တစ်ဆစ်ချိုးပြေးလမ်း

တစ်ဆစ်ချိုးပြေးလမ်း

တောင်စွယ်တောင်တန်း (၉၉) လုံးရှိသည်ဟု အဆိုရှိသော ငပသုန်ကျွန်းသည် မြေပုံမြို့နယ်၏ တောင်ဘက်စွန်း ဘင်္ဂလားပင်လယ်အော် ကမ်းနံဘေးတွင် တည်ရှိ၏။ ပင်လယ်ရေပြင် ပတ်လည်ဝိုင်းပြီး စိမ်းမြသာယာလွန်းလှသည်။ ဤကျွန်းတွင် ငပသုန်ရွာ ရှိ၏။ ငပသုန်ရွာသားတို့မှာ ပင်လယ်ရေပြင်ကြီးကို အမှီပြုပြီး ပရိယေသနဝမ်းမီးကို ငြှိမ်းသတ်ကြသည်။ ဦးထွန်းစိန်မှာ လှော်ရင်းနစ်ဆိုသလို စီးပွားရေးလုပ်ရင်း အရှုံးသာ အဖတ်တင်ခဲ့သည်။ ကုန်သွယ်မှုခရီးလမ်းတွင် ပိန်းကောလှေကြီး နစ်မြုပ်ခဲ့ရာ စီးပွားရေးပျက်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အဆုံးမတော့ မိသားစုတစ်ခုလုံးကို သယ်မပြီး မိမိမွေးရပ်မြေ ငပသုန်ကျွန်းသို့ ရောက်ခဲ့ရသည်။

သို့သော် ငပသုန်ရွာတွင် အခြေချနေထိုင်သည့် အဆင့်သို့ကား မရောက်ခဲ့။ ရွာနှင့် သုံးမိုင်ခန့်ဝေးသည့် ရွာဟောင်းပြင်တွင် တဲလေးတစ်လုံးထိုးပြီး နေထိုင်ခဲ့ကြသည်။ ဦးထွန်းစိန်တို့ တဲလေး၏ နောက်ဘက်မှာတော့ ငပသုန်တောင်တန်းကြီး၊ အရှေ့ဘက်မှာတော့ ဘင်္ဂလားပင်လယ်အော်၊ တဲရှေ့တွင်တော့ တစ်မိုင်ခန့်ကျယ်ဝန်းသော လခြမ်းပုံကမ်းခြေ။ ကုန်းကလေးနှင့် ပင်လယ်ရေပြင်စပ်ကြားတွင်မူ ဖြူလွလွ သဲဖြူတန်း။ သဘာဝတရားကတော့ နေချင့်စဖွယ်ပင် ဖြစ်သည်။ တဲကလေးက တစ်လုံးတည်းဆိုတော့ ဦးထွန်းစိန်တို့ မိသားစုအတွက် ငေါင်စိစိဖြစ်နေသည်ကတော့ အမှန်ပင်။

“သားကြီး လှမိုး … ဒီကိုလာပါဦးကွ” မြရာပင်ကြီးအောက်တွင် ထိုင်နေရာမှ လှမိုး သူ့အဖေ အနီးသို့ ထလာခဲ့၏။ “တို့မိသားစု ခုလို ရပ်ပြောင်းရွာပြောင်းဖြစ်လာလို့ သား စိတ်ညစ်နေလား” “သား … ရွာပြောင်းလာရတာ စိတ်မညစ်ပါဘူး အဖေ။ သား စာမေးပွဲကျတာကို စိတ်ညစ်တာ” “အဖေ ပြောပြမယ်သား။ ဘဝဆိုတာ ဒီလိုပဲလေ။ လူတွေဟာ ကိုယ့်ဘဝ တိုးတက်ရေးအတွက် သူသူငါငါ လုပ်ကြတာပဲ။ ဒါပေမယ့် ကံတရားက မျက်နှာသာမပေးတဲ့အခါ မျှော်လင့်တိုင်း ဖြစ်မလာကြဘူးပေါ့ကွာ” “မဟုတ်ဘူး အဖေ။ သားညံ့လို့ သားအသုံးမကျလို့ သား စာမေးပွဲရှုံးတာ” “ကဲပါ သားရယ်၊ ဖြစ်ပြီးတာတွေ ပြောနေလို့လဲ ဘာ မထူးတော့ပါဘူး။ ကိုယ့်အမှား ကိုယ်သိရင် နောက် ပြုပြင်ဖို့ လွယ်တာပေါ့ကွာ။ အဖေ သားကို အပြစ်မတင်ပါဘူး။

အခု အဖေတို့ဘဝက ပိုက်ဆံချမ်းသာဖို့ထက် ထမင်း စားရဖို့ကိစ္စကို ရှေ့တိုးဝင်ဖို့ လိုနေပြီ” “ဟုတ်ကဲ့ အဖေ … ပြောပါ၊ သား နားထောင်နေပါတယ်” “ဒီတော့ သားရယ် … ငပသုန်ရွာသားတွေလိုပဲ အဖေ တို့လဲ ပင်လယ်ပြင်ထဲမှာ ပိုက်ချ မျှားချ လုပ်ရလိမ့်မယ်” ဦးထွန်းစိန်၏ မျက်နှာသည် မှုန်မှိုင်းနေသည်။ “အဲဒါ သားပါ အဖေနဲ့အတူ ပင်လယ်ထွက်ရမယ်” ဦးထွန်းစိန်အနေဖြင့် ဘဝ၏ စေခိုင်းချက်အရ မပြောမဖြစ်၍သာ ပြောရသော်လည်း သားအတွက် ရင်ထဲတွင် ဆို့နင့်နေသည်။ “သားလဲ အဖေ့နောက်ကလိုက်ပြီး ပင်လယ်ပြင်ထွက်ဖို့ စိတ်ကူးပြီးသားပါ။ ငါးဖမ်းရင်း စာကျက်မယ် အဖေ။ အခြေအနေပေးတာနဲ့ သား ပြင်ပက ပြန်ဝင်ဖြေမယ်” “အဲသလို ဖြစ်နေရမယ်လေ။ လက်မြှောက်ပြီး အရှုံးပေးတယ်ဆိုတာ ယောက်ျားပီသတဲ့လူတွေရဲ့ အလုပ်မဟုတ်ဘူးလေ” “အခြေခံပညာ အထက်တန်းဆင့်တွေကို ဝိဇ္ဇာ သိပ္ပံ ခွဲလိုက်တော့ သားတို့ ဝိဇ္ဇာတွဲအတွက် သင်္ချာလွတ်သွားတယ် အဖေရဲ့။

အဲဒါ သားအတွက် အခွင့်အရေးပဲ။ ဝိဇ္ဇာတွဲမှာ တစ်ခု တိုးလာတာက ဘောဂဗေဒဘာသာရပ် တိုးလာတယ်။ အဲဒီ ဘာသာတွဲမှာပဲ စာရင်းကိုင်ဆိုတာက ပါလာတယ်။ စာရင်းကိုင်က ဆရာနဲ့ မသင်ရရင် မလွယ်ဘူးအဖေ” “ဒီရွာမှာ သားသိရသလောက် အထက်တန်းပညာကို မပြောနဲ့၊ မူလတန်းအောင်တာတောင် မခင်မေဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့ သိရတယ်” “အေးပေါ့ သားရယ်၊ သောင်းကျန်းသူတွေ ကြီးစိုးတဲ့နေရာ ဆိုတော့လဲ ပညာရေးအလင်းတံခါးတွေ ပိတ်ကုန်တာပေါ့ကွယ်” “ဟုတ်တယ်အဖေ အ. မ. က ရှိတယ် ဆိုပေမယ့် ကျောင်းအဆောက်အအုံရယ်လို့လဲ မရှိဘူး။

ဥပုသ်ဇရပ်မှာ ဆရာတစ်ဦးတည်းနဲ့ မနိုင်မနင်းသင်ပြနေရရှာတာ။ လမ်းပန်းဆက်သွယ်ရေးက ပင်လယ်ရေလမ်းခရီးဆိုတော့ အရမ်းခက်ခဲတာလေ။ ဆရာ လစာတစ်ခါသွားထုတ်ရင် တစ်လခွဲလောက်ကို ကြာတာတဲ့။ ပညာငတ်နေတဲ့ ကလေးတွေကို သား စာပြပေး ချင်လိုက်တာ အဖေရယ်” “သားရဲ့ အနာဂတ်ပညာရေးဟာ ရေးရေးပျပျ မြင်ရသေးတာပဲ သားရယ်” “ဟုတ်ကဲ့ အဖေ၊ သား အားမလျှော့သေးပါဘူး … ကြိုးစားမယ်” “အဖေလဲ ဒီလိုပဲသား။

ဒီကုန်းတန်းကလေးမှာ ဝက် မွေးမယ်၊ ကြက်မွေးမယ်။ သား အမေကြီးနဲ့ ညီမလေးကို တာဝန်ပေးမယ်။ သား ညီလေးတွေကိုတော့ လောလောဆယ် ဘုန်းကြီးကျောင်း အပ်ထားလိုက်မယ်” “ဟုတ်ကဲ့ အဖေ၊ အဆိုးထဲက အကောင်းဆုံးကို ရွေးကြရမှာပဲ။ ပင်လယ်ပြင်ထွက်တိုင်း သား ကျောင်းစာအုပ်တွေ ယူသွားမယ်။ အခြေအနေပေးရင် စာကျက်မယ်” “ဒီလိုမှပေါ့ကွယ်” ဦးထွန်းစိန်သည် သားကိုကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးပစ်လိုက်သည်။ နံနက်ခင်း၏ နွေဦးလေပြေအနော့တွင် သစ်ရွက်ကလေးများ လှုပ်ခတ်သွားကြသည်။ X X X X X X X X X “အောက် … အီး … အီး … အွတ်” ဒေါ်စောမေ လူးလိမ့်ထလိုက်၏။

ခေါင်းအုံးအောက်သို့ လက်ကို ထိုးနှိုက်လိုက်သည်။ ဓာတ်မီးခြစ်ကလေး အသင့်ပါလာ၏။ မီးခြစ်ကလေးကို ခြစ်ပြီး ရေနံဆီမီးခွက်သို့ မီးကူးပေးလိုက်သည်။ မီးခွက်ကလေးကို ကိုင်မြှောက်ပြီး သားကြီး လှမိုးအိပ်ရာသို့ လှမ်းကြည့်လိုက်၏။ “ငါ့သားကြီး မလုပ်တတ် မကိုင်တတ်နဲ့ ဘယ်လောက်ထိ မောပန်းလာလိမ့်မလဲ။ အိပ်နေလိုက်တာ ခြေပစ်လက်ပစ်ပါပဲ။ နှိုးလို့ မဖြစ်သေးဘူး။ ငါ့သားကြီး အားရှိသွားအောင် နည်းနည်း အိပ်လိုက်ပါစေဦး” သံယောဇဉ်စေတသိက်သည် မိခင်၏ နှလုံးသားကို ဖွဲ့နှောင်ရစ်ပတ်နေပေ၏။ မီးခွက်ကလေးကိုချပြီး ချင်းတွင်းနေကြာစောင်လေးကို ပခုံးနှစ်ဘက်လုံအောင် အသာအယာ ဆွဲတင်ပေးလိုက်သည်။

သားမျက်နှာ နုထွတ်ထွတ်ကလေးကို တစ်ချက်စိုက်ကြည့်လိုက်ပြန်၏။ ကျေနပ်သွားဟန်ရှိမှ တဲကလေး၏ ဘေးတွဲမီးဖိုခန်းသို့ ခြေကိုဖော့နင်းပြီး ဆင်းလိုက်၏။ မီးဖိုတွင် မီးမွေးလိုက်သည်။ တော်တော်နှင့် မစွဲ၊ မြောက်ပြန်လေရူးသည် ကြမ်းကြားမှ တိုးဝင်ပြီး ဒေါ်စောမေအား နှောင့်ယှက်နေသည်။ မီးစွဲစပြုသည်နှင့် ညဉ့်ဦးပိုင်းကပင် စပါးလုံးရွေးထားသော ဆန်ဖွပ်ကို ထမင်းအိုးထဲ ထည့်ချလိုက်၏။ အေးစက်လွန်းနေသော စဉ့်အိုးထဲမှ ရေကို မဝံ့မရဲ အသာနှိုက်ခပ်လိုက်သည်။ လက်ထုံကျင်သွား၏။

ပြာသိုလ ညကြီးသန်းခေါင်သည် ဒေါ်စောမေအား သတ္တိကောင်းကောင်း ပြနေပေပြီ။ ဒေါ်စောမေက မမှု၊ ဆန်ရေဆေးပြီး ထမင်းအိုးကို ဖိုခုံလောက်ပေါ် တင်ထားလိုက်သည်။ “အောက် … အီး … အီး … အွတ်” သန်းခေါင်ကြက်က တွန်သံပေးလိုက်ပြန်သည်။ “သားကြီး လှမိုး” ဒေါ်စောမေ၏ ခေါ်သံကြောင့် လှမိုး လှုပ်လှုပ်ရှားရှား ပြုပြီး ခြေဖျားလက်ဖျားကို ဆွဲဆန့်လိုက်သည်။ “သားကြီး နိုးပြီလား၊ သန်းခေါင်ကြက်တွန်နေပြီ။ ငါးစာရှာသွားဖို့ ကောင်းနေပြီကွယ်” လှမိုး အလျင်စလို ထထိုင်လိုက်သည်။

“ရော့သား … ဆန်ရေပူလေးနဲ့ မျက်နှာသစ်လိုက်။ နွေးနွေးလေး အတော်ပဲ” ဒေါ်စောမေသည် ထမင်းအိုးထဲမှ ဆန်ရည်နွေးနွေး လေးကို ခပ်ယူပြီး လှမိုးကို လှမ်းပေးလိုက်သည်။ လှမိုးမှာ မျက်နှာသစ်ပြီး တဲရှေ့ခန်းကလေးသို့ ထွက်လိုက်၏။ တဲခေါင်မိုးပေါ်သို့ တောသရက်ကြီးမှ ဆီးနှင်းပေါက်များ တဖြောက်ဖြောက် ကြွေဆင်းနေကြ၏။ မိုးကောင်းကင်သို့ မော့ကြည့်လိုက်ရာ နှင်းမြူကြားက ထိုးထွက်နေသော လရောင်မှုန်ဝါးဝါးကို မြင်နေ ရသည်။ “သားရေ … ကွန်ပစ်တဲ့အဝတ်တွေ ဒီမှာ။

အမေ ထင်းစင်ပေါ်တင်ပြီး နွှေးထားတယ် ရော့ …. ရော့” ဒေါ်စောမေက ခပ်နွမ်းနွမ်းအဝတ်တစ်စုံကို လှမ်းပေး လိုက်သည်။ လှမိုး အလျင်စလို လဲဝတ်လိုက်၏။ “ကဲ … သွားမယ် အမေ” ဒေါ်စောမေ ခေါင်းညိတ်ပြလိုက်သည်။ လခြမ်းပုံ ကွေ့ဝိုက်နေသော ပင်လယ်ကမ်းစပ်အတိုင်း လျှောက်ရင်း ဆောင်းလေကြမ်းကို ရင်ဆိုင်တိုးလိုက်သည်။ ပင်လယ်တွင်းသို့ ထိုးထွက်နေသော ကျောက်မော်စွန်းအရောက်တွင်တော့ လေတိုးအားက ပိုပြင်းသလို ခံစားလိုက်ရသည်။

တောင်ပေါက်လမ်းတွင် မှောင်မည်းနေသော တောင်ကြားကိုကြည့်ပြီး ကြောက်သလိုလို ဖြစ်သွား၏။ သို့သော် ဘဝပေးအသိကို ထိပ်ပေါ်တင်ပြီး အရဲစွန့် တိုးဝင်လိုက်သည်။ “ညမှောင်မှောင် လမှောင်မှောင် ×××× ကြယ်ရောင်သော် မလင်းတဲ့ ချိန်းခဲ့တဲ့ ညတုန်းကပေါ့ကွယ် ×××× ကိုယ် တစ်ယောက်တည်း မြကန်သာမြက်ခင်းကလေးကို” လှမိုး ရဲဆေးတင်ပြီး သီချင်းတစ်ပုဒ်ကို မတိုးမကျယ် ညည်းလိုက်သည်။ “လှမိုး လားဟေ့” ဗြုန်းခနဲ ထွက်ပေါ်လာသော အသံကြောင့် လှမိုး လန့်သွားသည်။ “ဟုတ် … ဟုတ်တယ်၊ ကိုညိုထွန်းလား” လှမိုး အသံကိုထိန်းပြီး ပြန်မေးလိုက်သည်။ “ဟုတ်တယ်လေ။

လာကွာ … ငါလဲ အဖော်စောင့်နေတာ။ ဒီနေ့ လဆန်း (၁၂) ရက်ဆိုတော့ ရေတက်ဦးနဲ့ ဆောင်းငါးတွေ ပါလာနိုင်တယ်” တောင်ပေါက်ကြားက ထွက်လိုက်သည်နှင့် မှုန်ဝါးဝါး လရောင်အောက်မှာ ညိုညစ်ညစ် လတာပြင်ကြီးက အသင့်ကြိုနေသည်။ လှမိုးနှင့် ညိုထွန်းတို့မှာ တွေဝေမနေကြ။ လတာ ပြင်ထဲသို့ ချက်ချင်းဆင်းလိုက်ကြသည်။ “ရွှံ့ကျွံတာလောက် မှုစရာလားကွာ။ ကဲ … ဖေ့သားကြီး ရုန်းလိုက်စမ်းဟ” ခြေထောက်ကို နင်းချလိုက်တိုင်း ကျွဲခနဲမြည်ပြီး ဒူးခေါင်းလွန်အောင်ထိ နစ်ဝင်သွားသည်။ ပြန်နုတ်ချိန်တွင်တော့ ပျောင်းခနဲ ကျယ်လောင်စွာ မြည်သွားတတ်သည်။ လှမိုးတို့ လျှောက်နေသော လတာပြင်တစ်ဝိုက် ခြေနင်းသံ၊ ခြေနုတ်သံများဖြင့် ဆူညံနေပေတော့သည်။ အကာအရံမဲ့သော လတာပြင်ကြီးကို ဖြတ်သန်းတိုက်ခိုက်လာသော မြောက်လေရူးသည် လှမိုးတို့အား ရိုးတွင်းခြင်ဆီသို့တိုင် အေးစေ၏။

လှမိုးမှာ ဘဝပေးအခြေအနေအရ ကျောင်းလွယ်အိတ်ကို ဝါးနှီးထရံလေးမှာ ချိတ်ပြီး မြစ်ပင်လယ်ထဲသို့ ဆင်းခဲ့ရသည်။ လှမိုးအတွက် မောသည်ကို ပဓာနမထားသလို အေးသည့် ပူသည်ကိုလည်း ဥပေက္ခာပြုတတ်နေပေပြီ။ “မျှားမှာ တစ်စာ … ကွန်မှာ တစ်ချက်တဲ့။ ကဲ …” “ဝှီး … ဖြန်း” လှမိုး ကွန်ကို အားစိုက်ပြီး ပစ်ချလိုက်သည်။ ခဏ ကြာလျှင် ကွန်လက်ကိုင်ကြိုးကို တင်းကြည့်လိုက်သည်။ လှမိုး ပျော်သွား၏။ ကွန်ကွက်စိပ်စိပ်ကလေးများတွင် ဆောင်းငါးကလေးများ ကုပ်စည်းပြီး ဖီးဆိုက်ကျနေကြပေပြီ။ ငါးကလေးများ ကွန်တွင် ငြိနေကြသည့်အဖြစ်သည် ကွန်ဖူးချာကြိုးကို ကိုင်ထားသည့် လှမိုးအဖို့ လက်အရသာရှိလိုက်ပါဘိ။ ငါးကလေးများ တစ်ဖျတ်ဖျတ် ရုန်းခါနေကြရာ ကွန်ဖူးချာကြိုးကပါ လှုပ်ခါ နေ၏။

လှမိုး ကွန်ကို အသာအယာဆွဲယူပြီး အဝကိုစေ့ကာ ရေတွင် တစ်ဖြန်းဖြန်းဆေးလိုက်သည်။ လရောင်ဖြင့် တလဲ့လဲ့ အရောင်ထနေသော ဆောင်းငါးကလေးများကို လက်သုံးချောင်းဖြင့် တစ်ကောင်ချင်း ဆွဲနုတ်ပြီး ခေါင်းပေါ်မှကျော်ကာ ကျောပိုးလွယ်ထားသော ပလိုင်းထဲသို့ ပစ်ထည့်ချလိုက်၏။ ဆောင်းငါးကလေးများမှာ ကြောင်ငိုပလိုင်းဝအတွင်းသို့ စိုက်စိုက်မတ်မတ် ဇောက်ထိုးကျသွားကြသည်။ ရယူလိုမှု လောဘတရားကြောင့်ပဲဟု ဆိုရပေမလား မသိ။

လှမိုးအဖို့ အချိန်ကုန်မှန်းပင် မသိလိုက်။ ကျောပိုးထားသော ကြောင်ငိုပလိုင်းက အသိပေးလိုက်မှပင် လက်ကို ခေါင်းကျော်ပြီး စမ်းကြည့်လိုက်သည်။ မျှားစာ ငါးကလေးတွေ ပလိုင်း လည်ပင်းခိုက်အောင် ပြည့်နေမှကိုး။ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ မိုးသောက် ကြယ်ကြီး ကမ္ဘာမြေပြင်ကို ငုံ့ကြည့်နေပေပြီ။ X X X X X X X X X လှမိုး၏ အပြန်ခရီးသည် ဆန္ဒတရား၏ တွန်းအား ကြောင့်ဟုပဲ ထင်သည်။ အလာထက်တောင် ခြေလှမ်းသွက်နေ၏။

တောင်ပေါက်ကမူလေးကို ကျော်လိုက်သည်နှင့် မြစ်ကမ်းနံဘေး တံငါတဲလေးကို မီးရောင်မှိတ်တုတ် မှိတ်တုတ်ဖြင့် လှမ်းမြင်လိုက်ရသည်။ တဲကလေးရှေ့သို့အရောက်တွင် တဲတွင်းသို့ ငုံ့ကြည့်လိုက်၏။ မီးခွက်ကလေး လင်းထိန်နေသည်။ “အမေ … ပြန်မအိပ်သေးဘူးလား” “အို … သား ပြန်ရောက်ပြီလား၊ ဘယ်ကနေ အိပ်ရမှာလဲ သားရယ်။ သားပြန်လာရင် အဆင်သင့်ဖြစ်အောင်လို့ ထမင်းအိုး ဟင်းအိုးလေးတွေ ထည့်ထားပြီလေ။ သောက်ရေအိုးလဲ ဖြည့်ထားပြီ။ အချိန်ကလေးရတာနဲ့ မနေ့က ချုပ်ရိုးပြုတ်လာတဲ့ ရွက်ထည်ကိုတောင် ပြန်ချုပ်ထားလိုက်သေးတယ်။ အဖေကြီးလဲ ပြတ်လာတဲ့ မျှားကြိုးတွေ၊ ပြုတ်လာတဲ့ ကျောက်ဆူးကြိုးပါ လုပ်စရာရှိတာ အကုန်လုံးလုပ်ထားပြီ” “ကဲ … သားရောက်ရင် အဝတ်အစားလဲ၊ ထွက်ကြမယ်။

တချို့လှေတွေ ထွက်တောင်သွားကြပြီ” ဦးထွန်းစိန် မြစ်ဆိပ်ဘက်သို့ ဆင်းကြည့်ရာမှ ပြန်တက်လာရာ တဲရှေ့သို့အရောက်တွင် သားကို ပြောလိုက်ခြင်း ဖြစ်သည်။ တဲရှေ့တွင် မှီထောင်ထားသော ရွက်နှစ်ဖုံကို ဦးထွန်းစိန် ပခုံးပေါ်ထမ်းတင်ရင်း လှေဆိပ်သို့ ဆင်းသွားသည်။ လှမိုး အဝတ်အစားလဲပြီး တက်များကို ကောက်ထမ်းလိုက်၏။ ငါးမျှားစာလည်း တစ်ပလိုင်းမို့ အနိုင်နိုင်။ “သား … သွားနှင့်တော့၊ ထမင်းတောင်းနဲ့ ရေဘူးကို အမေ ယူလာခဲ့မယ်” လှမိုးသည် အဖေကြီးနောက်သို့ အပြေးကလေးလိုက်သွားသည်။ ဒေါ်စောမေကလည်း ထမင်းတောင်းကလေး တချီချီဖြင့် ထက်ကြပ်မကွာ။

သားအဖနှစ်ယောက်စလုံး မျှားလှေပေါ်ရောက်သည်နှင့် လှေဦးကို မြစ်ပြင်ကျယ်ကြီးသို့ လှည့်ပြီး ရွက်နှစ်ဖုံကို ထောင်လိုက်ကြသည်။ မြောက်ပြန်လေပြင်းသောရာသီမို့ မျှားလှေကလေးမှာ လှိုင်းခေါင်းဖြူများကိုနင်းကာ တရှဲရှဲမြည်သံပေးလျက် ပြေးနေသည်။ ဒေါ်စောမေ လှေကလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ “ဪ … ငါ့သားကြီး ငယ်ကတည်းက ကျောင်းနေခဲ့တာ ဘာမှ အလုပ်ကြမ်းအကိုင်ကြမ်း လုပ်ဖူးရှာတာ မဟုတ်ဘူး။ ငါ့သား စာမေးပွဲ မအောင်လို့ ခုလို ဘဝကြမ်းကြီးထဲ ရုန်းကန်နေရတာ။ မိဘစီးပွားရေးကျပ်လို့ ခုလိုလှုပ်ရှားနေရတာ” ဒေါ်စောမေသည် သားအတွက် တွေးရင်း ဆို့ဆို့နင့်နင့် ခံစားသွားရသည်။ X X X X X X X X X “သားကြီး ဘယ်လိုဖြစ်နေတာလဲဟ။ လှေဦး ဟိုယမ်း ဒီယမ်း မယမ်းစေနဲ့လေ။ နိုင်နိုင်ထိန်းပေးစမ်းပါ” “ဪ … ဟုတ် ဟုတ်ကဲ့၊ ရပါတယ် အဖေ” “သားက ရပါတယ်သာ ပြောနေတာ၊ လှေက မှောက် တာ့မှာ … ဒုက္ခပါပဲ၊ ရွက်ကို လေစားနေတဲ့ဘက်က တက်မကို ရေချပြီး ကန့်ကျိတ်ထားရမယ်လေ” လှမိုးမှာ အဖေကြီးပြောမှပင် ရွက် လေစားနေသည့်ဘက်သို့ တက်မကို ချကိုင်လိုက်သည်။ လှေမှာ ချက်ချင်း ဦးငြိမ်သွားသည်။ လေဖိအားက ကောင်းနေပေရာ လှေမှာ မြူးမြူးကြွားကြွား ပြေးနေသည်။

ပဲ့ကိုင်တာဝန်ကို ယူထားရသော လှမိုးမှာ လက်ဖျံကြောကြီးများ ကြွားထပြီး တဆတ်ဆတ်တုန်ခါ နေအောင်ထိ အားစိုက်ထားရသည်။ ဦးထွန်းစိန်ကတော့ မျှားစာငါးကလေးများကို စဉ်းတီတုံးပေါ်တွင် တင်ပြီး အတုံးကလေးများဖြစ်သွားအောင်ထိ ပိုင်းဖြတ်လိုက်သည်။ တစ်ဆက်တည်းပင် ငါးစာတုံးကလေးများကို ငါးမျှားချိတ်တွင် အစီအရီတပ်ပြီး လှေနံတွင် တန်းစီ၍ ချိတ်တားလိုက်သည်။ “ဆင်ကျိမ်ခွင်ရောက်ပြီ၊ ရွက်ကြိုးလျှော့တော့ သားရေ” လှမိုး လှေပဲ့ပိုင်းထုပ်တွင် ချည်ထားသော နပျံကြိုးကို ဆွဲဖြုတ်လိုက်ရာ ပြေးအားကောင်းနေသော လှေမှာ ဝေါခနဲ ထိုးရပ်သွားသည်။ ကြိုးလျှော့ပြီး တဖြန်းဖြန်းရုန်းခါနေသော ရွက်နှစ်ဖုံကို သားအဖနှစ်ယောက် တစ်ယောက်တစ်ဖုံစီ ဆွဲလိပ်ပြီး ကြိုးဖြင့် စည်းချည်ကာ ရွက်တိုင်ပေါက်မှ ဆွဲနုတ်လိုက်ကြ၏။

“ကဲ … ဦးကျောက်ချမယ်၊ လှေဦးထိန်းထားနော်” ဦးထွန်းစိန်သည် ကြမ်းခင်းကပ်စင်မှ မတ်တတ်ရပ်လျက် တောင်မြောက် ဝဲယာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “ဟုတ်ပြီ … နောင်တော်ကြီး နောင်တော်လေးကျွန်း တွေနဲ့ ဟိုးအရှေ့ဘက်က ကညင်ချိုင်ကျွန်း ထပ်သွားပြီ။ ရပြီ … ရပြီ” ဦးထွန်းစိန်မှာ မိမိသတ်မှတ်ချက်ခွင်ထဲ ဝင်လာပြီမို့ မဒမသားခွတွင် ကျောက်ခဲတွဲချည်ပြီး လုပ်ထားသော ကျောက်ဆူးကို ပစ်ချလိုက်သည်။ လက်ဖျားဖော့အဖြစ် အဆစ်နှစ်ဘက်ပိတ် ဝါးပိုးဖော့ကို ပစ်ချလိုက်သည်။ အစာတပ်ပြီးသား ငါးမျှားချိတ်များကိုလည်း မြစ်ရေပြင်ထဲသို့ တစ်ခုပြီးတစ်ခု ပစ်ချနေ၏။

လှမိုးက အရှိန်ယူ လှော်ပေးရင်း မျှားကြိုးများကို ဆွဲဆန့်ပေးနေသည်။ ငါးမျှားချိတ်အားလုံး ချပြီးချိန်တွင်တော့ ပဲ့ကျောက်ကို ပစ်ချလိုက်ပြီး လက်ကိုင်ကြိုးကို လှေဦးတွင် ချည်ထားလိုက်သည်။ ဦးထွန်းစိန်မှာ လှေကပ်စင်မှ မတ်တတ်ရပ်ပြီး ငါးမျှားတန်းအနေအထားကို အကဲခတ်လိုက်သည်။ မြစ်ပြင်တစ်ခုလုံးတွင်ကား မျှားတန်းလှေကလေးများမှာ လှိုင်းလုံးများကြားတွင် မြုပ်ချည်ပေါ်ချည်။ “ကဲ ထမင်းစားချိန်ပဲ … စားကြမယ်။ ထမင်းစားပြီးတော့ သား စာကြည့်ပေါ့၊ စာအုပ်တွေ ပါလာတယ်မဟုတ်လား” “ပါလာတာပေါ့ အဖေရယ်။ ကျက်စာတွေအားလုံး သား ညက်သလောက် ရှိနေပါပြီ” “ဒီလိုသာ ကြိုးစားရင် သား အောင်မှာပါ” ဦးထွန်းစိန် သားကိုကြည့်ပြီး တစ်ချက် ပြုံးလိုက်သည်။ လှမိုးသည် ထမင်းတောင်းကလေးအတွင်းမှ ထမင်းအိုး၊ ဟင်းအိုးများကို အစီအရီဆွဲထုတ်လိုက်၏။

ဇွန်းကိုလည်း ဟင်းအိုးထဲတွင် အသင့်တပ်ထားလိုက်သည်။ ဦးထွန်းစိန်သည် ထမင်းတစ်ဆုပ်ကို မာကျစ်အောင် ဆုပ်နယ်ပြီး လှေဦးဖျားတွင် ဆွမ်းတော်တင်ထားလိုက်၏။ ပါးစပ်မှလည်း ရွစိရွစိလှုပ်ပြီး ဆုတောင်းပတ္ထနာ ပြုလိုက်သည်။ X X X X X X X X X “လှေဦး မယမ်းစေနဲ့ သားရယ်၊ ငါးတွေ့နေတယ်” ဦးထွန်းစိန်သည် သာလကာ (ငါးပုတ်သင်) များကို မျှားနှစ်ချောင်းကျော် တစ်ကောင်၊ သုံးချောင်းကျော် တစ်ကောင် ဖြုတ်နေရသည်။ ဖြုတ်ပြီး ငါးများကို ရေပက်ခန်းထဲသို့ ပစ်ချလိုက်ပြီးသည်နှင့် ဖြုတ်ပြီးမျှားနေရာတွင် အစာသစ်တပ်ပြီးသား ဖြစ်နေပေတော့သည်။ ဦးထွန်းစိန်မှာ ငါးဖြုတ်နေရာမှ ခပ်ပြုံးပြုံးရယ်ပြီး လှမိုးကို ခဏခဏလှမ်းကြည့်သည်။

လှမိုးကလည်း သူ့အဖေကို ပြန်လည်ပြုံးပြ၏။ လှမိုးတို့အဖို့ ဤနေ့ အကုသိုလ်ကံလိုက်သည်ဟု ဆိုရပေမည်။ မျှားတန်းချက်တိုင်းတွင် ငါးတွေ့သည်။ “ဟာ . . . . နေလုံးကြီးတောင် ဘင်္ဂလားပင်လယ်ကြီးထဲ ငုပ်ဝင်တော့မယ်ကွာ။ ကဲ … ပြန်ကြမှ၊ သူများတွေ ရွက်တိုက်နေကြပြီကွ” လှမိုးတို့သားအဖမှာ အလုပ်တွေ စူးနစ်နေပေရာ အချိန်ကုန်မှန်းပင် မသိလိုက်ကြ။ “အဖေကြီး ရွက်ထောင်မယ်၊ လှေနိုင်နိုင်ထိန်းနော်။ ရမ်းပေါက်လေက စုန်လေထက်ပြင်းတယ်” ရမ်းပေါက်လေ (မွန်းလွဲချိန်များတွင် အနောက်ဘက် ပင်လယ်ပြင်မှ တိုက်ခတ်သောလေကြမ်း) စုန်လေ (နံနက်ပိုင်းအချိန်များတွင် အရှေ့မြောက်အရပ်မှ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသောလေ) “ဟုတ်ကဲ့ အဖေ၊ သား သဘောပေါက်နေပါပြီ” လှမိုးသည် ရွက်နှစ်ဖုံထောင်ထားသော လှေကို ဟိုး ဝေးဝေးက ပျပျမြင်နေရသည့် ငပသုန်ကျွန်းသို့ ဦးလှည့်ပေးလိုက်သည်။ “ဟာ … သား မဆိုးဘူးကွ။

ပဲ့ကိုင် တော်တော်ကျွမ်း နေပြီပဲ။ ဒီလိုပေါ့ကွာ၊ အလုပ်ကို အလုပ်က သင်တာပါပဲ။ စိတ်ဝင်စားရင်တော့ ဘယ်အရာမဆို အောင်မြင်တာပါပဲ” ဦးထွန်းစိန်နှင့် လှမိုးတို့ သားအဖနှစ်ယောက် အကြည့်ချင်း ဆုံသွားကြသည်။ “အေး … တစ်ခုတော့ ရှိတယ်။ ဒီရေအလုပ်ဆိုတာ သိပ်လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး။ တို့အနီးမှာ သဘာဝအန္တရာယ်က အမြဲရှိနေတယ်။ အချိန်အခါမရွေး ဒုက္ခတွေ့စေနိုင်တယ်။ ဒါကြောင့် တို့အလုပ်က အသက်နဲ့ရင်းပြီး လုပ်စားရတဲ့ အလုပ်ဆိုတာကိုတော့ မေ့ထားလို့ မရဘူးပေါ့ သားရယ်” ဦးထွန်းစိန်သည် စကားလည်း ပြောနေသည်။ အလုပ်လည်း လုပ်နေသည်။ ငါးများကို နှစ်ခြမ်းခွဲပြီး အူသည်းနုတ်ကာ မြစ်ရေပြင်တွင် ဆေးကြောနေသည်။ လှမိုးကတော့ ရွက်ကုန်ဖွင့်ကာ ပဲ့ကိုင်ပေးလျက် ရှိ နေသည်။

“တစ်ခုတော့ သတိထားရတယ်ကွ။ တို့ ရေလုပ်သားတွေအနေနဲ့ အန္တရာယ်တစ်ခုခု ကျရောက်လာပြီဆို သတ္တိရှိရတယ်။ ခွန်အားသုံးရတယ်၊ နည်းပရိယာယ်ကြွယ်ဝရတယ်။ ဒါ သိပ် အရေးကြီးတယ်နော် သား” ဦးထွန်းစိန်သည် လှမိုးဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဟုတ်ကဲ့ အဖေ၊ သား နားထောင်နေပါတယ်” နီရဲဝိုင်းစက်နေသော သွေးဆီခဲကြီးကား ပင်လယ်ပြင် မိုးကုတ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးသွားခဲ့ပေပြီ။ လှမိုးသည် လှေကို လခြမ်းသဏ္ဌာန်သောင်စပ်သို့ ယက်လှိုင်းကလေးနှင့်အတူ ထိုးဝင်လိုက်၏။ သဲသောင်ပြင်မှ ခပ်သွက်သွက်ပြေးဆင်းလာကြသော အမျိုးသမီးနှစ်ဦးကို လှမိုး လှမ်းကြည့်လိုက်သည်။

“ဟာ … အမေနဲ့ ညီမလေး” လှမိုးတို့ သားအမိတွေ အပြုံးချင်း ထိတွေ့သွားကြ၏။ “ဒီနေ့ ဘယ်လောက်လဲ သား” “ကောင်ရေ ၃ဝဝ အောက် မနည်းဘူး ထင်တာပဲ အမေ” “ဟ … တယ်ဟုတ်ပါလား၊ ဒီနေ့ရောက်တဲ့ လှေထဲမှာ ဒီသားအဖက ပထမပဲ” ဦးထွန်းစိန်ကပါ ခပ်မော့မော့ ဝိုင်းကူရယ်မောပေး လိုက်သည်။ – ပြီး – စာရေးသူ – ကျွန်းစဉ်မြေစောခက် စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0

Be the first to comment

Leave a Reply

Your email address will not be published.


*