ခေါင်းစွဲ (စ/ဆုံး)

ခေါင်းစွဲ (စ/ဆုံး)

ရေးသားသူ…တာတေ

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

တာတေဆိုတဲ့ ကျုပ်က ငယ်ငယ်ကတည်းက လွှတ်စပ်စုတာဗျ။ကျုပ်တို့နေတာက ထနောင်း ကုန်းလေ။ အနီးအနားမှာ ဘန့်ဘွေ့ကုန်းတို့ ငွေတွင်းကုန်းတို့ဆိုတဲ့ရွာတွေ ရှိတယ်ဗျ။ အနီးအနားက ဟိုရွာ ဒီရွာတွေမှာ ထူးထူးခြား ခြား တစ်ခုခုဖြစ်လို့ကတော့ တာတေတို့ ရှေ့ ဆုံးက ရောက်ပြီးသားပဲဗျ။ ဘိုးတော်လှကို ကျုပ် ခုနှစ်တန်းကျောင်းသားကတည်းက သိတာဗျ။ သိတာက ဒီလိုဗျို့။ ခုနှစ်တန်း မြန်မာစာသင်တဲ့ ကျုပ်ဆရာမ ဒေါ်မြရီက ဘိုးတော်လှဆီမှာ ဗေဒင်မေး ချင်လို့ အဖော်လိုက်ခဲ့ပါ ဆိုတာနဲ့ ကျုပ် လိုက်သွားတာ။ ဒီမှာတင် ဘိုးတော်လှကို ကျုပ်တွေ့ဖူးတာပေါ့ဗျာ။ ဘိုးတော်လှက အရပ်ထောင်ထောင်မောင်း မောင်းကြီးဗျ။ မျက်နှာမှာ နှုတ်ခမ်းမွေးတွေ မရှိဘူး။ ဆံပင်ကလည်း ကတုံးဆံတောက် လို့ ခေါ်တဲ့ ခပ်တိုတိုပုံစံဗျ။

မျက်လုံးတွေက တော့ တော်တော်လေး ကြည်ကြည်လင်လင် ရှိတယ်။ ကျုပ်ဆရာမ ဒေါ်မြရီက ဘုရားခန်း မှာ ထိုင်နေတဲ့ ဘိုးတော်လှ ရှေ့မှာ ကျုံ့ကျုံ့ လေး ထိုင်လိုက်ပြီး… “ဗေဒင်ကလေးများ မေးချင်လို့ပါ ဆရာ” “ထိုင်ပါ ဆရာမ၊ ထိုင်ပါ” လို့ ဘိုးတော်လှက ကြိုဆိုတယ်ဗျ။ ကျုပ်နဲ့ ဆရာမ ထိုင်လိုက်တဲ့အချိန်မှာ ဘိုးတော်လှ က မျက်စိကို မှိတ်ထားလိုက်တယ်။ ကျုပ်က ဗေဒင်ဆရာဆိုတော့ ကျောက်သင်ပုန်းတွေ ဘာတွေနဲ့ တွက်ချက်ပြီးဟောမယ် ထင်တာ ဗျ။ ခုတော့ အဲဒါတွေ ဘာမှမတွေ့ရဘူးဆို တော့ ကျုပ်စိတ်ထဲမှာ နည်းနည်းထူးဆန်း နေတာပေါ့ဗျာ။ ခဏနေတော့ ဘိုးတော်လှ က မျက်စိတွေ ဖွင့်လိုက်ပြီး… … “ဆရာမ နာမည်က မမြရီ ဟုတ်တယ်နော်” “ဟုတ်ပါတယ် ဆရာ” “ငယ်ငယ်တုန်းက အိမ်မှာခေါ်တာတော့ မဝိုင်း ချစ်တဲ့ ဟုတ်တယ်မို့လား” “ဟုတ်ပါတယ် ဆရာ” “မမြရီအဘက ဦးထွန်းတဲ့၊ အရပ်ပုပု သေးသေး သွယ်သွယ်၊ အသားဖြူဖြူလေးမို့လား” “ဟုတ်ပါတယ် ဆရာ” “မမြရီအမေက ဒေါ်မယ်သီတဲ့၊ ညိုညိုချောချော မိန်းမ တစ်ယောက်ပဲဗျ” “ဟုတ်ပါတယ် ဆရာ” “အဖေက တရားရုံးက ဘီလစ်စာရေးကြီးပဲ၊ အမေက အိမ်မှာ ဆိုင်ဖွင့်ပြီး စျေးရောင်းကြ တယ်၊ သားသမီးဆိုလို့ မမြရီတစ်ယောက်ပဲ ထွန်းကားတာကလား” “ဟုတ်ပါတယ် ဆရာ” “မမြရီကလည်း မိဘအပေါ် အလွန်သိတတ် တဲ့ သမီးလိမ္မာလေးပါပဲ၊ ဒါပေမဲ့ ခုတလော မမြရီမှာခေါင်းခြောက်စရာလေးတွေ ရှိနေ သဗျ၊အဲဒါကဘာလဲဆိုတော့ကိုဘလှဆိုတဲ့ သူငယ်တစ်ယောက်က မမြရီကို လက်ထပ် လိုတဲ့အကြောင်း ခွင့်တောင်းလာတာကိုဗျ။

ဒါပေမဲ့ ခက်နေတာက ကိုအောင်ဒွန်းဆိုတဲ့ သူဋ္ဌေးသားတစ်ယောက်ကလည်း မမြရီကို လက်ထပ်ခွင့်တောင်းနေပြန်ရောဗျ၊ ဒီတော့ မမြရီမှာ ဘယ်သူ့ကို ရွေးရမှန်း မသိအောင် ဝေကွဲမရဖြစ်နေတော့တာပေါ့ဗျာ။နှစ်ယောက် စလုံးကလည်း လူတော်တွေ ဖြစ်နေတာကိုးဗျ” “ဟုတ်ပါတယ် ဆရာ၊ အဲဒီကိစ္စ သိချင်လို့ လာခဲ့တာပါရှင်” ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ၊ ဆရာမကို မွေးနေ့သက္ကရာဇ်လည်း မမေး၊ ဘာမှလည်း တွက်တာချက်တာ မတွေ့ရဘဲ တန်းဟော နေတော့တာဗျ။ ပြောသမျှကလည်း တစ်လုံး မှ မလွဲတော့ ကျုပ်တော်တော်အံ့သြတာဗျ။ “နေဦး မမြရီရဲ့၊ကျုပ် စေတနာနဲ့ ပြောပြမယ်၊ ကိုဘလှက ဥပဒေဘက် လိုက်ခဲ့တဲ့ သူငယ် မို့လား၊ နောက်တစ်နှစ်၊ နှစ်နှစ်ဆိုရင် တရား သူကြီး ဖြစ်တော့မှာဗျ၊ မိဘမျိုးရိုးကလည်း လွှတ်ကောင်းတာဗျ။ ကိုအောင်ဒွန်းကတော့ ကိုဘလှလို ပညာမတတ်ဘူး၊ ဒါပေမဲ့ မိဘ လက်ငုတ်လက်ရင်း ဆန်စက်တွေ၊ ဆီစက် တွေကို သူပိုင်ဆိုင်မှာဗျ မမြရီရေ။

ကျုပ်မြင် တာတော့ ကိုအောင်ဒွန်းက အသောက်အစား လေးလည်း မကင်းဘူးဗျ၊ သူဋ္ဌေးသားဆိုတော့ အပျော်အပါးလေးလည်း လိုက်တယ်ဗျ။လောင်း ကစားလေးကလည်း ဝါသနာပါသေးတယ်ဗျ။ မမြရီ ဘယ်သူ့ကို ရွေးသင့်တယ်လို့တော့ ကျုပ် တို့ ဆရာတွေမှာ မပြောကောင်းဘူးဗျ၊ အခု လောက်ဆိုရင် မမြရီ ဆင်ခြင်နိုင်ပြီလို့ ကျုပ် ထင်ပါတယ်” “ကျေးဇူးတင်ပါတယ် ဆရာ၊ ကျမ သိချင်တာ လည်း ဒါပါပဲရှင်၊ ကျမတို့ မိန်းမသားဆိုတာက အိမ်ထောင်ဘက် အရွေးမှားသွားရင် တစ်သက် လုံး ဒုက္ခရောက်ကြရတာမို့လား ဆရာ” “မှန်ပါတယ် မမြရီ၊ မှန်ပါတယ်” ကျုပ်ဆရာမက သူ့မိဘတွေ ကျန်းမာရေး ကိစ္စ နည်းနည်းပါးပါးမေးပြီး ငွေငါးကျပ် ကန် တော့ပြီး ပြန်ခဲ့တယ်ဗျ။ အပြန်လမ်းမှာ ကျုပ် ဆရာမကို ကျုပ် အကဲခတ်ကြည့်တော့ စိတ် လက်ပေါ့ပါးသွားသလို တော်တော်လေး ရွှင် လန်းနေရောဗျ။

“တာတေ နင့်ကို ငါယုံလို့ အဖော်ခေါ်သွား တာနော်၊ ဒီအကြောင်းတွေ အပြင်ကို မပေါက် ကြားစေနဲ့ ကြားလား” “စိတ်ချပါ ဆရာမ၊ ကျုပ် ဘယ်သူ့ကိုမှ မပြောဘူး” အဲဒီနောက်တော့ ကျုပ်တို့ ခုနှစ်တန်းက ဆရာ မတွေ တစ်ယောက်ပြီး တစ်ယောက် ဘိုးတော် လှဆီကို ဗေဒင်သွားမေးကြတယ်ဗျ။ သွားတိုင်း လည်း ကျုပ်ကိုပဲ အဖော်ခေါ်သွားကြတော့ ဘိုး တော်လှက ကျုပ်ကို ကောင်းကောင်းမှတ်မိသွား တော့တာပေါ့ဗျာ။ သင်္ချာဆရာမ ဒေါ်နီလာနဲ့ အဖော်လိုက်သွားတဲ့နေ့က ဘိုးတော်လှက ကျုပ်ကို ကြည့်ပြီးတော့ ပြောတယ်ဗျ။ “ကလေး၊ မင်းနာမည် တာတေမို့လား” “ဟုတ်ပါတယ် ဆရာ” “အေး မင်းအဘက ကိုဥာဏ်၊ မင်းအမေက မငွေစိန်” “ဟုတ်ပါတယ် ဆရာ” “နေတာက ထနောင်းကုန်း၊ လူချစ်လူခင်က လည်း လွှတ်ပေါပဲဗျ၊ အေး မောင်တာတေရေ၊ မင်းက တစ်နေ့ကျရင် ဆရာသမားတွေနဲ့ ခင် မင်ရင်းနှီးရလိမ့်မယ်၊ အထက်လမ်းဆရာတွေ ကွဲ့၊ လူသူတော်ကောင်းကြီးတွေကွ၊ ပြီးတော့ မင်းမှာ ထူးထူးခြားခြား တစ်ခုဖြစ်လိမ့်မယ်၊ ငါ အခု ပြောလိုက်ရင် မင်း ကြောက်သွားမှာ” “ဟာ ပြောသာပြောပါ ဆရာ၊ ကျုပ် မကြောက် တတ်ပါဘူး” “မဖဲဝါနဲ့ မင်းနဲ့ တော်တော်လေး ခင်မင်ရင်းနှီး လိမ့်မယ်” “ဗျာ၊ မဖဲဝါဆိုတာက ဘယ်သူတုံး ဆရာ”

“အေး၊ မဖဲဝါဆိုတာက သင်္ချိုင်းကုန်းတွေကို စောင့်ရတဲ့ သင်္ချိုင်းစောင့်ကြီးကွ” “ကျုပ်ဖြင့် ကြားတောင် မကြားဖူးပါဘူးဗျာ” “မောင်တာတေရေ၊ မကြားဖူးလည်း အချိန် ရောက်ရင် ပတ်သက်ရမှာပဲကွ၊ ငါလည်း အ စက တောင်သူပဲကွ၊ ငါပိုင်တဲ့ ယာလေးတွေ မှာ ထွန်ယက်စိုက်ပျိုးပြီး နေတာကွ၊ အချိန် ရောက်လာတော့လည်း မထင်မှတ်တာတွေ က ဖြစ်လာတာပဲကွ” ” ဗျာ၊ ဘယ်လိုတွေ ဖြစ်လို့တုံး ဆရာ” ကျုပ်က လွှတ်စပ်စုတဲ့ကောင်လေဗျာ၊ ပါးစပ်က လွှတ်ကနဲ မေးလိုက်မိတာဗျို့။ “ကျုပ်ယာထဲမှာ ညောင်ကျပ်ပင်ကြီး တစ် ပင်ရှိတယ်ကွ၊ ကျုပ်က အဲဒီအပင်ကြီး အရိပ် အောက်မှာ ထမင်းစားနေကျလေ၊ ကျုပ်ထ မင်းစားတိုင်း အဲဒီအပင်နေတဲ့ ပုဂ္ဂိုလ်ကို ရည် စူးပြီး အမြဲတင်မြှောက်ပြီးမှ ကျုပ်က ထမင်း စားတာကွဲ့၊ ဘယ်လိုပုဂ္ဂိုလ်ရှိမှန်း သိလို့က တော့ မဟုတ်ပါဘူးကွယ်၊ အပင်ကြီးက အ ကြီးကြီးဆိုတော့ အစောင့်အရှောက်တွေ ဘာတွေများ ရှိမလားဆိုပြီး တင်မြှောက် တာပါ” “ဟုတ်ကဲ့ ဆရာ” “တစ်ရက်ကျတော့ ကျုပ်က တင်မြှောက်ပြီး ထမင်းစားနေတုန်း ကျုပ်ရှေ့မှာ အဘိုးကြီး တစ်ယောက် ဘွားကနဲ ပေါ်လာတာကွ” “ဟာ၊ လေထဲက ပေါ်လာတာလား ဆရာ” “အေးပေါ့ကွ တာတေရ၊ လေထဲက ပေါ်လာ တာပေါ့၊ ပထမတော့ ကျုပ် လန့်သွားတာပေါ့၊

ဒါပေမဲ့ စိတ်ကိုထိန်းပြီး လက်အုပ်ချီလိုက်တယ် မျက်နှာက တော်တော်ကြည်ကြည်လင်လင်ကွ၊ အသက်က ခြောက်ဆယ်ကျော်လောက် ရှိမယ် ထင်တယ်လို့ ကျုပ်တွေးလိုက်တဲ့အချိန်မှာပဲ ‘ငလှ ငါ့အသက်က ခြောက်ဆယ်ကျော် မဟုတ်ဘူး၊ ခြောက်ရာကျော်နေပြီ၊ ဘုရင် တွေ လက်ထက်ကတည်းက ငါရှိတာကွ၊ အသစ်ပေါ်လာတဲ့ ဗိမာန်တွေမှာ ငါ ပြောင်း ပြောင်းပြီး နေနေတာ’ ‘ဟုတ်ကဲ့ပါ ဘိုး’ လို့ ငါက လက်အုပ်ချီပြီး ရိုရိုသေသေ ပြော လိုက်တော့ … ‘ငလှ မင်း ယာမလုပ်နဲ့ကွ၊ ယာလုပ်တာ ပင်ပန်းတယ်’ ‘ဟာ ကျုပ်က ယာပဲလုပ်တတ်တာဗျ၊ တခြား ဘာမှလုပ်တတ်တာ မဟုတ်ဘူး ဘိုးရဲ့’ ‘မင်း ဗေဒင်ဟောကွ၊ မင်းကို ငါ စောင့်ရှောက် မယ်’ ‘ဟာ ဘိုးရာ၊ ကျုပ်က ဗေဒင်မှ မတတ်တာ ဘယ်လိုဟောမှာတုံးဗျ’ ‘ဗေဒင်တတ်စရာ မလိုပါဘူးကွာ၊ မင်းကို ဘိုးက အကြားဓါတ်၊ အမြင်ဓါတ် ဖွင့်ပေး လိုက်ရင် မင်း အားလုံးသိသွားမှာပေါ့ င လှရဲ့’ ကျုပ်လည်း သဘောတူလိုက်တယ် မောင် တာတေရေ၊ ဘိုးတော်က ကျုပ်ကို အကြား ဓါတ် အမြင်ဓါတ် ဖွင့်ပေးတယ်။ ပြီးတော့ သရဏဂုံသုံးဆယ် ပုတီးစိတ်ကို စိပ်ခိုင်း တယ်၊ အဲဒီအချိန်ကစပြီး ကျုပ် အခုလို ဗေဒင်ဆရာ ဖြစ်လာတော့တာပါပဲ

ကွာ” “အဲဒါ ရုက္ခစိုးကြီးလား ဆရာ” “ဟာ…ဟုတ်တာပေါ့ မောင်တာတေရယ်၊ ရုက္ခစိုးကြီးပေါ့ကွယ်” “ဆရာ နေတော့ ဘယ်မှာ နေတာတုံး” “ကျုပ်က ဘယ်မှာမှ အတည်တကျ မနေဘူး ကွဲ့၊ အခုလိုပဲ အိမ်ငှားနေပြီး ကျုပ်သွားချင်ပြီ ဆိုရင် အိမ်ကို အပ်လိုက်ပြီး ထွက်သွားတာပဲ ကွဲ့၊ အဲဒီနေရာကို နောက်တစ်ခါလည်း ဘယ် တော့မှ ပြန်မရောက်တော့ဘူး” “ဟာ…ဆရာ ပင်ပန်းတာပေါ့ဗျ၊ တစ်နေရာ မှာ အတည်တကျ နေပါလား” “နေလို့ မရဘူးကွ မောင်တာတေရဲ့၊ ဒါက ရုက္ခစိုးကြီး ခိုင်းထားတဲ့ ကျင့်စဉ်တစ်ခုပဲကွ” “ဟာ…ဟုတ်လား ဆရာ” ” ကျုပ်က တစ်နေရာတည်းမှာ အမြဲနေစရာ မလိုဘူးကွဲ့၊ ဘယ်မြို့ ဘယ်ရွာရောက်ရောက် ခဏလေးနဲ့ ကျုပ်ကို ဆရာလှလို လူတွေ သိ သွားကြတာပါပဲကွယ်” ဘိုးတော်လှက ပြောလက်စ စကားကိုဖြတ် လိုက်တော့ ဆရာမ ဒေါ်နီလာနဲ့ ကျုပ်နဲ့ ဘိုးတော်လှကို နှုတ်ဆက်ပြီး ပြန်လာခဲ့ ကြတယ် နောက်သုံးလလောက်ကြာတော့ ဘိုးတော် လှ ကျုပ်တို့မြို့ကနေ ပျောက်သွားရောဗျ။ ဒါပေမဲ့ မြို့ထဲမှာတော့ ဗေဒင်အလွန်မှန်တဲ့ ဘိုးတော်လှအကြောင်းကို ပြောကျန်ရစ်ခဲ့ တာပေါ့ဗျာ။ တကယ်တော့ ဘိုးတော်လှက ရုက္ခစိုး ခေါင်းစွဲကြီးဗျ။ ပြီးပါပြီ။ Like & Share ပေးသွားကြပါဦးနော်။

မူရင်းရေးသူ ဆရာ တာတေ စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

Leave a Reply

Your email address will not be published. Required fields are marked *