
မေတ္တာဝင်္ကဘာ(စ/ဆုံး)
အိမ်ခြေ ၃၀ကျော်ခန့် ၊ မြို့နှင့်အလှမ်းဝေးသော တောရွာလေးတစ်ခုတွင် ၊ ကလေးများ ညဘက် ဆော့ကစားရင်း လူစုံချိန်၌ အသက် ၁၂နှစ်အရွယ် မိန်းကလေးနှစ်ယောက်သည် စပ်စပ်စုစုဖြင့် ရွာ၏ အပြင်ဘက်မွာ တသီးတခြားနေထိုင်သော ဒေါ်ဂျားနိမ် ဆိုသည့် အသက်၆၀ခန့် အဖွားကြီး တစ်ယောက်အကြောင်း စိတ်ဝင်တစားပြောနေကြသည် ။ သူမတို့နှစ်ယောက်ကတော့ စောနန်း နှင့် ပန်းအိတို့ပင် ဖြစ်ကြသည် ။ စောနန်းက ကြိမ်သီးကိုတဖျောက်ဖျောက်ဝါးရင်း.. “ဟဲ့..ဒေါ်ဂျားနိမ် က စုန်းမကြီး ဆိုတာ ဖြစ်နိုင်ပမလား ပန်းအိ” ပန်းအိက မျက်လုံးပြူးကာ၊ ” အော်..တကယ်ပါဆိုဟာ..နင်တို့မယုံရင် ညဘက် သူခြံစည်းရိုးက ၊ မာလကာသီးပင် သွားခူးကြည့်ပေါ့ .စောနန်းရ ” စောနန်းက ပခုံးတွန့်ပြ၍ ” ဟာ !.မခူးရဲပါဘူး ။
ဒါပေမဲ့ ယုံတော့မယုံဘူးဟ..။ ဘာလို့လဲဆို..ဒေါ်ဂျားနိမ်က ငါတို့ကို မာလကာသီး ခေါ်ပေးဘူးတယ်၊ သူ့မျက်နှာကတော့..အရယ်အပြုံးမရှိဘူးဟ..။ ငါတို့ ငယ်ကတည်းက ဒေါ်ဂျားနိမ် ရယ်တာပြုံးတာ မမြင်ဖူးဘူးနော်” ပန်းအိက စိတ်ပါလက်ပါဖြင့် ၊ ” အေး..ပြီးတော့.။ ဒေါ်ဂျားနိမ် အပြင်ထွက်တာ နင်မြင်ဘူးလား.။ ဆန်ဝယ်ရင်တောင်..ညဘက်ပဲ ထွက်ဝယ်တယ်လေ။ ဘယ်က ပိုက်ဆံနဲ့ဝယ်လည်း..။ ဘာအလုပ်မှလဲ မလုပ်ပဲနဲ့” စောနန်းက သူသိသူတတ် ပုံစံဖြင့်။ “ဟဲ့..သူ့ယာတွေ..သီးစားချထားတာမနည်းဘူးလေ ။ အဲ့ဒီကရတဲ့ပိုက်ဆံနဲ့ တစ်နှစ်ပတ်လုံး ထိုင်စားတာပေါ့ဟ.နင်ကလဲ..” ပန်းအိက ခေါင်းကို ခါရမ်းလိုက်ရင်း… ” မဟုတ်သေးဘူးဟ၊ ပြီးခဲ့တဲ့ ၃နှစ်လောက်က ဒေါ်ဂျားနိမ် ရွာကပျောက်သွားတယ်ဟာ..။
ပြန်လာတော့ လေးထောင့်သေတ္တာပုံးကြီးတစ်လုံးရယ် ခွေးနက်ကြီးတစ်ကောင်ရယ် နဲ့ ပြန်လာတယ်ဟာ ။ အဲ့ဒီကစပြီး ဒေါ်ဂျားနိမ် က သူ့ခြံဝိုင်းထဲက အပြင်ကို နေ့ခင်းဘက် မထွက်တော့တာလေ ။ ပြီးတော့ ခြံစည်းရိုးလည်း အသစ်ကာတယ်ဟာ ။ ဝင်းတံခါးလည်း အသစ်လုပ်တယ်ဟာ ။ ည ညဆိုလည်း သူ့အိမ်ထဲက အော်ဟစ်သံကြီးကြားရတယ်လေ ။ ငါ့ စိတ်အထင်တော့ ဒေါ်ဂျားနိမ်ကြီး သူ့ပညာရပ်တွေနဲ့ သူ့အိမ်ထဲမှာ ပညာစမ်းနေတာ ထင်တာပဲ ။ အဲဒီသေတ္တာပုံးကြီးကလည်း သူ..ဝိညာဉ်တွေထည့်ခေါ်လာတယ် ထင်တာပဲလေ.” ဤတွင် စောနန်းဆိုသော မိန်းကလေးက ဝင်ပြော၏။
” ဟယ်..ပန်းအိရယ်..။ နင်လည်း..နင့်အမေပြောတာတွေ နင်နားထောင်ပြီး..လျှောက်ပြောနေတယ် သူများကို ၊အဲသလို မစွပ်စွဲကောင်းပါဘူးဟာ..” ပန်းအိက မခံချင်ဟန်ဖြင့်.. ” ဟဲ့..အမေတို့က လူကြီးတွေလေ..။ သူတို့ပြောတာ ဟုတ်လို့နေမှာပေါ့ဟ..။ စောနန်း.နင်မယုံရင် ငါပြောသလို အခု ဒေါ်ဂျားနိမ်တို့ ခြံစည်းရိုးက မာလကာပင် သွားခူးမလား..။ တစ်ခုခုတော့ အဖြေထွက်လာမှာပဲဟ..” ပန်းအိ စကားကို စောနန်းက စဉ်းစားသလို လုပ်၏ ။ ပြီးတော့ သူမက ခေါင်းငြိမ့်ပြကာ သဘောတူသည် ။ ကလေးသဘာဝ စပ်စုချင်သည့်သဘောမျိုးဖြစ်သည်။ ” အေး..ငါလည်း ယုံတယ် မယုံတယ်ဆိုတာထက် နင်ပြောတဲ့မာလကာသီး..အူနီသီးကြီးတွေ မြင်ပြီး သွားရည်ယိုလာပြီဟာ၊သွားခူးမယ်၊သဘောတူတယ်..ဟီးဟီး.. ” “မမ သားရောလိုက်မယ်နော် ” ပန်းအိမောင်ငယ် စိန်ဂေါ်လီ က သူတို့နှစ်ယောက်စကား နားထောင်ရင်း ဝင်ပါသည် ၊။ ” အေး မောင်လေး ၊ ခေါ်မယ် ဒါပေမယ့် နင် မအော်ရဘူးနော် ” စိန်ဂေါ်လီ က ပျော်သွားကာ ခေါင်းငြိမ့်ပြရင်း ဖန်ခုန်တမ်းကစားနေသည့် ကလေးအုပ်စုထံသို့ထွက်သွား၏ ။
ပြီးတော့ သူက အဖေါ်နှစ်ယောက်ခေါ်လာသည် ။ ပေတူးနဲ့ ပလို့ဂျိ ကလည်း လိုက်မည်ဟု ပူဆာသည် ။ အားလုံး ဒေါ်ဂျားနိမ်အိမ်ရှေ့ရောက်ရင် မဆူရ မအော်ရဟု သဘောတူညီကြကာ ထိုအိမ်သို့ ချီတက်လာကြသည်။ ပန်းအိနှင့်စောနန်းက ခေါင်းဆောင်ပေါ့။ တကယ်တော့ ဒေါ်ဂျားနိမ်က ဒီရွာခံမဟုတ်ဘူး။ ရေကြည်ရာမြက်နုရာပြောင်းရွေ့လာသည့်သဘော။ ဒေါ်ဂျားနိမ် ဒီရွာကိုရောက်ခါစက အိမ်ဈေးဆိုင်ဖွင့်သေးသည်။ သို့သော် မျက်နှာထား ခပ်ဆိုးဆိုး စကားပြော မပြေပြစ်သောကြောင့် သူမ၏ ဆိုင်သည် ရွာခံဒေါ်ပုလုံးဆိုင်လောက် ရောင်းမကောင်းပေ။ ထို့ကြောင့် ပိတ်လိုက်ရခြင်းဖြစ်သည်။ ဒေါ်ဂျားနိမ်က အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး နှင့် အသက် ၅၀ကျော်ခန့် ရှိမည်။ ကွမ်းစားလွန်းသောကြောင့် သူမ၏ နီကျင့်ကျင့်သွားများသည် မည်းသယောင် ရှိ၏။
နွေရာသီတွင် သူမသည် အဖြူအမည်းရောနေသော သူမ၏ဆံပင်ကို မဖီးသင် ပဲ ဖားလျားချကာ ထမိန်ရင်လျားနှင့်နေလေ့ရှိသည်။ သူမကို ကြည့်ရသည်မှာ ရုပ်ရှင်များ ကာတွန်းများထဲတွင်တွေ့ရသော စုန်းမအိုကြီးတစ်ယောက်နှင့် တူနေသည်။ အခန်း (၂ ) စောနန်း နှင့် ပန်းအိတို့ ခေါင်းဆောင်သော ကလေးတစ်သိုက်သည် ဒေါ်ဂျားနိမ် အိမ်ရှေ့မှ မာလကာပင်ကြီးအောက်သို့ စုရုံး ရောက်ရှိနေပြီဖြစ်သည်။ ကြောက်တတ်သည့် စိန်ဂေါ်လီက သူ့ အမ ပန်းအိ၏ဂါဝန်ကိုဆွဲထားသည်။ အမြဲစပ်စုတတ်သည့် ပေတူးက သူရဲကောင်းကြီးပမာ သူ၏လေးဂွကို လောက်စာလုံးတပ်ကာ ရှေ့မှ ဟိုကြည့်ဒီကြည့်နှင့် သတိအပြည့်နှင့်စစ်ထွက်ယောကျ်ားကြီးပမာ။ နှပ်တွဲလောင်းနဲ့ပလို့ဂျိကတော့ ဘယ်နေရာကကောက်လာသည့် ဝါးခြမ်းပြားရှည်လည်းမသိ သူ့လက်ကောက်ဝတ်က သားရေကွင်းဖြင့် ဝါးခြမ်းပြားထိပ်ကို ချိတ်လုပ်ကာချည်နှောင်နေ၏။ ပန်းအိကတော့ ဒေါ်ဂျားနိမ်၏အိမ်ကြီးထဲကို အပြင်မှလေ့လာနေ၏။
ပလို့ဂျိက နှပ်ချေးကိုသုတ်မပစ်ပဲနှာခေါင်းထဲ ရှုံသွင်းရင်းအသံတိုးတိုးဖြင့်.. ” အမပန်းအိ ချိတ်ရပြီ …ခူးရတော့မလား ” “အင်း..ခဏစောင့်ဦးဟ၊ ဟဲ့..စောနန်း ချိတ်ရပီ ” ပန်းအိက စောနန်းကို သတင်းပို့သည်။ အိမ်ထဲမှအခြေနေကို လေ့လာနေသော စောနန်းက လက်မထောင်ပြလိုက်၏။ အိုကေ ၊ခူးလို့ရပြီဆိုတဲ့သဘော။ ဒါနဲ့ ပန်းအိက ပလို့ဂျိဆီက ချိတ်ကိုယူကာ ခြံပြင်ထွက်နေသော ကိုင်းမှ မာလကာသီးဝင်းဝင်းကြီးကို အရင်ခူးလိုက်သည်။ မာလကာသီးက ချိတ်မှာ အလွယ်တကူပါလာ၏။ မာလကာသီးရတော့ ပန်းအိက သူ့ဂါဝန်စဆွဲထားသည့် စိန်ဂေါ်လီကို ပေးလိုက်သည်။ စိန်ဂေါ်လီက မျက်လုံးပြူးးလေးနဲ့ မာလကာသီးကို ရရခြင်း ကိုက်မလို့လုပ်တော့.. ” ဟဲ့..အငတ်..နေဦးလေ၊ နင့်ကျွေးတာမုတ်ဘူးဟဲ့၊သိမ်းထားခိုင်းတာဟ ” စိန်ဂေါ်လီက သူမျက်နှာလေးကို မဲ့ပြုံးပြုံးပြရင်း.စကားမပီကလာ ပီကလာဖြင့်… “ဟီးဟီး..ဟုတ်ရား..တိဘူးယေ မမရဲ့ ” ပန်းအိ သူ့မောင်ကို မျက်စောင်းထိုးရင်း နောက်ထပ်ခူးရန် အသီးရှာလိုက်သည်။
ချိတ်လုပ်ပေးသည့် ပလို့ဂျိက ပန်းအိကို လက်တို့ကာ..အပင်ပေါ်သို့လက်ညှိုးထိုးပြသည်။ ပန်းအိ တွေ့ပြီလေ၊ အသီးက၃လုံးပြူးကြီး။ ပန်းအိ ခြေဖျားထောက်ကာ ခူးလိုက်သည်။ဝါခြမ်းပြားချိတ်ကို လိမ်လိုက်သည်။ ရပြီ ၃လုံးစလုံး ချိတ်မှာပါလာသည်။ ပန်းအိ ချိတ်ကို အသာယာချက မာလကာ သီးများဖြုတ်လိုက်၏။ ပြီးတော့ သူ့မောင် စိန်ဂေါ်လီ၏ စွပ်ကျယ်ထဲကို စွပ်ကနဲ့ထည့်လိုက်၏။ စိန်ဂေါ်လီက သူ၏စွပ်ကျယ်၏ အောက်နားစကိုကိုင်ကာ ပိုက်ကွန်သဖွယ် ခံထား၏။ ထိုစဉ်.ကင်းထောက်နေသည့် စောနန်းက .. ” ဟဲ့..ဘယ်နှစ်လုံးရပြီလဲ..မြန်မြန်လုပ်ကြဟ၊အိမ်ထဲက အလင်းရောင်တွေ မြင်ရတယ်။
ဒေါ်ဂျားနိမ်မအိပ်သေးဘူး၊ တော်နေကြာ ထွက်လာရင် ငါတို့ပြေးပေါက်မှားနေမယ်” ပန်းအိ ခေါင်းငြိမ့်ပြရင်း၊ “အေးပါ..နည်းနည်းထပ်ခူးလိုက်အုံးမယ်..ခနလေး..” ပန်းအိ နောက်ထပ်ခူးရန် အပင်ပေါ်ကိုကြည့်လိုက်သည်။ အပင်က အသီးတွေရှိသည်။သို့သော် အပြင်ကလှမ်းခူးရန်မမှီ။ ခြံထဲကဝင်ခူးမှသာလွယ်မည်။ထို့ကြောင့် အပြင်ဘက်သို့ ထွက်နေသည့် ကိုင်းမှ အသီးကိုရှာခူးနေရခြင်းဖြစ်သည်။ ပန်းအိ အပင်ကို ရှောက်ကြည့်ရင်းနှင့် တွေ့ပြီ၊ ခုနလို ၃လုံးပြူးကြီးပဲ။
ပန်းအိ ပျော်သွားသည်။ပန်းအိ ခြံစည်းရိုးနားကပ်ခါ ခြေဖျားထောက်၍ ခူးပြန်သည်။ ပန်းအိအရပ်နှင့်မမှီပါ။ အသီးက အနည်းငယ်မြင့်သည့်ကိုင်းပေါ်မှာ သီးနေခြင်းဖြစ်၏။ ပန်းအိ အကြံ ထုတ်လိုက်သည်။ ဟုတ်ပြီ..အကြံရပြီ ။ ” ပလို့ဂျိ..လာစမ်း..ငါ့နားကို ” ” ဟုပ်..အမပန်းအိ..ဘာလုပ်ရမလဲ ” “အေး..နင်..ငါကျောပေါ်တက်ဟာ ၊ ငါနင့်ကို ကျောပိုးပြီး မတ်တတ်ရပ်မယ် နင် အဲ့ဒီအလုံးတွေခူးလိုက် ” ပလို့ဂျိ နှပ်ချေးကို ရှုံသွင်းရင် ခေါင်းငြိမ့်ပြကာ ပန်းအိကျောပေါ်တက်ခွလိုက်၏။ ပန်းအိကမတ်တတ်ရပ်လိုက်သည်။ စိန်ဂေါ်လီက မြေပြင်ပေါ်မှ ဝါးခြမ်းပြားချိတ်ကို ယူ၍ ပလို့ဂျိကိုပေးလိုက်သည်။ ပလို့ဂျိ ပန်းအိကျောပေါ်မှာနေ၍ မာလကာသီး အပြွတ်ကြီးကို လိမ်ဆွဲလိုက်သည်။ ၈နစ်သားအားမို့ မာလာသီးကိုင်း အား မနည်းကြီးလိမ်နေရသည်။
ပန်းအိဆိုတာလည်း ပိန်သေးသေးမို့ ပလို့ဂျိကို ချီပိုးရင် အောက်က ယိမ်းယိုင်နေ၏။ ထိုစဉ် ကင်းထောက်နေသည့် ပေတူးနှင့်စောနန်းထံမှ.. “ဟိုက် ! ဒေါ်ဂျားနိမ်ကြီး” ကျောပိုးထားသည့် ပန်းအိက.. “ဟင် ! ဘယ်မှာလဲ..ဘယ်မှာလဲ” ” မာလကာပင်ခြေရင်းမှာလေ..အဲ့မယ်လေ..” လေးဂွကိုင်ထားသည့်ပေတူးနှင့် ဒေါ်ဂျားနိမ်ကစုံးမကြီးဆိုတာ၊မယုံတဲ့စောနန်းတို့ ဒေါ်ဂျားနိမ်ကိုလည်း မြင်ရော ကြောက်အား လန့်အားနဲ့.. အမယ်လေးဟုအော်ကာ ဘယ်သူ့မှမစောင့်ပဲ ပြေးပါတော့သည်။ ခြံဝန်းထဲမှထမိန်ရင်လျားနှင့်ဆံပင်ဖားလျားချထားကာ ကွမ်းဂျိုးတက်နေသည့်သွားကြီးများဖြီးကာ၊ဒေါ်ဂျားနိမ်က..လှမ်းအော်လိုက်သည်။ ဟိတ် ! ဟီးဟီး ဟားဟား ” ဘယ်သူတွေလဲ..ငါအပင်ကအသီးတွေ ခိုးနေတာ.” ဟင် ! ပန်းအိ အလွန်အမင်းထိတ်လန့်သွားသည်။
ပန်းအိ ဒေါ်ဂျားနိမ် အသံလည်းကြားရော ဘာမပြောညာမပြောနဲ့ ကျောပိုးထား သည့် ပလို့ဂျိကိုလွှတ်လိုက်သည်။ သို့သော် ပလို့ဂျိက မြေပြင်ပေါ်သို့ပြုတ်မကျသွားချေ။ လေထဲတွင် ဝါခြမ်းချိတ်ကိုဆွဲကာ တန်းလန်းကြီးကျန်နေခဲ့သည်။ ပန်းအိ သူ့မောင် စိန်ဂေါ်လီကိုတောင် မခေါ်နိုင်ပဲ မှုန်နေအောင်ပြေးလေသည်။ စိန်ဂေါ်လီက မြေပြင်ပေါ်ငုတ်တုတ်လေးထိုင်ရင်း သူ့ခေါင်းပေါ် တည့်တည့်က လေထဲတန်းလန်းကြီးဖြစ်နေတဲ့ ပလို့ဂျိကို ကြောင်ငေးငေးလေး မော့ကြည့်နေရှာသည်။ ထိုအချိန် လေထဲမှ ပလို့ဂျိက ဒေါ်ဂျားနိမ်ရဲ့ ပိန်ရှည်ရှည် ကြောက်စရာမျက်နှာကြီးကိုမြင်ပြီး ကြောက်လန့်ကာ သေးများထွက်ကျကုန်၏။
စိန်ဂေါ်လီ..မျက်နှာပေါ်သို့ ပလို့ဂျိသေးများက တဗြန်းဗြန်း ပေါက်ချလိုက်မှပဲ၊ ထိုင်ရာမှထကာ သူ့စွပ်ကျယ်စလေးဆွဲကာ၊ထွက်ပြေးလေတော့သည်။ ပါးစပ်မှာလည်း… ” နံထာ..နံထာ..နိုးမ ပလို့ဂျိ..တေဂျင်းဆိုးယေး ” စိန်ဂေါ်လီ လည်းထွက်ပြေးရော ပလို့ဂျိလည်း ဝါးခြမ်းပြားချိတ်ကို လက်မှလွှတ် လိုက်ပြီး မြေပေါ်သို့ ဖုတ်ကနဲ့ ပြုတ်ကျ၏။ ပလို့ဂျိ လူးလဲထပြီး၊အမေ တ,၍ ထိုနေရာမှ အသားကုန် ပြေးလေတော့၏။ သူတို့ကို ကြည့်၍ စုန်းမကြီးဟု နာမည်ကြီးနေသော ဒေါ်ဂျားနိမ်က ကွမ်းများလည်ပင်းဝသီးအောင်၊ ရယ်မောလိုက်လေသည်။ ” ဟားဟားဟား..ဟီးဟီး.. ဟားဟားဟား ” အခန်း (၃) (နောက်တနေ့နံနက်စောစောဖြစ်သည်) ” မြနှစ်ရေ..မြနှစ်..ထစမ်းအုံးဟ၊ မင့် သားရော သမီးပါ ဗိုက်အောင့်ပြီး..အန်နေသဟ။ ကလေးတွေ အစားမှားပြန်ပြီ ထင်သဟေ့ ” ပန်းအိနှင့်စိန်ဂေါ်လီ အိပ်ယာထဲတွင် အီးအားနဲ့ငြီးငြူကာ အန်နေသည်ကို ဖခင်ဖြစ်သူ ဦးညိုကတွေ့သဖြင့် သူ့မိန်းမ ဒေါ်မြနှစ်ကို အော်နိူးနေခြင်းဖြစ်သည် ဒေါ်မြနှစ် သမီးနှင့်သားဆီပြေးသွားလိုက်သည်။ ကလေးနှစ်ယောက်မှာ ဗိုက်ကို လက်နဲ့ ဖိကာ ငြီးငြူ နေကြ၏။
ထိုစဉ် ကိုညိုတို့ ခြံဝိုင်းထဲမှ.. ” ကိုညို ..ဗျို့..ကိုညို ” “ဟေ..ဘယ်သူလဲဟ၊အိမ်ထဲဝင်ခဲ့လေကွာ ” ရွာလယ်မှ မထွေး၏မောင် ကိုထွန်းဇံ စကားပြောရင်းဝင်လာ၏။ “ကျုပ်ပါဗျာ..ရွာလယ်က မထွေးရဲ့သား ပလို့ဂျိရယ် ပေတူးရယ် ဗိုက်အောင့်ပီး အန်နေတာ၊ အန်ရင်းနဲ့..ပန်းအိ..ပန်းအိ လို့ ကလေးတွေကငြီးနေလို့၊ဘာအစားမှားလဲ..လာမေးတာ ” “ဟင်..ဟုတ်သလားဟ၊ ဒီမှာလည်း ပန်းအိတို့မောင်နှမ အန်နေတယ်ဟ၊ ကလေးတွေ ဘာစားကြလဲ..” ပန်းအိက ဗိုက်က်ုလက်နှင့်ဖိထားရင်း.. ” မနေ့ညက ကျမတို့ ဒေါ်ဂျားနိမ်အိမ်က မာလကာသီး ခိုးစားထားကြတယ်..အဘ၊ အား..အမယ်လေး ၊ဗိုက်ထဲက..နာလိုက်တာ..အမေရဲ့” ဟင် ! ဒေါ်မြနှစ်မျက်လုံးပြူးသွားသည်။ ပြီးတော့ သူ့သမီး ပန်းအိအား ” ဒေါ်ဂျားနိမ်..ဟုတ်လား အကြီးမ၊ မိုက်လိုက်တာအေရယ်၊ အမေ ပြောထားရဲ့သားနဲ့ကို..မောင်နှမနှစ်ယောက်စလုံးစားတာလား ..ပန်းအိရဲ့.။
ငါနှယ်နော်..သေသာသေလိုက်ချင်ရဲ့ စိတ်ညစ်ပ ” ” အွင်း..အမေ..ကျွတ်ကျွတ် နာတယ် အောင့်တယ် အမေရဲ့ကယ်ပါအုံး.။ မနေ့ညက ပလို့ဂျိနဲ့ပေတူးတို့ ညီအကိုလည်း မာလကာသီးစားတယ်..စောနန်းတစ်ယောက်ပဲ မစားတာ ” ဟုတ်တယ်၊ မနေ့က သူတို့ ဒေါ်ဂျားနိမ်အိမ်ရှေ့က ထွက်ပြေး လာတော့ စိန်ဂေါ်လီစွပ်ကျယ်ထဲက မာလကာသီးက ၄ လုံးထဲမို့ စောနန်းက သူမစားဟုဆို၏။ ကျန်သည့်၄ယောက် တစ်ယောက် တစ်လုံး ခွဲဝေစားလိုက်ကြခြင်းပင်။ ယခုမနက်တွင် မာလကာသီးစားတဲ့ ၄ယောက်သာ ဗိုက်အောင့်နေကြခြင်းပင်။ မမြနှစ်က သဘောပေါက်သွားပြီ။ ဒါ ဒေါ်ဂျားနိမ် ပြုစားတာပဲပေါ့။ အဲ့ဒါဆို တောင်းပန်မှ ဖြစ်မယ်လေ။ ” ကဲ ..ဒါဆို၊ မထွေးကို သူ့သားနှစ်ယောက် ခေါ်ခဲ့ခိုင်းလိုက်၊ ငါတို့ မြန်မြန် ဒေါ်ဂျားနိမ်ကို သွားတောင်းပန်ရအောင် ” ကိုထွန်းအုံက မမြနှစ်စကားကို ထောက်ခံပြီး ဟုတ်ကဲ့ဟုဆိုကာ ရွာလယ်သို့ထွက်သွားသည်။ တအောင့်ခန့်အကြာ မထွေးနဲ့ သူ့သားမျောက်မူးလဲနှစ်ကောင်ရောက်လာသည်။ ထွန်းအုံက ပလို့ဂျိကို ကျောပိုးလာ၏။ မထွေးက ပေတူးကို ကျောပိုးထားရင်း မမြနှစ်တို့ကို လှမ်းခေါ်သည်။
မမြနှစ်က ခနစောင့်ရန်ပြော၏။ ကိုညို..သူ့လှည်းကိုနွားတပ်လိုက်၏။ ရွာဖျားထိဆိုတော့ ကလေးတွေ ချီရပိုးရ၊ ကန်တော့ပွဲ ရွက်ရနဲ့ အဆင် မပြေဖြစ်မှာ စိုးလို့ပေါ့။ လှည်းဖြင့် မိသားစုနှစ်စုဟာ ဒေါ်ဂျားနိမ်အိမ်ရှေ့ကို ရောက်လာသည် ။ ဒေါ်ဂျားနိမ်ကိုတော့ မတွေ့ရဘူး။ သူ့ခွေးကြီးနက်ကျော်တော့ ခြံဝိုင်းထဲမှာ လမ်းသလားနေ၏။။ တစ်ရွာလုံးမှာ ဖြစ်သလိုခြံစည်းရိုးကာထားကြပေမဲ့ ဒေါ်ဂျားနိမ်က သူ့ဝိုင်းကို ဝါးထရံဖြင့် သပ်သပ်ရပ်ရပ် ကာထား၏။ အိမ်ခြံဝင်ပေါက်ကိုလည်း သစ်သားတံခါးဖြင့် ပိတ်ထား၏။ ကိုညိုက လှည်းပေါ်မှဆင်းကာ .. ” ဒေါ်ဂျားနိမ်..ဒေါ်ဂျားနိမ်.. ဗျို့ဒေါ်ဂျားနိမ်၊ တံခါးဖွင့်ပါအုံးဗျ၊ ကျုပ်တို့ ရွာထဲက ငညိုနဲ့မြနှစ်တို့လင်မယားပါ။ မနေ့ညက ခင်ဗျား ခြံထဲက မာလကာသီးခိုးခူးတာ လာတောင်းပန်တာ” ကျွီ ..အီ..အီ ! ဒေါ်ဂျားနိမ် အိမ်ထဲမှ ထွက်လာသည်။
ပြီးတော့ ခြံတံခါးနားကပ်လာပြီး..ကိုညိုတို့လှည်းပေါ် လှမ်းကြည့်သည်။ လှည်းပေါ်မှာ ကလေး ၄ယောက် ဗိုက်အောင့်လို့ငြီးငြူနေတာတွေ့တော့ သူမရဲ့ သွားမည်းမည်းကြီးတွေပေါ်အောင် ပြုံးပြသည်။ ပြီးတော့ ခြံတံခါးကို ဖွင့်ပေးပြီး ခြံထဲက ကွပ်ပျစ်ပေါ်မှာ ထိုင်ကြရန် လက်ညှိုးထိုးပြပြီး သူက အိမ်ထဲဝင်သွား၏။ ကိုညိုတို့လူစုလည်း ဒေါ်ဂျားနိမ်ပြတဲ့ ကွပ်ပျစ်ကြီးပေါ် ကလေးတွေကို ပွေ့တင်ထားလိုက်သည်။ ဒေါ်ဂျားနိမ်က ခဏနေတော့ ညိုညစ်ညစ်အရည်များထည့်ထားသော ဖန်ပုလင်းရှည် တစ်လုံးကို ကိုင်ကာ ထွက်လာ၏။ ဗိုက်နာလို့ ဗိုက်ကိုလက်နဲ့ဖိကာ ငြီးငြူ နေကြတဲ့ ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် အဲ့ဒီပုလင်းထဲက ဆေးရည်တွေနဲ့ဗိုက်ကိုလိမ်းပေးသည်။ ပြီးတော့ သူမရင်လျားထားတဲ့ ထမိန် ခေါက်ထဲ ဆေးလုံးအနက်ရောင်တွေကို တစ်လုံးစီ လိုက်တိုက်သည်။ ကလေးတွေဟာ အဲ့ဒီဆေးလုံးသောက်ပြီး အနည်းငယ်စီအန်ချကြ၏။
သူတို့လေးတွေရဲ့အန်ဖတ်တွေမှာ မကြေညက်တဲ့ မာလကာသီးဖတ်တွေပါ ပါလာသည်။ မည်းပုတ်ပုတ် အညစ်ကြေးတချို့လည်းပါသည်။ ကလေးတွေဟာ အန်ပြီးတော့ ပင်ပန်းနွမ်းနယ်သွားကြပုံရသည်။ ခွေခွေလေးတွေ ထိုင်နေကြသည်။ ဒါပေမယ့် အောင့်တာ နာကျင်တာ သက်သာသွားပုံရ၏။ မအော်ကြတော့ဘူး။ အခုချိန်ထိ ဒေါ်ဂျားနိမ်ဟာ သူတို့ကို စကားတခွန်းမှ မပြောပဲ သူ လုပ်ပေးစရာရှိတာကို လုပ်ပေးနေရှာသည်။ ပြီးတော့ ဒေါ်ဂျားနိမ်ဟာ ဆေးပုလင်းကိုယူပြီး အိမ်ထဲဝင်သွားသည်။ ပြန်ထွက်လာတော့ ပုဆိုးဟောင်းတစ်ထည်ထဲကို မာလကာသီးတွေ ထုပ် ယူလာသည်။ ကိုညိုတို့ရှေ့ကိုချပေးကာ ခွဲယူကြဖို့ ပေး၏။ မာလကာသီးတွေဟာ ဝင်းမှည့်နေပြီး ရေဆေးထားပုံရသည်။ ရေစအချို့တောင် မခြောက်သေးဘူး။
ကိုညိုက.. “ကျေးဇူးတင်ပါတယ်..ဒေါ်ဂျားနိမ်ရယ်။ကလေးတွေမို့ ဗွေမယူပါနဲ့ဗျာ။ နောက်မလုပ်အောင် ဆုံးမထားပါ့မယ်။ မာလကာသီးလည်း မယူတော့ပါဘူး” ဒေါ်ဂျားနိမ်က သူ့မူအတိုင်း သွားမည်းမည်းကြီးတွေကို ပေါ်အောင်ပြုံးပြရင်း.. ” ယူသွား..ငညို ” ဟုလိုတိုရှင်းပဲပြော၏။ အဲ့ဒါကို မမြနှစ်က ကြည့်ကောင်းအဆင်ပြေအောင်ဆိုတဲ့သဘောနဲ့ ဝင်ပြောလိုက်သည်။ ” ကိုညိုကလည်း ယူလိုက်လေတော်၊ လူကြီးကပေးတာ မငြင်းကောင်းဘူးလေ။ ပြီးတော့ ဒေါ်ဂျားနိမ်က ကလေးတွေဆီကပယောဂထုတ်ပေးထားတာ၊ ကျုပ်တို့ကန်တော့ရအောင်တော်.. ဟဲ့..ထွန်းအုံ လှည်းပေါ်က မြေပဲဆီပုံးနဲ့ ကန်တော့ပွဲယူခဲ့..” မမြနှစ်က ထွန်းအုံကို အယူခိုင်းလိုက်တယ်။ ဒေါ်ဂျားနိမ်က မမြနှစ်ကို ပြူးးကြည့်နေပြီး..တဟားဟား အော်ရယ်လိုက်၏။
အံဩဟန်၊သဘောကျဟန် အပြည့်နဲ့ပေါ့ ” ဟားဟားဟား ” ကိုညို ၊ မမြနှစ် ၊ မထွေး ၊ ထွန်းအုံ တို့အပြင် ကလေး လေးယောက်ဟာ ဒေါ်ဂျားနိမ် ရယ်တာကြည့်ကာ အံဩကြောက်ရွံသွားကြသည်။ ဘာများ မှားပြန်ပြီလဲပေါ့။ ဒေါ်ဂျားနိမ်က သိတယ်၊ဒါကြောင့် လက်ကာပြသည်။ မကြောက်ပါနဲ့ဆိုတဲ့သဘောပါ။ ” မြနှစ်ရယ်..ညီး ငါ့ကို အထင်လွဲနေပြီထင်တယ်ဟဲ့။ ငါ ဘာပရောဂမှ ထုတ်မပေးခဲ့ပါဘူး။ ကလေးတွေက ဖယောင်းသုတ်ထားတဲ့ မာလကာသီးတွေ ခူးစားမိတာပါဟ။ အဲဒါကြောင့် ငါက တိုင်းရင်ဆေးလိမ်းပေးပြီး ဗိုက်နာသက်သာတဲ့ ဖြေဆေးတိုက်လိုက်တာ.. ဒါကြောင့်သူတို့ ဗိုက်ထဲက မကြေညက်တဲ့ အစာဟောင်းနဲ့ ဖယောင်းတွေ ပြန်အန်ထွက်ပြီး သက်သာသွားကြတာပါအေ့..” ရှင် ! ဗျာ ! ကိုညိုတို့ လူစု အံအားသင့်သွားကြ၏။
” အေး..ငါ့အမှားမကင်းလို့ ငါက ဆေးပြန်ကုပေးတာပါ။ သူတို့ခူးတဲ့အသီးတွေက အရမ်းလှလို့ ငါကပိုးမထိုးအောင်… ဖယောင်းသုတ်ထားတာ..” ဒေါ်ဂျားနိမ်က မာလကာပင်ခြေရင်းက ဂွလှေကားကို လက်ညှိုးထိုးပြရှာ၏။ ပြီးတော့ သူမ ကဆက်ပြောပြသည်။ ” ဘာရယ်မဟုတ်ပါဘူးအေ..အလုံးလှတော့ ဘုရားဆွမ်းတော်တင်ချင်လို့ပါ၊ ကလေးတွေ အန္တရာယ်ဖြစ်ပါစေတော့ဆိုပြီး လုပ်ထားတာမဟုတ်ပါဘူး..” မမြနှစ် ခမျာ အားတုံ့အားနာဖြစ်နေရှာ၏။ သူမက ဒေါ်ဂျားနိမ်ကို စုန်းမကြီးလို့ သမုတ်ထားမိထားကိုး။ ထိုအချိန်တွင် အိမ်ထဲမှ ဝူးဝူးဝါးဝါးအော်ဟစ်သံနဲ့အတူ ဂလုံး ဂလွမ်နဲ့ လဲပြိုသံတွေကြားလိုက်ကြရသည်။ ဒေါ်ဂျားနိမ်မျက်နှာမှာ စိုးရိမ်ပူပင်ဟန်အပြည့်မြင်လိုက်ရပြီး အိမ်ထဲပြေးဝင်သွားသည်။ သူမ ပါးစပ်ကလည်း…. သား..သား..သား..လို့အော်သွား၏။
တအောင့်လောက်အကြာ အိမ်ထဲမှ ဒေါ်ဂျားနိမ်ရဲ့အော်ဟစ်အကူညီတောင်းသံကြားလိုက်ရသည်။ ” ငညိုရေ..မြနှစ်ရေ.. အဒေါ့ကိုကို လာကူကြပါအုံးဟဲ့” မြနှစ်တို့ိ လင်မယားလည်း အိမ်ထဲပြေးဝင်သွားကြသည်။ အလင်းဖျော့ဖျော့သာရှိတဲ့ ဒေါ်ဂျားနိမ် အိမ်ထဲမှာတော့ ညဝတ်အကျႌဘောင်းဘီပွပွ ဝတ်ထားတဲ့ ခပ်ပိန်ပိန် လူမမာတစ်ဦးကို လဲကျနေတာ တွေ့လိုက်သည်။ ဒေါ်ဂျားနိမ် က ထိုလူငယ်ကို ပွေ့ချီပြီး ငိုနေရှာ၏။ မမြနှစ်တို့ လင်မယားက ထိုလူမမာကို ပွေ့ချီကာ အနီးရှိကုတင်ပေါ်တင်ပေးလိုက်သည်။ လူမမာက လေဖြတ်ထားပုံရသည်။ ပြီးတော့ သူ့ကိုပွေ့ချီစဉ်က သူရဲ့ခန္ဓာကိုယ်ဟာ ပူကျစ်တောက်နေတာ သတိထားမိကြသည်။ လူမမာဟာ အပြင်းဖျားနေပုံလည်းရ၏။ မမြနှစ်တို့လင်မယား ဒေါ်ဂျားနိမ်မှာ နေခဲ့ပြီး၊ ခလေးတွေကို မထွေး ခဏထိမ်းထားပေးရန်မှာလိုက်သည်။ အပြင်းဖျားနေသည့် လူမမာကို မြို့ကဆေးရုံပို့ရန် လှည်းကို ထွန်းအုံနှင့် အတူ ပြန်လာရန်မှာလိုက်၏။
ဒေါ်ဂျားနိမ်က ထိုအချိန်မှ ဖျားနေသည့် လူမမာအကြောင်းကိုပြောပြ၏။ လူမမာနာမည်က တူးဂျာ ဟုခေါ်ပြီး ဒေါ်ဂျားနိမ်၏ တစ်ဦးတည်းသော သားဖြစ်လေသည်။ တူးဂျာ မှာ ဖားကန့်တွင် ကျောက်တူးလုပ်သားအဖြစ်လုပ်ကိုင်ရင်း မိခင်ကြီးဆီသို့ ငွေပို့၏။ လိမ္မာရေးခြားရှိသော သားတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က. တူးဂျာ ငှက်ဖျားရောဂါဖြစ်ကာ ဆေးရုံတက်ရသည်။ သူတက်သည့်ဆေးရုံမှာ နယ်မြို့လေးမို့ အစစအရာရာချို့တဲ့သည်။ သူ၏မိတ်ဆွေများက ဒေါ်ဂျားနိမ်အား အကြောင်းကြားပေး၍ ဒေါ်ဂျားနိမ် ထိုဆေးရုံလေးသို့ ရောက်ခဲ့သည်။ သို့သော် ဒေါ်ဂျားနိမ်ရောက်သည့်အခါ တူးဂျာခမျာ ငှက်ဖျားဒဏ်ကြောင့် ဘာကိုမှ မမှတ်မိသည့် အခြေနေမျိးဖြစ်နေ ပြီလေ။ စကားလည်းမပီပဲ ဝူးဝူးဝါးဝါးဖြင့် လာသမျှသူကို ရန်လုပ်ခြင်း ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းတို့လုပ်သည်အထိ ဆိုးရွားလာသည်။ ထို့ကြောင့် သူမသည် တူးဂျာ အနည်းငယ်ကျန်းမာသည်နှင့် သူမနေထိုင်ရာ ရွာလေးသို့ ခေါ်ဆောင်လာခဲ့၏။
လမ်းခရီးတွင် ဘတ်စကား မော်တော် စသည်တို့ကို စီးလာခဲ့ရာ တူးဂျာက အနီးနားရှိခရီးသည်များကို ရန်လုပ်နေသဖြင့် ဒေါ်ဂျားနိမ် အတော်ဖြေရှင်းခဲ့ရသည်။ ထို့ကြောင့် ရွာကိုဝင်ရင် သူ့သား တူးဂျာ၏ အပြုအမူကြောင့် ရွာသားများ လက်မခံမည်စိုးကာ တူးဂျာအား သေတ္တာထဲထည့်ကာ ရွာသို့ ဝှက်ခေါ် ယူ လာခြင်းဖြစ်သည်။ မြို့က ခွေးတစ်ကောင်ကို သူမ၏ခြံထဲ လူမဝင်စေရန် ရည်ရွယ်ချက်ဖြင့် ဝယ်လာခဲ့ခြင်းဖြစ်သည်။ ရွာသို့ပြန်ရောက်သည့်အခါ သူမ၏ခြံကို လုံခြုံအောင်ကာ၏။ အိမ်ကိုလည်း ပြုပြင်ထား၏။ ဒေါ်ဂျားနိမ်ခမျာ သူ့သား စိတ်ဖောက်ပြီး ရွာထဲကလေးများကို ရန်မပြုစေရန် သူမကိုယ် သူမ ရွာသူစုန်းမကြီးသဖွယ် နေထိုင်ခဲ့ရှာသည်။
သားကို ချစ်သည့် ဇောကြောင့် တနေကုန်အောင် တူးဂျာ၏ အလေးအပေါ့စွန်ထားသော အညစ်အကြေးများကအစ ဝေယျာဝစ္စအားလုံး၊သူမတစ်ယောက်တည်း ဒိုင်ခံ ပြုစု လုပ်ကိုင်ပေးနေရ၍ ရေတောင် မချိုးအားပေ။ ကြာလာတော့ သူမနောက်ကျောတွင် ယားနာတစ်မျိုးပေါက်ကာ အင်္ကျီပင်ဝတ်မရတော့ပေ။ သူမ၏ ပုံစံမှာလည်း စုန်းမတစ်ဦး အသွင်ပေါက်နေသောကြောင့် ရွာထဲကလူများက စုန်းမကြီးဟု သမုတ်ခံရခြင်းဖြစ်သည်။ တကယ်တော့ သူမသည် မိဘမေတ္တာကို သူမ သိသလို၊ သူမ နားလည်သဘောပေါက်သလို ဖေါ်ကျူးနေသည့် မိခင်တစ်ဦးသာဖြစ်သည်။ သားကို ချစ်တဲ့စိတ်ဖြင့် ရပ်ရွာမှလူများအား ဆန့်ကျင်ကာ အဖော်မဲ့စွာနေထိုင်ရင်း ဆယ့်နှစ်ကြိုးကဝေ ပညာသည် စုန်းမကြီး မဟုတ်ပဲ၊ မေတ္တာဝင်္ကဘာထဲ စုံးစုံးမြုပ်နေသော ‘ စုံးမကြီး ‘ သာ ဖြစ်ပါ၏။
ပြီးပါပြီ ပီပီ (မန္တလေး)
Leave a Reply