ကြက်စွဲ ငသင်(စ/ဆုံး)
ရေးသားသူ…တာတေ
မိုးကုန်လို့ ဆောင်းရောက်တာနဲ့ ကျုပ်တို့အညာရွာတွေမှာ ကြက်ဝိုင်းတွေ အလျှိုလျှို ပေါ်လာတော့တာဗျို့။ တကယ့် ကြက်သမားကြီးတွေဆိုတာ ကြက်ကောင်းတစ်ကောင်ရရင် လွှတ်ဂရုစိုက်ကြတာဗျ။ ညဆိုရင် ကြက်ခြင်ထောင်နဲ့ သိပ်ကြတယ်။ ကြက်ဝမ်းသွားတာကို မနက်စောစောထပြီး တစ်ရက်မပျက် ကြည့်ရတာဗျ။ ကြက်တွန်တဲ့အသံကိုလည်း သေသေချာချာကို နားစွင့်ရတယ် ။ အစာနဲ့ ရေကိုလည်း သေသေချာချာ ပေးရတာဗျ။ ဒီမှာ ကြက်စွဲဆိုတဲ့လူတွေ ပေါ်လာတော့တာဗျို့။ တော်တော်များများ ကြက်သမားတွေကတော့ ကိုယ့်ကြက်ကို ကိုယ်တိုင်ပဲ ကြက်စွဲလုပ်ကြတာပါ ။ ဒါပေမဲ့ တကယ်နာမည်ရ ကြက်စွဲတွေကိုလည်း ငှားကြရတာ ရှိတယ်ဗျ။ ကြက်ကို အညောင်းအညာမရှိအောင် နှိပ်နယ်ပေးရတယ်။
ရေကိုင်ပေးရတယ် ။ လက်နဲ့ ဆုပ်ပြီး လက်ပူတိုက်ပေးရတယ်။ ကြက်ဝိုင်းတွေမှာလည်း ကိုယ့်ကြက်ကို ကိုင်တွယ်ပေးမယ့် ကြက်စွဲ ခေါ်ကြရတယ် ။ ကြက်စွဲကောင်းရင် ကိုယ့်ကြက်က ရှုံးရိပ်ပြတာတောင် နိုင်သွားတာတွေ ရှိတယ်ဗျ။ “ကိုကြီးတာတေ လာဗျာ ကြက်ဝိုင်းသွားရအောင်” ကျောက်ခဲက ကျုပ်ကို အဖော်စပ်တယ်။ကျုပ်က နေရာတကာ စပ်စပ်စုစုလုပ်ပေမယ့် ကြက်ဝိုင်းတော့ သိပ်ဝါသနာမပါဘူးဗျ။ “ဟာ မသွားချင်ပါဘူးကွာ” “လာပါဗျာ အပျင်းပြေပေါ့ ဒီနေ့ ကြက်ဝိုင်းက ကောင်းမှာဗျ” ကျောက်ခဲက နည်းနည်းပဲ ဆွယ်ရသေးတယ်။ ကျုပ်က စိတ်ပါသလို ဖြစ်သွားပြီဗျ။ ” ဘယ်သူ့ဝိုင်းမှာတုံးကွ ကျောက်ခဲရ” “တောင်ပိုင်းက ကြက်စွဲ ကိုသင်တို့ဝိုင်းမှာဗျ” “ဘယ်သူ့ကြက်နဲ့ ဘယ်သူကြက် တိုက်မှာတုံးကွ” “ကိုသင့်ကြက်နဲ့ မြောက်ပိုင်းက ကိုဘစိန်ရဲ့ကြက် တိုက်မှာဗျ။ နှစ်ကောင်လုံးက နာမည်ကျော်တွေချည်းပဲဗျ။ လာပါဗျာ။
သွားရအောင် ခုလောက်ဆိုရင် စတောင်နေလောက်ပြီ” ကျုပ်လည်း ငြင်းမနေတော့ပါဘူးဗျာ။ကျောက်ခဲနဲ့ တောင်ပိုင်းက ကိုသင်တို့ဝိုင်းကို လိုက်လာခဲ့တယ်ဗျ။ ကျုပ်တို့ ရောက်တော့ ကြက်ဝိုင်းက လောင်းကြေး ခေါ်နေပြီဗျ။တစ်ဖက်နဲ့တစ်ဖက် ညှိနေကြတာ။ တော်တော်နဲ့ မတည့်ကြဘူးဗျို့။ နောက်တော့ လောင်းကြေး လေးထောင်နဲ့ သဘောတူသွားကြတယ်။ လက်ဖျားကတော့ ကြက်နှစ်ကောင် ခွပ်တာကို ကြည့်ပြီးမှ သာတဲ့ ဘက်ကစပြီး လက်ဖျားခေါ်ကြမှာပေါ့ဗျာ။ ကြက်ပိုင်ရှင်ကလည်း သူ့ကြက်သာမယ်ထင်ရင် လက်ဖျားမှာလည်း ဝင်ဆွဲသဗျ။ရှုံးမယ်ထင်ရင်လည်း တစ်ဖက်ကြက်ကို လက်ဖျားလိုက်ဆွဲတယ်။ ဒါမှလည်း ရှုံးတာ ကာမိမှာပေါ့ဗျာ။ဒါကြောင့်လည်း ကြက်သမားကြီးတွေက ပိုးစိုးပက်စက် မရှုံးကြတာပေါ့ဗျာ။ ကိုယ့်ကြက် အခြေအနေမကောင်းလို့ လောင်းကြေး ရှုံးမယ်ထင်ရင် တစ်ဖက်ကိုသွားပြီး လက်ဖျားဆွဲထားတော့ ရှုံးသွားရင်တောင် လက်ဖျားဆွဲတာက အလျော်ရတော့ နည်းနည်းကာမိတာပေါ့လေ။ ဝိုင်းက ဆယ့်နှစ်တောင် စည်းဝိုင်းဗျ။ ကြက်တွေကလည်း အရပ်အမောင်းကောင်းတယ် ။ ကိုသင့်ကြက်က ဖောင်းဗျ။ ကိုဘစိန်ရဲ့ ကြက်က ဗြာ။ အရပ်ကတော့ သိပ်မကွာလှဘူး။ ဆယ်ပြားစီလောက်ပဲရှိမယ်။
(ကြက်ရဲ့အရပ်ကိုတိုင်းရင် ခြေဖနောင့်ကနေ တောင်ပံရိုးက ဘုနီနီအထိ ဒင်္ဂါးပြားနဲ့ တိုင်းကြတာဗျ) ကိုသင်ရော ကိုဘစိန်ရောက နာမည်ကြီး ကြက်စွဲတွေဆိုတော့ သူတို့ကြက်ကို သူတို့ဘာသာ ကြက်စွဲလုပ်ကြတာဗျ။ ကြက်ဝိုင်းဒိုင်က ကျုပ်တို့ ရွာလယ်ပိုင်းက ဦးပုဗျ။ ဘိုးပုကလည်း ကြက်ဆိုရင် လွှတ်ဝါသနာပါတဲ့ အဘိုးကြီးဗျ။ အသက်ကြီးလာတော့ သူကိုယ်တိုင်တော့ ကြက်မမွေးတော့ပါဘူး။ ကြက်ဝိုင်းရှိရင်သာ ဒိုင်လေး ဘာလေး လုပ်ပေးတာဗျ။ ဒိုင်လုပ်ဖို့ဆိုရင်လည်း သူ့ပဲလာခေါ်ကြတာဗျ။ “ဘိုးပု ဒိုင်လုပ်ပေးပါ” ဆိုပြီး ကြက်သမားတွေက ဘိုးပုကို ကြက်ဝိုင်းအပ်ကြတာ။ အခုလည်း ဘိုးပုက ဝိုင်းစတော့မှာမို့ ဒိုင်စကား ပြောရတာပေါ့ဗျာ။ “သုံးခါကောက်ရင် တစ်ခါက ကြက်သာခေါ် ။ ကြက်နာလား ကြက်လည်းမထူ ။ ကြက်မွေးမယူ ။ လေပေး ရေပေး။ တစ်ဖက်ကြက်ကို မထိစေရ။ အတောင်ကျိုး ။ ပေါင်ကျိုး ။ စုံကန်း ။ ထွက်ပြေး။ ခွပ်ဘက်မရ အရှုံး ။
ကဲ လွှတ်” ဘိုးပုက လွှတ်လို့အော်တာနဲ့ ကြက်စွဲနှစ်ယောက်က ကြက်တွေ ပြိုင်တူလွှတ်လိုက်တာဗျ။ကိုယ်သင့်ကြက်က ကြက်စင်း ကိုဘစိန်ကြက်က ကြက်ထောင်ဗျ။ ဝိုင်းထဲချလိုက်တာနဲ့ တန်းပစ်တော့တာဗျို့။ ကိုသင့်ကြက်က ကြက်ဖော့ ။ ကြက်လျော့ဗျ။ ဣနြေ္ဒမပျက်ဘူး။အသာလေးပဲ ရှောင်လိုက်တာ။ တင်းခံရင်လည်း ကိုဘစိန်ကြက်ပစ်ပုံနဲ့ဆိုရင် ပြတ်ထွက်သွားနိုင်တယ်။ ဝိုင်းထဲမှာ လှည့်ပတ်ပြီး သွားနေတယ်။ ဟော ပစ်ပြန်ပြီဗျို့။ ကိုဘစိန်ရဲ့ ဗြာကြီးက ဝီးကနဲ နေအောင် ပစ်တာဗျ။ ကိုသင့်ဖောင်းကြီးက ကိုယ့်ကို အသာကလေး ဖော့ပြီး ရှောင်ရင်းက နှစ်ကောင်ပူးသွားတယ်။ ဒီမှာတင် ကိုသင့်ဖောင်းကြီးက ကိုဘစိန်ရဲ့ ဗြာကို နားစလှမ်းဆွဲပြီး ခွပ်ပစ်လိုက်တာ။ ပလောက်လို့ မြည်သွားပြီး ကိုဘစိန်ရဲ့ ဗြာကြီး နောက်ကို မျက်နှာလန်ထွက်သွားရောဗျို့။ ဒီမှာတင် ကိုသင့်ကြက်ဘက်က လက်ဖျားလောင်းကြေး တွေခေါ်ကြ ။ လောင်းကြတော့တာပေါ့ဗျာ။
တကယ်တော့ ကိုဘစိန်ကြက်ကလည်း နည်းတဲ့ပစ်ချက်မဟုတ်ဘူးဗျ။သူ့ပစ်ချက် တစ်ချက်လောက် မိသွားလို့ကတော့ ကိုသင့်ဖောင်းကြီး လဲသွားမယ်လို့ ကျုပ် ထင်တယ်ဗျ။ကိုဘစိန်ဗြာကြီးက ပစ်လိုက်။ ဖောင်းက အသာလေးရှောင်ပြီးပေးလိုက်။ နှစ်ကောင်လုံးမိရင် ဖောင်းက ဖြောင်းကနဲ ခွပ်လိုက်နဲ့ ကြက်နှစ်ကောင် စည်းရောက်သွားတာနဲ့ ကြက်စွဲတွေက ကောက်လိုက်ရတယ်ဗျ။ ကြက်တွေ လက်ထဲရောက်တာနဲ့ ကိုယ့်ကြက်ကို ဒဏ်ရာရှာကြ ။ ကုသကြပေါ့ဗျာ။ ပြီးတော့ ဝိုင်းထဲ ပြန်ချနဲ့ နာရီဝက်လောက် ရှိနေပြီဗျ။ ကိုသင့်ဖောင်းကတော့ နှစ်ကောင်ခွာသွားလို့ တစ်ဖက်က ပစ်တာနဲ့ သူက ကိုယ်ကို ဖော့ဖော့ရွရွလေးလုပ်ပြီး ရှောင်တော့တာဗျို့။ အချိန်ကြာလာတော့လည်း တစ်ဖက်ကြက်ရဲ့ ခွပ်လန်းတွေကို သူသိသွားပြီပေါ့ဗျာ။ သူ့ကို မိမိရရတစ်ချက်မှကို မထိဘူးဗျ။ နှစ်ကောင်ပူးတိုင်း သူခွပ်တဲ့ ခွပ်ချက်တွေက ကိုဘစိန်ရဲ့ ဗြာကြီးကို ချက်တိုင်း ထိနေတာဗျ။ ဟော ဟော ဗြာပြန်ပြီဗျို့။ဖောင်းက ရှောင်ပေးတယ်။ ပူးပြီ။ပူးပြီ။ ဟော ဖောင်းက ဗြာရဲ့ နားစကို ဆတ်ကနဲ ဆွဲလိမ်ပြီး ခွပ်ချလိုက်ပြီဗျာ။
“ဖြောင်း” “ကရော့ ကရော့ ကရော့” ဟာ ကိုဘစိန်ရဲ့ဗြာကြီး ပြေးရောဗျို့။ ကြက်ဝိုင်းမှာ ကရော့ ကရော့ အော်ပြီး ထွက်ပြေးတဲ့ကြက်က အရှုံးလေဗျာ။ “ဟာ ငသင်ကြက် နိုင်တယ်ဟေ့” ဘိုးပုက ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်စကားကို နောက်ဆုံး ပြောလိုက်တယ်။ “ဟား ဟား ဟား ဟား ” လောင်းကြေးနိုင်တဲ့ သူတွေက အော်ဟစ်ရယ်ကြ ပျော်ကြပေါ့ဗျာ။ လောင်းကြေးရှုံးတဲ့လူတွေကတော့ ငြိမ်သွားတာပေါ့ဗျာ။ “ဗြာကြီး မရှုံးလောက်ပါဘူးကွာ ။ ကြက်က မောသေးတာမှ မဟုတ်တာ ။ ပစ်ချက်က တစ်ခါတော့ စူးမှာ သေချာတယ်။ စူးလို့ကတော့ တစ်ချက်တည်း အလဲပဲ။ ခုဟာက ဖောင်းက ဆွဲအခွပ် ။ ဗြာက ခေါင်းအလည်မှာ အတက်က နားထဲဝင်သွားတာကွ။ ဘယ်ခံနိုင်တော့မှာတုံးကွာ” ဒါကတော့ ထုံးစံပေါ့ဗျာ။ ကြက်ကခွပ်လို့ ပြီးသွားပြီ။ ကြက်ဝိုင်း လာကြည့်တဲ့ လူတွေက ဆက်ခွပ်နေကြတုန်းဗျ။ ဒါကလည်း တကယ့်ကြက်သမားတွေ မဟုတ်ဘူးဗျ။
တကယ့်ကြက်သမားတွေက ငွေအလျော်အစားလုပ်ပြီး ထွက်သွားကြပြီ။ သွားပြီး စားကြသောက်ကြတော့မှာ။ ကျန်နေတာက ကျုပ်တို့လို လေလောင်းတဲ့ လူတွေပဲ လေနဲ့ ဆက်ပြီး ခွပ်ကြတာပေါ့ဗျာ။ ဒီမှာ ကျုပ်တို့ရွာရဲ့ ဝါရင့်ကြက်သမားကြီး ဘိုးပုက ပြောတယ်ဗျ။သူငယ်ငယ်က နယ်လှည့်ပြီး ကြက်တိုက်တာ ဆိုပဲဗျာ။ ကြက်သမားဘဝမှာ ထူးထူးဆန်းဆန်းတွေလည်း ကြုံရတယ်ဆိုပဲဗျ။ “ဘိုး ကြုံဖူးတဲ့ ကြက်စွဲကိုယုံ ဆိုတာ ရှိတယ်ကွ။ အောက်ပြည်က လာတာပဲ ။ သူမှာ အောက်ပြည်က ကြက်ကောင်းတစ်ကောင် ပါလာတယ်ကွ။ ကြက်မှာ နှစ်မျိုး ခွဲထားတယ်။ အညာကြက်နဲ့ အောက်ကြက်တဲ့ကွ။ အညာကြက်က ခံနိုင်ရည် ပိုရှိတယ် ။ ရေကုန်ရေခမ်း ခွပ်နိုင်တယ်။ အောက်ကြက်က အညာကြက်လောက် ခံနိုင်ရည် မရှိဘူးကွ။ ဒီတော့ ဝိုင်းစတာနဲ့ အောက်ကြက်က အညာကြက်ကို မြန်မြန်ပြတ်အောင် ခွပ်နိုင်ရင်ခွပ်။ မခွပ်နိုင်ရင်တော့ ရေရှည်ဆိုရင် အညာကြက်က နိုင်တာများတယ်ကွ” “ဟုတ်လား ဘိုး” အနာဂတ်ရဲ့ ကြက်သမားလောင်းလျာလေးတွေက ခုလို ကြုံတောင့်ကြုံခဲမှာ ပညာယူနေကြတာပေါ့ဗျာ။ “အေး အဲဒီမှာ ကြက်စွဲကိုယုံရဲ့ကြက်က ငါ့ကြက်ကို ဝိုင်းစတာနဲ့ ပြတ်အောင်ခွပ်တာပဲကွ။ ဒီတုန်းက သူက ဇိမ်းကြီးကွ။
ငါကြက်က ဗြာကြီးကွ ။ သူ့ကြက်က မောင်ထောင်။ ငါ့ကြက်က မောက်ဒိုးကွာ” “မောက်ဒိုးဆိုတာ ဘယ်လို အမောက်တုံး ဘိုးရဲ့” “ဒီလိုကွ ကြက်တွေရဲ့ ပုံမှန်အမောက်က ပြားပြား ထောင်ထောင်လေကွာ ။ ထိပ်မှာ အချွန်တွေ ပါတာပေါ့။ မောက်ဒိုးဆိုတာ အမောက်က တုံးတုံးလုံးလုံးကြီးကွ” “သြော်” ဘိုးပုက ကိုသင်တို့ အိမ်ဝိုင်းထဲက ကွပ်ပျစ်မှာထိုင်ပြီး ပြောနေတာ ။ လူငယ်တွေက တချို့က ကွပ်ပျစ်ပေါ်မှာ။ တချို့က မြေကြီးပေါ်မှာ ထိုင်လို့ဗျ။စိတ်ပါလက်ပါကို နားထောင်နေတာဗျို့။ ကိုသင်ကတော့ ထွက်မလာဘူး။ သူ့ကြက်ကို ဆေးကုနေမှာပေါ့ဗျာ။ဒါက ကြက်စွဲရဲ့ အလုပ်ပဲလေ။ ဝိုင်းပြီးရင် ကြက်ကိုချက်ချင်း ကုကြရတာဗျ။ ဘိုးပုရဲ့ ပရ်ိသတ်တွေကတော့ ငြိမ်လို့ပေါ့ဗျာ။ ဒီအထဲမှာ ကျုပ်နဲ့ ကျောက်ခဲလည်း ပါတာပေါ့ဗျာ။ “ကိုယုံကြက်က အတက်က တော်တော်ရှည်တာ။ လက်နှစ်ဆစ်လောက် ရှိတယ် ။ ဂေါ်ရခါးတွေကိုင်တဲ့ ဓါးလို အပေါ်ကို ကော့ကော့ကြီးကွ။ ဝိုင်းထဲရောက်တာနဲ့ တန်းပစ်တာ။ ငါ့ကြက်ကလည်း ဆီးဆိုင်တာပဲကွာ။ ငါ သေသေချာချာကြည့်တော့ ငါ့အကောင်ဗြာကြီးက ခြေထွက် နည်းနည်းပိုမြန်တာ တွေ့ရတယ်။ဒီတော့ သူ့ကြက်ရဲ့ ဂေါ်ရခါးဓါးလို အတတ်ကြီးကို ဆီးပြီး ကာထားနိုင်တာပေါ့ကွာ။ပွဲက ချက်ချင်း မပြတ်တော့ ရေရှည်လာတာပေါ့ကွာ။ ငါ့ကြက်ဗြာကြီးကလည်း ပြန်ခွပ်။ ကိုယုံကြက်ကလည်း ခွပ်နဲ့ နောက်တော့ ဒီကောင်နှစ်ကောင်မှာ ပုံမှန်ခွပ်လုံး မရှိတော့ဘဲ ခွပ်လမ်းမျိုးစုံ ခွပ်နေကြတာကွ။ဒီတော့မှ ဒီကြက်နှစ်ကာင်စလုံးဟာ ဝါရင့်ပညာသည်တွေမှန်း သိကြတော့တာကိုး။
ရေရှည်မှာ ငါရဲ့အညာကြက်က ခြေမကျဘူးကွ။ ကိုယုံ့အောက်ကြက်က ခြေကျလာရော့ဟေ့။ ဒီတော့ ငါဗြာကြီးကချည်း လှိမ့်ခွပ်တော့တာပေါ့ကွာ။ ဒါပေမဲ့ ထူးဆန်းတာက ကြက်တစ်ခါကောက်ပြီးတိုင်း ကိုယုံက သူ့ကြက်ကိုသူကုပြီး ပြန်ချလိုက်တယ်။ ကြက်က သွေးတစ်စက်မှ မထွက်ဘူးကွ။ပြီးတော့ သူ့ကြက်က ငါ့ဗြာကြီး ဘယ်လောက်ခွပ်ခွပ် ဘာမှဖြစ်တဲ့ပုံ မပေါ်ဘူးကွ။ ဒါပေမဲ့ သူ့ကြက်က ခွပ်ကို မခွပ်နိုင်တော့ဘူးဟေ့။ နှုတ်သီးကို မြေကြီးမှာထောက်ပြီး ငြိမ်နေရောဟေ့။ ငါ့အကောင်ဗြာကြီးက ဖြောင်းဆိုပြီး ပြေးခွပ်လိုက် ရပ်နေလိုက်နဲ့ ဒီကောင်လည်း တော်တော်ကို မောနေပြီဟေ့။ နောက်တော့ ကိုယုံရဲ့ကြက်က လည်ပင်းက အမွေးတွေကို ဖွပြီး လည်ပင်းကြီး စင်းပြီး ငါ့ဗြာကြီးကို စိုက်ကြည့်နေတယ်ဟေ့။ ဒီမှာတင် ငါ့ကောင်ဗြာကြီးက နောက်ကိုဆုတ်ပြီး ပွဲသိမ်း ပြေးခွပ်တော့မလို လုပ်လိုက်တယ်။ ကိုယုံ့ကြက်ကတော့ ဘာမှကို မလုပ်ဘဲ ခုနက အတိုင်းပဲ ငြိမ်ပြီး လည်ဆံပွပွကြီးနဲ့ စိုက်ကြည့်နေတာကွ။ ဒီမှာတင် ငါ့ကြက်က ဘာဖြစ်သွားတယ် ။ မသိပါဘူးကွာ။ ကရော့ ကရော့နဲ့ အော်ပြီး ဝိုင်းထဲက ထွက်ပြေးတော့တာပါပဲ” “ဟာ ဒါဆို ဘိုး ရှုံးသွားတာပေါ့ ဟုတ်လား” “အို ရှုံးလိုက်တာမှ ခွက်ခွက်ကိုလန်တော့တာပေါ့ကွာ” “အဲဒါ ဘယ်လိုဖြစ်တာတုံးဗျ။ တစ်ချိန်လုံး ဘိုးကြက်ကချည်း ခွပ်နေပြီးတော့ ။ ဟိုကြက်ကလည်း လှုပ်နိုင်တော့တာမှ မဟုတ်တာ ။
ဘာဖြစ်လို့ ဘိုးကြက်က ကြောက်ပြီး ထွက်ပြေးသွားရတာတုံးဗျ” “မင်းတို့ မသိဘူးကွ။ ငါလည်း ဒါကို အစက ယုံတာ မဟုတ်ဘူး။ ခံရတာများလာတော့မှ ယုံသွားတာ” “ဟင် …ဘာကိုတုံး ဘိုးရဲ့” “ကြက်ရှုံးရင် သရဲနဲ့ တိုက်တာကွ” “ဗျာ …သရဲနဲ့ တိုက်တယ် ဟုတ်လား ဘိုး” “အေး ဟုတ်တယ်ကွ အဲဒီကြက်မှာ သရဲဝင်စီးလိုက်တော့ တစ်ဖက်က ကြက်က လန့်ပြီး ပြေးတော့တာပေါ့ကွာ” “ဟင် ကြက်က သရဲကြောက်တတ်လို့လား ဘိုးရဲ့။ ပြီးတော့ သရဲက အကြီးကြီးလေ။ ဒီကြက်သေးသေးလေးကို ဝင်ပူးလို့ ရပါ့မလားဗျ” “သရဲဆိုတာကို လူရော ခွေးရော ကြက်တွေ ငှက်တွေရော အကုန်ကြောက်ကြတာကွ ။ ပြီးတော့ သရဲဆိုတာလည်း အစွမ်းအစရှိတဲ့ကောင် မွေးရတာပေါ့ကွ။ အဲဒါမျိုးကို မွေးထားရင် ကြက်ကို ဝင်ပူးလို့ ရတယ်ကွ” “ဟာ ဒါဆိုရင် ဘိုးပြောတဲ့ ကြက်စွဲကိုယုံ ဆိုတဲ့ လူကြီးက သရဲမွေးပြီး ကြက်တိုက်စားတာပေါ့ ဟုတ်လား ဘိုး” “အေး ဟုတ်တာပေါ့ကွာ” ကျုပ်လည်း ခုမှ ကြားဖူးတာဗျို့။ ကြက်သမားလည်း သရဲမွေးတယ်ဆိုတာ ကျုပ်လည်း ကြားလိုက်ရပေမယ့် ယုံတောင် သိပ်မယုံချင်ဘူးဗျာ။ ဒါပေမဲ့ ဘိုးပုလို ကြက်သမားအိုကြီး တစ်ယောက်က ပြောလို့သာ ကျုပ် ယုံသွားရတာဗျို့။ ကြက်ကို သရဲပူးနိုင်တယ်ဆိုတာ တော်တော်တော့ အံ့သြစရာကောင်းသားဗျ။ ဒါပေမဲ့ ခွေးကို ဝင်ပူးတာတို့ ကျွဲတွေ နွားတွေကို ဝင်ပူးတာတို့တော့ ကျုပ် ကြားဖူးတယ်ဗျ။
ညနေဘက် ကြက်ဝိုင်းက ပြန်လာတော့ ကျုပ် ဒီအကြောင်းကို နှစ်ခါ သုံးခါလောက် တွေးမိတယ်ဗျို့။ ကျောက်ခဲကတောင် သူ့အိမ်ကို မပြန်ခင်မှာ ကျုပ်ကို ပြောသွားတယ်ဗျ။ “သရဲက ကြက်ကို ဝင်ပူးလို့ရတယ် ဆိုတာကို ကျုပ်တော်တော်အံ့သြတာဗျ။ ဒါပေမဲ့ ဘိုးပုက ကြက်သမားကြီး ဆိုပေမယ့် မဟုတ်တာ ဘယ်တုံးကမှ ပြောတဲ့လူ မဟုတ်ဘူးဗျ။ ကြက်သမားဆိုပေမဲ့ ရပ်ရေးရွာရေးဆိုရင် ဘိုးပု မပါဘဲ ဘယ်တော့မှ ပြီးတာ မဟုတ်ဘူးလေဗျာ” ကျုပ်လည်း ကျောက်ခဲခေါ်လို့ ကြက်ဝိုင်းလိုက်သွားတော့မှ ဗဟုသုတတွေ တော်တော်တိုးလာတာဗျို့။ အချိန်ဆိုတာကတော့ အမြဲပြောင်းလွဲနေတာပေါ့ဗျာ။ ဆောင်းရာသီကုန်ရင် နွေရာသီရောက်မှာပဲပေါ့ ။ နွေရာသီကုန်တော့လည်း မိုးရာသီပေါ့ဗျာ။ “ကိုကြီး တာတေ ။ ကိုကြီး တာတေ” ကျုပ်က နွားစာစဉ်းနေတာဗျ။ အိမ်ဘေးက ပြောင်းရိုးစဉ်းတဲ့ခုံမှာ။ ကျောက်ခဲဗျ။ ဒီကောင် ဘာဖြစ်လာပြန်ပြီလည်း မသိပါဘူးဗျာ။ အချိန်က ညနေစောင်း ငါးနာရီလောက် ရှိပြီဗျ။ ကျုပ်ကလည်း ပြောင်းရိုးစဉ်း လက်စကြီးဆိုတော့… “ကျောက်ခဲရေ လာဟေ့ ငါ ဒီမှာ စဉ်းခုံမှာဟေ့” ကျုပ်ဆီကို ကျောက်ခဲ ရောက်လာတယ်။ ကျုပ်က ပြောင်းရိုးတွေကို လက်နှစ်ဖက်နဲ့ဆုပ်ပြီး ဓါးအောက်ကို ထိုးထည့်တယ် ။
ခြေထောက်ကလည်း နင်းပြားကို နင်းတယ် ။ “ဗြိ ဗြိ ဗြိ ဗြိ ဗြိ” ဆိုတဲ့ အသံနဲ့ လက်နှစ်ဆစ် သုံးဆစ်အရွယ် ပြောင်းရိုးလေးတွေ တောင်းထဲကို ကျလာတယ် … “ကိုကြီး တာတေရေ ကိုသင်ကြီးတော့ သေပြီဗျ” “ဟေ ကြက်စွဲကိုသင်လားကွ ။ ဘာဖြစ်လို့တုံး” “ဘန့်ဘွေးကုန်းက ကြက်သမားတွေနဲ့ ကြက်တိုက်တာ ရန်ဖြစ်ကြလို့တဲ့ဗျို့။ ဘန့်ဘွေးကုန်းက ကြက်စွဲငတွန်က ဓါးနဲ့ ထိုးတာတဲ့ဗျာ။ ကိုသင်လို ကြက်သမားတွေပဲလေဗျာ။ ကိုတွန်နဲ့ တွဲနေတဲ့ ကိုဘမောင်နဲ့ ကိုထော်ကြီးတို့က ဝိုင်းချုပ်ပေးတာဆိုပဲ။ အခုတော့ ဘန့်ဘွေးကုန်း သူကြီးက သုံးယောက်လုံးဖမ်းပြီး ထိတ်တုံးခတ်ထားလိုက်ပြီတဲ့ဗျ။ရဲတွေလည်း သွားခေါ်နေပြီပြောတယ်” “ဟာ ဒါဆို ကိုသင်အလောင်းက ဘန့်ဘွေးကုန်းမှာပေါ့” “ဟုတ်တယ် ကိုကြီးတာတေ ။ သူအိမ်ကလူတွေရော ဘိုးပုကြီးရော လိုက်သွားကြတယ် ။ အလောင်းကတော့ မြို့ကို သယ်သွားမှာတဲ့ဗျ။ ဟိုမှာ ရင်ခွဲပြီး စစ်ရဦးမှာဆိုပဲ” “အင်း ဒါဆိုရင်တော့ မြို့မှာပဲ သင်္ဂြ ိုဟ်ရမှာကွ။ ဒီမှာက ဆွမ်းသွတ်ဖို့ပဲရမှာ။ ဘယ်လိုဖြစ်ကြတာတုံးကွ။ ကိုသင်နဲ့ အဲဒီလူတွေနဲ့က ကြက်တိုက်ဘက်တွေပဲ ကျောက်ခဲရ” “မသိပါဘူး ကိုကြီးတာတေရာ ကြက်ဝိုင်းဆိုတာလည်း ငြင်းကြခုန်ကြ မူးကြ ရူးကြတဲ့ နေရာမို့လားဗျာ။
အရက်တွေ ဘာတွေ မူးနေလို့ ရှိမှာပေါ့” ကျောက်ခဲပြောတာလည်း ဟုတ်တာပဲဗျ။ထူးဆန်းတာက ကိုသင့်အသုဘ ရက်လည်နေ့ဗျ။ အလောင်းကတော့ မြို့မှာပဲ သင်္ဂြ ိုဟ်လိုက်တယ် ။ ရက်လည်ဆွမ်းကတော့ သူ့အိမ်မှာပဲ သွတ်တာပေါ့ဗျာ။ ပြောရဦးမယ်ဗျ။ ကိုသင်ဆိုတာက အသက်သုံးဆယ်ကျော်ပြီ။ အရပ်ပုပြတ်ပြတ် ဗလကောင်းကောင်း လူက ကြည့်လိုက်ရင် အမြဲတမ်း မှုန်တေတေနဲ့ဗျ။ သူ့မိဘတွေက ကျုပ်မိဘတွေလိုပဲ တောင်သူတွေပါဗျာ။ ကိုသင့်ကျမှ ဘယ်လိုဖြစ်ပြီး ကြက်သမားဖြစ်တယ် မသိပါဘူးဗျာ။ ရွာထဲက လူကြီးတွေက ပြောတယ်ဗျ။ ငယ်ငယ်တည်းက ကြက်တိုက်တာ ဝါသနာပါလို့ မိဘတွေ မသိအောင် ကြက်ခိုးတိုက်တာဆိုပဲဗျ။ သူ့မိဘတွေ သိရင် ရိုက်ပုတ်ပြီး ဒီအကျင့်ဆိုးကို ဖျောက်ခိုင်းတာတဲ့ဗျ။ ဘယ်လိုပဲရိုက်ရိုက် ကိုသင်ကတော့ ကြက်တိုက်တာပဲတဲ့ဗျ။ နောက်ဆုံးတော့လည်း မိဘတွေက ကြည့်နေရတော့တာတဲ့ဗျာ။ကိုသင့်မှာ မဖြူဆိုတဲ့ ညီမတစ်ယောက် ရှိတယ်။ ကိုသင်က အိမ်ထောင်မကျပေမဲ့ မဖြူကတော့ ကျုပ်တို့ ထနောင်းကုန်းသားနဲ့ပဲ အိမ်ထောင်ကျတာပါ။ ကလေးတောင် နှစ်ယောက် ရနေပြီ။ ကိုသင် ရက်လည်တဲ့ နေ့က ရွာထုံးစံအတိုင်း ဝက်သားဟင်း အကောင်းစားချက်ပြီး ထမင်းကျွေးတာပေါ့ဗျာ။ ကိုသင့်အတွက်လည်း ထမင်းပွဲပြင်ပြီး ဝိုင်းထဲမှာ ကျွေးထားတာဗျ။ ကျုပ်လည်း ထမင်းကျွေးတဲ့တာဝန်ယူပြီး ဧည့်သည်တွေကို ကျွေးမွေးနေတာဗျ။ ဒီတုန်း ကျောက်ခဲ ရောက်လာတာ။ “ကိုကြီးတာတေ ကိုကြီးတာတေ ခဏ ခဏ” ကျုပ်က ကျောက်ခဲနောက်ကို ခပ်သုတ်သုတ် လိုက်ခဲ့တယ် ။ “ဟိုမှာ ကြည့်စမ်း ခွေးနက်ကြီး” “ဟာ ဟုတ်သားပဲကွ နည်းတဲ့အကောင်ကြီး မဟုတ်ဘူးကွ” “ကိုသင့်ကို ကျွေးထားတဲ့ ထမင်းကို စားနေတာ။
ကျုပ် ထွက်ရိုက်လွှတ်ရမလား” “ဟကောင် မလုပ်နဲ့ ကျောက်ခဲ။ အဲဒါ ကိုသင် ဖြစ်လိမ့်မယ် မလုပ်နဲ့ မလုပ်နဲ့” လူတွေကတော့ စားကြသောက်ကြနဲ့ ဒါကို ဘယ်သူမှ မမြင်လိုက်ကြဘူးဗျ။ ကျောက်ခဲနဲ့ ကျုပ်နဲ့ပဲ မြင်လိုက်တာ။ “ကျောက်ခဲ ဒီခွေးနက်ကြီးကို ရွာထဲမှာ မြင်ဖူးလား” “မမြင်ဖူးပါဘူးဗျာ။ ကိုသင်ဖြစ်ဖို့ များတယ်ကွ။ တစ်ခါတစ်လေမှာ လူတွေက တစ္ဆေကိုမြင်ရင် ခွေးပုံစံနဲ့ မြင်ရတယ် ပြောတယ်” ဟော ခွေးကြီး သွားပြီဗျ။ အောင်မာ အိမ်ထဲကို လှည့်ကြည့်နေတယ်ဗျို့။ ဟာ ကျုပ်တို့နှစ်ယောက်ကိုလည်း လှည့်ကြည့်နေတယ်ဗျ။ ဟော ထွက်သွားပြီ ထွက်သွားပြီ ခွေးနက်ကြီး ဝိုင်းထဲက နေပြီး ပြေးထွက်သွားတော့မှ ကျောက်ခဲနဲ့ ကျုပ်နဲ့ အိမ်ထဲပြန်ဝင်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်ကြတာဗျို့။ ကိုသင်ကို သတ်တဲ့ ကြက်စွဲငတွန် ဆိုတဲ့လူက ထောင်ခုနှစ်နှစ် ကျတယ်။ ဘေးက ဝင်ပါတဲ့ ကိုထော်နဲ့ ကိုဘမောင်တို့က ထောင်လေးနှစ်စီ ကျတယ်ဗျ။သေတဲ့လူ ကြာရင်မေ့ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ။ ကြာတော့လည်း သေသွားတဲ့ ကြက်စွဲကိုသင် ဆိုတဲ့လူကို မေ့သွားကြတာပါပဲ။ နှစ်နှစ်လောက်ကြာတော့ ကိုသင့်ကိုသတ်တဲ့ ဘန့်ဘွေးကုန်းသားတွေ ထောင်ကလွတ်လာကြတယ်ဗျို့။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာကြတာဗျ။ ကြက်သမားတွေပဲဗျာ။
ထောင်က လွတာတာနဲ့ ကြက်ဝိုင်း ပြန်ရောက်တော့တာပေါ့။ ဒီနေ့တော့ ကျုပ် ဘယ်မှ မသွားဘဲ အိမ်မှာ နားနေတာဗျ။ မနေ့ကပဲ ဆရာတော့်ကျောင်းက ကထိန်ပြီးသွားတာလေ။ ဆရာတော့်ကျောင်းကထိန်ဆိုရင် ကျုပ်က လွှတ်ပင်ပန်းတာဗျို့။ ဆရာတော်ကလည်း ကျုပ်ကို လွှတ်အားကိုးတာဗျ။ “တာတေရော ခေါ်လိုက်စမ်း” “တာတေ ရေစည်တွေ ပြည့်ရဲ့လား” “ကထိန်ကြွမယ့် ဆရာတော်တွေကို ဂရုစိုက် ။ မလစ်စေနဲ့” “တာတေ ကျောင်းကမိုက် မကောင်းရင် ဒကာကြီးဦးစီတို့ အိမ်ကမိုက်ကို ကြိုယူထား” “တာတေ ထမင်းကျွေးရုံကို မဟာစေနဲ့ ။ ဒီနှစ်ကထိန်လာတဲ့လူ ပိုများတယ်ကွ ။ လောက်လောက်ငင ရှိရဲ့လား” ဆရာတော်က ခဏ ခဏ ခေါ်နေတော့ ကျုပ်မှာ လုပ်စရာတွေ ပြေးလုပ်လိုက်ရ ဆရာတော် ခေါ်တယ်ဆို ပြေးလာလိုက်ရနဲ့ လူလည်း ဖတ်သီတိုက်နေတာဗျို့။ တကယ်တော့ သူ့အဖွဲ့နဲ့သူ သူ့တာဝန်နဲ့သူ ခွဲပြီးသားပါ လုပ်ထားကိုင်ထားလိုက်ကြတာ အားလုံးကို ထောင့်စေ့နေတာပါ။ ကျုပ်က နွေရာသီမှာမှ မန်ကျည်းပင်ကြီးရဲ့အရိပ်ခိုတာဗျ။ ခုလို ဆောင်းဆိုရင် ထမင်းစားပြီးတဲ့အခါ အိမ်ပေါ်က တန်းလျားမှာပဲ တစ်ရေးအိပ်လိုက်တာ။ တန်းလျားမှာ ဝါးပိုးခြမ်းလေး ခေါင်းအုံးပြီး မှေးလိုက်တာပေါ့ဗျာ။ မအိပ်ခင်တော့ နဂါးဆေးပေါ့လိပ်ကလေး ဖွာရသေးသဗျ။ ဒါကတော့ အညာသား စည်းစိမ်ပေါ့ဗျာ။ ကျုပ် မှေးမှေးနဲ့ အိပ်ပျော်ကာစ ရှိပါသေးတယ်ဗျ။
“ကိုကြီးတာတေ ကိုကြီးတာတေ” ကျောက်ခဲဗျ။ ကျုပ် ထကြည့်လိုက်တယ်။ အောင်မာ သံမဏိပါ ပါလာတာဗျ။ ဒီကောင်နှစ်ကောင် ကျုပ်ဆီကို တန်းတက်လာတာဗျ။ “ဟေ့ကောင်တွေ လာကြ ။ မင်းတို့နှစ်ယောက်လည်း ဆရာတော့်ကထိန်မှာ ပင်ပန်းကြတာပဲ နည်းနည်းမှ မနားကွဘူးလား” “နားမလို့ပဲဗျ ။ကြက်ဝိုင်းက သိပ်ကောင်းနေတော့ ကိုကြီးတာတေကို လာခေါ်တာဗျ” “ဟာ ငါ မလိုက်တော့ဘူးကွာ အိပ်ချင်နေလို့ကွ” “လာပါဗျာ အိပ်တာက ညရောက်မှ အိပ်လည်းရတာပဲ။ ကြက်ဝိုင်းက တော်တော်ကောင်းတာဗျ။ မြို့ကတရုတ်တွေ ဆင်းလာတာ။ လောင်းကြေးလည်း တော်တော်များတယ် သောင်းချီရှိတယ်လို့ ပြောတယ်ဗျ” “ဟေ ဟုတ်လား ဘယ်မှာ တိုက်မှာတုံး” “ရွာမြောက်ပိုင်းက ကိုသက်တင်ကြီးတို့ဝိုင်းမှာဗျ။ အဲဒီဝိုင်းကြီးက ကျယ်တယ်လေဗျာ။ ပြီးတော့ သူကြီးအိမ်နဲ့လည်း ဝေးတယ်မို့လား ။ တော်ရုံတန်ရုံအသံလောက်တော့ သူကြီး မကြားဘူးပေါ့ဗျာ” ကျုပ်တို့ ရောက်တော့ ကြက်ဝိုင်းက စတောင် စတော့မယ်ဗျ ။ လောင်းကြေးလည်း ထပ်ပြီးပြီ။ ကြက်အခြေအနေကြည့်ပြီး လက်ဖျားဆွဲမယ့် လူတွေက ပြူတစ် ပြူတစ် လုပ်နေကြတာပေါ့ဗျာ။ ဒိုင်က ဘိုးပု မဟုတ်ဘူးဗျ။ ဘယ်ကလူလည်း မသိဘူး ။
ကျုပ်တို့ရွာသားတော့ မဟုတ်ဘူးဗျ။ ပွဲစပြီဆိုကတည်းက ကြက်နှစ်ကောင်က တစ်ကောင်နဲ့ တစ်ကောင်ပတ်ပြီး ချောင်းနေတာဗျ။ ကြက်ကြီးတွေက ဒေါက်မြင့်ကြီးတွေဗျ။ နှစ်ကောင်လုံး ဆယ့်နှစ်ပြားလောက်ရှိတဲ့ အကောင်ကြီးတွေ။ မြို့ကကြက်က ဇိမ်းဗျ။ ကျုပ်တို့ ထနောင်းကုန်းကြက်က ဖောင်းကြီးဗျ။ ဘယ်သူ့ကြက်မှန်းတော့ မသိဘူး။ အမောက်ကြီးတွေကလည်း နှစ်ကောင်လုံး မောက်ဒိုးတွေချည်းပဲဗျို့။ တစ်ခုထူးခြားတာက ထနောင်းကုန်းကြက်ဗျ။ ခြေထောက်က ချေကြေးတွေက နှစ်တန်း သုံးတန်း တန်းနေတာ မဟုတ်ဘူးဗျ။ ဟိုတစ်ကွက် ။ ဒီတစ်ကွက်နဲ့ ကျောက်ခဲတုံးလို မာနေတာ ။ အရောင်ကလည်း မည်းမည်းကြီးဗျ။ ကျုပ်သဘောပေါက်သွားပြီဗျို့။ထနောင်းကုန်းကြက်က တောကြက်နဲ့ စပ်ထားတာဗျ။ ဒီကြက်မျိုးက အင်မတန် အခုန်အပျံကောင်းတာ။ ပြိုင်ဘက်ကို အသေခွပ်တတ်တယ်။ တောကြက်ရဲ့ သဘာဝက တစ်တောမှာ တစ်ဗိုလ်ပဲ ရှိတာလေဗျာ။ ဒါကြောင့်လည်း တစ်တော တစ်ကြက်ဖ တွန်လို့ ပြောကြတာပေါ့။ နှစ်ကောင်လုံး တွေ့တာနဲ့ တစ်ချက်စီ ပစ်လိုက်ပြီးပြီဗျ။ နှစ်ကောင်လုံးက ကြက်ဆုတ် ကြက်လှန်တွေ မဟုတ်ဘူး။ ကြက်လိမ္မာတွေဗျ။ တစ်ဘက်က ပစ်လိုက်ရင် ဆီးပြီး မဆိုင်ဘူးဗျ။
နောက်ကို နည်းနည်းလေးဆုတ်ပြီး ရှောင်တယ်။ ဟိုဘက်ကကြက် ပြန်အကျမှာ အောက်ကပင့်ပြီး ဖျန်းကနဲ ခွပ်တာဗျ။ နှစ်ကောင်လုံး ခွပ်လန်းတွေ တူနေတယ်ဗျ။ ခွပ်လုံးကလည်း မတိမ်းမယိမ်းပဲ။ သိုင်းသမားတွေ လက်ဝှေ့သမားတွေဆိုရင်တော့ တစ်ဆရာတည်း ထွက်လို့တောင် ပြောရင်ရမယ်ဗျ။ ကျုပ် စိတ်ထင်တော့ ဒီကောင်ကြီးနှစ်ကောင် ပွဲက ရေရှည်မယ် ထင်တယ်။ နောက်ဆုံးတော့ အသည်းကောင်းတဲ့အကောင် နိုင်မှာပေါ့ဗျာ။ ကြက်နှစ်ကောင် စည်းရောက်လိုက်။ ကြက်စွဲတွေက ကောက်လိုက်။ ကုသပြီး ပြန်ချလိုက်နဲ့ သုံးခါတောင် ကောက်ပြီးပြီဗျ။ လက်ဖျားတွေလည်း လောင်းကြေးတွေ ခေါ်ကြပြီပေါ့ဗျာ။ ထနောင်းကုန်းကြက်က လက်ဖျားမှာ အပေါ်ကြေးဗျ။ မြို့က ကြက်က အောက်ကြေးပဲ ဆွဲတာ။ မြို့က ကြက်ကို ကောက်တဲ့ ကြက်စွဲက မြို့က ပါလာတဲ့ တရုတ်ကပြားတစ်ယောက်ဗျ။ ကျုပ်တို့ ထနောင်းကုန်းကြက်ကို ကောက်တာက ဘန့်ဘွေးကုန်းက ကြက်စွဲကိုထော်ဗျ။ ကိုထော် ဆိုတာက ကိုသင့်ကို သတ်တုန်းက ပါတဲ့လူလေ။သူလည်း ထောင်ထွက်ပဲပေါ့။ ကိုထော်လို့ ခေါ်တာက ဒီလူက နှုတ်ခမ်းထော်ကြီးနဲ့ဗျ။ အပေါ်နှုတ်ခမ်းက ထော်ထော်ကြီး။ ကြက်ကို ခွပ်စေချင်ရင် ကြက်စွဲက အမြီးကို မှုတ်ပေးရတယ်ဗျ။ မြို့က တရုတ်ကလည်း သူ့ကြက်ကို အမြီးကို ကုန်းပြီး မှုတ်တယ် ။ ကိုထော်ကလည်း သူ့ကြက်ကို ကုန်းပြီးမှုတ်တာပေါ့ဗျာ။
ကြည့်နေတဲ့ ကြက်ဝါသနာအိုးတွေကလည်း အသက်တောင် ရှူရဲ့လား မသိပါဘူးဗျာ။ငြိမ်နေကြတာဗျ။ ကြက်နှစ်ကောင်ကလည်း ဝိုင်းထဲမှာ တစ်ပတ်ပတ်ပြီး တစ်ကောင်နဲ့ တစ်ကောင်နဲ့ တစ်ကောင် ချောင်းနေတယ်။ ဟော ထနောင်းကုန်းကြက်က ခြေထောက်ကို ကွေးပြီး ခုန်ပြီဗျို့။ ဟာ အမြင့်ကြီးဗျ။ ကြက်တစ်ရပ်ကျော်သွားတယ် ။ ကြက်စွဲကိုထော်က သူ့ကြက်ကို အံ့သြပြီး မော့ကြည့်တယ် ။ “ဖုန်း ” “အား” “ဟာ ” “ဟ သွေးတွေ သွေးတွေ ဟာ ကိုထော် ဘာဖြစ်တာတုံး” ကြက်က တအားခုန်လိုက်ပြီး တစ်ဖက်ကကြက်ကို ခွပ်တာ မဟုတ်ဘူးဗျ။ ကြက်စွဲကိုထော်ရဲ့ မျက်နှာကို ခွပ်လိုက်တာ။ ကျုပ်သေသေချာချာ မြင်လိုက်တာဗျ။ဂေါ်ရခါးဓါးကောက်ကြီးလို ကော့နေတဲ့ အတက်ကြီးနှစ်ချောင်းက ကြက်စွဲကိုထော်ရဲ့ မော့ကြည့်နေတဲ့ မျက်လုံးနှစ်လုံးထဲကို တန်းဝင်သွားတာဗျ။ ‘ဖုန်း’ကနဲ မျက်နှာကို ထိသွားချိန်မှာ အတက်ကြီးတွေက မျက်လုံးတွေကို ဖောက်ဝင်သွားတော့ ကိုထော်က “အား” ကနဲ အော်လိုက်တာဗျ ။ ‘ဟာ’ဆိုတာက ကြက်ပွဲပရိတ်သတ်က လန့်ပြီး အော်လိုက်တာပေါ့ဗျာ။
ဒီအထဲမှာ ကျုပ်ရဲ့ အသံလည်း ပါမှာပေါ့။ ကြက်စွဲကလည်း သူ့ကြက်ကို ကောက်လိုက်တယ်။ ထနောင်းကုန်းကြက်ကတော့ ဝိုင်းထဲမှာ ယောင်လည် ယောင်လည်နဲ့ဗျ။ သူ့ကိုကောက်မယ့်သူ မရှိဘူး။ အတက်တွေမှာလည်း သွေးတွေ စိုနေတာဗျို့။ နောက်တော့ ကြက်ဝိုင်းဒိုင်ကပဲ ထနောင်းကုန်း ကြက်ကို ဝင်ကောက်လိုက်တယ် ။ကြက်ပွဲ ပျက်သွားတာပေါ့ဗျာ။ အလျော်အစားလုပ်လို့ မရတော့ဘူးလေ။ အရှုံးအနှိုင်မှ မပေါ်သေးတာ။ ဒီတော့ လောင်းကြေးငွေကို ပြန်ပေးလိုက်ကြတယ်။ ကိုထော်ကို လှည်းနဲ့ ဘန့်ဘွေးကုန်းကို လိုက်ပို့လိုက်ကြတယ်။ ကျုပ်လည်း အိမ်ပြန်လာပြီး တန်းလျားပေါ်မှာ ပြန်ပြီး အိပ် အိပ်နေလိုက်တယ်။ “ကိုကြီးတာတေ ကိုကြီးတာတေ” ဟင် ကျောက်ခဲ ရောက်လာပြန်ပြီဗျ။ ဒီကောင် အိမ်မပြန်ဘဲ ရွာထဲ လျှောက်သွားနေတယ် ထင်တယ် ။ ကျုပ်လည်း တန်းလျားမှာ ထလိုက်တယ်… “ဟေ့ကောင် ကျောက်ခဲ အိမ်မပြန်သေးဘူးလား။ ကြက်ဝိုင်းလည်း ပျက်သွားပြီပဲ” “ပြန်တယ်ဗျ အခု အိမ်က ပြန်လာတာ ။ကြက်စွဲကိုထော်ကြီး သတင်း ကြားပြီးပြီလား” “ဟေ့အေး သူ့ကို လှည်းနဲ့ လိုက်ပို့ကြတယ်လေ။ သူတို့ ဘန့်ဘွေးကုန်းက ကြက်သမားတွေ ပွေ့ခေါ် သွားတာပဲလေကွာ” “ကိုကြီးတာတေ ကိုထော်ကြီး ဆုံးသွားပြီ” “ဟေ…ဟုတ်လား” “လှည်းရွာထဲဝင်ရုံသေးတယ် ။ လှည်းပေါ်မှာတင် ဆုံးသြားတာတဲ့ဗ်” “ဟေ ဘယ်လိုဖြစ်တာတုံးကွ ။
မျက်စိထိတာ မျက်စိကန်းရုံပဲ ရှိရမှာပေါ့ ။ ဘာဖြစ်လို့ လူပါသရေတာလဲ” “ရွာထဲက လူတွေကတော့ ပြောနေတာက ထနောင်းကုန်းကြက်ရဲ့အတက်မှာ အဆိပ်လူးထားသလို ဘာလိုပြောကြတာပဲဗျ” “ဟာ မဟုတ်နိုင်တာကွာ ကြက်သမားတွေ ဒါမျိုး လုပ်တယ် မကြားမိပါဘူးကွ နို့နေပါဦး။ တို့ရွာက ကြက်က ဘယ်သူ့ကြက်တုံး” “အရှေ့ပိုင်းက ကိုဖိုးမောင်ဆိုတဲ့ လူရဲ့ ကြက်တဲ့ဗျ” “ကိုဖိုးမောင် ဆိုတာ ဘယ်သူပါလိမ့်” “ကိုကြီးတာတေ သိပ်မရင်းနှီးဘူးဗျ။ ဆရာတော်ကျောင်း သွားတဲ့လမ်းရဲ့ တောင်ဘက်က ဝိုင်းကဗျ” “အေးကွာ အလမ္မာယ်ဆရာ မြွေနဲ့သေတယ်ပဲ ကြားဖူးပါတယ် ကြက်သမား ကြက်နဲ့သေတယ်ဆိုတာတော့ တစ်ခါမှလည်း မကြားဖူးပါဘူးကွ။ ပြောရရင်တော့ ကိုသင်ကို သတ်တဲ့ အကုသိုလ် အကျိုးပေးသွားတာပဲ နေမှာပေါ့ကွာ” “ဟုတ်တယ် ကိုကြီးတာတေရဲ့ ကျုပ်အဘကလည်း ဒီအတိုင်းပဲ ပြောတယ်ဗျ” ကျုပ်မျက်စိထဲမှာတော့ ဒေါသတကြီးနဲ့ ခုန်လိုက်တဲ့ ကြက်ဖတစ်ကောင်ရဲ့ အတက်ချွန်ချွန်ကြီးနှစ်ခု ကြက်စွဲကိုထော်ရဲ့ မျက်လုံးထဲကို ဖောက်ဝင်သွားတာကိုပဲ မြင်နေတော့တာပေါ့ဗျာ။ ကြက်သမားအသုဘမှာ ကြက်သမားတွေ စုံတာပေါ့ဗျာ။ ကြက်သမားစုံတော့လည်း ကြက်အကြောင်းတွေ ပြောကြဆိုပဲ။
ဘယ်တုန်းက ဘယ်ဝိုင်းမှာ ဘယ်ကြက်က ဘယ်လိုခွပ်တာပေါ့ဗျာ။ ကြက်စွဲက ဘယ်လိုတော်တာပေါ့။ ကြက်က ရှုံးမလိုဖြစ်နေတာကို ကြက်စွဲကောင်းလို့ နိုင်ခဲ့တဲအကြောင်းတွေ မနားတမ်း ပြောကြတာတဲ့ဗျာ။ နောက်တော့ ကိုထော်ကို ခွပ်လိုက်တဲ့ ကျုပ်တို့ထနောင်းကုန်းကြက်ကို စိတ်ဝင်စားသွားကြရောတဲ့ဗျာ။ အဲဒီကြက်နဲ့ ငွေတွင်းကုန်းက ကိုရှိန်းမောင်ရဲ့ ကြက် ‘ဗန္ဓုလ’နဲ့ တိုက်လိုက်ရရင် တော်တော် ကြည့်ကောင်းမယ့်ပွဲလို့ ပြောကြသတဲ့ဗျို့။ ဒါနဲ့ နောက်ဆုံးတော့ ကိုထော်ရက်လည်ပြီး နောက်တစ်နေ့မှာ ကြက်တိုက်ဖို့ ချိ်န်းကြတယ်ဆိုပဲ။ နေရာကတော့ ဟိုနေ့က ဝိုင်းပဲတဲ့ဗျ။ ရွာမြောက်ပိုင်းက ကိုသက်တင်တို့ဝိုင်းပဲတဲ့ဗျာ။ ကျောက်ခဲ လာခေါ်တာနဲ့ ကျုပ်လိုက်သွားတယ်။ လူမှဗျာ ဝိုင်းထဲပြည့်နေရောဗျို့။ လောင်းကြေးလည်း တော်တော်များတယ်တဲ့ဗျ။ ဗန္ဓုလက ဗြာမဝိုင်းကြီးဗျ။ ထနောင်းကုန်းကတော့ ဖောင်းကြီးပေါ့ဗျာ။ ဗန္ဓုလဆိုတဲ့ ကောင်ကြီးကလည်း ဘယ်တုန်းကမှ မရှုံးဘူးတဲ့ဗျ။ ပွဲတိုင်း နိုင်တဲ့ အကောင်ဆိုပဲ။ ပွဲကြီးပွဲကောင်းဆိုပြီး ကြိတ်ကြိတ်တိုးနေတော့တာပေါ့ဗျာ။
ဒိုင်က ဒီတစ်ခါ ဘိုးပုကြီးဗျ။ ထနောင်းကုန်းကြက်စွဲက ကြက်ပိုင်ရှင် ကိုဖိုးမောင် ကိုယ်တိုင်ပဲဗျ။ ဗန္ဓုလရဲ့ ကြက်စွဲက ကိုသင်ကိုသတ်ပြီး ထောင်ကျသွားတဲ့ ကြက်စွဲကိုတွန်ဗျ။ ထနောင်းကုန်းသားတွေကတော့ ဒီလူကို သိပ်အကဲမရဘူးဗျ။ ကိုယ့်ရွာသားကို သတ်ကောင်ကိုးဗျ။ဒါပေမဲ့ ထောင်ထွက် ကိုတွန်ကတော့ ဘာမှမဖြစ်တဲ့ပုံပဲဗျ။ ကြက်ကလွဲရင် ဘာကိုမှ မသိတဲ့လူပါဗျာ။ဝိုင်းစပြီဆိုကတည်းက နှစ်ကောင်ဆိုင်ပြီး ပစ်တော့တာဗျို့။ “ဗျန်း ” “ဗျန်း” နဲ့ ကိုနေတာ ။ အတက်တွေလည်း စူးတာပဲဗျ။ နှစ်ကောင်လုံး စူးတာဗျ။ ဒါပေမဲ့ တကယ်ကြက်မိုက်ခဲကြီးတွေနဲ့ တူပါတယ်ဗျာ။ နည်းနည်းမှကို တုန့်မသွားဘူးဗျာ။နှစ်ကောင်ဆိုင်ပြီး မနားတမ်းခွပ်နေတော့တာဗျ။ တစ်ချက်မှာတော့ ကျုပ်တို့ ထနောင်းကုန်းကြက်က အပေါ်ကို ထပျံတယ်။ ခုန်တာ မဟုတ်ဘူးဗျ။ပျံတာ။ ပြန်အကျမှာ ဟိုဘက်ကြက်ကို အပေါ်စီးကနေ ဘယ်ညာ ဆင့်ခုတ်တာဗျို့။ ဒါပေမဲ့ ဗန္ဓုလ ဆိုတဲ့ကောင်ကလည်း ပွဲတိုင်းကျော်တဲ့ အကောင်ပဲဗျာ။ ခေါင်းကို လွတ်အောင် ရှောင်လိုက်ရောဗျ။ ဒီမှာတင် ထနောင်းကုန်းက ကြက်ရဲ့ခေါင်းက ဗန္ဓုလရဲ့ ခြေကြားကို ဝင်သွားတာဗျို့။ “ဖျန်း” ကဲ တွယ်ပြီဗျာ ။ ဒီတစ်ခါတော့ မိမိရရကို တွယ်တာဗျို့။ ကျုပ်တို့ကြက် မျက်နှာတောင် နောက်ကို လန်ထွက်သွားတယ်ဗျို့။ လက်ဖျားတွေ ဆွဲလိုက်ကြတာဗျာ ကျွတ်ကျွတ်ကိုညံသွားတာဗျို့။ ကိုဖိုးမောင်က သူ့ကြက်ကို ထူပေးပြီး အမြီးကို မှုတ်ပေးတယ်ဗျ။
ကျုပ်တို့ရွာက ကြက်က တော်တော်လေး နာသွားတော့ ဒေါသထွက်နေပုံပဲဗျ။ လည်ဆံမွေးတွေဖွာပြီး လည်ဆံကမ်းထားတယ်။ တစ်ဖက်ကြက်ကို စိုက်ကြည့်နေတာဗျို့။ ဒီတစ်ချီမှာ သူသေကိုယ်သေ တွယ်တော့မယ့်ပုံပဲဗျ။ ဗန္ဓုလဆိုတဲ့ ကောင်ကလည်း ဇက်ကို စောင်းပြီး ခွပ်လမ်းရှာနေတယ်ဗျ။ ကိုဖိုးမောင်ကလည်း သူ့ကြက်ကို အမြီးမှုတ်ပေး။ ဟိုဘက်က ကြက်စွဲကိုတွန်ကလည်း ကုန်းပြီး ဗန္ဓုလကို အမြီးမှုတ်ပေးတာပေါ့ဗျာ။ အဲဒီအချိန်မှာ အံ့သြစရာ ဖြစ်တော့တာပါပဲဗျာ။ ဗန္ဓလဆိုတဲ့ ဗြာမဝိုင်းကြီးက ဘာကိုလန့်သွားတယ် မသိဘူးဗျ။ “ကရော့ ကရော့ ကရော့” ဆိုပြီး ဝိုင်းပြင်ကို ထွက်ပြေးသွားတော့တာဗျ။ ဒီမှာတင် ဗန္ဓုလကြက်စွဲ ကိုတွန်လည်း ပါးစပ်ကြီး ဟောင်းလောင်းနဲ့ မြေကြီးမှာ ကုန်းကုန်းကြီး ကျန်နေတော့တာပေါ့ဗျာ။ “ဝေး နိုင်ပြီဟေ့ ။ နိုင်ပြီ ။ ထနောင်းကုန်းကြက်ကွ” “ဖျန်း” “ဖုန်း” “အောင်မလေးဗျ” “ဖျန်း” “ဖုန်း” “အား “ဟာ ကြက်ကောက် ကြက်ကောက်” ဘိုးပုကြီးအသံဗျ ။ ဒီတော့မှ ကြက်စွဲကိုဖိုးမောင်က သူ့ကြက်ကို ပြေးကောက်တယ် ။ သူလည်း ကြောင်ပြီး ကြည့်နေတာပေါ့ဗျာ။ ဗန္ဓုလဆိုတဲ့ ကြက်က ‘ကရော့ ကရော့ ‘ဆိုပြီး အော်ပြေးတော့ ရှုံးပြီပေါ့ဗျာ။ ဗန္ဓုလက အရှုံးပေးတာပေါ့ဗျာ။ ဒီတော့ ထနောင်းကုန်းက ဖောင်းကြီးကိုလောင်းတဲ့လူတွေ ဝမ်းသာအားရနဲ့ အော်ကြတော့တာဗျို့။ အဲဒီအော်သံလည်းကြားရော ဒေါသတကြီးဖြစ်နေတဲ့ ဖောင်းကြီးက ကြက်စွဲကိုတွန်ကို ပြေးခွပ်တော့တာဗျို့။ ကြက်လန့်ပြီး ခွပ်တာလားတော့ မသိဘူးဗျ။ ကျုပ် သေသေချာချာ မြင်လိုက်တာပဲဗျာ။
ပထမတစ်ချီက ကုန်းကုန်းကြီးလုပ်နေတဲ့ ကြက်စွဲကိုတွန်ရဲ့ မျက်လုံးနှစ်လုံးထဲကို ဂေါ်ရခါးဓါးကြီးလို့ ကော့နေတဲ့ အတက်ကြီးနှစ်ခု အရင်းအထိ ဝင်သွားတာဗျ။ အဲဒီမှာ ကိုတွန်က ‘အောင်မယ်လေး’အော်ရင်းနဲ့ ဖင်ထိုင်ရက်ကျသွားတဲ့ အချိန်မှာ ဖောင်းကြီးက ဒေါသတကြီးနဲ့ နောက်တစ်ချက် ထပ်ပစ်လိုက်တာ။ ကိုတွန်ရဲ့ လည်ပင်းကို အတက်နှစ်ချောင်းလုံး ထိုးဝင်သွားလိုက်တာဗျာ။ ဓါးမြှောင်နဲ့ ထိုးသွင်း လိုက်သလိုပါပဲဗျာ။ ကိုတွန်က’အား’ကနဲ အော်လိုက်တာနဲ့ တစ်ပြိုင်တည်းမှာပဲ လည်ပင်းက သွေးတွေ ပန်းထွက်လာတယ်ဗျ။ ကိုတွန် လက်နှစ်ဖက်နဲ့ အုပ်ထားတဲ့ မျက်စိတွေကလည်း သွေးတွေစီးကျလို့ဗျာ။ မြင်လို့ကို မကောင်းတော့ပါဘူးဗျာ။ ဒီလူ့တစ်ကိုယ်လုံး သွေးတွေ ရဲပဒေါင်းခတ်သွားတာဗျို့။ “နိုင်တဲ့လူတွေ ငွေအတွက် စိတ်မပူနဲ့။ ခဏနေမှ အလျော်အစားလုပ်မယ်” လို့ ဘိုးပုက ပြောပြီး ကိုတွန်ကို မြို့ဆေးရုံပို့ဖို့ လှည်းနှစ်စီး ကောက်ခိုင်းလိုက်တယ်။ လှည်းတွေ ရွာကထွက်သွားတော့မှ လောင်းကြေးတွေ အလျော်အစား လုပ်တာပေါ့ဗျာ။ ငွေတွင်းကုန်းက လူတွေကတော့ သူတို့ကြက်ဗန္ဓုလကိုခေါ်ပြီး သူတို့ရွာကို ပြန်ကြတယ်။ တစ်သက်နဲ့တစ်ကိုယ် ကြက်က လူကို ဒီလိုဖြစ်အောင် ခွပ်တာကို တစ်ခါမှ တော်တော်လေး တုန်လှုပ်သွားတယ်ဗျ။ ကျုပ် အိမ်ပြန်ရောက်ပေမယ့် ဒီအကြောင်းကို တွေးနေတာဗျ။ “ကိုကြီးတာတေရေ” ဟော ကျောက်ခဲ လိုက်လာတယ်ဗျ။
သံမဏိလည်း ပါလာတယ်။ ဒီကောင်တွေ ကျုပ်ပြန်သွားတာ မသိလိုက်ဘူးဗျ။လူက များနေတော့ ကျုပ်လည်း သူတို့နှစ်ယောက်ကို မပြောခဲ့တော့ဘူးပေါ့ဗျာ။ “ကိုကြီးတာတေရေ ကိုတွန် ဆုံးသွားပြီတဲ့ဗျို့။ ကျုပ်တို့ရွာက ထွက်ပြီး သိပ်မကြာဘူး ဆုံးသွားတာတဲ့ဗျို့။ လှည်းကို ဘန့်ဘွေးကုန်းကိုပဲ မောင်းသွားကြတယ်တဲ့ဗျ” “ဟာ ဆုံးသွားပြီ ဟုတ်လား ။ ဟေ့ ဒါဆိုရင် ဒီကြက် လူသတ်တာ နှစ်ယောက် ရှိပြီကွ။ တိုက်ဆိုင်တာတော့ မဟုတ်တော့ဘူး ထင်တယ် ကျောက်ခဲရေ” “ကျုပ်လည်း ဒီအကြောင်းတွေ ပြောချင်လို့ ကိုကြီး တာတေနောက်ကို လိုက်ခဲ့တာဗျ။ ဘိုးပုကတော့ ထစ်ထစ်ချ ပြောပြီဗျ ။ ပထမတစ်ခါ ဖြစ်တုန်းကတော့ တိုက်ဆိုင်တာလို့ ထင်တယ်တဲ့ ။ ဒီတစ်ခါဖြစ်တာကတော့ တော်တော်ကို ရှင်းတယ်တဲ့ဗျ။ ကိုသင်က ကြက်ဖကို ဝင်စီးပြီး သူ့ကိုသတ်တဲ့ လူတွေကို ပြန်ပြီး လက်စားချေတာတဲ့ဗျို့” “ဟင် ဘိုးပုက အဲဒီလို ပြောသလား ။ ကြက်ကို သရဲစီးတယ်ဆိုတာလည်း ဘိုးပုပြောတာပဲလေကွာ။ တော်တော်တော့ စဉ်းစားရခက်နေပြီကွ” “ကျုပ် မျက်ထဲမှာတော့ဗျာ ကိုတွန်တို့ ကိုထော်တို့ မျက်လုံးတွေထဲကို ကြက်အတက်ကြီးနှစ်ချောင်း ဝင်သွားတာပဲ မြင်နေတော့တာပဲဗျာ” ကျောက်ခဲက ကျုပ်ကို ပြောတယ် “အေး ငါလည်း အဲဒီလိုပဲဟေ့ တော်တော်ကို ကြောက်စရာ ကောင်းတဲ့ မြင်ကွင်းကြီးပါကွာ” ဒီကောင်နှစ်ကောင်လည်း ကျုပ်နဲ့ စကားပြောနေကြတာ ညနေစောင်းမှ ပြန်သွားတာဗျ။
အဘနဲ့ အမေလည်း ဒီအဖြစ်အပျက်တွေကို အံ့သြနေကြတော့တာပေါ့ဗျာ။ ကျုပ် အဲဒီည မဖဲဝါကို မေးတယ်။ မဖဲဝါက ကျုပ်ကို ခါတိုင်းလိုပဲ အိပ်မက်ပေးတယ်။ အိပ်မက်ထဲမှာ မဖဲဝါက ပြောတယ်ဗျ။ “တာတေ အဲဒါ ကြက်သမားငသင် သတ်တာဟဲ့။ ကြက်ကို ဝင်စီးပြီးသတ်တာ။ နင်တို့ငသင်ကို ကျွတ်အောင် လုပ်ဖို့ မလွယ်ဘူး ။ အငြှိုးအတေးအားကြီးကြီးတဲ့အကောင်။ ကျန်တဲ့တစ်ယောက် သေပြီးမှ နင်တို့ သူ့ကို ကျွတ်အောင် လုပ်လို့ ရမယ်” အိပ်ရာက နိုးတော့ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူးပေါ့ဗျာ။ ဘန့်ဘွေးကုန်းက ကိုဘမောင်အတွက် ကျုပ်စိတ် မကောင်းဖြစ်ရတာပေါ့လေ။ ကိုသင်ကို သတ်တုန်းက သူလည်း ပါတာမို့လား။ ဒါပေမဲ့ ကိုဘမောင်က လူပါးဗျို့။ ရှေ့က နှစ်ယောက်ကို ကြက်ခွပ်သတ်လို့ သေပြီးဆိုတော့ ကိုဘမောင်က ကြက်တိုက်တာကို အပြီးစွန့်လိုက်တယ်ဗျ။ သူ့အိမ်မှာတောင် ကြက်မမွေးတော့ဘူးဆိုပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ကိုဘမောင်ကြီး ကြက်သားတောင် မစားတော့ဘူးဆိုပဲဗျ။ ကျုပ်လည်း ဝမ်းသာသွားတယ်။ ဒီလူတော့ အန္တရာယ်ကင်းသွားပြီလို့ တွေးမိတာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်ဝမ်းသာတာ မကြာလိုက်ဘူးဗျ။
ကိုထော်တို့ ကိုတွန်တို့ သေပြီး ခြောက်လလောက် ကြာတော့ ဘန့်ဘွေးကုန်းမှာဗျ သူ့သူငယ်ချင်း ကိုကြီးမောင်စိန်တို့အိမ်ကို သွားလည်တာတဲ့ဗျို့။ ကိုမောင်စိန်ရဲ့ တိုက်ကြက်ကြီးက ကြိုးပြေနေတာ။ ဘယ်သူမှ မသိဘူးဆိုပဲ။ ကိုသာမောင်က လက်ထဲမှာ ဆုပ်ထားတဲ့ ငါးမူးစေ့လေး လွတ်ကျသွားလို့ အမှတ်တမဲ့ ကုန်းကောက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ‘ဖျန်း’ဆိုတဲ့ အသံကြီး ကြားလိုက်ရတာတဲ့ဗျို့။ “အား …အောင်မယ်လေးဗျ” လို့ ကိုဘမောင်ကြီးက အသံနက်ကြီးနဲ့အော်ပြီး ဖင်ထိုင်ရက်ကျသွားရောတဲ့ဗျို့။ မျက်စိတွေကိုလည်း သူ့လက်နှစ်ဖက်နဲ့ အုပ်လို့တဲ့ဗျာ။ ဒီတော့မှ ကိုမောင်စိန်က ဘာဖြစ်လို့တုံးဆိုပြီး ငုံ့ကြည့်တော့ ကိုဘမောင်ရဲ့ မျက်လုံးနှစ်ဖက်က သွေးတွေစီးကျလာတာ ဆိုပဲ။ ဒီတော့မှ ကိုဘမောင်ရဲ့ မျက်လုံးထဲကို ကြက်တက်စူးသွားပြီဆိုတာ သိတာတဲ့ဗျာ။ “ဖျန်း ဖျန်း ဖျန်း ဖျန်း” “အောက် အီး အီး အွတ်” ကိုမောင်စိန်ရဲ့ ကြက်ဖကြီးက အတောင်ကို တဖျန်းဖျန်း ခတ်ရင်း တွန့်လိုက်တယ်တဲ့ဗျာ။ ကိုကြီးမောင်စိန် ပြောတာကတော့ သူ့ကြက်တွန်တဲ့ အသံကြီးက တစ်မျိုးကြီးပဲတဲ့ဗျာ။
ကြက်သံနဲ့ သိပ်မတူဘဲ လူသံလိုလို ဖြစ်နေတာတဲ့။ ဒါနဲ့ပဲ ကိုမောင်စိန်က ကိုဘမောင်ကြီးကို တွဲပြီး သူ့အိမ်ရောက်အောင် လိုက်ပို့တယ်တဲ့။ သွေးတွေကတော့ ရင်ဘတ်ပေါ်မှာ စီးကျနေတာ ရွှဲနစ်နေတာတဲ့ဗျာ။ သူ့အိမ်ရောက်ပြီး မြို့က ဆေးရုံကိုသွားဖို့ ပြင်တုန်းဆင်တုန်းပဲ ရှိသေးတယ်။ ကိုဘမောင်က ထိုင်နေရင်းနဲ့ ဇက်ကြီးကျိုးကျပြီး သေသွားတာတဲ့ဗျို့။ ကျုပ်လည်း မဖဲဝါပြောတဲ့အတိုင်း ကိုသင့်မိဘတွေကို အကျိုးအကြောင်း ပြောပြီး ကိုသင့်အတွက် တိုးတိုးတိတ်တိတ် ဆွမ်းသွတ်ဖို့ ပြောလိုက်တယ်။ ကိုသင့်ကို သေသေချာချာခေါ်ပြီး သူ့မိဘတွေက အမျှဝေလိုက်ကြတယ်ဗျို့။ ကျုပ် တစ်သက်မှာတော့ “ကြက်စွဲငသင် “လို့ ခေါ်ကြတဲ့ ကိုသင်လောက် အငြှိုးကြီးတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးသေးပါဘူးဗျာ။
မူရင်းရေးသူ ဆရာတာတေ စာဖတ်သူများ စိတ်ရွှင်လန်းပါစေ








