းဝက အသံကြားတာဗျ။ “ဟာ ကိုကြီးဘချစ် လာဗျာ၊ ကားနဲ့ တင်ဖို့ နှမ်းပါတိုက်တာလားဗျ” ကိုဘချစ်တို့က ဘန့်ဘွေးကုန်းမှာ ကားထောင်ထားတာဗျ။ ကိုမြင့်တို့က သပ်သပ်တစ်စီး။ ကိုဘချစ်က တစ် စီးဗျ။ နှမ်းရောင်းမယ့်လူရှိရင် အိမ် အရောက် လှည်းနဲ့ နှမ်းလာတိုက် ပေးတာဗျ။ ဒါမှ သူတို့ကားလည်း တန်ဆာခ ရမှာပေါ့ဗျာ။ “နှမ်းအိတ်လာတိုက်တာ မဟုတ်ဘူးကွ၊ မင်းဆီကိုလာတာ၊ ငါတို့ရွာမှာတော့ လူတွေရော၊ ရဲတွေရော တရုန်းရုန်းကို ဖြစ်နေပြီဟေ့” “ဗျာ ဘာဖြစ်လို့တုံးဗျ ကိုကြီးဘချစ်ရဲ့” “ငါတို့ဘထွေးချစ်ဖေအိမ်မှာ လူသတ် မှု ဖြစ်လို့ကွ၊ လူသတ်မှုမှ တစ်ယောက် တည်းသေတာ မဟုတ်ဘူး၊ နှစ်ယောက် တောင်သေတာ” “ဗျာ သေတာက ဘယ်သူတုံး” “ပါလာတာတော့ ငါတို့ကားနဲ့ မနေ့က မှ ပါလာတာကွ၊ တစ်ယောက်က ဘ လေးချစ်ဖေရဲ့အသိလို့ပြောတယ်၊ တစ် ယောက်ကတော့ သျှောင်ထုံးနဲ့ နှုတ်ခမ်း မွေးရေးရေးနဲ့ ဆရာလိုလို ဘာလိုလိုပုံပဲ ကွ၊ ငါ့ကားလိုက်နေတဲ့ တင်အောင်လေး ကိုတောင် အိမ်မသိလိုက်လို့ လိုက်ပို့ခိုင်း ရသေးတာ” “ဟာ အဲဒီ ဧည့်သည်နှစ်ယောက် သေတာလား” “အေး ဟုတ်တယ်ကွ” “ဟင် ဘယ်လိုဖြစ်တာတုံးဗျ၊ ရောက်တဲ့ ညပဲ သေရတယ်လို့ ကိုကြီးဘချစ်ရ”
“ဟုတ်တယ် တာတေ၊ ဘထွေးချစ်ဖေ ဆိုတာလည်း မင်းသိတဲ့အတိုင်းပဲလေ ကွာ၊ ဘာသာရေးသမားမို့လား၊ ပုတီး နေ့တိုင်းစိပ်နေတဲ့လူ” “ဟာ မဟုတ်တာဗျာ၊ ဘထွေးချစ်ဖေ လို လူကတော့ လူသတ်မလားဗျ” “သူ့အိမ်မှာလည်း သူ့သားလေးနှစ် ယောက်ပဲရှိတာ၊ ဒီကောင်တွေကလည်း ဆယ်တန်းကျောင်းသားတွေဆိုတော့ မြို့မှာ သွားပြီး ကျောင်းနေကြတာကွ ” “နို့ ညက သူတို့အိမ်မှာ ဘယ်သူတွေရှိတုံး” “ဘယ်ရှိမှာတုံး၊ ငါ့ဘထွေးရယ်၊ ဘထွေး မိန်းမရယ်၊ အဲဒီဧည့်သည်နှစ်ယောက်ရယ် ပဲ ရှိတာပေါ့ကွ၊ ဘလေးတို့လင်မယားက အပေါ်ထပ်မှ အိပ်တာတဲ့၊ ဧည့်သည်နှစ် ယောက်က အောက်ထပ်မှာ အိပ်ကြတာ တဲ့ကြ” “အိမ်တံခါးတွေ ဘာတွေရော ပိတ်ကြ ရဲ့လားဗျာ” “ဟာ ဘထွေးကိုယ်တိုင် ပိတ်ထားတာ တဲ့ကွ၊တံခါးလည်း မပွင့်ဘူး၊ လူဝင်လူ ထွက် ခြေရာလက်ရာလည်းဘာမှ မတွေ့ဘူးကွ” “ညက အသံဗလတွေ ဘာတွေရော ဘထွေးချစ်ထွေးချစ်ဖေတို့ မကြားဘူး လားဗျ” “အေး ညနှစ်ချက်တီးလောက်တုန်း ကတော့ ကျွိ၊ ကျွိ၊ ကျွိဆိုတဲ့အသံ နည်းနည်းကြားလိုက်တယ်တဲ့ကွ၊ ဒါပေမဲ့ ဘထွေးက ဧည့်သည်တွေ အိုက်လို့ ပြတင်းပေါက် ထဖွင့်တယ် ထင်နေတာတဲ့ကွ” “နို့ ဘယ်တော့မှ ဘထွေးက သိတာတဲ့တုံး” “မနက်မိုးလင်းမှ သိတာကွ၊ အိမ်ပေါ် ထပ်ကနေ ဆင်းလာတော့မှ ဧည့်သည် နှစ်ယောက်စလုံး သွေးအိုင်ထဲမှာ သေ နေတာကို တွေ့တာကွ၊ ဓါးချက်တွေ က နှစ်ယောက်စလုံးရဲ့ လည်ပင်းမှာ ချည်းပဲကွ၊ ပြီးတော့ ရဲတွေ ပြောတာ က ဓါးခုတ်ချက်တွေဟာ တော်တော် ကို ဓါးခုတ်ကျွမ်းကျင်တဲ့သူ ခုတ်တာ လို့ ပြောတယ် တာတေရ”
“နို့ နေပါဦးဗျ၊ ကိုကြီးဘချစ်ရ၊ အခု ကျုပ်ဆီကို လာပြောတာက ဘာအ တွက်တုံး။ ကျုပ်က အမှုတွေဘာတွေ စုံစမ်းတတ်တာမှ မဟုတ်တာ” “ဟာ မင်းနဲ့ဆိုင်တာရှိလို့ လာတာကွ တာတေရ” “ဟင် ပြောပါဦးဗျ၊ ကိုကြီးဘချစ်ရဲ့” “မင်း ဘထွေးချစ်ဖေတို့အိမ်ကို ရောက်ဖူးတယ်မို့လား” “ရောက်တော့ ရောက်ဖူးတယ်ဗျ၊သူ့သား နှစ်ယောက်ရှင်ပြုတုန်းကလေဗျာ” “အေး အဲဒီတုန်းက မင်း သတိထားမိ လားတော့ မပြောတတ်ဘူး၊ ဘထွေး ချစ်ဖေတို့ ဘုရားစင်နားမှာထားတဲ့ အရုပ်တစ်ရုပ် ရှိတယ်လေကွာ” ” ဟင် ဘာအရုပ်တုံးဗျ၊ ကျုပ်တော့ သေသေချာချာ သတိမပြုမိဘူး၊ကျုပ် ကလည်း ဘထွေးချစ်ဖေတို့အိမ်မှာ သိပ်မကြာဘူးလေဗျာ၊ ကျုပ်ရောက် ပြီး မကြာခင်ပဲ ဘုန်းကြီးကျောင်းကို သွားကြတာလေဗျာ” “သြော် အေး အေး၊ ဘုရားစင်နားမှာ ထားတဲ့ အရုပ်ဆိုတာက ပဉ္စလော ဟာ အရုပ်လို့ ပြောတယ်ကွ” “ဗျာ …ပဉ္စလောဟာဆိုတာ ဘာတုံးဗျ ကိုကြီးဘချစ်ရဲ့” “သတ္တုငါးမျိုးစပ်ပြီး ပုံသွန်းထားတဲ့ အရုပ်ကွ၊ ငါ မှတ်ထားတာတော့ ကြေးနီ၊ ကြေးဝါ၊ သံ၊ ငွေ၊ ခဲ ထင် တာပဲကြ” “ပုံက ဘာပုံမို့တုံးဗျ” “သျှောင်တစောင်းနဲ့ ပေါင်မှာထိုးကွင်း မှင်ကြောင်နဲ့ အောက်ပိုးကြိုက်ပြီး ဓါး ရေးပြနေတဲ့ပုံကွ၊ အပေါ်ပိုင်းမှာအင်္ကျီ မပါဘူးကြ”
“အောက်ပိုးကြိုက်တယ်ဆိုတာ ဘာတုံးဗျ” “ဟာကွာ တာတေရာ၊ ပုဆိုးခါးတောင်း ကြိုက်ထားတာကို ပြောတာကွ” “သြော် ပုံက ဓါးရေးပြနေတဲ့ပုံ ဟုတ်လားဗျ” “အေး ဟုတ်တယ် တာတေရ၊ ဓါးရေး သုံးဆယ့်ခုနှစ်ခန်းထဲက ဓါးနှစ်လက်နဲ့ ခြေထောက်ရှေ့ကိုခင်းပြီး ဓါးရေးပြနေ တဲ့ပုံကွ၊ တော်တော်ကို လက်ရာမြောက် တဲ့ပုံပါကွာ၊ အမြင့်က နှစ်ပေလောက် ရှိတယ် ” “ဟုတ်ကဲ့၊ အဲဒီအရုပ်က အခု ဘာဖြစ်လို့တုံးဗျ” “အဲဒီအရုပ်ရဲ့ ကိုင်ထားတဲ့ဓါးတွေမှာ သွေးတွေပေတယ်ကွ၊ ဓါးနှစ်ချောင်း မှာကို ပေနေတာ၊ ဓါးကလည်း ပဉ္စ လောဟာ သတ္တုနဲ့ လုပ်ထားတာ ဆို တော့ အသွားတွေများ မြိနေအောင် ပြတ်တာကွ” “ဟင် အရုပ်က နေရာတွေ ရွေ့နေ လို့လားဗျ” “ဟာ အရုပ်ကလည်း နေရာမရွေ့ဘူး ကွ၊ သေတဲ့အလောင်းနှစ်လောင်းနဲ့ အရုပ်နဲ့ကလည်း တော်တော်လေး တော့ ဝေးသားကွ” “နေပါဦး ကိုကြီးဘချစ်ရဲ့၊ လူတွေက ဒီအရုပ်က ဓါးနဲ့ခုတ်သတ်တာလို့ ထင် နေလို့လားဗျ”
“အေး အဲဒီလိုပဲ ထင်တာပေါ့ကွ” “နို့ ရဲတွေကရောဗျ၊ ရဲတွေလည်း စဉ်း စာရခက်နေတာပေါ့ကွာ၊ ဒါပေမဲ့ ရဲက တော့ အရုပ်ထက် လူတွေကိုပဲ စုံစမ်း တာပေါ့ကွာ၊ အခုလောလောဆယ် တော့ ဘထွေးချစ်ဖေကို ဖမ်းပြီးစစ် ဆေးမယ့်ပုံပဲကွ” “ဟာ ကျုပ်လည်း ဒီကိစ္စကြီးကို ဘယ် လိုရမှန်း မသိပါဘူးဗျာ” “အလောင်းတွေတော့ သယ်ဖို့ပြုဖို့ လုပ်နေကြတယ်ကွ၊ ဒါပေမဲ့ ရဲအုပ် တစ်ယောက်နဲ့ ရဲသုံးလေးယောက် တော့ ရွာမှာ နေခဲ့လိမ့်မယ်ကွ” “ခက်တာပဲဗျ၊ ကိုကြီးဘချစ်ရ၊ ဘထွေး ချစ်ဖေတော့ နေရင်းထိုင်ရင်း အမှုအိမ် ပေါ်တက်လာသလို ဖြစ်နေပါရောလား ဗျာ၊ ဒါပေမဲ့ အရုပ်က လူကို ဓါးနဲ့ ခုတ် သတ်တယ်ဆိုတာကလည်း ဘယ်လို မှကို မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်နေတယ် လေဗျာ” “အဲဒါကြောင့် ငါမင်းဆီကို လာပြီး တိုင်ပင်တာပေါ့ကွ တာတေရ၊ ဒီကိစ္စ မျိုးတွေမှာ မင်းက ဗဟုသုတ အတော် များတာဆိုတော့ အရုပ်တွေ ဘာတွေ က အသက်ဝင်ပြီး ဒီလိုလုပ်နိုင်သလား၊ မင်းကြားဖူးတာ ရှိသလားဆိုပြီးမေးချင် လို့ကွာ” ကျုပ်လည်း သေသေချာချာ တွေး ကြည့်တယ်။ နဂါးဆေးပေါ့လိပ်က လေးဖွာရင်း တွေးတယ်။
ကိုကြီး ဘချစ်ကလည်း နဂါးဆေးပေါ့လိပ် ဖွာရင်း စဉ်းစားနေတယ်ဗျ ကျုပ်လည်း တွေးရင်းနဲ့ စောစောက ပြောပြခဲ့တဲ့ နတ်ကြီးကမ်းပါးက နိဗ္ဗာန် ဆော်အရုပ်ကြီးကို သွားပြီး သတိရ ရောဗျို့။ “ဟာ ဖြစ်နိုင်တယ်ဗျ ကိုကြီးဘချစ်ရ ဖြစ်နိုင်တယ်” “ဟေ ဘာဖြစ်နိုင်တာတုံးကွ” “အရုပ်က အသက်ဝင်ပြီး လူသတ် တယ်ဆိုတာ ဖြစ်နိုင်တယ်ဗျ” “ဟေ ဟုတ်လား၊ မင်း ကြားဖူးလို့လားကွ” “ကျုပ် ငယ်ငယ်က တစ်ခါကြုံဖူးတယ်၊ ဒီတုန်းက နတ်ကြီးကမ်းပါးက နိဗ္ဗာန် ဆော်ရုပ်ကြီး ရှိသေးတယ်ဗျ၊အခုတော့ အဲဒီ အရုပ်ကြီးလည်း ကျိုးပဲ့ပျက်စီး သွားပါပြီ မရှိတော့ပါဘူးဗျာ။ အဲဒီ တုန်းက အောင်စိန်နဲ့ ကျုပ်လိုက် သွားတာ ရှားဖြူသီးတွေနဲ့ ပေါက် တမ်းတောင် ကစားကြတာဗျ” “ဟာ အဲဒါ အရုပ်အသက်ဝင်တာနဲ့ ဘာဆိုင်လို့တုံးကွ” “ဟာ ကိုကြီးဘချစ်ကလည်း ကျုပ်တို့ နှစ်ယောက်နဲ့ အဲဒီအရုပ်ကြီးနဲ့ ရှားဖြူ သီးတွေ ပေါက်ကြတာဗျ” “ဟေ ဟုတ်လား၊ အရုပ်ကြီးနဲ့ မင်းတို့နဲ့ ပေါက်တာ ဟုတ်လား” “ဟုတ်တယ်ဗျ၊ ဒီလိုလုပ်ဗျာ၊ ဒီကိစ္စကို ကျုပ် စုံစမ်းလိုက်မယ်ဗျာ” “ဒါဆိုရင် မင်း ငါတို့ရွာကို လာမှာလား” “ကျုပ် ညခြောက်နာရီအရောက်လာမယ်၊ လိုတာလေးတွေတော့ ပြင်ထားပေးဗျာ၊ ကိုကြီးဘချစ်ရာ” “ဟာ လုပ်ပေးမှာပေါ့ကွ၊ မင်းလိုတာသာပြော” “ကြက်တစ်ကောင်ချက်၊ ဆန်တစ်ခွက် ချက်၊ ပြီးတော့ ငှက်ပျောဖက်နဲ့ထုပ်ပြီး ထမင်းတောင်း ပြင်ထား၊ ခင်ဗျားတို့ ရွာက နတ်ဝင်သည် ဒေါ်ထွန်းကြီးကို ခေါ်ထားဗျာ”
“ဟာ စိတ်ချ၊ စိတ်ချ၊ ငါ အားလုံးလုပ် ထားမယ်၊ မင်းသာ ဆက်ဆက်လာခဲ့ တာတေ” “စိတ်ချပါ ကိုကြီးဘချစ်၊ ကျုပ် ခြောက် နာရီအရောက် လာခဲ့မယ်” ကိုကြီးဘချစ် ပြန်သွားတော့ အိမ်ပေါ် က အမေနဲ့အဘက ကျုပ်ကိုလှမ်းမေး တယ်ဗျ “ဟဲ့ တာတေ၊ ဘချစ်က နင့်ဆီ ဘာ လာလုပ်တာတုံး” ကျုပ်လည်း အိမ်ပေါ်ကိုတက်ပြီး ဘန့် ဘွေးကုန်းမှာ ဖြစ်တဲ့ ထူးထူးဆန်းဆန်း ကိစ္စကို ပြောပြလိုက်တယ်။ အဘရော အမေရော အံ့သြလွန်းလို့ဗျာ။ “တာတေ ငါတို့တစ်သက်တော့ တစ် ခါမှကို မကြားဖူးတာပါကွာ၊ ဘယ့်နှယ် အရုပ်က အသက်ဝင်ပြီး လူသတ်ရ တယ်လို့၊ ငါတော့ ဟုတ်မယ်မထင် ပါဘူးကွာ၊ ဒီဧည့်သည်တွေက ဘာ တွေမှန်းမှ မသိတာ၊ ရန်တစ်ခုခုရှိလို့ ဒီရွာမှာ လာပြီးရှောင်တာတိမ်းတာ လားမှ မသိတာ၊ နောက်က ဒါကို သိလို့ ရန်သူလိုက်လာပြီး သတ် သွားတာနေမှာပေါ့ကွ၊ အရုပ်က တော့ ဘယ့်နှယ်လုပ် သက်တတ် မြာတုံး” “ခက်တာပဲ အဘရဲ့၊ အိမ်ထဲမှာလည်း လူဝင်ပြီး သတ်သွားတဲ့ ခြေရာလက်ရာ ဘာမှမကျန်ခဲ့ဘူး ပြောတယ်ဗျ” ကျုပ်ရယ်၊ အဘနဲ့ အမေရယ် ဒီ အကြောင်းကို တော်တော်ပြောဖြစ် ကြတာဗျ။ ညရောက်တော့ ကျုပ် ဘန့်ဘွေးကုန်းကို ရောက်တယ်။ ဘထွေးချစ်ဖေရဲ့ အိမ်မှာတော့ ရဲတွေ စောင့်နေကြတယ်။ အ လောင်းတွေကတော့ သယ်သွား ပါပြီ။ ဘထွေးချစ်ဖေကိုလည်း မဖမ်းသေးပါဘူး။ ကျုပ်လည်း ညကိုးနာရီထိုးတာနဲ့ ဘန့်ဘွေး သင်္ချိုင်းကို လာခဲ့တယ်။
ကိုကြီးဘချစ်က သူကိုယ်တိုင် ထမင်းတောင်းထမ်းပြီး လိုက် တာဗျ။ နတ်ဝင်သည် ဒေါ်ထွန်း ကြီးလည်း ပါလာတယ်။ ထုံးစံအတိုင်း ကျုပ်မဖဲဝါကို စားပွဲ သောက်ပွဲပေးပြီး ပင့်ရတာပေါ့ဗျာ။ ဒီတစ်ခါ မဖဲဝါကိုပင့်ရတာ တော်တော် ကို ကြာတာဗျ။ ကျုပ်အထပ်ထပ်အခါ ခါပင့်တော့မှ ရောက်လာတာဗျို့။ မဖဲဝါက ဒေါ်ထွန်းကို ဝင်စီးပြီး ထမင်း ကို အားရပါးရ စားတော့မှ ကျုပ်က ဘန့်ဘွေးကုန်းမှာ ဖြစ်သွားတဲ့ကိစ္စကို ပြောရတာဗျ။ အရုပ်က လူသတ်တယ် ဆိုတာ ဟုတ်နိုင်ပါ့မလားလို့ ကျုပ်က မေးတော့ မဖဲဝါက ပြောရောဗျို့။ “ဟဲ့ တာတေ အဲဒီပဉ္စလောဟာ အရုပ် က မြို့စားကြီးရဲ့ အရုပ်ဟဲ့၊ မြို့စားကို သူရဲ့နောက်ပါတွေက ဝိုင်းလုပ်ကျန် တဲ့အချိန်မှာ မြို့စားက ဓါးဒဏ်ရာရပြီး သူရဲ့အိမ်ကြီးပေါ်ကို တက်ပြေးတယ်။ အဲဒီပဉ္စလောဟာ အရုပ်ရဲ့ရှေ့မှာ လဲ ကျသွားပြီး ဂါထာတွေရွတ်တယ်။ ဒီမြို့စားက ထူးဆန်းတဲ့ ပညာတစ်ခု တတ်တယ်။ အဲဒါက ‘ကပ္ပလီမှော်’လို့ ခေါ်တဲ့ ဝိညာဉ်ကို ခွာပြီး အရုပ်ထဲကို ဝင်နိုင်တဲ့မှော်ပညာ တတ်ထားတယ်။ ဂါထာတွေကို ကပ္ပလီစကားနဲ့ရွတ် တတ်ရတယ်။ မြို့စားက အဲဒီ’ကပ္ပလီမှော်’ဂါထာကို အဆက်မပြတ်ရွတ်ပြီး သူ့ဝိညာဉ်ကို ခွာထုတ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ပဉ္စလောဟာရုပ်ထဲကို သူ့ဝိညာဉ်ဝင် သွားတယ်။
နောက်ကျတော့ ဒီအရုပ် က လက်အဆင့်ဆင့်ပြောင်းပြီး ဘန့် ဘွေးကုန်းကို ရောက်လာတာ ကြာပြီ။ အဲဒီအိမ်ကကောင်လေးရဲ့ အဘိုး လက်ကတည်းက ဒီအရုပ် ရောက် နေတာ။ အခု သေသွားတဲ့ကောင်နှစ်ကောင်က ‘ကပ္ပလီမှော်’ကို လိုချင်လို့ ဒီအရုပ် နောက်ကို လိုက်နေတာ။ဒီအရုပ်ထဲ ကို မြို့စားကြီးရဲ့ ဝိညာဉ်ဝင်နေတာ ကို ဒီကောင်တွေက သတင်းရ,ထား ပြီး ဆရာ အစဉ်အဆက် ဒီအရုပ်ကို လိုက်နေကြတာ။ အဲဒီညက အရုပ် ထဲက မြို့စားကြီးရဲ့ အရုပ်ရဲ့ ဝိညာဉ် ကိုချည်နှောင်ဖို့ ခြေမန်းကွင်းထ အစွပ်မှာ ပဉ္စလောဟာ အရုပ်ရဲ့ ဓါးချက်နဲ့ ကိစ္စတုံးကုန်ကြတာဟေ့” “ဟာ ဒါဆိုရင် ဒီအရုပ်ထဲက မြို့စား ကြီးရဲ့ ဝိညာဉ်ကို ဘယ်လိုဖယ်ထုတ် ရမှာတုံး မဖဲဝါ” “ဒီကောင် အချိန်ကျနေပါပြီ၊ ရိုးမထဲမှာ တစ်ပါးတည်း တရားကျင့်နေတဲ့ဆရာ တော်ကြီးရှိတယ်၊ဘန့်ဘွေးကုန်းက လူတွေသွားပြီးဆွမ်းကပ်နေကျပါ၊ အဲဒီဆရာတော်ကို လျှောက်လိုက်ရင် လိုက်လုပ်ပေးလိမ့်မယ် ” မဖဲဝါ ပြန်ထွက်သွားတော့ ကျုပ်တို့ ရွာကို ပြန်ခဲ့တယ်။ နောက်နေ့ဆိုရင် ကိုဘချစ်က ဆွမ်းချိုင့်တစ်ချိုင့်နဲ့ ရိုးမပေါ်ကို တက်တော့တာပဲဗျို့။
အဲဒီတောရပ် ဆောက်တည်နေတဲ့ ဆရာတော်ရဲ့ကျောင်းကို သိတဲ့ သူက ကိုဘချစ်ကို လိုက်ပို့တာ ဗျ။ကျုပ်လည်း ရွာပြန်လာခဲ့တယ်။ ညနေစောင်းတော့ ကိုကြီးဘချစ် သုတ်သုတ် သုတ်သုတ်နဲ့ ကျုပ် ဆီကို လိုက်လာတယ်။ “ဘယ်လိုတုံး ကိုကြီးဘချစ်၊ အဆင်ပြေခဲ့လား” “အေး ပြေတယ်ကွ တာတေရ၊ ဆရာကြီးကို တစ်ပါတည်း ပင့် လာတယ်” “ကိုကြီးဘချစ်တို့ လှည်းပါသွားတာ တော်သေးတာပေါ့ဗျာ” “အေး ဟုတ်တယ်၊အဲဒါ မင်းကို လာခေါ်တာကွ၊ ဆရာတော်ကြီးက ဒီညပဲ အလုပ်လုပ်မှာတဲ့ကွ” “ဟာ ဟုတ်လား ဒါဆိုလည်း ကျုပ်လိုက်ခဲ့မယ်လေဗျာ” လိုက်ခဲ့မယ်လေဗျာ” ကျုပ်ကလည်း ထမင်းစားသောက်ပြီးပြီ ဆိုတော့ အတော်ပဲပေါ့ဗျာ။ ဆေးလွယ် အိတ်ကလေး စလွယ်သိုင်းလွယ်ပြီး ကျုပ် ဘန့်ဘွေးကုန်းကို လိုက်ခဲ့တယ်။ ဆရာတော်ကြီးက သက်တော်ခြောက် ဆယ်လောက်ရှိပြီဗျ။ မျက်နှာက ကြည် လင်နေတာပါပဲဗျာ။ကိုဘချစ်တို့အိမ်မှာ သီတင်းသုံးလို့ဗျ။
ညကိုးနာရီထိုးတော့ ရွာထဲမှာ လူအပြင်မထွက်ခိုင်းတော့ဘူး တံခါးတွေပါ ပိတ်ခိုင်းထားတယ်။ ခွေး တွေကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ကြောက်လန့်ပြီး အမြီးတွေကုတ်လို့ဗျ အိမ်ထဲက’တအီအီ’အော်ပြီး တိုးတဲ့အ ကောင်က တိုးဝင်နေတာဗျို့။ “ဆရာတော်ဘုရား ဟောဒါ ထနောင်း ကုန်းက မောင်တာတေပါဘုရား၊ အရှင်ဘုရား လိုအပ်တာရှိရင် မောင်တာတေကို ခိုင်းပါဘုရား” “အေး အေး အင်မတန်သတ္တိရှိတဲ့ သူငယ်ပဲ၊ အေး အေး မြင်တာနဲ့ ဘုန်းဘုန်း သိပါတယ်ကွယ်၊ အင်း အင်း မောင်တာတေက အတွေ့ အကြုံတွေ တော်တော်ရှိပေတာပဲ၊ ဟိုဒကာမကြီးကလည်း သူ့ကို တော်တော်စောင့်ရှောက်တာပါ ကလား” “ဘယ်ဒကာမကြီးပါလဲဘုရား” ကိုဘချစ်က ဝင်ပြီး လျှောက်တာဗျ။ “မဖဲဝါလေ ဒကာရဲ့၊ မောင်တာတေကို သူက စောင့်ရှောက်လို့ပါလား၊ အင်း အင်း သူကလည်း ကမ္မဇိတ္တိတော့ တယ်မညံ့လှဘူးကွဲ၊ ကဲ မောင်တာ တေရေ သွားကြစို့ဟေ့၊ ဆရာတော် က ဆေးတောင်ဝှေးကြီး တဒေါက် ဒေါက်ထောက်ပြီး ရှေ့က ကြွတယ်။ ကျုပ်က နောက်က လိုက်တယ်။ ကျုပ်က ဒီအချိန်မှာ မျက်ကွင်းဆေး ကွင်းပြီးသားဗျ။
ဘထွေးချစ်ဖေနဲ့ ရွာကလူကြီးတွေ ရဲအုပ်နဲ့ ရဲသားတွေက ဘထွေးချစ်ဖေ တို့အိမ်မှာ အဆင်သင့်စောင့်နေကြတာ ဗျို့။ ဝိုင်းထဲရောက်တာနဲ့ တစ်ပြိုက်နက် တည်း ဆရာတော်ကြီးက … “ဒကာ မောင်တာတေ ရော့ ဟောဒီ ပရိတ်ချည်ကို ယူပြီး အိမ်ကို တစ်ပတ် ပတ်မိအောင် ပတ်လိုက်၊ အိမ်တံခါးတွေ အားလုံးပိတ်ထားကြ” ကျုပ်က ဆရာတော်ပေးတဲ့ ပရိတ်ချည် လုံးကို ယူပြီး ဘထွေးချစ်ဖေတို့ အိမ်ကြီး ကို တစ်ပတ် ပတ်လိုက်တယ်။ “ကဲ အားလုံးနောက်ကို နည်းနည်း ဆုတ်နေကြ၊ ဘုန်းဘုန်း ပရိတ်ရွတ် တော့မှာ၊ မောင်တာတေက ကျုပ် နောက်လိုက်ခဲ့၊ ဒကာ ဘချစ်လည်း လာ” ကိုကြီးဘချစ်နဲ့ ကျုပ်နဲ့ ဆရာတော်ရဲ့ နောက်က လိုက်ခဲ့ကြတယ်။ ဆရာ တော်ကတော့ ဆေးတောင်ဝှေးကြီးကို တဒေါက်ဒေါက်ထောက်ပြီး ပရိတ်တွေ တရစပ် ရွတ်ဖတ်ရင်း အိမ်ကို တစ်ပတ် ပြီးတစ်ပတ် ပတ်နေတယ်ဗျ။ “ဒုန်း ဒုန်း ” ဆရာတော်က ပရိတ်ရွတ်နေရင်း ကျုပ် ကို သွားကြည့်ဖို့ လက်ဟန်ပြတယ်။
ကျုပ်လည်း အိမ်ရှေ့ဘက်ကို ပြေးထွက် လာပြီး ကြည့်တယ်။ ကျုပ်လိုပဲ ရဲအုပ် နဲ့ ရဲသားတွေလည်း အိမ်ရှေ့ပေါက်က နေ ကြည့်နေကြတယ်ဗျ ဟာ ပဉ္စလောဟာ အရုပ်ဗျို့။ဘုရားစင် ရှေ့မှာ ခုန်နေပါရောလားဗျာ။ “ဒုန်း၊ ဒုန်း၊ ဒုန်း ၊ ရွှီ၊ ရွှီ၊ ရွှီ” ဟာ အရုပ်က လူတစ်ယောက်လိုခုန်ပြီး ဓါးနှစ်ချောင်းနဲ့ လိုက်ခုတ်နေတာဗျို့။ ဆရာတော်ကြီးကတော့ ဆေးတောင် ဝှေးကြီး တဒေါက်ဒေါက်ထောက်ရင်း အိမ်ကိုပတ်ရင်း ပရိတ်တွေ တရစပ် ရွတ်နေတော့တာတာပဲဗျို့။ “ဒုန်း၊ ဒုန်း၊ အား အောင်မယ်လေး ပူလိုက်တာဗျ၊ ပူလှချည်ရဲ့ ကျုပ် သွားပါတော့မယ်ဗျ၊ လမ်းပေါက် ဖွင့်ပေးကြပါဗျ” ဟာ အသံနက်ကြီးနဲ့ အရုပ်က အော် နေတာဗျို့။ စောစောက အရုပ်ခုန် ပေါက်ပြီး ဓါးခုတ်နေတာကို ရဲအုပ်က ဓါတ်ပုံ တဖျတ်ဖျတ်ရိုက်နေတာဗျို့။ “ဒကာတာတေ အနောက်ဘက်ကနေ ပရိတ်ကြိုး ဖြတ်ပေးလိုက်ကွဲ့” ကျုပ် အနောက်ဘက်ကို ပြေးပြီဗျို့။ ကျုပ် ပတ်ထားတဲ့ ပရိတ်ကြိုးကို ကျုပ် ဖြတ်ပေးလိုက်တယ်။
“အား အား အား ပူလှချည်ရဲ့ဗျ” ကျုပ်အိမ်ရှေ့ပြန်ရောက်ပြီး အရုပ်ကို ပြန်ကြည့်တယ်။ ဟာ အရုပ်ထဲက ထွက်လာတာ မည်းမည်းအကောင် ကြီးဗျာ။ နည်းနည်းနောနောမှ မဟုတ် တာ။ တစ်ကိုယ်လုံး မည်းနက်နေတာ ဗျ။ ကိုယ်လုံးကလည်း ဆင်ကြီးမတ် တတ်ရပ်နေသလိုကြီးပါဗျာ။ ဆင် ကိုယ်လောက် ရှိမယ်ဗျ။ ခေါင်းကြီး ကလည်း ပုတ်ကြီးတစ်လုံးလောက် ရှိမယ်ထင်တယ်ဗျ။ “ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း” ဟော အိမ်ရဲ့အနောက်ဘက်ကနေ အိမ်ကို ဖောက်ပြီး ထွက်သွားတာဗျို့။ “အား၊ အား၊ အား၊ အား” ဟာ အိပ်တန်းတက်နေတဲ့ ကျီးတွေ လန့်ပြီးပျိုပြီဗျို့။ ခွေးတွေကတော့ ဟောင်ဖို့နေနေသာသာ တအီအီနဲ့ အော်ပြီး ငြိမ်ကုန်နေကြတာဗျာ။ မည်းမည်းကောင်ကြီးက ဆင်ကြီး မတ်တတ်ရပ် လမ်းလျှောက်သွား သလို အိပက် အိပက်နဲ့ ရွာထဲက ထွက်သွားရောဗျို့။
ဒီတော့မှ ကျုပ်လည်း ဘထွေးချစ်ဖေရဲ့ ဝိုင်းကို ပြန်လာခဲ့တယ်။ “ဒကာ မောင်တာတေ သွားပြီလားကွဲ့” “ရွာထဲက ထွက်သွားပါပြီဘုရား” “အေး အေး သွားပါပြီကွယ်၊ ဒါမျိုးက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တာပါ။ ဒီအိမ်က ဒကာနဲ့ ဒီကိစ္စတွေ ဘာမှမပတ်သတ် ပါဘူး” ဆရာတော်က ရဲအုပ်ကို ပြောတာဗျ။ “မှန်လှပါဘုရား၊ တပည့်တော်ကိုယ်တိုင် ဓါတ်ပုံတွေ ရိုက်ပြီး သက်သေယူထားပါ တယ်ဘုရား၊ ပြီးတော့ ဒီအရုပ်ကိုလည်း ယူသွားပြီး ရုံးမှာတင်မှာပါဘုရား” “သာဓုကွယ်၊ သာဓု၊ သာဓု၊ အပြစ်မရှိတဲ့ လူကို အပြစ်မကျအောင် ကာကွယ်ပေး ကြပါကွယ်” “မှန်လှပါဘုရား၊ တပည့်တော်တို့ အမှန် အတိုင်းဖြစ်အောင် ဆောင်ရွက်မှာပါဘုရား” ကျုပ်လည်း နောက်နေ့မနက်စောစော မှာ ရွာပြန်ခဲ့ရောဗျို့။ ကျုပ်တစ်သက် မှာတော့ အမြဲသတိရနေမယ့် အဖြစ် တစ်ခုပါပဲဗျာ။ ပြီးပါပြီ မူရင်းရေးသူ ဆရာတာတေ စက်ကြိုးဆွဲ မဖဲဝါ စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။
👉”Like & Share”👈 စာဖတ်သူများ စိတ်ရွှင်လန်းပါစေ








