နွေညကျိန်စာ

နွေညကျိန်စာ

ကျွန်တော်ကနှစ်စဉ် တောင်ကွဲကြီး တွဲဖက်ကျောင်းတွင် စာမေးပွဲ သွားစစ်ပေးရသည်။ တောင်ကွဲကြီးရွာက ကျွန်တော် တာဝန်ကျသည့်ရွာမှ နောက်ထပ် နေ့ဝက်ခန့်သွားလျှင်ရောက်သည့် တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်သည်။ ထိုကျောင်းတွင် မူလတန်းကျောင်းသား ၁၆ ဦးရှိသည်။ သူတို့က ဆင်လုပ်သားများ၊ သစ်ထုတ် လုပ်သားများ၏ သားသမီးများဖြစ်ကြပြီး တရားဝင်ကျောင်းဖွင့်ခွင့်မရသေးသောကြောင့် ကျွန်တော်က ကျောင်းတွင် တွဲဖက်ထားပေးပြီး နှစ်စဉ် စာမေးပွဲ လာစစ်ပေးရသည်။ ကျွန်တော့်ကျောင်းတွင် စာမေးပွဲစစ်ပြီးမှ တပည့်ကျော် ထိန်ဝင်းကိုခေါ်ပြီး မနက်စောစော ထွက်ခဲ့ကြသည်။ ကျွန်တော်တို့ နေ့ဝက်ခန်နှင့် ရောက်မည်ဖြစ်သဖြင့် ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ်ကို ဖက်နှင့် ထုပ်လာ ကြသည်။

ကျွန်တော့်ကျောပိုးအိတ်ကို ထိန်ဝင်းကလွယ်လာသည်။ ကျွန်တော်က ကြိမ်လုံးတုတ်တုတ် တစ်ချောင်းကို လမ်းလျှောက်တုတ်လို လုပ်လာသည်။ ဤခရီးလမ်းကို ကျွန်တော်ကမကျွမ်း။ ထိန်ဝင်းက တောထဲလာပြီး ဝါးခုတ်၊ သစ်ထုတ်နေကျဖြစ်သောကြောင့် ဤလမ်းကို ကောင်းကောင်း ကျွမ်းသည်။ “ဆရာ လျှောက်နိုင်ရဲ့လား” “ဟဲ့ကောင် … ငါ့ကို ပျော့တော့တော့များထင်နေသလား” “သူတို့က လှည်းနဲ့ လာကြိုမယ် ပြောတာကို ဆရာပဲ မလာနဲ့ပြောတော့ ပင်ပန်းတာပေါ့” “မနှစ်က လှည်းစီးတာ ဗိုက်တွေကိုအောင့်လို့။ တော်ပါကွယ် လမ်းလျှောက်တာ ပိုသက်သာပါတယ်” ကျွန်တော်တို့ စလူချောင်းတွင် ကောက်ညှင်းပေါင်းနှင့် ငါးခြောက်များစားကြသည်။ ချောင်းရေကကြည်ပြီး အေးနေသည်။ သဲတွေကို တူးလိုက်လျှင် ရေကစိမ့်ထွက်လာသည်။ ရေကလည်း သောက်ရတာ အေးနေသည်။ ထိန်ဝင်းထံတွင် ဓားကောက်တစ်ချောင်းပါသည်။

သူတို့ ရွာသားတွေ ဓလေ့က ဘယ်သွားသွား ဓားကောက် လိုလို ဓားကြီးတွေကို ခါးကြားတွင် ထိုးသွားတတ်သည်။ ထိန်ဝင်းက စစ်ခါးပတ်နှင့် ပုဆိုးကိုထိန်းထားပြီး သစ်သားဓားအိမ်ထဲတွင် ထည့်ထားသည့် ဓားကောက်ကို ခါးကြားထိုးထားသည်။ “ဟေ့ ထိန်ဝင်း … မင်းလမ်းကြောင်းက တောင်ပေါ်ကို တက်နေသလိုပဲ။ ငါသိတာက ချောင်းထဲကို ဆင်းသွားရမှာ မဟုတ်လား။ ခုထိ မြစ်ကြောင်းကို မတွေ့သေးဘူး။ လမ်းများ မှားနေပြီလား” “ဒါက ဖြတ်လမ်းဆရာ … ချောင်းထဲမဆင်းရတော့ဘူး။ ကမောင်းရွာဘက်ကို တိုက်ရိုက်ပေါက်တယ်” ကျွန်တော်တို့ ဆက်လျှောက်လာကြသည်။ လမ်းက လူသွားလမ်းမဟုတ်။ ကိုယ့်ဘာသာကိုယ်ထွင်ပြီး သွားနေရသည့် အနေအထားကို ရောက်လာသည်။။ အောက်က လမ်းတွေကလည်း ကျောက်လမ်းတွေ ဖြစ်လာသည်။ “ထိန်ဝင်း မှားနေပြီနဲ့ တူတယ်။ ခုထိ ရွာအရိပ်အယောင်တောင် မတွေ့ရသေးဘူး။ နေမြင့်လာပြီ” “ဒီတောတန်းကျော်ရင် ရောက်မှာပါဆရာ” ကျွန်တော်တို့ တောထဲကိုဖြတ်သည်။ ကညင်ရွက်တွေက နေရာအနှံ့ဖုံးနေသည်။ တောကို လွန်သော်လည်း ကျွန်တော်တို့ ရွာကိုမတွေ့။

တောလွန်ပြီးနောက် ကုန်းတန်းတစ်ခုကိုသာ တွေ့ရသည်။ “ဟေ့ … ကုန်းတန်းကြီးပါလား” “လာပါ ဆရာ … ကျွန်တော်တို့ ဖြတ်တက်မယ်” “မင်းဟာက ဟုတ်ပါ့မလားကွယ်” ပြောသာပြောသည် သူ့နောက်ကို လိုက်ခဲ့ရသည်။ ကုန်းတန်းပေါ်ကို အရောက်တွင် အောက်၌ လျှိုချောက် ကြီးကိုသာတွေ့ရသည်။ “ကဲ … သွားပြီ … ငါတို့တော့ လမ်းမှားပြီ” “ကျွန်တော် အရင်က သွားနေကျပါဆရာ” “အေးလေ … ခုဟာက ရှေ့ဆက်ဆင်းဖို့ကို မဖြစ်နိုင်တော့တာ … မထူးပါဘူး။ နောက်ကြောင်းကို ဒီလမ်း ကြောင်း အတိုင်း ပြန်လှည့်မယ်။ မင်း အမှတ်အသားလုပ်ခဲ့တဲ့ ကညင်ပင်ကြီးဆီအရောက် ပြန်လျှောက်ရတော့ မှာပဲ” ကျွန်တော်တို့ နောက်ကြောင်း ပြန်ဆုတ်ခဲ့ရသည်။ အမှတ်အသားအဖြစ် လုပ်ခဲ့သော ကညင်ပင်ကြီးဆီသို့ ရောက်ရန် နောက်ထပ် ၂ နာရီလောက် ပြန်လျှောက်ရသည်။ ထိုနေရာသို့ရောက်သော် မောမောနှင့် ထိုင်ချ လိုက်ကြသည်။ “ဆရာ … ကျွန်တော်တို့က ဝါးထုတ်တဲ့လမ်းအတိုင်းမှားလိုက်သွားမိတာ။ ခြေလမ်းကြောင်းက အရှေ့ဘက်မှာ” “အေးကွာ နားရင် သွေးအေးသွားမယ်။

ဆက်သွားကြမယ်” ကျွန်တော်တို့ ဆက်လျှောက်လာကြသည်။ နောက်ထပ် တစ်နာရီလောက် လျှောက်လာသော်လည်း ဘာမှ မတွေ့ “ထိန်ဝင်းရေ မှားပြန်ပြီနဲ့တူတယ်” “မမှားဘူးဆရာ … ဒီမှာ ဆေးလိပ်တိုတွေ တွေ့တယ်။ လူသွားထားတဲ့ပုံပဲ” ကျွန်တော်တို့ဆက်လျှောက်လာသည်။ လက်ထဲက နာရီကိုကြည့်လိုက်မိသည်။ ၃ နာရီကျော်ပြီ။ ပုံမှန်ဆိုလျှင် ဤအချိန်လောက်ရောက်ရမည်။ သို့သော် ကျွန်တော်တို့ မျက်စိလည်နေသည်။ “ငါတို့ ချောင်းထဲပြန်ဆင်းမယ်ကွာ … ချောင်းထဲမှာဆိုရင် သစ်ထုတ်တဲ့လူတွေကို တွေ့ကောင်း တွေ့နိုင်တယ်။ သူတို့ကို မေးကြည့်မှဖြစ်မယ်” ကျွန်တော်တို့ ချောင်းဘက်ကို ခက်ခက်ခဲခဲ ပြန်ဆင်းကြရသည်။ ချောင်းကို တောင်ပေါ်ကစီးပြီးတွေ့နေရသော် လည်း အဆင်းတွင် လမ်းမရှိသဖြင့် တောင်ကမ်းပါးတွေကို ကုတ်တွယ်ပြီး ခက်ခက်ခဲခဲ ဆင်းကြရသည်။ နောက်ဆုံး ချောင်းမကြီးထဲကို ရောက်လာသည်။ သဲသောင်ပေါ်တွင် မီးဖိုပုံလေးတစ်ခုတွေ့သော်လည်း အေးစက်နေပြီ။ ဤနေရာတွင် လူတွေထွက်သွားသည်မှာ ကြာနေပုံပေါ်သည်။ ကျွန်တော်တို့နှစ်ယောက် ပတ်လည်တွင် ကမ်းပါးစောက်ကြီးများ၊ အပေါ်တွင် မိုးထားသော နှစ်ချို့သစ်ပင် ကြီးများအောက်ကို ရောက်နေသည်။ ဘယ်နေရာကိုတက်ပြီး ဘယ်လမ်းကထွက်ရမည်မသိ။

ကျွန်တော်က လူခြေရာတွေကို လိုက်ကြည့်သည်။ ကျွဲခြေရာနှင့် လူခြေရာတွေ ရှုပ်ထွေးနေသော လမ်းကြောင်း တစ်ခုကို တွေ့သည်။ “ထိန်ဝင်းရေ … တို့ ဒီလမ်းကြောင်းအတိုင်း အပေါ်ကို ပြန်တက်မယ်” ကျွန်တော်တို့ လျှိုကြီးတစ်ခုထဲက အပေါ်ကို စွတ်ကြောင်းလမ်းအတိုင်း လိုက်ခဲ့ကြပြန်သည်။ ကုန်းအပေါ်ကို ရောက်သည့် အခါတွင် တိုက်ပျက်တစ်လုံးကိုတွေ့သည်။ “ဟာ … ဆရာ … ကျွန်တော်တို့ ဦးမိုးတိုက်ကိုရောက်လာပြီ” “ဒါက ဘယ်နေရာလဲ” “ကျွန်တော်တို့ သွားနေတဲ့ လမ်းနဲ့ ဆန့်ကျင်ဘက်ပဲဆရာ။ ကျွန်တော်တို့က ဟိုဘက်ခြမ်းကို သွားရမှာ” “အေး သွားဖို့ဆိုတာလည်း အချိန်ကိုကြည့်ဦး မှောင်တော့မယ်။ ဒီညတော့ ဒီမှာပဲ အိပ်မှရတော့မယ်” “ဆရာ မဖြစ်ဘူးထင်တယ်။ ကျွန်တော်တို့ ချက်ချင်း ပြန်ဆင်းမယ်” “မင်းရော ငါပါ မျက်စိတွေလည်နေတာ ညဆိုရင် ပိုဆိုးတော့မှာပေါ့။ လာပါ ဒီမှာပဲ အိပ်မယ်” “ဆရာ … မဟုတ်ဘူး။ ချောင်းတစ်ဖက်ကို ကူးလိုက်ပြီး နောက်ထပ် ၂ နာရီလောက် လျှောက်ရင် တောင်ကွဲကြီး ရောက်ပြီ။ အဲဒီဘက်အတိုင်းဆိုရင် မှားစရာ မရှိတော့ဘူး” “ထိန်ဝင်း လျှောက်ရမှာ ၂ နာရီနော်။

ခုပဲ အချိန်ကိုကြည့်လိုက်ဦး။ မနက်လင်းမှ ခရီးဆက်မယ်။ ဒီညတော့ ဒီမှာပဲ နားမယ်” “ခက်တော့တာပဲ ဆရာကတော့ … ဒီတိုက်အကြောင်း ဆရာမသိဘဲနဲ့ နားမယ်ပဲပြောနေတော့တာပဲ” “ဘာလဲကွ” “ဦးမိုးတိုက်ဆိုရင် ကျွဲတွေ နွားတွေတောင် သူ့အိမ်ဝိုင်းထဲကို မလွှတ်ရဲဘူးဆရာ” “ဘာဖြစ်လို့လဲ” “သရဲခြောက်လို့” “မင်း အခြောက်ခံရဖူးသလား” “ဟင့်အင်း” “ဒါနဲ့များ … လာပါ သွားရအောင်။ တိုက်ကြီးထဲမှာ နားရအောင်” ကျွန်တော်က ရှေ့မှ ဦးဆောင်ပြီး တိုက်ပျက်ကြီးဆီးကို လျှောက်ခဲ့သည်။ တိုက်ဆိုသော်လည်း ရှေ့တစ်ခြမ်းသာ အကောင်းရှိသည့် တိုက်ဖြစ်သည်။ အထဲတွင် ကွက်လပ်တစ်ခုရှိသော်လည်း အုတ်ကျိုး အုတ်ပျက်တွေက ဘေးတွင် တောင်လိုပုံနေသည်။ ရှေ့နှင့် ဘေးမျက်နှာစာနှစ်ခုသာ တိုက်ကကျန်သည်။

နောက်ခြမ်းက ပြိုကျ နေသည်။ အမိုးလည်း မရှိ။ သို့သော် မီးဖိုခဲ့သော အရိပ်အယောင်များတွေ့ရသည်။ လူတွေ စခန်းချဖူးသည့် နေရာဖြစ်မည်။ “ဒီတိုက်ကြီးအကြောင်း မင်းဘာသိသလဲ” “အရင်က ဒီနေရာကို မော်ဖူးစခန်းလို့ခေါ်တယ်။ ဒီနေရာက သစ်စက် သူဌေးကြီး ဦးမိုးလာရင် တည်းခိုတဲ့နေရာ လို့ပြောတယ်။ ဒီချောင်းရိုး သစ်ထုတ်ကွင်းတွေက သူပိုင်ချည်းပဲ။ ခုတော့ ရွာလည်းပျက်သွားပြီ။ သူ့တိုက် ကြီးကလည်း လူမနေတော့ ပျက်တာပေါ့” “ဗိုက်ဆာလိုက်တာကွာ” “ရေငတ်တာပိုဆိုးတယ်ဆရာ” “လက်နှိပ်မီးထုတ်ကွာ … ဒီနားမှာ လျှောက်ကြည့်ရအောင်” ကျွန်တော်တို့ ကျောပိုးအိတ်ထဲက လက်နှိပ်မီးကို ထုတ်လိုက်ပြီး ဝန်းကျင်ကို လိုက်ကြည့်သည်။ တောအုပ်နှင့် ဝင်းဝင်းလက်နေသည့် မျက်လုံးတွေလိုလို အရာတွေကိုတွေ့သည်။

“ဂျီ (ချေ) တွေနဲ့တူတယ်ဆရာ” “ဟိုမှာ ငှက်ပျောပင်ကြီးမဟုတ်လား … သွားကြည့်ရအောင်” ငှက်ပျောပင်က ငှက်ပျောသီးတွေ ရှိသော်လည်း စိမ်းနေသေးသည်။ ကံကောင်းသည်ဟု ဆိုရမည်လားမသိ။ ပိန္နဲသီးပင်တွင် ပိန္နဲသီးကြီးတစ်လုံးကို အက်ကွဲပြီး တွေ့လိုက်ရခြင်းဖြစ်သည်။ အနံ့ကလည်း မွှေးနေသည်။ ထိန်ဝင်းက အပင်ပေါ်တက်ပြီး ခုတ်သည်။ လူတစ်ရပ်စာသာဖြစ်သဖြင့် ကျွန်တော်က အောက်က ကိုင်ထား ပေးသည်။ လက်တွေ ကပ်စေးစေးနှင့်ပင် ကျွန်တော်တို့ ပိန္နဲသီးတွေကို အားရပါးရစားကြသည်။ ထို့နောက် မီးဖိုကြီး တစ်ခုကို ဖိုရသည်။ တောကောင်တွေကို မလာနိုင်စေရန်ဖြစ်သည်။ ကျွန်တော်နှင့် တပည့်ကျော်နှစ်ယောက် တိုက်နံရံထောင့်နားတွင် အိပ်ရန်ပြင်ဆင်လိုက်ကြသည်။ ကျွန်တော်က ကျောပိုးအိတ်ကို ခေါင်းခုပြီး ပက်လက်လှန်ကာ လှဲနေသည်။ ထိန်ဝင်းက ပုဆိုးလေးကို ကွေးနေအောင်ခြုံထားသည်။ အိပ်မပျော်သေးသဖြင့် ကျွန်တော်က မီးရောင်နှင့်တည့်တည့် နံရံကို စိုက်ကြည့် နေမိသည်။ နံရံပေါ် အရုပ်တွေ ဆွဲထားသည်။ ဘာအရုပ်တွေမှန်းမသိ။ ကျွန်တော်က သိချင်စိတ်ပြင်းလာသောကြောင့် ထို အရုပ်များရှိရာ နံရံကိုသွားကြည့်သည်။ အရုပ်တွေထဲတွင် မြင်းတွေလည်းပါသည်။ လူတွေက လှံတွေကိုင် ထားသည်။

မြင်းအနက်ကြီးတစ်ကောင်ပေါ်တွင် မိန်းမတစ်ယောက်။ ထိုမိန်းမ ဝတ်ထားသည့် အဝတ်တွေက ရှေး မြန်မာမကြီးတွေ ဝတ်ထားသည့် ပုံစံအတိုင်းဖြစ်နေသည်။ ထဘီရင်ရှားနှင့် ဖြစ်သည်။ ရင်ခေါင်း အထက်အထိ ထဘီကိုဝတ်ထားပြီး လက်ထဲတွင် တစ်ခုခုကို ကိုင်ထားသည်။ ထိုကိုင်ထားသည့် အရာက နှစ်ကြာပြီဖြစ်သောကြောင့် ပျက်နေသည်။ ထူးဆန်းသည်မှာ အမျိုးသမီး၏ မျက်လုံးနှင့် မြင်း၏ မျက်လုံးဖြစ်သည်။ ပန်းချီဆရာ လက်ရာ မြောက်လိုက်ပုံက မျက်လုံးများသည် မီးဖိုရောင်တွင် လက်လက်တောက်သလိုဖြစ်နေသည်။ ကျွန်တော်က နောက်ပြန်လှည့်ပြီး ထွက်လာသော်လည်း အမျိုးသမီး လက်ထဲတွင် ကိုင်ထားသည့် အရာကို သိချင်သဖြင့် နောက်ပြန်လှည့်ပြီး လက်နှိပ်မီးနှင့် ထိုးကြည့်လိုက်သည်။ သို့သော် ဘာမှန်းမသိ ပျက်နေသည်။

ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲတွင် တစ်ခုခုကို လှစ်ခနဲ မြင်လိုက်ရသလိုဖြစ်သွားသောကြောင့် တိုက်အပြင် ဘက်ကို လက်နှိပ်ဓာတ်မီးနှင့် အလိုလိုထိုးကြည့်မိလိုက်သည်။ မျက်လုံးအစုံကို မြင်လိုက်ရသည်။ အကောင် ငယ်တစ်ကောင်ကောင် ဖြတ်ပြေးသွားသလိုထင်ရသည်။ ကျွန်တော်က ပြန်လာပြီး မီးဖိုက ထင်းတွေကို ပြင်လိုက်ပြီး နောက်ထပ် ထင်းတစ်တုံးကိုလည်း ထပ်ထည့် လိုက်သည်။ အိမ်ပတ်လည်တွင် မီးသင့်ထားသော သစ်တုံးတွေ အများကြီးရှိသည်။ ဤအိမ်ကြီးမှာ မီးသင့်ခဲ့ပုံရ သည်။ ကျွန်တော်ပြန်အိပ်ရန် ပြင်လိုက်သည်။ သို့သော် ကျွန်တော့်ရှေ့တည့်တည့်ရှိ မြင်းစီးနေသည့် အမျိုးသမီးကို စိုက်ကြည့်နေမိသည်။ မြင်းက လှုပ်နေသည်။ ထို့နောက် ပတတ်ရပ်လိုက်ပြီး ဟီလိုက်သည် “အီး … ဟီး … ဟီး … ဟီး” အမျိုးသမီးက သူ့လက်ထဲက လက်တစ်ဖက်ကို မြှောက်လိုက်သည်။ စောစောက ကျွန်တော်သိချင်နေသည့် အဖြေက ပေါ်လာသည်။

ဆံပင်ကိုစုဆွဲထားသော ခေါင်းပုံတစ်ပုံဖြစ်သည်။ အမျိုးသမီးက ခေါင်းကို မြှောက်ပြ လိုက်သည်။ မြင်းက ပတတ်ရပ်နေရာက ခြေအစုံကို ပြန်ချပြီး ကျွန်တော့်ထံတည့်တည့် ပြေးလာသည်။ “ဟေ့ … ဟေ့ … ထိန်ဝင်း … ထ … ထ” ကျွန်တော်ကလန့်သွားပြီး ထိန်ဝင်းကို နှိုးလိုက်သည်။ ထိန်ဝင်းက ပုဆိုးခြုံလေးထဲက လူးလဲထလိုက်ပြီး “ဆရာ … ဘာလဲ … ဘာလဲ” “ဟိုမှာ မြင်းတွေ …မြင်းတွေ” “ဘယ်မှာလဲ” “ရွဲ …. ရွဲ … ရွဲ” “ဟ … ဘာတွေလဲ” ထိန်ဝင်းနှင့် ကျွန်တော် လူးလဲထလိုက်ကြသည်။ “ဟေး … အထဲက ဘယ်သူတွေလဲ” ကျွန်တော်က လက်နှိပ်မီးကို အပြင်သို့ထိုးကြည့်လိုက်သည်။

မှောင်နေသေးသည်။ “တုံ … တုံ … တုံ” အုန်းမောင်းခေါက်သံကိုကြားလိုက်ရသည် “မီးနဲ့ ဘာလို့ထိုးနေတာလဲ … အထဲက ဘယ်သူတွေလဲ” အပြင်တွင် လက်နေသော မျက်လုံးအစုံနှင့် ကျွဲကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ ကျွဲနောက်တွင် ခေါင်းပေါင်းနှင့် လူကြီးတစ်ယောက်ရပ်နေသည်။ “ကျွန်တော်တို့ ရွှေချောင်းကပါ” “ရွှေချောင်းက ဒီမှာ ဘာလာလုပ်နေသလဲ။ ခင်ဗျားတို့မို့လို့ မကြောက်မရွံ့ သည်ထဲမှာ အိပ်ရသလား” ကျွန်တော်က အပြင်ကို ထွက်လိုက်ရာ ဆေးတံကြီးခဲထားသော အဘိုးကြီးတစ်ယောက် ကျွဲဆွဲထားသည်ကို မြင်လိုက်ရသည်။ “ကျွန်တော် ရွှေချောင်းက ကျောင်းဆရာပါအဘ။ တောင်ကွဲကြီးကို စာမေးပွဲစစ်ဖို့လာတာ မနေ့က တစ်နေ့လုံး မျက်စိတွေလည်၊ လမ်းတွေမှားပြီး ဒီရောက်လာတာ။

ညမိုးချုပ်တာနဲ့ ဒီမှာပဲ အိပ်လိုက်ကြတာ” “ဆရာတို့ ဒီတိုက်အကြောင်း မသိလို့လား” “မသိဘူးခင်ဗျာ … ဘယ်ကို ဆက်သွားရမှန်းမသိလို့ ညက ဒီမှာပဲ စခန်းချလိုက်တာပါ” “ခက်တော့တာပဲ … အသက်နဲ့ကိုယ် အိုးစားမကွဲတာ ကံကောင်းတာပဲလေ” “ဘာကိုပြောတာလဲ အဘ” “ဒီဦးမိုးတိုက်ကို လူမပြောနဲ့ ကျွဲတောင် လွှတ်မကျောင်းဘူးဆရာ … ဆရာတို့ အတင့်ရဲလိုက်တာ” “ဘာမှန်းတော့ မသိဘူး အဘရေ … ဆာလည်းဆာ၊ ခရီးလည်း ပန်းလာတာနဲ့ နားလိုက်ကြတာ” “တောင်ကွဲကြီးက ဟိုဘက်ကမ်းကိုကူးပြီး ခရီးဆက်ရမှာ။ ခက်တော့တာပဲ လမ်းမကျွမ်းဘဲနဲ့များ ဒီဘက်ကို လာရတယ်လို့” “ကျွန်တော့် တပည့်လေးက လမ်းသိတယ်။ ဒါကြောင့် သူ့ကိုခေါ်လာတာ” “မင်းနှယ် ဒီဘက်ကို မှားစရာလား” “ဘယ်လိုဖြစ်တယ် မသိပါဘူး ဘကြီးရယ်။ တစ်ခါမှလည်း မဖြစ်ဖူးပါဘူး။ ကျွန်တော် ဒီလမ်းအတိုင်း ဝါးခုတ် တက်နေကျပါ။ တစ်ခါမှ လမ်းမမှားပါဘူး။ မနေ့က ဘယ်လိုဖြစ်တယ် မသိဘူး” “တောမှောက်တယ်နဲ့တူတယ်။ စောသေးတာပဲ လာ … တဲကို လိုက်ခဲ့ဦး။ အဖန်ရည်လေးများ သောက်ပြီးမှ ခရီးဆက်။

မိုးလင်းမှသွားတာကောင်းတယ်” “ဒီနားမှ ရွာရှိလို့လားအဘ” “ကျုပ်တို့ မော်ဖူးရွာက အရင်က ဒီနေရာမှာ ရွာဟောင်း။ ချောင်းကမ်းပါးတွေ ပြိုလို့ အတွင်းဘက်ကို ရွာသစ် ပြောင်းတည်ထားတယ်။ လာလေ လိုက်ခဲ့ကြပါဦး။ အဖန်ရည်လေးနဲ့ ကောက်ညှင်းပေါင်းလေးများ ကျွေးလိုက် ပါရစေ” “ကျေးဇူးပဲ အဘရေ … ကိုင်း … ထိန်ဝင်းရေး မီးသတ်ကွယ် … လိုက်သွားရအောင်။ မိုးလင်းမှ တစ်ဖက်ကို ကူးကြတာပေါ့” ကျွန်တော်နှင့် ထိန်ဝင်း မီးပုံကို သတ်နေစဉ် ကျွန်တော်က မျက်နှာချင်းဆိုင် တိုက်နံရံကို ကြည့်လိုက်မိသည်။ တိုက်နံရံက မီးကျွမ်းထားသဖြင့် မည်းနေသည်။ ဘာပုံမှမရှိ။ ညက ကျွန်တော် မြင်မက်ထားသည့် မြင်းတွေနှင့် အမျိုးသမီးပုံကို မတွေ့ရ။ မီးသင့်ထားသော တိုက်နံရံကိုသာ တွေ့နေရသည်။ ထိန်ဝင်းက တိုးတိုးလေး ကျွန်တော့်ကို ကပ်ပြောသည်။

“ဆရာ” “ဘာလဲကွ” “ဒီနားမှာ ရွာရှိတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူးဆရာ” “မင်းကလည်း အုန်းမောင်းခေါက်သံကြားတယ်။ လူလည်းတွေ့နေရပြီ။ လိုက်သွားမယ်။ မှောင်ကြီးထဲမှာ မနေချင်တော့ဘူး။ ပြီးတော့ ဒီနေရာကလည်း နေရတာ သိပ်အဆင်မပြေဘူး။ ငါလည်း ရေနွေးလေး တစ်ခွက် လောက်သောက်ချင်နေတာ” ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် အပြင်ကို ထွက်လိုက်သည်။ အဘိုးကြီးက “ဆရာတို့ လာ … လာ … သွားကြရအောင်” “ဝေးလား အဘ” “မဝေးပါဘူးကွယ် … အနီးလေး” ကျွန်တော်တို့က အမှောင်ထဲတွင် ကျွဲနောက်က လိုက်သွားသော အဘိုးအိုနောက်သို့ လိုက်ခဲ့ကြသည်။

ကျွန်တော်က လက်နှိပ်မီးကို အုပ်အုပ်ထိုးပြီး အပြေးလိုက်နေရသည်။ ရှေ့က အဘိုးအို၏ ခြေလှမ်းတွေက သွက်နေသည်။ ကျွန်တော့်နောက်တွင် ထိန်ဝင်းကလည်း အပြေးလေး လိုက်ပါလာသည်။ အဝေးတွင် မီးရောင်လေးတွေ မြင်နေရသည်။ ရွာတန်းတစ်ခုဖြစ်ပုံရသည်။ ကလေးငိုသံ၊ ကြက်တွန်သံတွေ လည်းကြားနေရသည်။ ဘုရားရှိခိုးသံ ကြေးစည်သံတွေလည်း ကြားနေရသည်။ “လာ … လာ ဆရာလေးတို့ … ဟိုမှာ ကျုပ် အိမ်ဝင်းပဲ” အိမ်ထဲတွင် မီးခွက်ရောင်နှင့် လှုပ်ရှားနေသော လူရိပ်တွေကို တွေ့ရသည် “သမီးရေ … သမီး … မိုးသီ … ဒီမှာ ဧည့်သည်တွေပါလာတယ်။ ကျွဲထွက်ဆွဲဦးကွယ်” ကျွန်တော်တို့ ခြံဝိုင်းထဲကို ဝင်လိုက်ချိန်တွင် အဘိုးအိုက အော်လိုက်ရာ တဲထဲက လူတစ်ယောက် မီးခွက်ကို ကိုင်ပြီး ထွက်လာသည်။ “ဟာ” ကျွန်တော် အံ့အားသင့်ပြီး လက်ထဲက ဓာတ်မီးကို လွှတ်ချလိုက်မိသည်။ တဲထဲက ထွက်လာသည့် အမျိုးသမီးသည် ထဘီရင်ရှားနှင့်ဖြစ်နေသည်။

ကျွန်တော် မမေ့နိုင်သည်က သူ့မျက်လုံး စူးစူးရဲရဲဖြစ်သည်။ သူက လက်တစ်ဖက်တွင် မီးခွက်ကို ကိုင်လာသည်။ အခြားလက်တစ်ဖက်တွင် တစ်ခုခုဆွဲလာသည်။ ကျွန်တော် ညက မြင်လိုက်ရသည့် ခေါင်းပြတ်ကြီးထင်ပြီး ကျွန်တော် လန့်အော်လိုက်သည်။ အမှန်တော့ ရေပုံးတစ်လုံး ဖြစ်နေသည်။ “ဘာဖြစ်လို့လဲ ဆရာ” “ဟို … ဟို … ဘာမှ မဟုတ်ပါဘူး အဘရယ်” “ဘယ်သူတွေလဲ အဘ” “ရွှေချောင်းက ကျောင်းဆရာတဲ့ သမီးရေ … တောင်ကွဲကြီးကိုသွားဖို့ဟာ မျက်စိလည်ပြီး ဦးမိုးတိုက်ကို ရောက်လာတယ်။ အဲဒီမှာ ညအိပ်တယ်တဲ့လေ။ အဲဒါ ဒုက္ခတွေဖြစ်မှာစိုးရိမ်လို့ ခေါ်လာတာ။ ညကတည်းက ဘာမှ စားရပုံ မပေါ်သေးဘူး။ ကောက်ညှင်းလေးများချကွယ်။ အဖန်ရည်လေးလည်းချ။ လာ … ဆရာနဲ့ ဟိုကလေး … ဒီကွပ်ပျစ်မှာထိုင်ကြ” ကျွန်တော်တို့ ကွပ်ပျစ်ပေါ်ထိုင်လိုက်ကြသည်။ ကျွန်တော့်မျက်စိက မိုးသီဆိုသည့် အမျိုးသမီးကို မခွာနိုင် လောက်အောင်ဖြစ်သည်။ မြန်မာပီသသော မြန်မာမကြီးတစ်ယောက်၏ ကြံ့ခိုင်ခြင်း၊ တည်ကြည်ခြင်း၊ သိက္ခာ ရှိခြင်းတွေက သူ့တွင် အားလုံးပေါင်းစုနေသည်။

ထဘီရင်ရှားထားသော်လည်း သူက ကြောက်သလို ရွံ့သလို အမူအယာမျိုးမရှိ။ ကျွန်တော့်ကို စူးစိုက်ပြီး ကြည့်သွားသည့် သူ့မျက်လုံးတွေကို ကျွန်တော် ကျောချမ်းသလို ဖြစ်သွားမိသည်။ “အဘ သမီးလား” “မြေးလေးပါကွယ် … မိုးသီလို့ခေါ်သကွယ်” မကြာမီ ကျွန်တော်တို့ရှေ့ကို ဖက်တွေနှင့် ကောက်ညှင်းပေါင်း နှမ်းထောင်းတွေရောက်လာသည်။ မိုးသီက အင်္ကျီဝတ်ထားသည်။ အဖြူရောင်လက်ရှည် အင်္ကျီဖြစ်သည်။ အလွန်ကျက်သရေရှိလှသည်။ “စားနော် အစ်ကို … ကောက်ညှင်းကတော့ ပူသေးတယ်။ ဖြည်းဖြည်းသာစားနှင့် … ငါးခြောက်လေး သွားဖုတ်လိုက်ဦးမယ်။ စောင့်ရင်းစားကြပေါ့” ကျွန်တော့်အနားကတိုးပြီး လင်ပန်းထဲက ရေနွေးအိုးနှင့် ခွက်တွေကိုချနေသည်။ သနပ်ခါးနံ့လေးက သင်းနေ သည်။ “တောင်ကွဲကြီးကို မိုးသီလည်း သွားစရာရှိတယ်။ အတော်ပဲ ဆရာတို့နဲ့ လိုက်မယ်။ အဖော်ရပြီအဘရေ” “သမီးက ဘာကိစ္စနဲ့ သွားမှာလဲ” “ဟိုမှာ ပျားရည်တွေ ရမယ်လေ အဘ။

ဒီနေ့ချိန်းထားတယ်” “အတော်ပဲ ဆရာရေ … မြေးလေးကို ဆရာတို့နှင့်ထည့်လိုက်မယ်။ လမ်းလည်း မမှားတော့ဘူးပေါ့” “ဟုတ်ကဲ့” ကျွန်တော်တို့ ရေနွေးကြမ်းနှင့် ကောက်ညှင်းကိုစားနေစဉ် “အဘကို တစ်ခုလောက်မေးပါရစေ” “မေးလေ ဆရာ” “ကျွန်တော် ညက အိပ်မက်လိုလို တကယ်လိုလို မြင်မိတယ်အဘ။ အိပ်မက်ထဲမှာ မြင်းနက်ကြီးကို အမျိုးသမီး တစ်ယောက်က စီးလာတယ်။ ခေါင်းပြတ်ကြီးတစ်ခုကိုလည်း လက်ထဲက ကိုင်လာတယ်။ သူ့နောက်မှာ မြင်းတွေနဲ့ လူတွေ လိုက်လာတယ်” “ဟင် … တကယ်တွေ့လာတာလား” “ကျွန်တော် ဝေခွဲမရဖြစ်နေချိန်မှာ အဘရောက်လာတာပဲ” “ကျုပ်လည်း မီးရောင်တွေ့လို့ ဝင်လာတာ” “အဘ … ကျွန်တော် သိချင်တာက အဲဒီ မြင်းနက်ကြီးပေါ်က ခေါင်းပြတ်ကြီးကိုင်လာတာ အဘ မြေးလေး မိုးသီ ဖြစ်နေတယ်။ ဟုတ်ပါတယ် … သူမှ သူပါပဲ” “အလို … တိုက်တိုက်ဆိုင်ဆိုင် … သခင်မကြီးနဲ့ တွေ့လာပြီပဲ” “ဘာ … အဘ သခင်မကြီး ဟုတ်လား” “ဟုတ်တယ် … ခါတိုင်း ဒီတိုက်ထဲကို ဝင်မိတဲ့သူတိုင်း ရူးကြောင်ကြောင်ဖြစ်အောင် သခင်မကြီးက လုပ်လွှတ် လိုက်တာများတယ်။

ဆရာ့ကို ဘာဖြစ်လို့လဲ။ ဆရာတွေ့ခဲ့တာ မိုးသီ မဟုတ်ဘူးဆရာ။ အဲဒါ မိုးသီရဲ့ အမေ သခင်မကြီး” “ခင်ဗျာ” ကျွန်တော် အိပ်ခဲ့သည့် တိုက်သည် သစ်ကုန်သည်ကြီး ဦးမိုး၏ တိုက်ဟောင်းဖြစ်သည်။ ခေတ်ပျက်ချိန်တွင် သူပုန်တွေက ရွာကို ဓားပြဝင်တိုက်သည်။ ဦးမိုးကိုသတ်သည်။ ဦးမိုး၏ဇနီး ဒေါ်ရွှေမြင့်က လွတ်မြောက်သွားသော်လည်း ကံဆိုးသောဦးမိုးမှာ သူပုန်ဗိုလ်မဲကြီးလက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ဒေါ်ရွှေမြင့် လွတ်မြောက်သွားစဉ် ကိုယ်ဝန်ကြီးနှင့်ဖြစ်သည်။ ဒေါ်ရွှေမြင့်က သမီးလေး တစ်ယောက် မွေးဖွားခဲ့ သည်။ ကလေးအမည်ကို မိုးသီဟုပေးခဲ့သည်။ ကျွန်တော်နှင့် ဆုံခဲ့သော ဘကြီးအမည်က ဦးသာကြွယ်ဖြစ်သည်။ ဦးမိုး၏ ကျွန်ယုံတော်ဖြစ်သည်။ အိမ်ကို သူပုန်တွေ ဝင်စီးစဉ် ဒေါ်ရွှေမြင့်ကို ခေါ်ထုတ်သွားပြီး တောထဲတွင် ဝှက်ပေးထားသည်။ ဒေါ်ရွှေမြင့်က ဦးသာကြွယ်တို့ လင်မယားထံ သမီးလေး မိုးသီကို အပ်သွားပြီး ပျောက်သွားသည်။ နောက်ပိုင်း ဤနယ်တစ်ဝိုက်တွင် ထကြွသောင်းကျန်းနေသည့် ဗိုလ်မဲကြီး၏ ဇနီးသည် ဒေါ်ရွှေမြင့် ဖြစ်လာ သည်။ “ကျုပ်တို့ ရွာက ဗိုလ်မဲကြီးရဲ့ ဒဏ်အတော်လေး ခံရတယ်။

သခင်မကြီးက ဗိုလ်မဲကြီးရဲ့ ဇနီးဖြစ်သွားမှ ရွာလည်း နည်းနည်း ခံသာတယ်။ ကျုပ်တို့တစ်ရွာလုံး ဒီဘက်ပြောင်းပြေးရတာ ဗိုလ်မဲကြီးစနက်လည်းပါတယ်။ ဗိုလ်မဲကြီးက အစိုးရတပ်တွေလာရင် အရင်တုန်းက ဦးမိုးနေသွားတဲ့ တိုက်ကြီးကို ခံစစ်လုပ်ပြီး တိုက်တယ်။ ဘယ်သူမှ ကမ်းပေါ်တက်လို့မရခဲ့ဘူး” “ဗိုလ်မဲကြီး ရှိသေးလားအဘ” “မရှိတော့ဘူး။ သခင်မကြီးက ဗိုလ်မဲကြီးဆီမှာ မယားအဖြစ်သွားပြီး နေတာ အကြောင်းရှိတယ်ကွယ့်။ သူ့ကို သတ်ဖို့ အကြံနဲ့သွားနေတာ။ ဆရာ ညက မြင်ခဲ့တယ်ဆိုတဲ့ ခေါင်းပြတ်ကြီးဆိုတာ ဗိုလ်မဲကြီးခေါင်းပဲ” “ဟာ စိတ်ဝင်စားစရာ ကောင်းလိုက်တာ အဘရယ်” “သခင်မကြီးကအရမ်း စိတ်ထက်တယ်။ မိုးသီအတိုင်းပဲ။ မိုးသီကို ကြည့်လိုက်ရင် သခင်မကြီးကို သိပ်သတိရ တယ်။ ကျုပ်က သူ့အိမ် ငယ်မွေးခြံပေါက်။ ကျုပ်ကို ဆရာဦးမိုးက ပြုစုစောင့်ရှောက်ထားတာ။ ဒါနဲ့ ဆရာ့ကို တစ်ခု မေးရဦးမယ်။ ညက သခင်မကြီးက မြင်းနက်ကြီးစီးပြီး ခေါင်းပြတ်ကြီးကို ကိုင်ခဲ့တယ် ပြောတယ်နော် ဟုတ်လား” “ဟုတ်တယ် အဘရေ … ကျွန်တော့်မျက်စိနဲ့ သေသေချာချာကို မြင်တာ။

ပထမ နံရံပေါ်မှာ ပန်းချီကားချပ်ကြီး တစ်ခု ရေးထားသလိုကိုမြင်တာ။ နောက်မှ ပန်းချီကားထဲက မြင်းတွေက ပတတ်တွေထရပ်ပြီး ဟီလိုက်တယ်။ အဲဒီက အမျိုးသမီးကြီးက လက်ကိုမြှောက်လိုက်မှ ခေါင်းပြတ်ကြီး ဖြစ်နေတာကို သိလိုက်တာ” “အခြားထူးခြားချက် တစ်ခုခုကိုများ သတိထားမိသေးလား” “သတိမထားမိဘူး။ မြင်းတွေပြေးလာချိန်မှာ ကျွန်တော်လန့်သွားတယ်။ အဲဒီအချိန်မှာ အဘရောက်လာချိန်နဲ့ တန်းတိုးသွားပြီး လန့်နိုးသလို ဖြစ်သွားတယ်” “အဘ အဲဒီ ပန်းချီကားနဲ့ ပတ်သက်ပြီး တစ်ခုခုများ ပြောနိုင်မလား … ကျွန်တော် သတိရလို့ ပြန်ကြည့် လိုက်တော့ အနောက်ဖက် နံရံတစ်ခုလုံး မီးကျွမ်းထားတယ်” “အဲဒီ ပန်းချီကားက သခင်မကြီးကိုယ်တိုင် ဆွဲထားတာ။ သူက မဲကြီးကိုသတ်ပြီးတော့ ရွာထဲကို မြင်းနဲ့ ပြန်လာတယ်။

လက်ထဲမှာ ခေါင်းကို ကိုင်လာတယ်။ အဲဒီ တိုက်ကြီးမှာ မဲကြီးရဲ့ ငယ်သားတွေကို အုပ်ချုပ်ပြီး နေသွားတယ်။ မဲကြီးသတ်လို့ သေသွားတဲ့ ဝိညာဉ်တွေက မကျွတ်ဘူး။ သခင်မကြီးက မလွှတ်ပေးဘူး။ အားလုံးကို ချုပ်ထားတယ်။ သူက အဲဒီဝိညာဉ်တွေနဲ့ သူခိုး၊ ဓားပြ၊ သူပုန်တွေကို တိုက်ခိုင်းတယ်။ လူကောင်းတွေကိုတော့ ဒုက္ခမပေးဘူး။ သခင်မကြီးဟာ ဘာကြောင့်မှန်းမသိ ပျောက်သွားတယ်။ သူပျောက် သွားသလို သူ့တပည့်တွေလည်း ပျောက်သွားတယ်။ ဒါကြောင့် ဒီမှာ ဝိညာဉ်တွေ ကျွတ်ဖို့ လိုနေတယ်။ အင်း … ဗိုလ်မဲကြီးဆီက ထူးဆန်းတဲ့ မှော်လက်စွပ်ပျောက်နေတယ်။ အဲဒီ လက်စွပ်ရရင် ဝိညာဉ်တွေ ကျွတ်ပြီလို့ သခင်မကြီးက ပြောဖူးတယ်။ ဒီတိုက်ထဲမှာ လာရှာတဲ့သူတွေ မနည်းဘူး။ ဒါပေမဲ့ လာရှာတဲ့သူတိုင်း အသေဆိုးနဲ့ သေကြရတယ်။

ဒါကြောင့် နောက်ပိုင်း ဒီတိုက်နားကို မကပ်ရဲကြတော့ဘူး” “စိတ်ဝင်စားစရာပဲအဘရယ် … အဘရော မရှာဘူးလား” “အဘက မရှာဘူး။ သခင်မကြီး အမိန့်တော် ရှိဖူးတယ်။ ကျွတ်ချိန်တန်ရင် အလိုလို ကျွတ်မယ်တဲ့။ အဲဒီ အချိန် တစ်ချိန် ရောက်လာမယ်တဲ့” ထိုအချိန်တွင် မိုးသီက ပန်းကန်လေးတစ်ချပ်ကိုင်လာသည်။ သူက ကျွန်တော့်အနီးတွင် ဝင်ထိုင်လိုက်ပြီး “အစ်ကိုဆရာ … ငါးရံ့ခြောက်ဖုတ်လေး စားပါဦးနော် … ဟိုက မောင်လေးလည်းစား” “အဘရေ ဘာတွေ ပြောနေတာလဲ” “မိုးသီ … အဘတို့တော့ နီးစပ်လာပြီ။ ညက ဟောဒီ ဆရာက သခင်မကြီးကို မြင်ခဲ့ရတယ်တဲ့” “ဟယ် … မယ်မယ့်ကို တကယ်တွေ့ခဲ့သလားဆရာ” “တွေ့တယ် … မိုးသီနဲ့ မိုးသီမယ်မယ်က သိပ်တူတာပဲ။ မျက်လုံးတွေကအစ အရမ်းတူတယ်” “ဆရာ ပြောပါဦးရှင် … မယ်မယ်က ဘာများ ထူးခြားတာ လုပ်ပြသလဲ” “ဘာမှ လုပ်မပြဘူး … ခေါင်းပြတ်ကြီးကိုပဲ မြှောက်ပြတယ်” “ဆရာရယ် … တစ်ခုခုလေး ထူးခြားတာများ စဉ်းစားပါဦး” “ဘာဖြစ်လို့လဲ … ဘာများအရေးကြီးသလဲ” ထိုစဉ်အဘက ထပြီး အိမ်နောက်ဖက်ကို ဝင်သွားသည်။ မိုးသီက ကျွန်တော့်အနီးတိုးလိုက်သည်။

ကျွန်တော် တို့ကြားထဲတွင် မီးခွက်အလင်းရောင်သာရှိသည်။ ထိန်ဝင်းက ကောက်ညှင်းကိုစားရင် အိပ်ငိုက်နေသည်။ “ဆရာ … မယ်မယ် တစ်ခုခုပြတာကို စဉ်းစားပါဦး” “မြင်းကြီးက ပတတ်ရပ်လိုက်တယ် … ပြီးတော့ ခေါင်းပြတ်ကြီးကို မြှောက်တယ် … ဒါပဲ … အဲဒါပဲတွေ့တယ်” “အင်း … ကံပေါ့လေ … ကံပေါ့” “ဘာများလဲ မိုးသီ” ထိုစဉ် အဘက ပလိုင်းတစ်လုံးနှင့် ပြန်ထွက်လာသည်။ “သမီးရေ … သွားကြတော့ မလင်းခင်ထွက်မှ။ ဒီမှာ ကညင်မီးတိုင်တွေ။ ဆရာရေ သမီးက လမ်းပြ ပေးလိမ့်မယ်။ နောက်လည်း ကြုံရင်ဝင်ခဲ့နော်” “စိတ်ချပါခင်ဗျာ … ကျွန်တော် နောက်လည်း လာလည်ပါ့မယ် … ဟေ့ … ထိန်ဝင်း အိပ်ငိုက်နေသလား။ သွားရအောင်” ထိန်ဝင်းက မျက်လုံးများကို ပွတ်လိုက်ပြီး ကျောပိုးအိတ်ကို ကောက်လွယ်လိုက်သည်။

အရှေ့ဘက်တွင် ရောင်နီကို သဲ့သဲ့လေးမြင်နေရပြီ။ မိုးသီက ပလိုင်းကို ခေါင်းတွင်သိုင်းလိုက်ပြီး နောက်ကျောဘက်တွင် ချလိုက်သည်။ အဘလှမ်းပေးသော ကညင် မီးတိုင်ကိုကိုင်ပြီး “အဘရေ သွားမယ်။ ညနေလောက် ချောင်းစပ်မှာ လာကြို” “အေးကွယ်” မိုးသီက ရှေ့ဆုံးကသွားသည်။ ကျွန်တော်က သူ့နောက်ကလိုက်သည်။ ထိန်ဝင်းက ကျွန်တော့်နောက်က လိုက်သည်။ ထူးဆန်းသည်မှာ မိုးလင်းခါနီးဖြစ်သော်လည်း ရွာကတိတ်ဆိတ်နေသည်။ ကျွန်တော်တို့ ချောင်းထဲကိုဆင်းရန် တိုက်ပျက်ကြီးဆီကို တစ်ခါ ထပ်ရောက်လာပြန်သည်။ တိုက်ပျက်ကြီး ရှေ့က ဖြတ်သွားရမည်ဖြစ်သည်။ “ဆရာ” “ဘာလဲ မိုးသီ” “တိုက်ပျက်ကြီးထဲ ခဏလောက်ဝင်ကြည့်ရအောင် … ဆရာ မယ်မယ် ထွက်လာတဲ့ နေရာလောက်ကို မိုးသီ သိချင်လို့ ပြပေးနိုင်မလား” “ရတယ်လေ လာ … ဝင်ကြည့်မယ်” မိုးသီကရှေ့မှ တိုက်ပျက်ထဲဝင်သွားသည်။ သူက ကညင်မီးတိုင်ကို ဝှေ့ရမ်းရင်း “ဘယ်နေရာလဲဆရာ မြင်းနဲ့ မယ်မယ်လာတာ” “ဒီနေရာပဲ” ကျွန်တော်က နံရံဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူက နံရံအနီးတိုးသွားသည်။ နံရံက မီးသင့်ထားသဖြင့် မည်းနေသည်။

“ဘာမှလည်း မရှိဘူးနော်” “နေဦး ကိုယ်သတိထားမိတာ တစ်ခုရှိတယ်။ ခေါင်းပြတ်ကြီးက မြှောက်လိုက်မှ မြင်ရတာ။ အစောပိုင်းက ဘာကိုင်ထားမှန်းကို မသိဘူး။ တစ်ခုခုနဲ့ ဖုံးထားသလိုဖြစ်နေတယ်” “ဟုတ်လား ဆရာ … စဉ်းစားပါဦး” “ဟုတ်တယ် … ခေါင်းပြတ်ကြီးကို ဆေးသုတ်ထားသလို … ထုံးသုတ်ထားသလိုဖြစ်ပြီး မမြင်ရတာ … ဟုတ်ပြီ ဒီမှာတွေ့လား ထုံးသုတ်ထားတဲ့နေရာ … ဟောဒီမှာ ထုံးတွေ သုတ်ထားတယ်။ ဒီတစ်နေရာပဲ မီးမကျွမ်းဘူး” “ဆရာ ကျွန်မတို့ ဒီနေရာကို တူးကြည့်ချင်တယ်” ကျွန်တော်က ထိန်ဝင်းထံမှ ဓားကောက်ကို လှမ်းတောင်းလိုက်သည်။ မိုးသီက မီးတိုင်ကို ပြသေးသည်။ ကျွန်တော် နံရံပေါ်မှ ထုံးတွေကို ဓားဖြင့် ခြစ်လိုက်သည်။ ထုံးတွေက အဖတ်လိုက်ကွာသွားသည်။ ထုံးသုတ်ထားသည့် အောက်တွင် မျက်နှာကြီးတစ်ခု ဆွဲထားသည့်ပုံကို တွေ့ရသည်။ မျက်လုံးတွေ ပြူးထွက် နေသည့် ကြောက်စရာခေါင်းပြတ်ကြီးဖြစ်သည်။

“ခေါင်းပြတ်ကြီးပဲ … ဒါကြီးကို မိုးသီအမေက ကိုင်မြှောက်ပြတာ” “ဆရာ … ဟိုအုတ်တစ်လုံးက လှုပ်နေသလိုပဲ ဆွဲထုတ်ကြည့်ရအောင်” ကျွန်တော်က နာကျင်စွာ ဝေဒနာခံစားနေရပုံပေါက်သည့် မျက်လုံးတည့်တည့်မှ အုတ်ကို ဓားနှောင့်နှင့် ထုကြည့် လိုက်သည်။ အုတ်ခဲကို ဆွဲထုတ်လိုက်သည်။ အထဲတွင် အခေါင်းပေါက်လေး ဖြစ်နေသည်။ ကျွန်တော်က သဲမှုန် တွေကို ဖယ်ထုတ်လိုက်သည်။ အထဲတွင် လက်စွပ်တစ်ကွင်းကိုတွေ့ရသည်။ လက်စွပ်က ရွှေတော့မဟုတ်။ ဘော်လိုလို ငွေလိုလို လက်စွပ်ဖြစ်သည်။ အပေါ်ပိုင်းက ဘီလူးခေါင်းပုံဖြစ်သည်။ “ဆရာ … တွေ့ပြီဆရာ … ကျွန်မတို့ နှစ်ပေါင်းများစွာ ရှာနေတဲ့ လက်စွပ်ကို တွေ့ပြီဆရာ။ ဝမ်းသာလိုက်တာ” “ဒါ ဘာလက်စွပ်လဲ မိုးသီ” “ဆရာ … မိုးလင်းတော့မယ်။

ကျွန်မ မလိုက်တော့ဘူး။ အဘကို ဒီအကြောင်း ပြန်ပြောပြရဦးမယ်။ အဘ ဒီလက်စွပ်ကိုတွေ့ရင် အရမ်းဝမ်းသာသွားမယ်။ ဆရာတို့ ဟောဒီ လမ်းအတိုင်းဆင်းသွား။ ချောင်းတစ်ဖက်ကို ကူးလိုက်။ တည့်တည့်ပဲသွား။ အပေါ်ကိုတက်လိုက်ပြီးရင် လမ်းကြောင်းတွေ့မယ်။ လှည်းလမ်းကြောင်း။ အဲဒီ လမ်းကြောင်းအတိုင်း မြောက်ဖက်ကို တည့်တည့်သာလိုက်သွား။ တောင်ကွဲကြီးကိုရောက်မယ်။ ကျွန်မကတော့ အဘကို ဝမ်းသာအောင် လက်စွပ်သွားပြလိုက်ဦးမယ်။ ကျေးဇူးတင်ပါတယ်ဆရာ … ကျွန်မတို့ ကျိန်စာဆိုး တွေက လွတ်ပါပြီ” “မိုးသီ … တို့စောင့်ပေးမယ်လေ” “သွားပါဆရာ … မိုးလင်းတော့မယ်။ ဆရာတို့က သူတော်ကောင်းတွေပါ။ ဒါကြောင့် မိုးသီတို့ကို ကူညီဖို့ လွှတ်လိုက်တာနေမှာ။ သွားတော့ဆရာ မိုးလင်းတော့မယ်” ရောင်နီကတက်လာသည်။ မိုးသီက လာလမ်းအတိုင်း ပြန်သွားသည်။ ကျွန်တော်က ငေးရင်း ထိန်ဝင်းကို “ထိန်ဝင်းရေ … သွားရအောင်ကွာ” ကျွန်တော်တို့ မိုးသီပြောသည့် လမ်းအတိုင်း တက်ခဲ့ကြသည်။ အပေါ်တွင် လှည်းလမ်းတွေ့သည်။ မြောက်ဖက် ကုန်းစောင်းမှ လှည်းတစ်စီး ဆင်းလာသည်ကို တွေ့လိုက်ရသည်။ “ဟေး … ဆရာတို့ … ဆရာတို့ … မနေ့ကတည်းက မျှော်နေတာ။

ဘယ်လိုလုပ်ပြီး အစောကြီး ရောက်လာ တာလဲ … ဟင် … ဆရာတို့ဆီက ဘယ်အချိန်လာလာပါ ဒီကို ဒီအချိန် ရောက်လာစရာ အကြောင်းမရှိပါဘူး” ကျွန်တော်က ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြလိုက်သည်။ တောင်ကွဲကြီး ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ကိုသီးက “ဆရာ တစ်ခုခုတော့ မှားနေပြီနဲ့တူတယ်” “ဘာမှားလို့လဲ ကိုသီး” “ဆရာက မော်ဖူးရွာလို့ပြောလိုက်သလား” “ဟုတ်တယ်လေ … မနက်က အဲဒီမှာ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်တွေတောင် စားခဲ့သေးတယ်” “ဆရာ” “ဆရာတို့ တစ်ခုခု ဖြစ်လာပြီ” “ဘာများလဲကိုသီး” “မော်ဖူးရွာဆိုတာ ဂျပန်တွေ ဆုတ်သွားပြီးကတည်းက သူပုန်တွေကြောင့် ပျက်သွားတာ” “အေးလေ ကမ်းပြိုလို့ နောက်ဆုတ်ပြီး ရွာတည်ထားတာလေ” “မဟုတ်ဘူးဆရာ … တစ်ရွာလုံးကို သူပုန်တွေဝင်စီးပြီး မီးတိုက်သွားတာ။ အားလုံးလောက်ကိုသေကုန်တာ” “မဟုတ်ပါဘူးဗျာ .. အုန်းမောင်းသံတွေ၊ ကလေးသံတွေ၊ ခွေးသံတွေတောင်ကြားခဲ့သေးတာ။

ကျုပ်တို့ကို လိုက်ပို့ပေးတာ မိုးသီတဲ့။ သူကပြန်သွားလို့ နို့မို့ဆိုရင် ခင်ဗျားတို့တွေ့တယ်” “ဆရာ … လှည်းပေါ်တက် … သွားရအောင်” ကျွန်တော်က လှည်းပေါ်တက်လိုက်သည်။ လှည်းက ထွက်သွားသည်။ ကျွန်တော်က လှည်းကို နောက်ပြန်ထိုင်ရင်း လိုက်လာသည်။ နောက်က ဖုန်လုံးကြားထဲတွင် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။ “ကိုသီး …ကိုသီး … ရပ် … ရပ် … ဟိုမှာ မိုးသီလိုက်လာတယ်” ကိုသီးကလှည်းကို ရပ်လိုက်သည်။ ဘာလဲဆရာ “ဟိုမှာလေဗျာ … မိုးသီ ပလိုင်းလေးနဲ့ လိုက်လာတယ် … ရပ်ပေးလိုက်ပါဦး သူ့ကိုပါ ခေါ်သွားမယ်” “ဆရာ ဘာမှ မတွေ့ပါလား” “ဘာဖြစ်လို့ မတွေ့ရမှာလဲ ဟိုမှာ လက်ပြနေတယ်လေ … ထိန်ဝင်း မင်းမတွေ့ဘူးလား … ဟိုမှာလေ မိုးသီ” “ဘာမှ မတွေ့ဘူးဆရာကြီး” ကျွန်တော် တောင်ကွဲကြီးရွာ မူလတန်းကျောင်းလေး၏ စာမေးပွဲကိစ္စများကို တာဝန်ခံဆရာမလေးနှင့်အတူ ပူးပေါင်းပြီး စစ်ဆေးပေးခဲ့သည်။

ကလေးတွေမှာ အားနည်းချက်လေးတွေရှိသည်။ သို့သော် အချို့ကို နှုတ်မေး လေးတွေမေးပြီး အအောင်ပေးသင့်သည်ကို အအောင်ပေးခဲ့ရသည်။ ရွာကိုလည်း နောက်နှစ်တွင် နောက်ထပ် ဆရာတစ်ဦး ထပ်ငှားပြီးသင်ရန် အကြံပြုရသည်။ အကယ်၍ ကျောင်းဆိုင်ရှင် ကျလျှင်တော့ ကိစ္စမရှိ။ သို့သော် ဤမျှ ဝေးခေါင်သည့်နေရာကို ဆရာတစ်ယောက် ရောက်လာဖို့ဆိုသည်ကလည်း မလွယ်သည့် ကိစ္စတစ်ခု ဖြစ်သည်။ စာမေးပွဲကိစ္စများပြီးသည့်နေ့က ကျွန်တော်ပြန်၍မဖြစ်။ နေစောင်းသွားသဖြင့် နောက်တစ်နေ့ စောစောမှပြန်ရန် ဆုံးဖြတ်လိုက်သည်။ ပြည်သူ့စစ်ခေါင်းဆောင် ကိုသီးက ကျွန်တော့်ကို လာခေါ်သည်။ “ဆရာ … ဆရာ့ကို ဘိုးစိန်မှုံနဲ့ တွေ့ပေးမယ်” “ခင်ဗျားပြောပြောနေတဲ့ အဘိုးကြီးလား” “ဟုတ်ကဲ့ … သွားရအောင်လေဆရာ။

သူက ဘုန်းကြီးကျောင်းမှာနေတာ” ကျွန်တော်တို့ ဘုန်းကြီးကျောင်းကိုရောက်သည့်အခါတွင် ကျောင်းအောက်ထပ် ထရံများကာထားသည့် အခန်းရှေ့၌ အဘိုးအိုတစ်ယောက် နှီးများကို ဓားဖြင့်သင်ပြီး ဆေးတံသောက်နေသည်ကို တွေ့လိုက်ရသည်။ “အဘိုးစိန် … ဒါ ရွာကို စာမေးပွဲ လာစစ်ပေးတဲ့ ကျောင်းဆရာ” “အေး ထိုင်လကွယ် … ဘာမှတော့ မရှိဘူး။ ရေနွေးသောက်ချင်ရင်တော့ ဆရာတော်ဆီသွားတောင်း” ကိုသီးက ကျောင်းပေါ်တက်သွားသည်။ ကျွန်တော်က အဘိုးဘေးနားရှိ ခုံလေးတစ်ခုံတွင် ထိုင်လိုက်ပြီး “အဘိုး အသက် ဘယ်လောက်ရှိပြီလဲ” “ရာပြည့်တော့မယ်” “ကျန်းမာတယ်နော်” “ဆိုပါတော့ … ကျန်းမာအောင်နေရတယ်” “အဘိုးကို တစ်ခုလောက်မေးချင်လို့ … ဟိုဘက်ကမ်းက မော်ဖူးရွာအကြောင်း ကောင်းကောင်းသိတယ် ကြားလို့။ အရင်က အဲဒီ ရွာသားဆို” “ဟုတ်တယ် … ခေတ်ပျက်တော့ ဒီဘက်ကို ပြေးလာတာ” “အဲဒီရွာက … ရွာပြောင်းပြီး တည်ထားတယ် မဟုတ်လား” အဘိုးက ဆေးတံကိုခေါက်လိုက်သည်။ ဆေးသစ်ကို ထပ်ဖြည့်သည်။ ကိုသီးက ရေနွေးဗန်းလေးကိုင်ပြီး ဆင်းလာသည်။

“ဆရာလည်း ဦးမိုးအနွယ်တော်တွေနဲ့ တွေ့လာပုံရတယ်” “ဟာ … အဘိုး သိနေတယ်” “အင်း … ကျုပ်ကို ဒီလိုလာမေးရင် ကျိန်းသေ မိုးသီနဲ့ တွေ့ခဲ့ပြီလို့ ပြောနိုင်တယ်” “မိုးသီကို အဘိုးသိလား” “မိုးသီဆိုတာ မော်ဖူးရွာရဲ့ အချုပ်ပဲဆရာ။ ပြောရရင် ဂိုဏ်းချုပ်အဖြစ်တာဝန်ယူထားသူပေါ့” “ဟာ … အဘိုးရယ် ဟုတ်ရဲ့လား” ကိုသီးက ရေနွေးတစ်ခွက်ကို ကျွန်တော့်အား ကမ်းပေးလိုက်ရင်း “ဆရာ့ကို ကျွန်တော် မပြောဘူးလား။ အဲဒီရွာ မရှိပါဘူးလို့ … အဘိုးပြောလိုက်စမ်းပါ။ မော်ဖူးရွာ ပျက်သွားပြီ မရှိ်တော့ဘူးဆိုတာ” “ငသီး … မော်ဖူးရွာ ဘယ်တော့မှ မပျက်ဘူးကွ။ သခင်မလေးမိုးသီရှိနေသမျှ မော်ဖူးရွာ မပျက်ဘူး” “အဘိုးက မမြင်ရတာတွေကို ပြောနေတာပဲ။ ကျွန်တော်လည်း ၄၀ ကျော်နေပါပြီ။ မော်ဖူးရွာဆိုတာ ရွာပျက်ပဲ ရှိတော့တာပါ။ ရွာပျက်ဆိုတာတောင် သရဲခြောက်တဲ့ ဦးမိုးတိုက်ပဲရှိတော့တာ” “ငသီး … မင်းပြောတယ်နော် … ဦးမိုးတိုက်အကြောင်း။

အဲဒီ တိုက်မှာ မင်းသွားပြီး ညအိပ်ရဲသလား” “ကျွန်တော် မနေဝံ့ပါဘူး” “အေး ဒါဆိုရင် မပြောနဲ့လေ။ မင်း မနေဝံ့တာ တစ်ခုခု ရှိနေတာကြောင့်လို့ မထင်ဘူးလား” “ဒါကတော့ အဘိုးရယ်” ကျွန်တော်က မနေနိုင်တော့ “အဘိုး ကျွန်တော် ဒီကို လာတုန်းက အဲဒီတိုက်ပျက်ကြီးထဲမှာ တစ်ညအိပ်ခဲ့ရပါတယ်” “ဟေ … ဟုတ်လား … အံ့သကွယ် … ဘာမှ မဖြစ်ခဲ့ဘူးလား” ကျွန်တော်က အဘိုးစိန်ကို ကျွန်တော်ကြုံတွေ့ရသမျှ အားလုံး ပြောပြလိုက်သည်။ အဘိုးက နားထောင် နေရင်းက မျက်လုံးလေးကို မှေးထားပြီး ဆေးတံကို ဖွာနေသည်။ “ဆရာ … ဆရာ … တကယ့်ဆရာပဲ။ နောက်ဆုံးတော့ မိုးသီတို့ရှာနေတဲ့ ယက္ခရန်နိုင်ကို တွေ့သွားပြီပဲ” “ဘာများလဲအဘိုး” “ဆရာ့လက်တွေ ကျုပ်ကို ခဏပြစမ်းပါ” ကျွန်တော်က အဘိုးအိုထံ လက်နှစ်ဘက်စလုံးကို ထိုးပေးလိုက်သည်။ အဘိုးက သူ၏ ရှုံ့တွနေသော လက်များဖြင့် ကျွန်တော့်လက်ကို ဆွဲယူပြီး အနီးကပ်ကြည့်နေသည်။

“နောက်ဆုံးတော့ တွေ့ပြီပေါ့ … ဆရာ … ဆရာ့မှာ ထူးခြားတဲ့ အမြင်ရှိတယ်။ ဘယ်အရွယ်လောက်ကတည်းက ဖြစ်နေတာလဲ” “ဘာထူးခြားတဲ့အမြင်ကိုပြောတာလဲ အဘိုး” “သူများတွေ မမြင်နိုင်တာကို မြင်တာမျိုးပေါ့။ သရဲတို့ ဝိညာဉ်တို့လို ဟာမျိုးတွေကို ပြောတာ” အဘိုးက ကျွန်တော့်မျက်လုံးထဲကို စိုက်ကြည့်သည်။ ထို့နောက် လက်တွေကို လွှတ်လိုက်ပြီး “ကျုပ်ကို တစ်ခုလောက် စမ်းခွင့်ပြုနိုင်မလား” “ဘာများလဲအဘိုး” အဘိုးအိုက ထသွားသည်။ ကျောက်သင်ပုန်းကွဲတစ်ချပ်ကို ယူလာသည်။ သူက ကျောက်သင်ပုန်းကွဲပေါ်တွင် သောက်ရေခွက်ထဲက ရေစက်အနည်းငယ်ချလိုက်သည်။ ပြီးတော့ လက်ထဲတွင် ကိုင်လာသည့် ဆေးတောင့် လိုလို ညိုတိုတို အတောင့်ကို သွေးလိုက်ပြီး သူ့မျက်လုံးတွေကို ဆေးဖြင့် ကွင်းလိုက်သည်။ ကျွန်တော်နှင့် တစ်လံလောက်အကွာတွင် သွားရပ်လိုက်ပြီး သေသေချာချာ စိုက်ကြည့်နေသည် “ဆရာ … ဆရာ့ဆီမှာ ကုလားအဘိုးကြီးတစ်ယောက်ရှိနေတယ်။ သူ့ဝိညာဉ်က ဆရာ့ကို ကပ်နေတယ်။ ဘယ်တုန်းလောက်ကတည်းကလဲ” ကျွန်တော်က ၇ တန်းကျောင်းသားဘဝက ရေထဲပြုတ်ကျပြီး ဘုရားကျောင်းကြီးတစ်ခုထဲကို ရောက်သွားချိန်က စပြီး ကျွန်တော် ကြုံတွေ့ခဲ့ရသည်များကို မှတ်မိသလောက် ပြန်ပြောပြမိသည်။

“ကျွန်တော် ထင်တယ်။ အဲဒီအချိန်လောက်ကတည်းက ကျွန်တော် သူများ မမြင်တာတွေ မြင်မြင်နေတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ဘူး။ မြင်ချင် မြင်တယ်။ မမြင်ချင်လည်း မမြင်ဘူး။ ကျွန်တော့် စိတ်ထဲမှာ သာမန်လိုပဲ ဖြစ်နေတယ်။ သာမန် သူများတွေမြင်သလိုမျိုး မြင်တယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တော် မြင်သလို မမြင်သူတွေလည်းရှိနေတယ်။ ဒီရွာကို လာတုန်းက ကျွန်တော် မိုးသီကိုမြင်တယ်။ အားလုံးက မမြင်ဘူး ပြောတယ်။ နောက်ပြီး ကျွန်တော် မော်ဖူးရွာကို မြင်ခဲ့တယ်။ အားလုံးက မရှိဘူးပြောတယ်။ ကျွန်တော်နဲ့ အတူပါလာတဲ့ တပည့်ထိန်ဝင်းကတောင် အိပ်မက်လိုလိုပြောနေတယ်။ အဲဒါ ဘာဖြစ်လို့လဲ အဘိုး” အဘိုးအိုက “အောင်ပြီ … အောင်ပြီ … ကျုပ်တို့ မျှော်နေတဲ့ ယက္ခရန်နိုင်ဆိုတာ တကယ်ရောက်လာပြီ” “ဘယ်မှာလဲ အဘိုး” “ဆရာပဲ … ဆရာပဲဗျ။ သခင်မလေး မိုးသီနဲ့ လက်ဆက်ရတော့မယ့် ရန်နိုင်ကိုယ်တော်လေးဆိုတာ ဆရာပဲ။ အောင်ပြီ … ကျုပ်တို့ မျှော်လင့်သလိုဖြစ်လာပြီ။ ဆရာရေ … လာ … ဆရာနဲ့ ကျွန်တော် မော်ဖူးကိုသွားကြမယ်။ ဒီည လပြည့်ညဆရာ … သခင်မလေးနဲ့ အားလုံး အကျွတ် အလွတ်ပွဲ လုပ်ကြလိမ့်မယ်။

ကျွန်တော် မော်ဖူးရွာ ရှိနေတယ်ဆိုတာ သက်သေပြမယ်။ ဒီညပဲ ဆရာနဲ့ ကျွန်တော် မော်ဖူးဘက်ကို ကူးမယ်” “နေဦးအဘိုး … ကျွန်တော့်စိတ်ထဲမှာ မရှင်းဘူးဖြစ်နေတယ် … ယက္ခရန်နိုင်ဆိုတာ ဘယ်သူလဲ” “ဟား … ဟား … ဆရာရေ … ဒီည သခင်မလေး မိုးသီက လက်စွပ်တော်ကို ဘယ်သူ့အပ်မလဲဆိုတာ ကြည့်လိုက်။ အဲဒီ လက်စွပ်ကို ဝတ်ဆင်ခွင့်ရသူဟာ ယက္ခရန်နိုင်ဘွဲ့နဲ့ နောက်ဘုရားပွင့်တဲ့အထိ ကျုပ်တို့ဂိုဏ်းကို ဆက်ပြီး အုပ်ချုပ်သွားနိုင်မယ်။ ဝမ်းသာလိုက်တာ။ ဆရာရေ ဒီည ကျုပ်တို့ရဲ့ ယက္ခဂိုဏ်း ဒီနယ်မြေကနေ ပြောင်းတော့မယ်။ ကျွန်တော် လိုက်မယ်။ သခင်မလေးဆီမှာ ခွင့်တောင်းမယ်” “အဘိုး အဘိုးပြောတာတွေ ကျွန်တော် တစ်ခုမှ နားမလည်တော့ဘူး” “ဒီလိုဆရာရေ” နွေညကျိန်စာ – ဇာတ်သိမ်းပိုင်း အဘိုးစိန်က ကျွန်တော့်ကို တစ်ခုခု ပြောရန်ပြင်လိုက်ပြီးမှ ကိုသီးအား တည့်တည့်ကြည့်ကာ “မောင်သီး … ကိစ္စအထွေအထူး ရှိသလား” ဟုမေးလိုက်သည်။

“မရှိဘူး အဘိုး … ဆရာ့ကို လိုက်ပို့တာပဲ။ ဒီရောက်တော့ ထူးဆန်းနေလို့” “မောင်သီး ကိစ္စမရှိရင် ပြန်တော့ … ဆရာ့ကို ငါပြောစရာရှိတယ်” “ဘာဖြစ်လဲ ပြောပေါ့ အဘိုး … ကျွန်တော်ရှိတော့ ဘာဖြစ်သလဲ” “မောင်သီး တစ်ခုပဲပြောမယ် … မင်း ပြန်မလား … ဒါမှမဟုတ် ဆရာနဲ့ငါ တစ်နေရာမှာ စကား သွားပြောရမလား … ဆရာကလည်း ကျုပ်ပြောတာကို နားထောင်ချင်မလား” “ကိုသီး ပြန်ပါဗျာ … ကျွန်တော် လိုက်လာခဲ့မယ်။ ပြန်ရောက်မှ ထမင်းစားမယ် ဟုတ်လား” ကိုသီးက မကျေမနပ်နှင့် စောင်းတောင်းတောင်းကြည့်ကာ ကျောင်းထဲက ထွက်သွားသည်။ ကိုသီး မရှိတော့မှ ဘိုးစိန်က ကျွန်တော့်ကို “ဆရာ … ကျောင်းပေါ်ကို ကြွပါ” “ဆရာတော်နဲ့ တွေ့ဖို့လား” “ဆရာတော် မရှိဘူး။ မနက်ဖြန် တောင်ဝိုင်းလေးမှာ ဆွမ်းကျွေးရှိလို့ သွားတယ်။ လာပါ … ကျုပ်နောက်ကို လိုက်ခဲ့စမ်းပါ” ဘုန်းကြီးကျောင်းက ရှေးဟောင်းကျောင်းကြီးဖြစ်သည်။

ကျောင်းပေါ်တွင် ကိုရင်ကြီးတစ်ပါးကိုတွေ့ရသည်။ ဘိုးစိန်က ကိုရင်ကြီးကို “ကိုရင်ကြီး ရွာထဲကို ဆွမ်းချိုင့် သွားပို့ရတော့မယ်လေ” ဟုပြောလိုက်သည်။ ကိုရင်ကြီးက မီးဖိုချောင်ထဲဝင်သွားပြီး ဆွမ်းချိုင့်ကိုကိုင်က ကျောင်းပေါ်က ဆင်းသွားသည်။ ဘိုးစိန်က ကျွန်တော့်ကို အခန်းတစ်ခန်းရှေ့ခေါ်သွားသည်။ “ဆရာ ကျုပ်တစ်ခု စမ်းသပ်ချင်လို့ပါ” “ဘာများလဲဗျ” “ဒီအခန်းတံခါး ဖွင့်ရမယ်။ ဖွင့်ရမယ့် သော့က မရှိဘူး။ ဒီအခန်းကို ပိတ်ထားတာ နှစ်ကြာပြီ။ ဒီသော့ကို ဟိုးအရင် ကျောင်းထိုင် ဆရာတော်ကြီးက ဘယ်မှာ ထားသွားသလဲ မသိဘူး။ မဖွင့်ဖို့လည်း မပျံလွန်ခင် ကတည်းက သေသေချာချာ မှာသွားတယ်။ တကယ်လို့ ဖွင့်နိုင်တဲ့သူလာရင် သူ့အလိုလို ပွင့်မယ်လို့ ပြော သွားတယ်” “ဘာဖြစ်လို့ မဖွင့်ရတာလဲအဘိုး” တံခါးကြီးက ရှေး ကျွန်းတံခါးကြီးဖြစ်သည်။ တံခါးမျက်နှာစာနှစ်ဖက်တွင် တစ်ဖက်က နဂါး၊ တစ်ဖက်က ဂဠုန်ပုံ ထွင်းထားသည်။ နဂါးက မာန်ဖီနေသည်။ ဂဠုန်က လက်ပိုက်ပြီးကြည့်နေသည်။ ပန်းပုတွေက လက်ရာ မြောက်လွန်းလှသည်။ “ရှေးလက်ရာတွေလားအဘိုး” “ရှေးလက်ရာတွေပဲ” ကျွန်တော်က တံခါးကို ပိတ်ထားသည့် သော့ခလောက်ကြီးကို ကိုင်ကြည့်လိုက်သည်။ ကြေးသော့ခလောက် အဝိုင်းကြီးဖြစ်သည်။ “အဘိုး သည်တံခါးကို ဖွင့်တာ တစ်ခါမှ မတွေ့ဖူးဘူးလား” “လူလေး ဝင်သွားပြီးကတည်းကဆိုပါတော့” “လူလေး ဆိုတာက” “မောင်ရန်နိုင်ကိုပြောတာ” “သူက ဒီထဲမှာပေါ့။

တစ်ခါမှ မထွက်လာတော့ဘူးပေါ့ ဟုတ်လား” “ဆရာ သော့ကိုဖွင့်ဖို့ ကြိုးစားကြည့်ပါလား … ဒီည မောင်ရန်နိုင် လွတ်မြောက်ဖို့ အရေးကြီးနေတယ်။ လပြည့်ည အကျွတ်အလွတ်ပွဲကို သူ မတက်နိုင်ရင် မိုးသီနဲ့ ထာဝရလွဲသွားမယ်” “သူ့ကို ဘယ်သူဖမ်းထားတာလဲ” “အရင် ဆရာတော်ကြီးက သူ့တပည့်ကို မိုးသီနဲ့ မတွေ့ရအောင် ဒီအထဲမှာ ပိတ်ထားခဲ့တာ” မောင်ရန်နိုင်ဆိုသည်မှာ ဆရာတော်ကြီး၏ တပည့်တစ်ဦးဖြစ်သည်။ ဆရာတော်ကြီးက ရှမ်းပြည်ဘက်မှ ဆင်းလာပြီး ဤအရပ်တွင် သာသနာပြုရန် ရောက်လာစဉ်က မောင်ရန်နိုင်သည် ဆရာတော်ကြီးနှင့် ပါလာခြင်း ဖြစ်သည်။ သွားလာရင်း မိုးသီနှင့်ဆုံမိကြသည်။ သို့သော် ပေါင်းဖက်နိုင်ရန် မဖြစ်နိုင်သောကြောင့် ဆရာတော်ကြီးက မောင်ရန်နိုင်အား အခန်းထဲထည့်ပိတ်ထားခြင်းဖြစ်သည်။ “ပေါင်းသင်းဖို့ မဖြစ်နိုင်ဘူးဆိုတာက ဘာကိုပြောတာလဲအဘိုး” “ဆရာ … ဆရာ့မှာ အစွမ်းတစ်ခုရှိနေတယ်။ အဲဒါက ပရလောကသားတွေကို မြင်နိုင်စွမ်းပဲ။ ကျုပ်တို့တောင် ဆရာတော်ကြီးက ပေးထားတဲ့ ဆေးကို မျက်လုံးမှာ ကွင်းပြီးမှ မြင်တယ်။ ဆရာကတော့ ထူးခြားတယ်။

အားလုံးကို မြင်တယ်။ အမှန်အတိုင်းပြောမယ်။ မော်ဖူးတစ်ရွာလုံးက သေကုန်ပြီ။ ဒါပေမဲ့ သူတို့ မကျွတ်ဘူး။ သူတို့ဘာသာ တစ်ရွာတည်နေကြတယ်။ မောင်ရန်နိုင်လည်း ဆရာ့လို အစွမ်းရှိတယ်။ အဲဒါကြောင့် ပရလောက သားတွေ အားလုံးကို မြင်တယ်။ ဒါကြောင့်လည်း မိုးသီနဲ့ ဆုံတာ” “အဘိုးရယ် တိုက်ဆိုင်လိုက်တာ” “ဒါကြောင့် ကျုပ်ကပြောတာ ဆရာဟာ မောင်ရန်နိုင်ဝင်စားတာပဲ ဖြစ်ရမယ်” “ဒါဆိုရင် မောင်ရန်နိုင်ဆိုတာ သေပြီပေါ့” “မောင်ရန်နိုင်ဟာ ဒီအခန်းထဲမှာပဲ သူ့ကိုယ်သူ သတ်သေခဲ့တယ်” “ဘာကြောင့်များလဲ အဘိုး” “သူ့ ဒီဘဝမှာ မပေါင်းနိုင်တဲ့ ချစ်သူကို နောင်ဘဝမှာ အတူပေါင်းမယ်ဆိုပြီးတော့ပေါ့” “အဘိုးစိန် … ကျွန်တော် တစ်ခုပြောပါရစေ။ ကျွန်တော် ဒါတွေကို အယုံအကြည် သိပ်မရှိဘူး။ ဒါပေမဲ့ ကျွန်တော် ပရလောကသားတွေကို မြင်ရတယ်ဆိုတာကိုတော့ ဝန်ခံတယ်။ ဒါပေမဲ့ အဲဒီလို မြင်ရတာကလည်း ကျွန်တော့်အတွက် သိပ်အထူးအဆန်း မဟုတ်တော့ဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့က အကူအညီတစ်ခုခု လိုအပ်ရင် ကျွန်တော်နဲ့ တိုက်ဆိုင်ရင် အကူအညီတောင်းတတ်ကြတယ်။ သူတို့တောင်းတဲ့ အကူအညီကို ကျွန်တော် ပေးတယ်။ ဒီလောက်ပဲအဘိုး” “လူလေးမောင်ရန်နိုင်ကို ဆရာကယ်မှရမယ်။ ဆရာတော်ကြီးက သူ့တပည့်ကို မိုးသီတို့နဲ့ ပါမသွားစေချင်လို့ ဒီမှာ ပိတ်ထားခဲ့တာ။ အဲဒါ ဆရာပဲ ကယ်ထုတ်နိုင်မယ်။ ပြီးတော့ ကျွန်တော်လည်း မောင်ရန်နိုင် ကျွတ်ရင် ဒီကျောင်းမှာ ဒုက္ခခံနေရတာ ကျွတ်ပြီ။ ဆရာရောက်လာအောင် ကျွန်တော် နှစ်ပေါင်းများစွာ စောင့်နေရတယ်။ အဲဒါ မောင်ရန်နိုင်ကြောင့်ပဲ” “ကျွန်တော် ဘာလုပ်ပေးမယ်လို့တော့ ကတိမပြုနိုင်သေးဘူးအဘိုး။

ကျွန်တော် အဘိုးပြောတဲ့ တံခါးကို ဖွင့်နိုင် မလား၊ မဖွင့်နိုင်ဘူးလား မပြောနိုင်သေးဘူး” “ကြိုးစားကြည့်ပါဆရာ … ဒီညဟာ ကျွန်တော်တို့အတွက် အရေးကြီးနေပါတယ်။ အကျွတ်အလွတ်ပွဲမှာ မောင်ရန်နိုင်ဟာ ယက္ခလက်စွပ်ကို မဝတ်နိုင်ဘူးဆိုရင် နောက်ဘုရားပွင့်ချိန်အထိ ဒီမှာပဲ ဝဋ်ခံနေရလိမ့်မယ်။ တကယ်လို့ ဒီည မိုးသီနဲ့ ဆုံနိုင်မယ်ဆိုရင် မောင်ရန်နိုင်ဟာ ကျုပ်တို့ ယက္ခဂိုဏ်းကို အုပ်ချုပ်ပြီး ဗိုလ်လုပ်နိုင်လိမ့်မယ်” “ဗိုလ်လုပ်တော့ ဘာဖြစ်မှာလဲအဘိုး” “ဆရာ လောကမှာ မကောင်းသူပယ်၊ ကောင်းသူကယ်နိုင်တာ ပရလောကမှာလည်းရှိပါတယ်။ ဆရာက ကျွန်တော်တို့ ရှာနေတဲ့ လက်စွပ်ကို ဖော်ထုတ်နိုင်ခဲ့တယ်။ အမှန်တော့ မောင်ရန်နိုင်ကို ကယ်တင်ဖို့ ဆရာ့ကို မိုးသီက ဒီကိုလွှတ်လိုက်တာပါ” “အဘိုးတို့က မိုးသီကို ဘာဖြစ်လို့ သခင်မလေးလို့ ခေါ်တာလဲ” “သခင်မကြီးရဲ့ အနွယ်တော်ပဲလေ” “အဘိုးကရော ဘာဖြစ်လို့ မိုးသီတို့နဲ့ အဆက်အသွယ်ရှိနေတာလဲ” “ဒါတွေကိုနောက်မှပြောမယ်။ ကိုရင်ကြီး မရောက်လာခင် တံခါးဖွင့်ဖို့အရေးကြီးတယ်။ လုပ်ပါဆရာ” ကျွန်တော်က တံခါးမှ သော့ခလောက်ကြီးကို ကိုင်ကြည့်လိုက်သည်။

“အဘိုး ဖွင့်ကြည့်ဖူးလား” “ဖွင့်ကြည့်ဖို့နေနေသာသာ အနားတောင်မကပ်ခဲ့ဘူး” သော့ခလောက်ကြီးက လက်တစ်ဝါးစာလောက်ရှိသည်။ လက်နှင့်ဆကြည့်ရာ အလွန်လေးသည်။ သော့မရှိဘဲ ဖွင့်ရန်ဆိုသည်မှာ ခက်ခဲမည်။ မျောက်လက်ကလည်း အတော်လေး ခိုင်ခံ့သည်။ ကျွန်တော်ကဆွဲကြည့်သည်။ လှုပ်ပင်မလှုပ်။ “အဘိုး ဆရာတော်ကြီးရှိစဉ်က တစ်ခုခု ထူးထူးခြားခြား ပြောသွားတာများ မှတ်မိသေးလား” “သိပ်သတိမထားမိဘူးဆရာ” “သော့က ဒီအနီးတစ်ဝိုက်မှာပဲ ရှိမယ်ထင်တယ်အဘိုး” “ဒီမှာလည်း ရှင်းနေတာပဲ” “တစ်ခုခု စဉ်းစားစမ်းပါဦး အဘိုးရယ်” “နေဦး ဘုရားစင် ပလ္လင်မှာ ထူးခြားတာရှိတယ်။ ဆရာလိုက်ဖတ်ကြည့်ပါလား” အဘိုးက ကျွန်တော့်ကို ပလ္လင်ဆီသို့ခေါ်သွားသည်။ ပလ္လင်တွင် အလှူရှင်အမည်များကို ရေးထားသည်။ စက်ပိုင်သူဌေးကြီး ဦးငှက် ကျောင်းအစ်မ ဒေါ်မင်း သားသမီးများဖြစ်ကြသော မောင်နှုတ်၊ မသီး၊ မောင်လှန် တို့ကောင်းမှု နတ်လူသာဓုခေါ်စေသော် ဆိုသည့် စာတန်းကိုတွေ့ရသည်။ ကျွန်တော်က ပြုံးလိုက်မိသည်။ “ဆရာ ဘာကိုပြုံးတာလဲ” “လူထဲမှာ ဦးငှက်လို့ ပေးတဲ့ အမည်မျိုး ကြားဖူးသလားအဘိုး” “ရှေးက ရှိချင်ရှိမှာပေါ့ကွယ်” “မဟုတ်ဘူးအဘိုး … ဒါ တံခါးဖွင့်ဖို့ဝှက်စာပဲ” “ဘယ်လိုများလဲဗျာ” “ဦးငှက်နဲ့ ဒေါ်မင်းကို ပေါင်းကြည့်ရအောင်။ ငှက်မင်းဆိုတာ ဂဠုန်ကိုပြောတာပဲအဘိုး ရိုးရိုးလေးပါ။ သားသမီးတွေ အမည်ကလည်း မောင်နှုတ်၊ မသီး၊ မောင်လှန်တဲ့လား။

အတော်ရှားတယ်။ တစ်ခုချင်း ဖတ်လိုက်ရင် နှုတ်သီးကိုလှန်ခိုင်းနေတာ။ ဂဠုန်ငှက်ရုပ်ရဲ့ နှုတ်သီးကို လှန်မယ်အဘိုး” “လာကွယ် လုပ်ကြည့်ကြတာပေါ့” ကျွန်တော်က တံခါးပေါ်မှ ဂဠုန်သစ်ထွင်း ပန်းပုရုပ်ကြီး၏ နှုတ်သီးကို ပွတ်ကြည့်လိုက်သည်။ နှုတ်သီးက ဖောင်းကြွဖြစ်ပြီး အပြင်ကို ငေါထွက်နေသည်။ ကျွန်တော် နှုတ်သီးကို လှန်လိုက်သည်။ အထဲက တစ်ခုခု လျှောခနဲ အောက်ကို ထွက်ကျလာသည်။ သတိထားနေသော ကျွန်တော်က ဖမ်းလိုက်သည်။ သော့တစ်ချောင်း ဖြစ်နေသည်။ “ဟာ … သော့ပဲဗျ … ကဲ … အဘိုး … တွေ့လား သော့ရပြီ” “ဒါကြောင့် မိုးသီသခင်မလေးက ဆရာ့ကို ဒီလွှတ်လိုက်တာပါခင်ဗျာ” “ကဲ ဖွင့်ကြည့်ကြသေးတာပေါ့” ကျွန်တော်က သော့တံကို သော့ခလောက်ကြီးထဲထည့်ပြီး လှည့်သည် “ချောက်” သော့ခလောက်က မပွင့်ပါ။ ကျွန်တော် နောက်တစ်ချက် ထပ်လှည့်သည် “ချောက်” သော့ခလောက်ကြီးက ပွင့်သွားသည်။

ကျွန်တော်က သော့ကို သတိထားပြီးဖြုတ်သည်။ မျောက်လက်ကို ဆွဲပြီးဖယ်လိုက်သည်။ “အဘိုးစိန်ရပြီ … တံခါးကို ကျွန်တော် ဖွင့်ရမှာလား” “ဆရာပဲ ဖွင့်ရမှာပါဗျာ” ကျွန်တော်က တံခါးကို ဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်သည်။ “ဝုန်း” “အမလေးဗျာ” ကျွန်တော် သတိရသည့်အခါ မှောင်မည်းနေသည်ကို ရင်ဆိုင်လိုက်ရသည်။ ကျွန်တော့် ခေါင်း နောက်စေ့က နာနေသည်။ စမ်းကြည့်လိုက်သည့်အခါ လက်ထဲတွင် စေးကပ်ကပ်ဖြစ်နေသဖြင့် နမ်းကြည့် လိုက်ရာ သွေးနံ့ နံနေသည်။ ကျွန်တော် ခေါင်းပေါက်သွားသည်။ တစ်ယောက်ယောက်က ကျွန်တော့် ခေါင်းကို ရိုက်ထည့်လိုက်သောကြောင့် ကျွန်တော်မေ့သွားခြင်းဖြစ်မည်။ ကျွန်တော်က နောက်ဘက်ကို ထိုင်လျက်ဆုတ်ပြီး ရွှေ့လိုက်သည်။ မျက်လုံးကို ကျင့်သားရအောင် လုပ်ရသည်။ အခန်းထဲ၏ အပေါ်ဘက် မျက်နှာကြက်နှင့် ကပ်လျက်နေရာတွင် မှန်တစ်ချပ်ရှိသည်။ ထိုမှန်ချပ်က လရောင်လိုလို အလင်းကဝင်နေသော်လည်း မှိန်လွန်းသည်။ နောက်ကိုစမ်းလိုက်သည့်အခါ တံခါးဖြစ်သည်။ ကျွန်တော် တံခါးကို တွန်းကြည့်သည်။ တံခါးကို အပြင်က ပိတ်သွားသည်။

ကျွန်တော်ကြိုးစားပြီးတွန်းသည်။ “အပြင်မှာ လူရှိလား … ဟေး … အပြင်မှာ လူရှိသလား။ အဘိုး … အဘိုးရေ” ကျွန်တော်အော်နေသော်လည်း ဘာမှတုံ့ပြန်ခြင်းမရှိ။ မျက်နှာရှေ့က ဖျတ်ခနဲတစ်ခုခုရွေ့သွားသဖြင့် လန့်သွား သည်။ အလင်းတန်းလေးကို အားပြုပြီး ကြည့်လိုက်သည်။ လင်းနို့တစ်ကောင်ဖြစ်နေသည်။ “ဝုန်း … ဝုန်း … ဝုန်း” ကျွန်တော်က တံခါးကို ထုနေမိသည်။ မောလာသဖြင့် ထိုင်ချလိုက်မိသည်။ အခန်းထဲက အနံ့အသက်တွေလည်းမကောင်း။ လင်းနို့ချေးနံ့တွေလိုလို ရနေသည်။ “အထဲက ဘယ်သူလဲ … အထဲမှာ လူရှိနေသလား” “ရှိတယ် … ဘယ်သူလဲ … အထဲမှာ ပိတ်မိနေတယ်။ တံခါးဖွင့်ပေးပါ” “ဒီတံခါးက ဖွင့်လို့မရဘူး … နေဦး တံခါးက သော့မရှိတော့ပါလား။ ခဏလေး ဖွင့်ကြည့်ဦးမယ်” တံခါးက ပွင့်သွားသည်။ ကိုရင်ကြီးက မီးခွက်ကိုကိုင်ထားသည်။ “ဟာ … ဘိုးစိန်နဲ့ ပါလာတဲ့ ကျောင်းဆရာမဟုတ်လား” “တင်ပါ့ … ဘိုးစိန် ဘယ်မှာလဲ … တပည့်တော်ခေါင်းကို ရိုက်သွားတယ်။ တံခါးကိုလည်း ပိတ်သွားတယ်” “ဒီတံခါးသော့ ဘယ်ရောက်သွားပြီလဲ … ကျုပ်တစ်သက် တံခါးဖွင့်ရမယ်လို့ မထင်ထားဘူး” “ဘိုးစိန် ဘယ်မှာလဲ” “အောက်မှာ ရှိမှာပေါ့” ကျွန်တော်က ကျောင်းအောက်ကိုပြေးဆင်းလိုက်သည်။

ဘိုးစိန်နေသော အခန်းကို ဝင်ကြည့်လိုက်သည်။ ဘာမှမတွေ့ရ။ အပြင်ကို ပြန်ထွက်လိုက်သည်။ သူ့အခန်းဝတွင် စာတစ်စောင် ထရံကြား၌ ထိုးထားသည်ကို တွေ့လိုက်ရသည်။ “ကျောင်းဆရာ ကျေးဇူးပါပဲ မောင်ရန်နိုင်နဲ့ကျုပ် လွတ်မြောက်ပြီ တိုင်းပြည်ကို ကယ်တင်ဖို့ လူလိုသည် မလွှဲသာလို့ ဆရာ့ကိုရိုက်ပြီး တံခါးပိတ်ထားခဲ့ရသည် ခွင့်လွှတ်စေချင်သည် မောင်စိန်” ကျွန်တော်က စာကိုဖတ်လိုက်ပြီး ကိုရင်ကြီးကို “ကိုရင်ကြီး ဘိုးစိန် ဘယ်သွားသလဲ” “မသိဘူးလေ … ပြန်လာတော့ တစ်ကျောင်းလုံး တိတ်နေတာ” အပြင်တွင် မှောင်နေသည်။ ကျွန်တော်မည်မျှကြာအောင် မေ့နေသည်မသိ။ ရွာထဲကို ပြန်လာပြီး ကိုသီးတို့ အိမ်ပေါ်ကို တက်လိုက်သည်။ “ဆရာ … ကြာလိုက်တာ … ဘယ်သွားနေသလဲ” “ကိုသီး … ဘယ်အချိန်ရှိပြီလဲ … နေဦး ကျွန်တော့်နာရီ” ကျွန်တော်က ကျောပိုးအိတ်ထဲက လက်ပတ်နာရီကို သွားယူကြည့်လိုက်သည်။ ၁၁ နာရီကျော်နေပြီ “ကိုသီး … ကျွန်တော် မော်ဖူးကိုသွားချင်တယ်” “ဟာ … ကြံကြံဖန်ဖန်ဆရာရယ် … ဒီအချိန်ကြီးကို” “အရေးကြီးတယ်။ ကျွန်တော် မော်ဖူးကို ဒီညသွားမယ်။

ထိန်ဝင်းရော” “ကောင်လေး အိပ်နေပြီလေ … ဆရာ အပမှီလာသလား။ ဒီအချိန်ကြီး မော်ဖူးရွာပျက်ကိုသွားဖို့ ဆရာမို့ ပြော ထွက်တယ်” “ကိုသီး … လာပါဗျာ … လိုက်ခဲ့စမ်းပါ။ သေနတ်ယူ လိုက်ခဲ့စမ်းပါ” “မဖြစ်ဘူးဆရာ … ဆရာ့ကို ဒီအချိန်မှာ ရွာပြင်ထွက်ဖို့ ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ဘူး” “ကိုသီး လုပ်ပါဗျာ … ကျွန်တော် သိချင်တာ တစ်ခုရှိတယ်။ မော်ဖူးကို သွားမှဖြစ်မယ်” ကျွန်တော်တို့ စကားပြောနေစဉ် အဝေးတစ်နေရာမှ မီးတန်းကြီးတွေ တက်လာသဖြင့် ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။ “ဟာ … ဟိုမှာ ဘာတွေ ဖြစ်နေပြီလဲ” ကျွန်တော်တို့ အိမ်ပြင်ကိုထွက်ပြီးကြည့်ကြသည်။ “အဲဒါ ဆရာပြောတဲ့ မော်ဖူးရွာဟောင်းဘက်ကပဲ” “မီးတွေလောင်နေတယ်နဲ့တူတယ်” “ဆရာရယ် … လူမရှိပါဘူး” “ခင်ဗျားက လူမရှိဘူးသာ ပြောနေ ကြားလား တဖောင်းဖောင်းနဲ့ ဝါးပေါက်သံတွေလား၊ သေနတ်သံတွေလား မသိဘူး” တစ်ရွာလုံး လှုပ်လှုပ်ရွရွဖြစ်နေကြသည်။

သိချင်ဇောဖြင့် အားလုံး ထွက်ကြည့်နေကြသည်။ တစ်နာရီလောက် ကြာသည်အထိ ကောင်းကင်တွင် လင်းနေသည်။ ထို့နောက် အလင်းရောင်တွေက မှိန်သွားသည်။ “သူတို့ အောင်ပွဲခံနေတာ ပြီးသွားပြီနဲ့တူတယ် … အားလုံး အမျှ … အမျှ … အမျှ ယူတော်မူကြပါကုန်သော်” “ဆရာ ဘာတွေ ပြောနေတာလဲ” ၁၂ နာရီကျော်သွားပြီ။ ကျွန်တော်က အိမ်ပေါ်ပြန်တက်ပြီး အိပ်ရာထဲ ဝင်လိုက်သည်။ သို့သော် အိပ်မပျော်။ မနက်မိုးလင်းရန်ကို စောင့်မျှော်နေမိသည်။ အရုဏ်တက်ချိန်တွင် ကျွန်တော်က အိပ်ရာကထလိုက်ပြီး အသင့်ပြင်ဆင်ထားလိုက်သည်။ အိမ်ရှေ့ကိုထွက်ပြီး ကြည့်လိုက်သည့်အခါ လှည်းတစ်စီးဖြတ်သွားသည်။ လှည်းပေါ်တွင် ဘုန်းကြီးတစ်ပါးနှင့် လှည်းသမား တစ်ယောက်ပါလာသည်။ ကိုသီးက “ဆရာတော်ဘုရား အစောကြီး ပြန်ကြွလာသလားဘုရား” “အေး … ညက ထူးခြားတာတွေဖြစ်တယ်။ ကျောင်းမှာ တစ်ခုခုဖြစ်နေပြီထင်လို့ ပြန်လာတာ” ကျွန်တော်က “အရှင်ဘုရား တပည့်တော်နဲ့ အဲဒီကိစ္စ ပတ်သက်နေမလားလို့ပါဘုရား။

တပည့်တော်ရှင်းပြပါရစေ” “ဟုတ်လား … ဒကာကြီး လှည်းပေါ်တက်လေ ကျောင်းကိုသွားကြမယ်။ ကျောင်းရောက်မှပြောမယ်” ကျွန်တော်က ကိုသီးကို “ကိုသီးရေ … ဆရာတော်နဲ့ လိုက်သွားဦးမယ်။ ကောင်လေးနိုးလာရင် အသင့်ပြင်ထားလို့။ ပြန်လာရင် ခရီးဆက်မယ်” ကျွန်တော်တို့ ကျောင်းကိုရောက်လာသည့်အခါ ဆရာတော်က ဘုရားခန်းရှေ့တွင် ထိုင်ချလိုက်သည်။ ကိုရင်ကြီးက ရေနွေးလာကပ်သည်။ ကျွန်တော်က ကျောင်းကို ရောက်လာချိန်ကစပြီး ဘိုးစိန်နှင့်တွေ့ခဲ့ရသည်မှစကာ နောက်ဆုံး တံခါးက ပြန်ထွက်လာနိုင်ချိန်အထိ အဖြစ်အပျက်များ အားလုံးကို လျှောက်ထားလိုက်သည်။ ဆရာတော်ကြီးက နားထောင်ရင်း ခေါင်းတညိမ့်ညိမ့်လုပ်နေရာက “အင်း … တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘုန်းကြီးအရင်က ဆရာတော်ဘုရားကြီးက ပြောသွားပြီးသား။ နေဦး ဒကာကြီးက စနေသားဖြစ်ရမယ်” “တင်ပါ့ဘုရား” “ဒါဆိုရင် လိုက်ခဲ့ပါ ဒကာကြီး” ကျွန်တော့်ကို ဆရာတော်ကြီးက ခေါ်ရင်း မှန်အိမ်ကြီးတစ်လုံးကို ထွန်းလိုက်သည်။ ကျွန်တော့်ကို ခေါ်လာ သည်မှာ နဂါး ဂဠုန်တံခါးဆီသို့ဖြစ်သည်။

“တံခါးကြီးကို တစ်နေ့မှာ စနေသားတစ်ယောက် လာဖွင့်လိမ့်မယ်။ အဲဒီနေ့မှာ ရန်နိုင်လွတ်မယ်လို့ ဆရာတော် ဘုရားကြီးက ကျုပ်ကို မိန့်ခဲ့တယ်ဒကာ” ဆရာတော်ကြီးက တံခါးကို ဆွဲဖွင့်လိုက်သည် “နောက်ဆုံးတော့လည်း ကျွတ်ချိန် လွတ်ချိန်ရောက်ရင် ဘယ်သူမှ တားဆီးထားလို့ မရနိုင်ပါဘူး။ အချိန်ဆိုတာ ရောက်လာတာပါပဲ။ အဲဒီအချိန်ကို စောင့်ကြရတာပါပဲ။ ဒကာကြီးကို ဦးဇင်းတစ်ခုပြမယ်” “ဘာများလဲ ဘုရား” “ဟောဒီ ပုံကိုကြည့်လိုက်စမ်း … ဒကာကြီးသိလား” ဆရာတော်ကြီးက နံရံတွင်ချိတ်ဆွဲထားသည့် ပန်းချီကားကြီးတစ်ချပ်ကို မီးအိမ်အားမြှောက်ကာ ပြလိုက်သည်။ “ဟာ” ကျွန်တော် အံ့အားသင့်သွားသည်။ ပန်းချီကားထဲက ဆရာတော်ကြီး၏ ပုံဆိုသည်မှာ ဦးဇင်းတာတေကြီး ဖြစ်နေသည်။ “ဒါ … အရင်ဆရာတော်ကြီးလားဘုရား” “ဟုတ်တယ်” “ဆရာတော်ကြီး ပျံလွန်တော် မူသွားပြီလားဘုရား” “အင်း … ပျံလွန်တာကြာပြီပေါ့” “ဒီရွာမှာပဲလားဘုရား” “မဟုတ်ဘူး မော်ဖူးရွာမှာ … ဆရာတော်ကြီးကို ဒကာကြီးသိလား” “တပည့်တော် ဦးဇင်းတာတေကြီးကို ကောင်းကောင်းသိတာပေါ့ဘုရား” … ******** >>> ပြီးပါပြီ <<< [တင်ညွန့်] ၂၀.၉.၂၀၁၈

Be the first to comment

Leave a Reply

Your email address will not be published.


*