အောင်မြတ်သာနှင့်ငါးလောင်းပြိုင်သေဆုံးမှု
“ မြိုပြင်ကဘာဘူတိုက်မှာ လူသတ်မှုဖြစ်တယ်တဲ့” ပဲပြုတ်တောင်းကို ခေါင်းပေါ်ကမချခင် လှမ်းပြောလိုက်တဲ့ဒေါ်မနီစကားကြောင့် လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့သူတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။ “ ဒေါ်မနီ ခင်ဗျားသတင်းက သေချာလို့လား” “ သေချာတာပေါ့အေ… ရပ်ကွက်လူကြီးတွေရော.. ရဲတွေရော အိမ်ထဲမှာအများကြီးပဲ… ငါ့ကိုတောင် မဆိုင်သူမကပ်နဲ့ဆိုပြီး မောင်းထုတ်လို့ အဝေးကနေပဲကြည့်ခဲ့ရတယ်” ဒေါမနီစကားကြောင့် လက်ဖက်ရည်သောက်နေတဲ့ သူတွေအကုန်နီးပါး မြို့ပြင်ကဘာဘူတိုက်ရှိရာ ဘက်ကိုထွက်သွားခဲ့ကြတယ်။ ဘာဘူတိုက်ဆိုတာက ရှေးယခင်က ဘာဘူကုလားတစ်ယောက်ပိုင်တဲ့တိုက်ဖြစ်ပြီး လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ တိုက်ကို ရောင်းချပြီး အိန္ဒိယကိုပြန်သွားခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် တိုက်ကိုပိုင်ဆိုင်ခဲ့ကြ ပေမယ့် မြို့ထဲက လူတွေကတော့ အဲဒီတိုက်ကို ဘာဘူတိုက်လို့သာခေါ်ဆိုခဲ့ကြတယ်။
“ ဘာဘူတိုက်မှာ အခုနေတဲ့သူတွေက ပြင်ပကလူတွေနဲ့သိပ်ပြီး အရော၀င်တာမတွေ့မိဘူးနော်” လမ်းလျောက်နေရင်းပြောလိုက်တဲ့ စိန်မြင့်စကားကြောင့် ဘေးကနေပါလာတဲ့သူတွေထဲကတစ်ယောက်က “ သူတို့က အထက်ဘက်ကနေ ပြောင်းလာတယ်လို့ပဲ သိရတယ်… မြို့အတွက်သာရေးနာရေးကောက်ဖို့ သွားရင်တောင် တံခါးဖွင့်ပေးတာမဟုတ်ဘူး.. အတော်ကို လူမှုရေးခေါင်းပါးတဲ့သူတွေကွာ” “ တစ်ခါတစ်လေ သူတို့အိမ်ရှေ့ကဖြတ်သွားရင် ကလေးတစ်ယောက်နဲ့ အိမ်ဖော်မလေးတစ်ယောက် ဆော့နေတာတော့ တွေ့တယ်… သူတို့ပါ သေတဲ့ထဲပါသွားကြလားမသိဘူးနော်” စိန်မြင့်တို့လဲ စကားတစ်ပြောပြောနဲ့ လမ်းလျောက် လာရာ လူတွေအုံခဲနေတဲ့ ဘာဘူတိုက်ရှေ့ကို ရောက်လာခဲ့တယ်။ “ ကိုသောင်းဒင်… အထဲက လူတွေ ဘယ်လို ဖြစ်သွားကြလဲ” စိန်မြင့်စကားကြောင့် ကြိုရောက်နေတဲ့ ကိုသောင်းဒင်က စိတ်မကောင်းတဲ့မျက်နှာထားနဲ့ “ တစ်အိမ်လုံးအဆိပ်သောက်ပြီး သတ်သေသွားတာလို့ ပြောတယ်ကွ” “ ဟင်… ဒါဆို ဟိုကလေးလေးရော သေသွားတာလား” “ ဟုတ်တယ်… ဘာမှနားမလည်တဲ့ ကလေးကိုပါ ဘာကြောင့်လုပ်ရက်ကြတာလဲမသိပါဘူး” ကိုသောင်းဒင်က သက်ပြင်းတစ်ချက်ချပြီး အိမ်ထဲ ကနေ အဝတ်ဖြူအုပ်ပြီး လူနာတင်ကားပေါ် ဆွဲတင်နေတဲ့ အလောင်းတွေကို ငေးကြည့်နေခဲ့တယ်။
+++++ ညောင်ပင်ရိပ်လက်ဖက်ရည်ဆိုင်ထဲမှာတော့ အရင်ကထက်လူပိုများနေပြီး လူတိုင်းနီးပါးကလဲ သတ်သေသွားကြတဲ့ ဘာဘူတိုက်ကလူတွေ အကြောင်းကိုသာ ပြောနေခဲ့ကြတယ်။ “ တာတီးရေ … ရေနွေးကြမ်းတစ်အိုးချပေးဦး” လက်ဖက်ရည်တစ်ခွက်မှာသောက်ပြီး ရေနွေးကြမ်း သုံးအိုးလောက်ထိုင်သောက်နေတဲ့ စိန်မြင့်တို့ လူစုကို စားပွဲထိုးကောင်လေးက မကြည်သလိုကြည့်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးခရားတစ်လုံးကိုလာချပေးလိုက်တယ်။ “ ကိုသောင်းဒင်… ဘာဘူတိုက်က သေတဲ့လူတွေ အကြောင်းသိပြီးပြီလား” “ ဘာအကြောင်းလဲ လုပ်စမ်းပါဦး” “ အဲဒီအိမ်မှာနေတဲ့သူတွေက ဖားကန့်ဘက်ကနေ ကျောက်အောင်ပြီးဒီမှာလာနေတာလို့ သတင်းကြားတယ်” “ အေးလေ… အဲဒါငါလဲသိတာပဲ…” “ နေစမ်းပါဦး… ကျုပ်ပြောတာမဆုံးသေးဘူး… သူတို့ဘာဘူတိုက်ကိုပြောင်းလာပြီးနောက်ပိုင်း အိမ်ကိုသော့ပိတ်ပြီး ဘယ်မှမသွားတာကိုရော သတိထားမိလား” “ အေးနော်… မင်းပြောမှသတိထားမိတယ်.. ဆက်ပြောပါဦး” “ သူတို့အိမ်မှာ အဝတ်လျော် မီးပူတိုက်လုပ်ပေးနေတဲ့ ဒေါ်ရှာဘီပြောတာကတော့ သူတို့က ဒီအရပ်မှာ လူမသိသူမသိ လာနေတာ အကြောင်းတစ်ခုခုရှိမယ်လို့ပြောတယ်” “ မင်းပြောတာနဲ့ သူတို့သတ်သေတာ ဘာဆိုင်လို့လဲ” “ ကိုသောင်းဒင်စဉ်းစားကြည့်ဗျာ… သူတို့သေတော့ ရဲတွေက ငွေတွေရော လက်ဝတ်လက်စားတွေရော စာရင်းနဲ့သိမ်းသွားတာမြင်တယ်မဟုတ်လား… ဒီလောက်ငွေကြေးဥစ္စာပေါများနေတဲ့သူတွေက ဘာကြောင့် ကိုယ့်ကိုကိုယ်သတ်သေရတာလဲ.. တစ်ခုခု ထူးဆန်းနေတယ်မထင်ဘူးလား” “ မင်းပြောတာက သူတို့က ကိုယ့်ကိုကိုယ်သတ်သေ တာမဟုတ်ပဲ အခြားသူကအဆိပ်ခတ်သတ်သွား တာလား” “ ကျွန်တော်တော့ အဲလိုထင်တယ်… ဒါကလဲ စိတ်အထင်နဲ့ပြောတာဆိုတော့ မှန်ချင်မှလဲမှန်မယ်နော်” “ ဒါပေမယ့် သူတို့အိမ်ထဲကို အပြင်လူဝင်ထွက်တာ မရှိပါဘူး… အိမ်ထဲဝင်တာဆိုလို့ ဒေါ်ရှာဘီ တစ်ယောက်ပဲရှိတာ…သူ့ကိုလဲ ရဲတွေစစ်မေးပြီးလို့ ပြန်တောင်လွှတ်ပေးလိုက်ပြီမဟုတ်လား” “ အဲဒါတော့ ဟုတ်တယ်လေ… ကျွန်တော်တော့ ဒီသေဆုံးမှုကို သမရိုးကျဖြစ်စဉ်လို့ကို မထင်တာ” “ ဟေ့ကောင် စိန်မြင့်… မင်း စုံထောက်ဝတ္တုတွေ အဖတ်များကြီး ငါတို့ကို ဦးနှောက်မပေးစားနဲ့… ငါတို့ထက်အများကြီးအတွေ့ကြုံရှိတဲ့ မှုခင်းရဲ တွေတောင် ကိုယ့်ကိုကိုယ်သတ်သေမှုလို့ ပြောနေတာကို မင်းက ဘာလို့အတွန့်တက်နေသေးတာလဲ” ကိုသောင်းဒင်စကားကို စိန်မြင့်က ဘာမှပြန်မပြောပဲ အေးစက်စပြုနေတဲ့ ရေနွေးခွက်ကိုယူကာ မော့သောက်လိုက်တယ်။
+++++++ “ အူ… ဝူး ဝူး ဝူး….” ဘာဘူတိုက်ဘက်ရှေ့ကနေ စွဲစွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံကြောင့် အိပ်ယာထဲလူးလိမ့်နေတဲ့ ကိုတင်ရီတစ်ယောက် ငုတ်တုတ်ထထိုင်လိုက်တယ်။ “ ဒီခွေးတွေ အတော်သောင်းကျန်းနေပါလား… တင်ရီအကြောင်းသိစေရမယ်” ကိုတင်ရီက လှေကားရင်းမှာ ချိတ်ထားတဲ့ လောက်စာလုံးနဲ့လေးခွကိုယူပြီး အိမ်ရှေ့ဝရန်တာကို ထွက်လာတဲ့အချိန် “ ဟင်… ဘာဘူတိုက်ထဲမှာ လူတစ်ယောက် ဘာလုပ်နေပါလိမ့်” ကိုတင်ရီက လရောင်အောက်မှာ လမ်းလျောက်နေတဲ့ လူတစ်ယောက်ကိုကြည့်ပြီး တစ်ယောက်ထဲရေရွတ်လိုက်တယ်။ “ ကိုတင်ရီ ရှင်မဝင်လာသေးဘူးလား…” “ မိန်းမ ဒီကိုခဏလာဦး” ကိုတင်ရီခေါ်သံကြောင့် မိန်းမဖြစ်သူက ဝရန်တာကို ထွက်လာတဲ့အချိန် “ ဘာဘူတိုက်က ဆင်ဝင်အောက်ကို ကြည့်စမ်း.. လူတစ်ယောက်လမ်းလျောက်နေသလိုပဲ” “ ရှင် ကျွန်မကို မခြောက်နဲ့နော်…” “ အော်… ငါကခြောက်စရာလား.. တကယ်ပြောနေတာ ဟောဟော ပြောနေရင်း အဲဒီလူက အိမ်ထဲဝင်သွားပြီဟ” “ ဘယ်မှာလဲ… ကျွန်မကြည့်နေတာ ဘာမှမမြင်ပါဘူး…” “ ဟာ… ဒီလောက် လူတစ်ယောက်လုံး လမ်းလျောက်နေတာ မင်းမမြင်ဘူးလား” “ တကယ်မမြင်ဘူးရှင့်… ကျုပ်မြင်တာ ခြံရှေ့မှာ အူနေတဲ့ ခွေးတွေပဲရှိတယ်” ကိုတင်ရီလဲ မိန်းမဖြစ်သူစကားကြောင့် စိတ်ထဲမတင်မကျဖြစ်သွားပြီး လောက်စာလုံး ထည့်ထားတဲ့လေးခွကို အားကုန်ဆွဲကာ ခွေးအုပ်ကြားထဲပစ်ထည့်လိုက်တယ်။ “ ငါမြင်လိုက်တာ လူလား သရဲလား…” ကိုတင်ရီက တစ်ယောက်ထဲ တီးတိုးရေရွတ်လိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့ လိုက်တယ်။
+++++ ညကားတစ်ဖြေးဖြေးနက်လာတာနဲ့အမျှ ပတ်ဝန်းကျင်တစ်ခုလုံးကလဲ တိတ်ဆိတ်ငြိမ်သက်လာခဲ့တယ်။ “ ကျွီ….” ဆီခြောက်ခမ်းပြုနေတဲ့ အိမ်တံခါးကနေ ထွက်လာတဲ့အသံကြောင့် ဘာဘူတိုက်ထဲကို ဝင်ဖို့လုပ်နေတဲ့ လူနှစ်ယောက်ရဲ့ ခြေလှမ်းတွေ တိခနဲ ရပ်သွားခဲ့တယ်။ “ ဟေ့ကောင် မောင်အေး… အသံကြားလိုက်လား” “ လေတိုက်လို့ တံခါးဟတဲ့အသံပါကွာ… မင်းကလဲ အရေးထဲလာကြောက်နေသေးတယ်” “ မကြောက်ပါဘူးကွ… စိတ်ထဲနည်းနည်းလေးနေ သလိုဖြစ်လာလို့ပါ” “ ဒီအလုပ်လုပ် လုပ်လာတာလဲကြာလှပြီ… အခုမှ ကြောက်သလိုလို ရွံ့သလိုလိုလုပ်နေတယ်” လက်နှိပ်ဓါတ်မီးတစ်လက်ကို ခါးကြားထိုးထားတဲ့ လူက ဘာဘူတိုက်အဝမှာ ခတ်ထားတဲ့ သော့ကို ကျွမ်းကျင်စွာဖြုတ်လိုက်တဲ့အချိန် အိမ်ထဲကနေ လမ်းလျောက်သွားတဲ့ ခြေသံတစ်ခုကို ကြားလိုက်ရတယ်။ “ ခြေသံတော့ ကြားရပြီ… ငါပြောပါတယ် ဒီလူတွေ အိမ်ကိုစွဲနေပါမယ်လို့” “ ဒါနဲ့ မင်းရတဲ့သတင်းက သေချာလို့လား” “ သေချာတာပေါ့… ရဲစခန်းက ငါ့လူပြောတဲ့ စကားအရဆိုရင် လက်ဝတ်လက်စားအချို့နဲ့ ငွေအချို့ပဲပါလာတာတဲ့…ငါသိထားတဲ့ သတင်းအရဆိုရင် အိမ်ထဲကတစ်နေရာမှာ လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်စိမ်းတုံး ရှိကို ရှိရမယ်” လူနှစ်ယောက်လဲ အိမ်တံခါးကိုဖွင့်ပြီးတာနဲ့ အထဲကိုဝင်လာတဲ့အချိန် နှာခေါင်းထဲကို ပိုးသတ်ဆေးလိုမျိုး အနံ့ပြင်းတဲ့အရာတစ်ခု တိုးဝင်လာခဲ့တယ်။ “ လူမနေတာ လေးရက်လောက်ပဲရှိသေးတယ် တစ်အိမ်လုံးဖုန်တွေကြီးပဲ” လက်နှိပ်ဓါတ်မီးကို ခါးကြားထဲကထုတ်ပြီး ဖုန်တွေတက်နေတဲ့ဗီဒိုကိုထိုးလိုက်တဲ့အချိန် ဗီဒိုထောင့်မှာ သွေးမရှိတဲ့မျက်နှာနဲ့ ခပ်ရို့ရို့လေး ရပ်နေတဲ့ ကလေးတစ်ယောက်ကို မြင်လိုက်ရတယ်။
“မောင်အေး… ဟိုမှာ ဟိုမှာ” “ ငါတွေ့တယ်… သူတို့ဘာသာနေပစေ… ငါတို့လုပ်စရာရှိတာပဲလုပ်” အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ မောင်အေးက သူတို့ကို ရပ်ကြည့်နေတဲ့ ကလေးကို ဂရုမစိုက်ပဲ ဗီဒိုမှာခတ်ထားတဲ့သော့ကို ဖွင့်ဖို့လုပ်နေတဲ့အချိန် “ ငါ့မြေးတို့ ဘာလုပ်နေတာလဲ” ဆိုတဲ့အသံက ဗီဒိုပေါ်ကနေ ခြောက်ကပ်စွာထွက်လာခဲ့တယ်။ ဒီတစ်ခါတော့ မောင်အေး ဆတ်ခနဲဖြစ်သွားပြီး အသံကြားတဲ့အပေါ်ဘက်ကို ဓါတ်မီးနဲ့ထိုးကြည့် လိုက်ရာ ပါးစပ်ထဲကနေ အမြုပ်တစီစီကျနေတဲ့ အဖွားကြီးတစ်ယောက် မျက်လုံးကြီးပြူးပြီး ဆောင့်ကြောင့်ထိုင်ကြည့်နေတာကို သွေးပျက်ဖွယ် မြင်လိုက်ရတယ်။ “ ဟေ့ကောင် ဆန်းနိုင်… ပရိတ်ရေနဲ့ပက်စမ်း” မောင်အေးစကားကြောင့် ဆန်းနိုင်က ခါးကြားထိုးလာတဲ့ ပရိတ်ရေဘူးကို ထုတ်ပြီး ဗိရိုအပေါ်ကို ပက်ဖြန်းလိုက်တယ်။ ပရိတ်ရေထိသွားတာနဲ့ဆောင့်ကြောင့်ထိုင်နေတဲ့ အဖွားကြီးက ဖျတ်ခနဲပျောက်သွားပြီး အိမ်ပေါ်ထပ်ကနေ တောက်ခတ်ကြိမ်းဝါးသံ၊ ခြေဆောင့်သံတွေထွက်လာခဲ့တယ်။ “ အပါးပါး… ဗီဒိုထဲမှာ ဝတ်ကောင်းစားလှတွေ မနည်းမနောပါလား…” မောင်အေးက ဗီဒိုကိုမွှေနှောက်ရင်း လိုချင်တဲ့ပစ္စည်းကိုအသဲအသန်ရှာဖွေနေခဲ့တယ်။ “ ဒီမှာမရှိဘူးကွ… သူတို့ဘယ်မှာထားနိုင်သေးလဲ… စဉ်းစားကြည့်စမ်း” “ သူတို့အိပ်ခန်းထဲကို ဝင်ရှာကြည့်ရအောင်… ငါဆိုလဲ ဒီလိုပစ္စည်းကို ကိုယ့်အိပ်တဲ့နားမှာပဲ ထားမှာ” “ ဒါဆို အပေါ်ထပ်တက်ရဦးမှာပေါ့… ဟိုအဖွားကြီးကို ထပ်တွေ့တာနဲ့ ပရိတ်ရေနဲ့သာပက် ကြားလား” “ အေးပါကွ… အချိန်မရှိဘူး မြန်မြန်လုပ်ရအောင်” မောင်အေးတို့လဲ အပေါ်ထပ်ကို တက်ဖို့လှေကားရင်းဆီကို ထွက်လာတဲ့အချိန် ဆံပင်ကိုမျက်နှာရှေ့ချထားတဲ့ မိန်းမတစ်ယောက်နဲ့ ပါးစပ်ထဲကနေ သွေးတွေယိုစီးနေတဲ့ ယောင်္ကျား တစ်ယောက် လှေကားထစ်တွေပေါ်မှာ မတ်တပ်ရပ် နေတာကိုမြင်လိုက်ရတယ်။
ဆန်းနိုင်လဲ အရှေ့မှာမြင်နေရတဲ့သူတွေကို ပရိတ်ရေနဲ့ပက်ဖို့ ဘူးကိုထုတ်လိုက်တဲ့အချိန် “ ဖြောင်း” ဆိုတဲ့အသံနဲ့အတူ ပရိတ်ရေဘူးကို ရိုက်ချလိုက်တာခံလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ဆံပင်နှစ်ခွစည်းထားပြီး မျက်လုံးတွေနီရဲနေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်။ သူ့ပုံစံက ဆန်းနိုင်ကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေခဲ့တယ်။ မောင်အေးလဲ ပရိတ်ရေဘူးလွတ်ကျတယ်ဆိုတာနဲ့ လှေကားပေါ်ကိုမတက်တော့ပဲ လက်မောင်းမှာ ချည်ထားတဲ့အဆောင်ကြိုးကို ဆွဲဖြုတ်ကာ မျက်ထောင့်နီနဲ့ စိုက်ကြည့်နေတဲ့ မိန်းကလေးရှေ့ ထိုးပြလိုက်တယ်။ အဆောင်လက်ဖွဲ့အစွမ်းကြောင့် မိန်းကလေးက မျက်နှာကိုလက်နဲ့ကွယ်ပြီး ကုလားထိုင်ထားထားတဲ့ ဘေးကအမှောင်ထုထဲကို ထွက်ပြေးသွားခဲ့တယ်။ “ ဆန်းနိုင် ငါ့ဘေးမှာနေစမ်း… ဒီအိမ်က ကောင်တွေ အတော်အစွဲကြီးတယ်ကွ” မောင်အေးက အဆောင်ကိုကိုင်ကာ ဝှေ့ရမ်းနေပေမယ့် လှေကားပေါ်မှာ ရပ်နေတဲ့ ယောင်္ကျားနဲ့ မိန်းမက သူ့အနားကို တစ်ဖြေးဖြေး တိုးလာခဲ့တယ်။ “ ခစ်ခစ်ခစ်…” ကလေးတစ်ယောက်ရယ်သံကြောင့် အနောက်ကို လှည့်ကြည့်လိုက်ရာ ဗိဒိုနားမှာတွေ့ခဲ့တဲ့ကလေးက သူတို့နဲ့ သုံးတောင်အကွာထိကိုရောက်လာခဲ့တယ်။ “ ငါတို့အိမ်ထဲကနေ ထွက်သွားစမ်း….” “ ငါ့အိမ်ထဲကနေ ထွက်သွား” “ သားတို့အိမ်ထဲကနေ ထွက်သွား” “ သမီးအလုပ်လုပ်တဲ့အိမ်ကနေထွက်သွား” အသံတွေက ဘေးပတ်ပတ်လည်ကနေ ခြောက်ကပ်စွာထွက်လာခဲ့တာကြောင့် ဆန်းနိုင် တစ်ယောက် ဘယ်လိုမှဟန်မဆောင်ရဲတော့ပဲ ငယ်သံပါအောင် အော်ကာ ပြေးပါလေရော။
“ ဟေ့ကောင် … ဘယ်ကိုထွက်ပြေးတာလဲ.. ချီးထဲမှပဲ” မောင်အေးက ဆန်းနိုင် အော်သံကြောင့် ပတ်ဝန်းကျင်ကလူတွေ ရောက်လာတော့မယ်ဆိုတာ သိတဲ့အတွက် အဆောင်ကြိုးကိုမွှေ့ယမ်းကာ အနောက်ကနေ ပြေးလိုက်ခဲ့တယ်။ မောင်အေးတို့ ခြံထဲရောက်တဲ့အချိန်မှာတော့ အိမ်ထဲကနေ ကြောက်မက်ဖွယ်ရယ်သံတွေ အူလှိုက်သည်းလှိုက်ထွက်ပေါ်လာခဲ့တယ်။ အလားတူ လမ်းမဘက်ကနေ ဝင်းခနဲ လက်ခနဲ ထွက်လာတဲ့ ဓါတ်မီးရောင်နဲ့ စကားပြောသံအချို့။ ++++++++ ဘာဘူတိုက်ထဲဝင်ခိုးတဲ့ သူခိုးနှစ်ယောက်ထဲမှာ တစ်ယောက်က စိတ်အခြေအနေပုံမှန်မဟုတ်ပဲ ရူးသလိုကြောင်သလိုဖြစ်သွားခဲ့သလို နောက်တစ်ယောက်ကလဲ အနီးနားကလူတွေရဲ့ ဖမ်းဆီးမှုကြောင့် ထောင်ကျသွားခဲ့ရတယ်။ အဲဒီနောက်ပိုင်း ဘာဘူတိုက်ထဲမှာ သရဲခြောက်တယ်ဆိုတဲ့သတင်းက မြို့ထဲမှာပျံ့နှံ့ခဲ့သလို ညအချိန်မတော် အိမ်ပေါ်ထပ်က ပြူတင်းပေါက်မှာ မတ်တပ်ရပ် နေတဲ့အရိပ်အယောင်တွေအပြင် ကလေးတစ်ယောက် ခြံထဲမှာဆော့ကစားနေတဲ့ ပုံရိပ်တွေကိုမြင်တွေ့ရတဲ့သူတွေရှိလာခဲ့တယ်။ ဒီလိုနဲ့ နှစ်ကာလကြာလာတာနဲ့အမျှ ဘာဘူတိုက်ကလဲ ဟောင်းနွမ်းဆွေးမြေ့လာသလို မခုတ်ထွင် မရှင်းလင်းပဲရှိနေတဲ့ ခြုံနွယ်ပိတ်ပေါင်း တွေကလဲ တစ်စတစ်စ ထူထပ်လာခဲ့တယ်။ ++++ “ သူခိုးဗျို့ သူခိုး” ညကြီးသန်းခေါင်ထွက်ပေါ်လာတဲ့ အော်သံကြောင့် မအိပ်သေးပဲရှိနေသေးတဲ့သူတွေအကုန် တုတ်ဓါးဆွဲပြီး လမ်းမပေါ်ပြေးထွက်လာခဲ့ကြတယ်။ “ ဘယ်သူအိမ်ကို သူခိုးကပ်လို့လဲ” “ အပျိုကြီးလှရင်အိမ်ကို သူခိုးကပ်လို့တဲ့” “ ဒီကောင် ဘယ်ဘက်ကိုထွက်ပြေးသွားတာလဲ” “ ဘာဘူတိုက်ဘက်ကို ပြေးသွားတာလို့ ကြားတယ်…” လူအုပ်ကြီးကလဲ သူခိုးထွက်ပြေးသွားတဲ့ ဘာဘူတိုက်ဘက်ကို လိုက်လာခဲ့ရာ ခြုံပုတ်တွေကြားထဲတိုးဝင်သွားတဲ့ စွပ်ကြောင်းရာ တစ်ခုကို အထင်းသားမြင်တွေ့လိုက်ရတယ်။ “ ဒီကောင် ဘာဘူတိုက်ထဲပြေးသွားတာပဲ ဖြစ်ရမယ်” “ ဘယ်လိုလုပ်ကြမလဲ… အပျိုကြီးက သူစုထားတဲ့ ရွှေတွေပါသွားလို့ တငိုငိုတရီရီဖြစ်နေပြီ” အယောက်နှစ်ဆယ်ခန့်ရှိတဲ့ လူအုပ်ကြီးက ဘာဘူခြံထဲကို ဝင်ရနိုးနိုး မဝင်ရနိုးနိုး ဖြစ်နေတဲ့အချိန် တိုက်ပျက်ထဲကနေ သွေးပျက်ဖွယ် အော်သံတစ်ခု ထွက်လာခဲ့တယ်။
“ ဟိုကောင်တော့ ဒုက္ခရောက်ပီထင်တယ်… လာကွာ ဓါတ်မီးတွေအကုန်ယူလာခဲ့ အထဲဝင်ကြရအောင်” “ ဖြစ်ပါ့မလား ဦးထွန်းလေး…” “ ငါတို့လူအများကြီးကို ဘာမှလုပ်လို့မရပါဘူး… သိပ်မကြောက်စမ်းပါနဲ့” ဦးထွန်းလေးစကားကြောင့် လူအုပ်ကြီးက တုတ်ဓါး လက်နက်တွေကိုင်ပြီး ဘာဘူတိုက်ထဲကို ဝင်လာခဲ့ကြတယ်။ “ အသံက အိမ်ထဲကနေ ကြားရတာဆိုတော့ ဒီကောင် ကြောက်အားလန့်အားနဲ့ အိမ်ထဲဝင်ပြေးတာ ဖြစ်မယ်… အားလုံး တူတူစုပြီး ရှာကြ” လူအုပ်ကြီးလဲ ခိုချေးတွေ အမှိုက်သရိုက်တွေနဲ့ ပွစာကျဲနေတဲ့ တိုက်ပျက်ကြီးထဲကို ဝင်လာတဲ့အချိန် လူတစ်ယောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ အရာတစ်ခုကိုမြင်လိုက်ရတယ်။ “ ဦးထွန်းလေး ဒီကိုကြည့်ပါဦး…” ကြမ်းပေါ်မှာပြန့်ကျဲနေတဲ့ ရွှေတိုရွှေစအချို့ကိုမြင်တော့ ဦးထွန်းလေးက တစ်ခုချင်းကောက်ယူလိုက်ပြီး စွပ်ကြောင်းရာသွားတဲ့ဘက်ကို မီးထိုးကာ ဆက်ဝင်လာခဲ့လိုက်တယ်။ “ အခန်းထဲကိုဆွဲခေါ်သွားတဲ့ပုံပဲ…” “ ဟုတ်တယ်နော် ဆွဲခေါ်တဲ့အရာက ဒီအခန်းတံခါးရှေ့မှာရပ်သွားတာ” ဝါးဆစ်ပိတ်တစ်ချောင်းကိုင်ထားတဲ့ မောင်ပိန်က ပိတ်ထားတဲ့ အခန်းတံခါးကိုကြည့်ပြီး ရေရွတ်လိုက်တယ်။ “ ဟင်… တံခါးက အထဲကနေ ဂျက်ထိုးထားသလိုပဲ.. ဖွင့်လို့လဲမရပါလား” ဦးထွန်းလေးတို့ အခန်းတံခါးကို ဖွင့်ဖို့လုပ်နေတဲ့ အချိန် အိမ်ပေါ်ထပ်မှာ လမ်းလျောက်နေတဲ့ ခြေသံတစ်ခုကို ထင်ထင်ရှားရှား ကြားလိုက်ရတယ်။ “ ဖွင့်မရရင် ခြေထောက်နဲ့ ကန်ဖွင့်ကွာ… အချိန်ဆွဲနေရင် ဟိုကောင်အသက်ပါသွားလိမ့်မယ်” စိတ်မြန်လက်မြန်ရှိတဲ့ ဦးထွန်းလေးက အခန်းတံခါးကို ခြေထောက်နဲ့ဆယ်ချက်လောက် ဆောင့်ကန်လိုက်ရာ ဆွေးမြေ့နေတဲ့ တံခါးဘောင်က ကျိုးပဲ့ပြီး ဝုန်းခနဲပွင့်ထွက်သွားခဲ့တယ်။
အထဲမှာတော့ မျက်လုံးပြူးပြီး ဇက်ကျိုးနေတဲ့ လူတစ်ယောက်။ “ ဟင်… ဒီကောင်က ဖိနပ်ချုပ်တဲ့ ကျော်မြင့်မဟုတ်လား” “ ဟုတ်တယ်ဗျ… ဒီကောင်က ဘယ်လိုလုပ်ပြီး သူခိုးဖြစ်နေတာလဲ” ချစ်ဆွေက အခန်းအလယ်မှာလဲကျနေတဲ့ ကျော်မြင့်အနားသွားကြည့်ပြီး “ ဦးထွန်းလေး… ကျော်မြင့် အသက်မရှိတော့ဘူး” ချစ်ဆွေစကားကြောင့် ပါလာတဲ့သူအကုန် ကြက်သီးမွှေးညှင်းတွေထပြီး လန့်ဖြန့်သွားခဲ့တယ်။ “ အလောင်းကို ပြန်သယ်လာခဲ့လိုက်… မောင်ပိန်နဲ့ချစ်ဆွေက သူ့မိသားစုကို အကြောင်းကြားပေးလိုက်ဦး” ဦးထွန်းလေးလဲ ဆွဲကြိုးတစ်ကုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းသေဆုံးနေတဲ့ ကျော်မြင့်ကို စိတ်မကောင်းစွာကြည့်နေတဲ့အချိန် ဘေးမှာရှိတဲ့လှေကားအပေါ်ကနေ နီရဲနေတဲ့မျက်လုံးလေးလုံးပေါ်လာတာကိုမြင်လိုက်ရတယ်။ “ ဟေ့ကောင်တွေ မြန်မြန်လုပ်… ဒီအိမ်ထဲ ကြာကြာနေလို့ မကောင်းဘူးကွ” ဦးထွန်းလေးလဲ လက်ဖျံပေါ်မှာ ဖိန်းကနဲထလာတဲ့ ကြက်သီးမွှေးညှင်းတွေကို လက်နဲ့သပ်ချပြီး လူအုပ်ကြီးနဲ့အတူ ခြံအပြင်ကို ထွက်လာခဲ့လိုက်တယ်။ ကျော်မြင့်ဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာတော့ မြို့ခံလူတွေအနေနဲ့ ဘာဘူတိုက်ထဲကို ဝင်ဖို့မပြောနဲ့ အရှေ့ကဖြတ်ရင်တောင် တိုက်ကို စေ့စေ့မကြည့်ရဲတော့တဲ့ထိဖြစ်လာခဲ့တယ်။ +++++++ “ အမလေး… အတော်ကိုပူတဲ့ နွေပါလားနော်” ယောဂီရောင်ချည်သားအင်္ကျီကို ပုတ်ခတ်ပုတ်ခပ်လုပ်ပြီး ညဉ်းညူလိုက်တဲ့ မောင်ကောင်းစကားကြောင့် ကုက္ကိုပင်အရိပ်အောက်မှာထိုင်နေတဲ့ ခွန်းလှက “ ကျွန်တော်တို့သာ ချွေးသံတရဲရဲဖြစ်နေတာ… ဆရာကတော့ နဖူးမှာချွေးတောင်မစို့ဘူးဗျ” လို့ ခပ်တိုးတိုးလေးလှမ်းပြောလိုက်တယ်။ “ အနားယူလို့ပြီးရင် မြို့ထဲဝင်ကြရအောင်… ညနေမစောင်းခင် ဆိတ်ဖလူးကုန်းကိုရောက်ဖို့လိုတယ်” အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ ထိုင်နေရာကနေ ထရပ်လိုက်ကြတယ်။
“ ဒီအချိန် ရေအေးအေးလေးတစ်ခွက်လောက် သောက်လိုက်ရရင်ကောင်းမှာပဲ” ခွန်းလှရဲ့ ခပ်တိုးတိုးညဉ်းသံကြောင့် အောင်မြတ်သာက ခေါင်းကိုစောင်းပြီး ကြည့်လိုက်ပြီး “ ပင်ပန်းနေတာတွေကို ဟိုရောက်မှ အတိုးချနားကြတာပေါ့… ကဲ ဆက်ထွက်ရအောင်”လို့ပြောကာ ခြေလှမ်းလှမ်းလိုက်တဲ့အချိန် ကြမ်းပေါ်မှာ အော်ဟစ်လူးလိမ့်နေတဲ့ လူငါးယောက်ရဲ့ ပုံရိပ်က မျက်လုံးထဲ ဖျတ်ခနဲမြင်ယောင်လာခဲ့တယ်။ လမ်းလျောက်နေရင်း ရုတ်တရက်ရပ်တန့်လိုက်တာကိုဘေးမှာပါလာတဲ့ မောင်ကောင်းနဲ့ ခွန်းလှက သတိထားမိသွားပြီး “ ဆရာ ဘာဖြစ်လို့လဲ” “ ငါလဲသေချာမပြောတတ်ဘူး… မျက်လုံးထဲ မချိမဆံ့ခံစားနေရတဲ့ လူငါးယောက်ကို မြင်လိုက်ရလို့…အဲဒီထဲမှာ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်လဲပါနေတယ်” “ ဆရာအနေနဲ့ ဒီမြို့ကိုစဝင်တာနဲ့ မြင်ရတာဆိုတော့ တစ်ခုခုထူးခြားနေပီနော်” “ ဒီအမြင်အာရုံက ငါတို့ကို တစ်ခုခုလုပ်ခိုင်းစေချင်တဲ့ပုံပဲ… ကဲ မြို့ထဲရောက်ရင် တွေ့တဲ့လူကို စကားနှိုက်ကြည့်တာပေါ့” အောင်မြတ်သာတို့လဲ မြို့အစွန်ကနေ ဖြတ်လာခဲ့ရာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖုံးအုပ်နေတဲ့ တိုက်ပျက်တစ်ခုရှေ့အရောက်မှာတော့ “ အယုတ်တမာမ နင်ဘယ်ရောက်နေလဲ” ဆိုတဲ့ အသံတစ်ခုကို ရှင်းလင်းစွာကြားလိုက်ရတယ်။ “ မောင်ကောင်း မင်းအသံကြားလား” “ ဟင်… ဘာအသံလဲဆရာ ကျွန်တော်မကြားမိဘူး” “ ခွန်းလှ မင်းရော ကြားလား” “ ကျွန်တော်လဲမကြားမိဘူးဆရာ” “ အင်း … ဒါဖြင့် အရှေ့က ဆိုင်မှာခဏနားကြရအောင်” အောင်မြတ်သာတို့လဲ မလှမ်းမကမ်းမှာ ဖွင့်ထားတဲ့ ကြံရည်ဆိုင်တစ်ခုထဲကိုဝင်ထိုင်လိုက်ကြတယ်။ “ ကြံရည်သုံးခွက်ပေးပါ…” “ ခဏလေးနော်…” ဆိုင်ရှင် မိန်းမကြီးက ဖော်ရွေစွာနဲ့ပြောလိုက်ပြီး ကြံတစ်ချောင်းကိုယူကာ ကျွမ်းကျင်စွာနဲ့ ကြိတ်စက်ထဲထိုးထည့်လိုက်တယ်။ “ ဒီက ငါ့မောင်တို့ကို အရင်ကမမြင်ဖူးဖူးနော်… ခရီးသွားတွေများလား” “ ဟုတ်ပါတယ်… ကျွန်တော်တို့က ဆတ်ဖလူးကုန်းကို သွားမလို့ ဒီမြို့ထဲကနေ ဖြတ်လာတာပါ” “ ဆတ်ဖလူးကုန်းဟုတ်လား…” “ ဟုတ်ပါတယ် ဘာဖြစ်လို့လဲဗျ” “ အော် ဘာ ဘာမှမဟုတ်ပါဘူး… အဲဒီဘက်မှာက လူနေအိမ်တွေမရှိလို့ ဘာသွားလုပ်ကြမလဲဆိုပြီး တွေးလိုက်မိလို့ပါ” “ လူမနေပေမယ့် တောရဆောက်တည်တဲ့ ရဟန်းတစ်ပါးတော့ရှိပါတယ်… သူ့ဆီသွားမလို့ပါ” I’mအောင်မြတ်သာစကားကြောင့် ကြံရည်ကြိတ်နေတဲ့ မိန်းမကြီးက ဘာမှဆက်မပြောတော့ပဲ ကြံရည်ထည့်ထားတဲ့ဖန်ခွက်သုံးခွက်ကိုအရှေ့မှာ လာချပေးခဲ့တယ်။
“ ခုနက ကျွန်တော်တို့လာတဲ့လမ်းမှာတွေ့ရတဲ့ တိုက်ပျက်ကြီးမှာ လူမနေတာကြာပီလား” “ ငါ့မောင်တို့က ဘာဘူတိုက်ကိုပြောတာဖြစ်မယ်.. အဲဒီတိုက်ကအရမ်းသရဲခြောက်လို့ ဘယ်သူမှမနေရဲကြဘူးလေ” “ ဟုတ်လား… ဘယ်လိုမျိုးခြောက်တာလဲ” “ အဲဒီအိမ်မှာ အဆိပ်သောက်သေသွားတဲ့ လူတွေက မကျွတ်ပဲ အထဲမှာရှိနေကြတယ်ပြောတယ်… သူတို့အိမ်ထဲဝင်တဲ့သူဆိုရင် အသက်သေတဲ့ထိ ခြောက်လှန့်ကြတာ… လွန်ခဲ့တဲ့ငါးလလောက်ကပဲ အိမ်ထဲဝင်တဲ့ လူတစ်ယောက်သေခဲ့ရတယ်လေ” “ အစ်မပြောတဲ့ပုံအရဆိုရင် အတော်ကို ကြမ်းတာပဲ.. ဒါကြောင့် အိမ်ကအိုဟောင်းနေတာကိုး” အောင်မြတ်သာလဲ ကြံရည်ကို ကုန်စင်အောင် သောက်လိုက်ပြီး ကျသင့်ငွေကိုရှင်းကာ မြို့ပြင်ကို ပြန်ထွက်လာခဲ့လိုက်တယ်။ “ ဆရာ ဆတ်ဖလူးကုန်းသွားမယ်ဆိုပြီး ဘယ်လိုဖြစ်လို့ မြို့ပြင်ပြန်ထွက်လာရတာလဲ” “ ဆတ်ဖလူးကုန်းကို နောက်နေ့မနက်မှသွားကြမယ်.. ဒီညမှာ လုပ်စရာကိစ္စတစ်ခုရှိသေးလို့ မှောင်တဲ့ထိ ဒီမှာနေကြတာပေါ့” မောင်ကောင်းနဲ့ခွန်းလှလဲ အောင်မြတ်သာရဲ့ ထူးဆန်းတဲ့စကားကြောင့် ဒီညတော့ အကြောင်းကိစ္စတစ်ခုခုရှိတော့မယ်ဆိုတာ ရိပ်မိခဲ့ကြတယ်။ +++++ ညအမှောင်က တစ်ဖြေးဖြေးကြီးစိုးလာခဲ့တာနဲ့အမျှ ဘာဘူတိုက်ကြီးက အမှောင်ယံမှာငုတ်တုတ်ထိုင် နေတဲ့ တစ္ဆေတစ်ကောင်လို ဖြစ်နေခဲ့တယ်။ မကြာခင် အမှောင်ထုထဲကနေ လွယ်အိတ်ကိုယ်စီ လွယ်ထားတဲ့ လူသုံးယောက် ဘာဘူတိုက်နားကို ချဉ်းကပ်လာခဲ့ကြတယ်။ “ တိုက်ပျက်ကြီးက သွေးပျက်စရာကောင်းလောက်တယ်နော်” ခွန်းလှရဲ့ ခပ်တိုးတိုး စကားပြောသံကို မောင်ကောင်းက ခေါင်းညိမ့်ပြပြီး ဟုတ်မှန်ကြောင်း ထောက်ခံလိုက်တယ်။ အောင်မြတ်သာလဲ စေ့ရုံစေ့ထားတဲ့ ခြံတံခါးကိုအသာတွန်းဖွင့်ပြီး အထဲကိုခြေချလိုက်ရုံရှိသေး အော်ဂလီဆန်ချင်စရာကောင်းတဲ့ အပုတ်နံ့က နှာခေါင်းထဲကို စူးခနဲဝင်ရောက်လာခဲ့တယ်။
“ အပုတ်နံ့က အတော်ဆိုးဆိုးပဲ” နှာခေါင်းကိုလက်နဲ့အုပ်ပြီးပြောလိုက်တဲ့ မောင်ကောင်းစကားကြောင့် အောင်မြတ်သာက လေသံတိုးတိုးဖြင့် “ တိုက်ပျက်ထဲမှာရှိနေတဲ့သူတွေကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ နာကျင်အောင် မလုပ်ဖို့ သတိထားကြပါ… မတတ်သာလို့ လုပ်ရမယ်ဆိုရင်တောင် သူတို့ကြောက်လန့်ရုံသာ ခြောက်လှန့်ကြ” လို့သတိပေးပြီး အိမ်အတွင်းထဲကို ဝင်ရောက်ခဲ့ကြတယ်။ လေဝင်လေထွက်မရှိတဲ့ တိုက်ပျက်ထဲမှာတော့ အသိုက်ဖွဲ့ထားတဲ့ငှက်တွေရဲ့ အမွှေးတွေ၊ အညစ်အကြေးတွေက ခြေချစရာနေရာမရှိအောင် ပြန့်ကျဲနေခဲ့တယ်။ အောင်မြတ်သာလဲ အိမ်ထဲရောက်တာနဲ့ ပရဝဏ်အတွင်းမှီတင်းနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကို မေတ္တာပို့လိုက်ရာ အိမ်ပေါ်ထပ်ကနေ စူးစူးဝါးဝါး အော်ဟစ်တဲ့အသံတွေ ထွက်လာခဲ့တယ်။ “ သူတို့ကိုရန်ပြုမယ့်သူတွေလို့ ထင်နေကြပြီထင်တယ်” “ ဟုတ်တယ် မောင်ကောင်း… သူတို့ရဲ့ ကြောက်လန့်တဲ့စိတ်က သူတို့ကိုမလုံခြုံဖြစ်စေတယ်လို့ ထင်မိတယ်” “ ကျွန်တော်တို့ ဒီကိုလာတဲ့ရည်ရွယ်ချက်က သူတို့ကို ကျွတ်လွတ်အောင်လုပ်ပေးဖို့ပဲမဟုတ်လား” “ ဒါကတော့ သူတို့ရဲ့ စိတ်အပေါ်မူတည်သေးတယ်.. အရင်ဆုံးသူတို့ထွက်လာအောင် ခေါ်ကြရအောင်” အောင်မြတ်သာတို့လဲ သမထစွမ်းအင်တွေကို စုစည်းပြီးကြည့်လိုက်ရာ သူတို့ရဲ့ အရှေ့ငါးပေလောက်အကွာမှာ ဆောင့်ကြောင့်ထိုင်ပြီး ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်။ ဆံပင်ကို နှစ်ခွစည်းထားပြီး ပုတ်ပွနေတဲ့အသားအရည်တွေကနေ အပုတ်ရည်တွေယိုစီးနေတဲ့ ကောင်မလေးက အောင်မြတ်သာတို့ကို မနှစ်မြို့တဲ့မျက်လုံးနဲ့ စိုက်ကြည့်နေသလို သူရဲ့ဘေးမှာတော့ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဘောလုံးတစ်လုံးကိုကိုင်ပြီး ရပ်နေတာကိုမြင်လိုက်ရတယ်။ “ ငါထင်တဲ့အတိုင်းပါပဲလား…” အောင်မြတ်သာက စိတ်မကောင်းကြီးစွာရေရွတ်ရင်း လှေကားဘက်ကို ကြည့်လိုက်ရာ ကြောက်မက်ဖွယ်မျက်နှာထားနဲ့ စိုက်ကြည့်နေကြတဲ့ လူသုံးယောက်။
“ သင်တို့က ဒီအိမ်ရဲ့ ပိုင်ရှင်တွေဖြစ်မယ်ထင်တယ်.. ကျုပ်ဒီကိုရောက်လာတာကလဲ သင်တို့ကို ဒုက္ခပေးဖို့မဟုတ်ကြောင်း အရင်ဆုံးအသိပေးချင်တယ်” “ ထွက်သွား… ငါတို့အိမ်ကနေ ချက်ချင်းထွက်သွား စမ်း” “ ဒေါသနဲ့သေတဲ့သူတွေဖြစ်လို့ စိတ်ဆန္ဒက ပြင်းထန်မယ်ဆိုတာလဲသိထားပါတယ်… ကျုပ်အနေနဲ့ သင်တို့ကို ဒီဘဝက ကျွတ်လွတ်အောင် လုပ်ပေးဖို့လာတာဖြစ်လို့ ဒီအိမ်ကြီးထဲမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ပြောစေချင်တယ်” “ နင့်ကို ငါတို့ကယုံမယ်ထင်လား… အဟီးအဟီး.. ငါတို့ကတစ်ခါပဲ အမှားခံမယ်… နောက်တစ်ခါတော့ အမှားမခံဘူးဟေ့” လှေကားရင်းမှာ ရပ်နေတဲ့ လူသုံးယောက်က အောင်မြတ်သာတို့ဆီ လက်နှစ်ဖက်ကိုဆန့်တန်းပြီး ပြေးဝင်လာခဲ့ပေမယ့် အနားမရောက်ခင်မှာပဲ ရာဘာတုံးကိုထိတဲ့ ကျောက်ခဲလို အနောက်ကို လွင့်ထွက်သွားခဲ့တယ်။ “ ငါ့အမေနဲ့အဖေကို မလုပ်နဲ့ အီးဟီးဟီး…” ဘောလုံးကိုင်ထားတဲ့ ကလေးက ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးနေတာကြောင့် အောင်မြတ်သာက ရှေ့ကို တစ်ဖြေးဖြေးတိုးသွားပြီး “ သားရဲ့ မိသားစုကို ဘာမှမလုပ်ပါဘူး… မငိုနဲ့တော့နော်…”လို့ပြောလိုက်တဲ့အချိန် ထိုင်နေတဲ့ ကလေးရဲ့ ဦးခေါင်းက တစ်ဖြေးဖြေးကြီးလာပြီး ပါးစပ်ထဲကနေ အစွယ်တွေရှည်ထွက်လာကာ အောင်မြတ်သာကိုဖမ်းကိုက်ပါလေရော။ “ ဟိတ်… ကောင်လေး…ရပ်လိုက်စမ်း” မောင်ကောင်းက လက်ညိုးထိုးပြီး အော်လိုက်ရာ အစွယ်အဖွေးသားနဲ့ကောင်လေးက ဝုန်းဆို နံရံထောင့်ကို လွင့်ထွက်သွားတယ်။ “ မောင်ကောင်း ဘာမှမလုပ်နဲ့တော့… ကဲ.. သင်တို့ကို ကျုပ်တစ်ခွန်းပဲမေးမယ်… အခုလို နေရတဲ့ဘဝကနေ လွတ်မြောက်ချင်လား၊ ဒါမှမဟုတ် ဒီအိမ်ပျက်ကြီးထဲမှာ အမြဲတမ်းနေချင်လား” အောင်မြတ်သာစကားကိုကြားတော့ ဆံပင်တွေဖြူဖွေးပြီးဖွာလန်ကျဲနေတဲ့ အဖွားကြီးက “ ငါတို့ဒီအိမ်ကနေ ထွက်သွားလို့မရဘူး… ငါတို့သွားရင် အိမ်မှာရှိတဲ့ပစ္စည်းကို သူများတွေ ယူသွားလိမ့်မယ်” “ အိမ်မှာရှိတဲ့ပစ္စည်းဆိုတာက ဘာများလဲ… ဒီအရာကိုစွဲလမ်းတဲ့စိတ်ကြောင့် အခုလိုဖြစ်နေကြတာလား” “ ငါတို့မိသားစု အဆိပ်သောက်သေကြတယ်လို့ နင်သိထားတယ်မဟုတ်လား… တကယ်တော့ တကယ်တော့လေ ငါတို့တစ်အိမ်လုံးကို အဆိပ်တိုက်ပြီး အသေသတ်သွားခဲ့တာ အီး ဟီး ဟီး” အဖွားအိုကြီးက ပြောနေရင်း ငိုချလိုက်ရာ အောင်မြတ်သာအပါအဝင် မောင်ကောင်းရော ခွန်းလှပါ အံ့အားသင့်သွားရတယ်။
“ သင်တို့ကို ဘယ်သူက အဆိပ်ခတ်ခဲ့တာလဲ” “ အဲဒီမိန်းမ ငါတို့ရဲ့ခိုင်းဖတ် ငါတို့ရဲ့ ကျွန်လိုဖြစ်နေတဲ့ကောင်မ ဒင်းက ငါတို့သိမ်းထားတဲ့ ကျောက်စိမ်းတုံးကို အပိုင်ယူချင်လို့ တစ်အိမ်လုံးကို အဆိပ်ခတ်ခဲ့တာ” “ အဲဒီမိန်းမက ကျောက်စိမ်းတုံးကို ရသွားလား” “ဟအင်း… ကျောက်စိမ်းတုံးက ဒီအိမ်ရဲ့ တစ်နေရာမှာရှိနေတုန်းပဲ…” “ အတော်ကို ယုတ်မာတဲ့မိန်းမပဲ…” “ ဒင်း ဒီအိမ်ထဲကို ပြန်လာမှာကို ငါတို့စောင့်နေတာ… ဒါပေမယ့် အခုထိ ဒီကောင်မ မရောက်လာဘူး” “ ဒါဆို သင်တို့က ဒီအိမ်ထဲကနေ ဘယ်မှမသွားကြတော့ဘူးပေါ့” “ ကျောက်စိမ်းတုံးကို ဘယ်သူကိုမှမပေးနိုင်တဲ့ အတွက် ငါတို့ထွက်မသွားဘူး” “ ကျန်တဲ့သူတွေကရော ဒီမှာပဲ ဆက်နေကြမှာလား” “ ဟုတ်တယ် ငါတို့ ဒီအိမ်မှာပဲဆက်နေမှာ… နင်အနေနဲ့ ငါတို့ကို ကူညီချင်တယ်ဆိုရင် အဆိပ်ခတ်သတ်ခဲ့တဲ့ ကောင်မကို ခေါ်လာပေး” “ ကျုပ်တို့အပြင်ရောက်လို့ လူသတ်တရားခံ လွတ်နေသေးတယ်ဆိုရင် သူနဲ့ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရအောင် လုပ်ပေးဖို့ ကတိပေးပါတယ်…” “ အဲဒီမိန်းမကို တွေ့အောင်ရှာပေးပါ… သူ့နာမည်က ဒေါ်ရှာဘီလို့ခေါ်တယ်” “ သင်တို့အကူအညီတောင်းတာ ကျုပ်ကူညီပေးပါမယ်… သင်တို့လဲ နောက်ထပ် လူမသတ်ဖို့ကျုပ်ကိုကတိပေးပါ” “ ငါတို့နေရာထဲကို မရိုးသားတဲ့စိတ်နဲ့ဝင်လာရင်တော့ သတ်ရမှာပဲ အဟက်အဟက်” “ သင်တို့ မသတ်ပဲ ခြောက်လှန့်လို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်… ဒီလိုသာ သတ်ဖြတ်နေမယ် ဆိုရင် သင်တို့က ဒေါ်ရှာဘီဆိုတဲ့မိန်းမနဲ့ တန်းတူဖြစ်နေမှာပေါ့” အောင်မြတ်သာစကားကြောင့် အိမ်ပိုင်ရှင်လင်မယားရော အဖွားကြီးပါ ငြိမ်ကျသွားခဲ့တယ်။ “ ကျုပ်အနေနဲ့ ပြောသင့်တာပြောခဲ့ပြီးပြီ… ကျန်တာကသင်တို့လုပ်ရမယ့်အပိုင်းဖြစ်တာမို့ လုပ်သင့်မလုပ်သင့်ကိုစဉ်းစားပါ” လို့ပြောပြီး တိုက်ပျက်ထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။ ခြံပြင်ရောက်လို့ လှည့်ကြည့်လိုက်ချိန်မှာတော့ အိမ်တံခါးဝမှာ မတ်တပ်ရပ်နေကြတဲ့ လူငါးယောက်ကို မြင်လိုက်ရတယ်။ သူတို့မျက်နှာထားကတော့ တင်းနေကြဆဲ။
++++++ “ မင်းက ဘာဘူတိုက် လူသေမှုအကြောင်း ဘယ်လိုသိနေရတာလဲ” အနက်ရောင်ကိုင်းတပ်မျက်မှန်ကိုဝတ်ထားတဲ့ စခန်းမှူးရဲ့စကားကြောင့် ခွန်းလှက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ကြည့်လိုက်ပြီး “ သေဆုံးခဲ့သူတွေရဲ့ ဝိဉာဉ်က အခုထိ အိမ်ပျက်ထဲမှာ ရှိနေသေးတယ်… အခုကလဲ သူတို့အကူအညီတောင်းလို့ စခန်းမှူးကိုလာအသိပေးတာပါ” “ မဖြစ်နိုင်ဘူးနော်… ဒီအမှုက လွန်ခဲ့တဲ့ လေးနှစ်လောက်ထဲက ကိုယ့်ကိုကိုယ်သတ်သေတဲ့အမှုဆိုပြီး ပိတ်ထားခဲ့တာ” “ ဒါကတော့ စခန်းမှူးတို့က ပိုသိမှာပေါ့… ကျုပ်တို့က တရားဥပဒေအတိုင်းဖြစ်စေချင်တာမို့ တကူးတကလာပြောပြတာ… တကယ့်လူသတ်တရားခံက လေးနှစ်ကြီးများတောင် အပြင်မှာရှိနေပေမယ့် သေဆုံးသွားတဲ့မိသားစုက အခုထိ သူတို့နေတဲ့ တိုက်ပျက်ထဲမှာ အငြိုးတေးတွေနဲ့ စောင့်နေတုန်းပဲ” ခွန်းလှစကားကြောင့် စခန်းမှူးက မျက်မှန်ကို ချွတ်လိုက်ပြီး “ ဆရာကြီးတင်သိန်းရှိလား…” “ ဟုတ်ကဲ့ ရှိပါတယ်ဗျ” “ လွန်ခဲ့တဲ့လေးနှစ်ကဖြစ်ခဲ့တဲ့ ဘာဘူတိုက် လူသေမှုကို ဘယ်သူကိုင်ခဲ့တာလဲ” “ အဲဒါက အရင်စခန်းမှူးကိုယ်တိုင် ကိုင်ခဲ့တာပါ” “ ခင်ဗျားက ဒီမြို့ခံဆိုတော့ ဒေါ်ရှာဘီဆိုတဲ့ မိန်းမကိုသိလား” “ သိတာပေါ့ ဆရာ.. အဲဒီမိန်းမက ဘာဖြစ်လို့လဲ” “ ဘာဘူတိုက်လူသေမှုမှာ သူ့ကိုသံသယရှိနေလို့” “ ဗျာ… သူ့ကို နည်းအမျိုးမျိုးနဲ့ စစ်မေးခဲ့ပြီးပြီလေဆရာ” “ ဒါက အရင်လူတွေစစ်ခဲ့တာမဟုတ်လား… အခုကျုပ်ကိုယ်တိုင် ဒီအမှုကို ပြန်ကိုင်မယ်… လိုအပ်တာတွေအသင့်ပြင်ထားလိုက်ပါ” စခန်းမှူးရဲ့စကားကြောင့် ခွန်းလှက သဘောကျစွာ ရယ်လိုက်ပြီး ရဲစခန်းအပြင်ဘက်ကို ထွက်လာခဲ့လိုက်တယ်။
“ ခွန်းလှ ခဏနေပါဦးကွ” “ စခန်းမှူးကြီး ဘာကိစ္စများရှိလို့လဲ” “ ဟေ့ကောင် … ကျောင်းတုန်းကလိုပဲ ပြောစမ်းပါကွာ” “ မင်းက ယူနီဖောင်းနဲ့လေ အောင်ကြည်ရဲ့… ဒါကြောင့် ငါက မင်းကိုလေးလေးစားစားဆက်ဆံတာ” “ မလိုပါဘူး ခွန်းလှရယ်… ဒါနဲ့ မင်းက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ” “ ဒီလိုဖြစ်ရမယ်ဆိုတဲ့ကံပါလာလို့ပေါ့… ဟိုမှာ ငါ့ဆရာစောင့်နေတယ်… အော် မင်း ဒီအမှုကို အမှန်ပေါ်တဲ့ထိစစ်ပေးပါ” “ စိတ်ချကွာ ငါ အမှုကိုအစအဆုံး သေချာပြန်ကြည့်မယ်၊ မကောင်းတာလုပ်တဲ့သူက ဘယ်တော့မှ လွတ်ရိုးထုံးစံမရှိစေရဘူး” “ ငါတို့နိုင်ငံမှာ မင်းလို ဖြောင့်မတ်တဲ့ ပြည်သူဝန်ထမ်းတွေ အများကြီးလိုတယ် သူငယ်ချင်း” “ ခုနကတော့ စခန်းမှူးတွေ ဘာတွေလုပ်နေပြီး အခုမှ သူငယ်ချင်းဖြစ်သွားရောလားကွ ဟားဟား” သူငယ်ချင်းနှစ်ယောက် ပွေ့ဖက်နှုတ်ဆက်လိုက်ကြပြီး ရဲစခန်းရှေ့မှာတင် လမ်းခွဲခဲ့ကြတယ်။ ++++++ မကြာခင်အချိန်ကာလအတွင်းမှာတော့ ဒေါ်ရှာဘီတစ်ယောက် ငါးလောင်းပြိုင်လူသတ်မှုနဲ့ အဖမ်းခံခဲ့ရသလို သူအနေနဲ့ ဘာကြောင့် အခုလိုသတ်ခဲ့ရလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိနေခဲ့တာလဲဆိုတဲ့ အကြောင်းကိုတော့ အောင်မြတ်သာနှင့် ကံ ကံ၏အကျိုး ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့် ဇေယန(ရာမည)





