အောင်မြတ်သာနှင့်တောက်မည့်မီးခဲတရဲရဲ

အောင်မြတ်သာနှင့်တောက်မည့်မီးခဲတရဲရဲ

ဇေယန(ရာမည)

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ညသန်းခေါင်အချိန်… လူသူရှင်းလင်းနေတဲ့ လမ်းလေးခွဆုံဇရပ်ပေါ်ကနေ ဖယောင်းတိုင်မီးအလင်းရောင်တွေ ထွက်ပေါ်နေခဲ့တယ်။ ဇရပ်တွင်းမှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်က ဖိုခနောက်ဆိုင်ထိုင်ပြီး ပုရပိုက်တစ်ချပ်စီကိုကိုင်ကာ ငြိမ်သက်စွာ စိုက်ကြည့်နေကြတယ်။ ” တစ်ခါမှ မမြင်ဖူးတဲ့ အင်းစမတွေပါလား ဆရာ” ” နတ်တွေဖွက်ထားတဲ့ပုရပိုက်ဖြစ်လို့ ဒီထဲမှာပါတဲ့ စမတွေကို အသက်၀င်အောင်ရေးဆွဲဖို့ဆိုတာ အတော်ကြိုးစားယူရမယ်ထင်တယ်” ” ကျွန်တော်တော့ကြိုးစားကြည့်ချင်တယ်… “ ” တစ်ယောက်နဲ့တစ်ယောက် ဉာဏ်ပညာချင်းမတူကြတာမို့ ကိုယ့်ဉာဏ်စွမ်းရှိသလို ရေးဆွဲကြပါ… ပါရမီပါလာရင် ဘယ်အရာမှတားဆီးနိုင်စွမ်းရှိမှာမဟုတ်ဘူး” အောင်မြတ်သာက ပုရပိုက်တစ်ရွက်ကို အရှေ့မှာချပြီး အထဲမှာပါတဲ့ စမတစ်ခုကို မိုင်းကိုင်စက္ကူပေါ်မှာ ရေးဆွဲနေလိုက်တယ်။ အလားတူ မောင်ကောင်းနဲ့ ခွန်းလှကလဲ ပုရပိုက်ပါအင်းစမတွေကို ကြိုးစားရေးဆွဲဖို့ နေရာယူလိုက်ကြတယ်။

ဇရပ်ပတ်ပတ်လည်မှာထွန်းထားတဲ့ ဖယောင်းတိုင်မီးတွေအလင်းရောင်မှိန်လာတာနဲ့အမျှ အချိန်ကလဲ တစ်ဖြေးဖြေးနက်လာခဲ့တယ်။ အဲဒီအချိန် မောင်ကောင်းက ရေးဆွဲထားတဲ့ စမတစ်ရွက်ကို မြိုကာကြမ်းကိုဖနောက်နဲ့ပေါက်လိုက်တယ်ဆိုရင်ပဲ ဇရပ်ပတ်ပတ်လည်နေရာမှာ တင်းပုတ်ကိုယ်စီကိုင်ထားတဲ့ ဂုမ္ဘာန်တွေပေါ်လာခဲ့တယ်။ အောင်မြတ်သာနဲ့ခွန်းလှတို့လဲ မောင်ကောင်းဖြစ်စဉ်ကိုကြည့်နေတဲ့အချိန် ” အကျွန်ုပ်တို့ကိုဆင့်ခေါ်ရတဲ့ အကြောင်းရင်းကဘာများလဲဆရာ‌” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ ” သင်တို့က ဘယ်လိုရောက်လာကြတာလဲ” ” အကျွန်ုပ်တို့က စမတိုက်ကိုစောင့်ကြပ်တဲ့ ဂုမ္ဘာန်တစ်ထောင်ပဲဖြစ်ပါတယ်… ဆရာအနေနဲ့ ဂုမ္ဘာန်ခေါ်စမကို မြိုပြီးဖနောင့်ပေါက်လိုက်တာကြောင့် မနေနိုင်လို့ ရောက်လာရခြင်းဖြစ်ပါတယ်” ” ကျုပ်ကြောင့် သင်တို့အလုပ်များစေရပြီ… ကိစ္စထွေထွေထူးထူးမရှိတာမို့ သင်တို့နေရာကိုပြန်နိုင်ပါပြီ” မောင်ကောင်းရဲ့ နှုတ်ထွက်စကားအဆုံးမှာ ဇရပ်ပတ်ပတ်လည်မှာရှိနေကြတဲ့ ဂုမ္ဘာန်တွေအားလုံး ဖျတ်ခနဲပျောက်ကွယ်သွားခဲ့ကြတယ်။

” ဆရာ… ဒီစမက ဂုမ္ဘာန်တစ်ထောင်ခေါ်တဲ့စမပဲ…” မောင်ကောင်းရဲ့၀မ်းသာအားရပြောတဲ့အသံကြောင့် အောင်မြတ်သာနဲ့ခွန်းလှတို့က ပြုံးရွှင်တဲ့မျက်နှာနဲ့ ခေါင်းငြိမ့်ပြလိုက်ကြတယ်။ အောင်မြတ်သာတို့ဆရာတပည့်တွေလဲ တစ်ညလုံး မနားတမ်းကြိုးစားခဲ့ကြရာ မနက်အရုဏ်တက်ချိန်အရောက်မှာတော့ ပုဏ္ဏကယက္ခရာဇာမြင်းစမ၊ ဟတ္ထိပါလနတ်မင်းထုတ်ပေးသောဆင်စမ၊ နဂါးလေးကောင်အမြှီးကိုပြန်မြိုထားတဲ့ဟန်ရှိတဲ့ နဂါးပတ်ကျော့ကွင်းစမတွေကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ကြတယ်။ ဒုတိယမြောက်နေ့မှာတော့ ပုရပိုက်ထဲပါတဲ့ စမတစ်ခုဖြစ်တဲ့ ” ရ င လ စ” စမအက္ခရာတွေကိုစက္ကူမှာရေးဆွဲပြီး ဘေးမှာချထားတဲ့အချိန် ရုတ်တရက်တိုက်ခတ်လာတဲ့လေကြောင့် စမစာရွက်က ခြေရင်းနေရာကို အမှတ်မထင်ရောက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ သတိမထားမိပဲ အခြားအင်းစမတွေကိုရေးဆွဲနေတဲ့အချိန် စူးစူးဝါးဝါးထိုးဟောင်လိုက်တဲ့ ခွေးအူသံကို ကြားလိုက်ရတယ်။ ခွေးအူသံက အဝေးကနေ တစ်ဖြေးဖြေး နီးလာခဲ့ရာ ဇရပ်နဲ့မလှမ်းမကမ်းကိုရောက်လာခဲ့တယ်။ ” ဆရာ… ဟိုမှာ ဘာကောင်ကြီးတုန်း” ခွန်းလှအသံကြောင့် လှမ်းကြည့်လိုက်ရာ ဇရပ်အပြင်ဘက် လမ်းမပေါ်မှာ ငုတ်တုတ်ကြီးထိုင်နေတဲ့ မဲမဲကောင်တွေကိုမြင်တွေ့လိုက်ရတယ်။

” ဟိတ်… သင်တို့က ဘယ်သူတွေတုန်း” ” ကျုပ်တို့က ဒီအရပ်ဒေသမှာကျက်စားနေတဲ့ နာနာဘာ၀တွေပါ…” ” ဟင်… သင်တို့က ဒီကိုဘာလာလုပ်ကြတာလဲ” ” ဆရာတို့ စီရင်ထားတဲ့ စမရဲ့အစွမ်းကြောင့် လာရောက် ကန်တော့တာပါ…” ” ငါတို့က သင်တို့ကို လာရောက်ဖို့မခေါ်ထားပါဘူးလေ” ” ဆရာတို့မခေါ်ပေမယ့် ခြေရင်းမှထားထားတဲ့ လေးလုံးစမအုပ်ကြောင့် ကျုပ်တို့ဘယ်လိုမှမနေနိုင်ဖြစ်နေရပါတယ်… ဒါကြောင့် ရွာတော်ရှင်အဖိုးကို ခွင့်တောင်းပြီး ဆရာတို့ကို မဝံ့မရဲလာရောက်ကန်တော့ရခြင်းဖြစ်ပါတယ်” အဲဒီတော့မှ အောင်မြတ်သာလဲ မျက်လုံးဝေ့ကြည့်လိုက်ရာ လေတိုက်လို့ ခြေရင်းနားကိုရောက်နေတဲ့ စမတစ်ချပ်ကိုမြင်တွေ့လိုက်ရတယ်။ ” လတ်စသတ်တော့ ဒီစမကြောင့်ကိုး… သင်တို့လာရောက်ကန်တော့တာကိုအစွဲပြုပြီး ဒီစမကို မိစ္ဆာနိုင်လေးလုံးစမလို့သတ်မှတ်ပေးမယ်… သင်တို့ကိုလဲ ကျုပ်တို့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေကို အမျှတန်းပေးဝေပါတယ်… “ အောင်မြတ်သာရဲ့ အမျှဝေသံကို သာဓုခေါ်နိုင်ကြတဲ့ သူတွေအနေနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပလာပြီး တစ်ဆင့်မြင့်တဲ့နေရာကိုရောက်သွားကြတာကို ကြည်နူးဖွယ်မြင်တွေ့လိုက်ရတယ်။ သန်းခေါင်အချိန်အရောက်မှာတော့ ရှင်သီ၀လိစမကို အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ အဆိုပါစမကိုရေးဆွဲပြီးချိန်မှာတော့ တစ်ယောက်တစ်ချပ်စီမြိုကာ စမရဲ့အစွမ်းသတ္တိကိုသိစေဖို့အတွက် စင်္ကြန်လျောက်နေတဲ့အချိန် မီးတုတ်ကိုယ်စီကိုင်ထားတဲ့ လူဆယ်လောက်လောက်က ဇရပ်ရှိရာကို ဦးတည်လာနေတာကိုမြင်တွေ့လိုက်ရတယ်။ ” ဆရာ… ညကြီးသန်းခေါင်အချိန်ကြီး… မီးတုတ်တွေနဲ့ ဒီကိုလာနေကြတာဆိုတော့ သာမန်လူတွေတော့မဟုတ်လောက်ဘူးထင်တယ်” မောင်ကောင်းစကားကြောင့် အောင်မြတ်သာက လက်ကာပြပြီး အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။ ” ဟိတ် ဘယ်သူတွေလဲဟေ့” ” ကျွန်တော်တို့က ဆရာတို့ကိုရန်ပြုမယ့်သူတွေမဟုတ်ပါဘူး… ညကြီးသန်းခေါင် ဆာလောင်နေမှာစိုးလို့ စားစရာအချို့လာပို့ပေးတာပါ” ” အေးအေး… ဇရပ်ပေါ်တက်လာခဲ့ကြပါဦး” ” မတက်တော့ပါဘူးဆရာ.. စားစရာတွေကို ဇရပ်အောက်ခြေမှာပဲထားခဲ့လိုက်ပါ့မယ်… နောက်ရက်တွေလဲ ဆရာတို့ သုံးဆောင်ဖို့ စားဖွယ်တွေ လာပို့ပေးပါဦးမယ်” ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက မျက်ရိပ်မျက်ခြေပြလိုက်ရာ အနောက်မှာပါလာတဲ့သူတွေက ခေါင်းပေါ်ရွက်လာတဲ့ တောင်းတွေကို ဇရပ်ခြေရင်းမှာချကာ ခပ်သုတ်သုတ်ပြန်ထွက်သွားခဲ့ကြတယ်။ ” ခွန်းလှရေ… ဒီညတော့ မင်းတို့ စားကောင်းသောက်ဖွယ်တွေစားရပြီထင်တယ်… ဘာတွေပါလာလဲသိရအောင်သွားယူလိုက်ပါဦး” အောင်မြတ်သာစကားကြောင့် ခွန်းလှက ခြင်းတောင်းသုံးလုံးကို ဇရပ်ပေါ်ယူလာပြီးဖွင့်ကြည့်လိုက်ရာ အငွေ့တထောင်းထောင်းထနေတဲ့ ကောက်ညှင်းပေါင်း‌ေတွ၊အသီးအနှံအချို့အပြင် ပွက်ပွက်ဆူနေတဲ့ရေနွေးတွေထည့်ထားတဲ့ ခရားတွေကိုပါမြင်လိုက်ရတယ်။

” ဒါတွေက စားလို့ရော ရပါ့မလား… မတော်လို့ ပညာစမ်းတာတွေဖြစ်နေရင် ဒုက္ခများနေပါဦးမယ်ဆရာရယ်” ” မဖြစ်ပါဘူး… ခုနထဲက ဒီစားစရာတွေကို မူလပြန်ဖို့အမိန့်ပြန်လိုက်ပေမယ့် ထူးခြားတာမတွေ့ခဲ့ဘူး… ငါ့အထင်ပြောရရင် ဒီအဖြစ်တွေက ရှင်သီ၀လိစမရဲ့အစွမ်းပဲဖြစ်ရမယ်” ” ဒီစမတွေက အတော်ကို စွမ်းတာပဲဆရာရယ်… ဒါတောင် ကျွန်တော်တို့လက်တွေ့မစမ်းရသေးတာတွေရှိသေးတယ်နော်” အောင်မြတ်သာက မောင်ကောင်းစကားကို ပြုံးရွှင်တဲ့မျက်နှာထားနဲ့ အသိမှတ်ပြုလိုက်ပြီး ကုန်စပြုနေတဲ့ ဖယောင်းတိုင်တွေကိုအသစ်လဲလှယ်နေလိုက်တယ်။ ” ဆရာ… ကောက်ညှင်းပေါင်းလာစားပါဦး… နှမ်းထောင်းကလဲကောင်းတယ်ဗျ” အောင်မြတ်သာလဲ ခွန်းလှကမ်းပေးတဲ့ ကောက်ညှင်းပေါင်းကို လှမ်းယူကာ အိန္ဒြေရရစားနေလိုက်တယ်။ ” ဆရာ… ကျွန်တော်တို့ ဂိုဏ်းရဲ့အခြေခံအင်းကိုစချတာနဲ့ ပုဂ္ဂိုလ်တွေက အနားမှာစောင့်ရှောက်နေတာကိုမြင်ဖူးတယ်” ” တယ်ဟုတ်ပါလား… ဘာတွေမြင်ခဲ့ရလဲ ပြောစမ်းပါဦး” ” ကျွန်တော် ပထမအဆင့်စတဲ့အချိန် အနားမှာ မတ်တရပ်ရပ်နေတဲ့ မိန်းကလေးသုံးယောက်ကိုမြင်လိုက်ရတယ်… ဆရာ့ကိုမေးမယ် မေးမယ်နဲ့ စကားမကြုံတာမို့ မမေးဖြစ်တာ” ‌” အင်း… မောင်ကောင်းရော ခွန်းလှလိုပဲမြင်ရလား” ” ကျွန်တော်က ဒုတိယအဆင့်တက်တဲ့အချိန်မှာပဲမြင်ရတာ… ခွန်းလှလိုတော့ မိန်းကလေးမဟုတ်ဘူးဗျ… ကျွန်တော်မြင်တာက ယက္ခဘီလူးသုံးပါး” ” နှစ်ယောက်လုံးမြင်တွေ့ရတာတွေက ဂိုဏ်းရဲ့အစောင့်ရှောက်တွေပဲ… နားလည်အောင်ပြောရရင် ငါတို့ဂိုဏ်းရဲ့ ပညာရပ်ကကိုးဆင့်တိတိရှိတယ်။

ဒါကို ပလ္လင်ခံမင်္ဂလာပညာကိုးဆင့်လို့‌လဲခေါ်ကြတယ်။ ပထမမင်္ဂလာပညာရပ်ကို သဒ္ဓါဒေဝီ၊ ကဝိစိန္တာဒေဝီ၊ စိန္တလတ္တဒေဝီကစောင့်ရှောက်တယ်။ဒုတိယမင်္ဂလာပညာရပ်ကိုတော့ ယက္ခရာဇာသုံးပါးစောင့်ရှောက်တယ်။ နာမည်တွေအတိအကျပြောရင်ရှည်မှာစိုးလို့ ထည့်မပြောတော့ဘူး။ အဲလိုပဲ တတိယမင်္ဂလာပညာရပ်ကိုတော့ ဒေဝီလေးပါးစောင့်ရှောက်တယ်။ ပထမ၊ ဒုတိယ၊ တတိယပညာဆင့်က သုံးကွက်အင်းဖြစ်လို့ ဒီအစောင့်ရှောက်တွေက ပထမပလ္လင်ခံသုံးကွက်အင်းစောင့်ပုဂ္ဂိုလ်တွေပဲ” ” ဒါဆို အခြားအဆင့်တွေမှာလဲ သူနဲ့ဆိုင်ရာ အင်းစောင့်ပုဂ္ဂိုလ်တွေရှိနေတာပေါ့” ” သုံးကွက်အင်း သုံးဆင့်မှာ အင်းစောင့်၁၀ပါး၊ လေးကွက်အင်းမှာ၄ပါး၊ ငါးကွက်အင်းမှာ ၄ပါး၊ ခြောက်ကွက်အင်းမှာ ၅ပါး၊ ခုနှစ်ကွက်အင်းမှာ ၅ပါး၊ရှစ်ကွက်အင်းမှာ ၅ပါး၊ ကိုးကွက်အင်းမှာ ၅ပါး၊ စုစုပေါင်းအင်းစောင့်ပုဂ္ဂိုလ်၃၈ပါးတိတိရှိတယ်၊ နားလည်အောင်ပြောရရင် အဆိုပါအင်းစောင့်ပုဂ္ဂိုလ်တွေက ၃၈ပါးသော မင်္ဂလာတရားတော်တွေကို ဆောက်တည်ကျင့်သုံးကြတဲ့သူတွေဖြစ်တယ်။ ဒါကြောင့် ဂိုဏ်းထဲမှာ သီလအာစာရရှိကြတဲ့သူတွေကို သူတို့က အမြဲတမ်းကူညီစောင့်ရှောက်ပေးနေကြတာပဲ” ” ကျွန်တော်တို့က အင်းစ‌မတွေရဲ့အသုံး၀င်ပုံတွေကိုပဲ လေ့လာခဲ့တော့ ခုလိုအသေးစိတ်ကို မသိခဲ့ရဘူး… ဒီညတော့တကယ်ကိုအကျိုးရှိခဲ့ပြီဆရာရယ်” ” ကဲကဲ… ရေနွေးတွေလဲအေးတော့မှာဆိုတော့ လက်စသတ်လိုက်ဦး… စားပြီးရင် ပုရပိုက်ပါအင်းစမတွေကို ပြန်ကြည့်ရဦးမယ်မဟုတ်လား” မောင်ကောင်းနဲ့ ခွန်းလှတို့လဲ စကားစကိုဖြတ်ပြီး ရေနွေးကြမ်းကိုမှုတ်သောက်လိုက်ကြတယ်။

+++++++ ‌ငါးရက်မြောက်နေ့ရောက်တော့ ပုရပိုက်ပါ အင်းစမအတော်များများကို အဓိပ္ပါယ်ဖော်နိုင်ခဲ့သလို အင်းစမရေးဆွဲနေတဲ့အချိန်မှာလဲ အင်းစောင့်ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားသွားလာနေမှုတွေကိုမြင်တွေခဲ့ကြရတယ်။ ” ဂစ် ဂစ် ဂစ်…” ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ငှက်ဆိုးထိုးသံကြောင့် ဇရပ်ပေါ်မှာစင်္ကြန်လျောက်နေကြတဲ့ အောင်မြတ်သာတို့သုံးယောက်လုံး တိုင်ပင်မထားပဲ လှမ်းကြည့်လိုက်ကြတယ်။ ” ငှက်ဆိုးတွေ ဒီညအတော်သောင်းကျန်းနေကြပါလား… ဘာတွေဖြစ်ဦးမလဲမသိဘူး” အောင်မြတ်သာက တီးတိုးရေရွတ်နေရင်း ခပ်လှမ်းလှမ်းမှာရှိတဲ့အမှောင်ထုကိုစိုက်ကြည့်နေခဲ့တယ်။ ” ဆရာ… ဘာတွေ့လို့လဲ” ” အမှောင်ထဲကနေ ငါတို့ကို စိုက်ကြည့်နေတဲ့ခံစားချက်ဖြစ်နေတယ်…” ” ကျွန်တော်တို့ ဇရပ်ပတ်ပတ်လည်ကို စည်းချထားလို့ အနားကိုမလာနိုင်တာများလားမသိဘူး” မောင်ကောင်းစကားကြောင့် အောင်မြတ်သာလဲ စည်းချထားတာကိုရုပ်သိမ်းလိုက်ရာ အမှောင်ထုထဲကနေ တရှပ်ရှပ်နဲ့လမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။ ” ထင်တဲ့အတိုင်းပဲဆရာရေ.. ဒီကောင်က ကျွန်တော်တို့အနားကိုလာမရလို့ အဝေးကနေကြည့်နေတာ” တရိပ်ရိပ်နဲ့ရွေ့လျားလာတဲ့ အရာကိုကြည့်ပြီးပြောလိုက်တဲ့ ခွန်းလှစကားကြောင့် အောင်မြတ်သာက ဇရပ်လှေကားဝကိုလျောက်သွားပြီး ” သင် ဘယ်သူလဲ… ကျုပ်တို့ကို တစ်ခုခုများပြောစရာရှိနေလို့ လာချောင်းကြည့်နေတာလား” လို့ပြောလိုက်တော့ ရွေ့လျားနေတဲ့အရိပ်မဲက မလှမ်းမကမ်းအကွာအဝေးမှာရပ်လိုက်ပြီး ” ကျုပ်က ဟိုဘက်မြေအစပ်က တောသရက်ပင်မှာနေပါတယ်… အရင်က ဒီဇရပ်အနီးတစ်ဝိုက်မှာ အဆင့်နိမ့်တဲ့ နာနာဘာ၀တွေကျက်စားတတ်ကြပေမယ့် ဆရာတို့ရောက်တဲ့အချိန်ကစပြီး သူတို့ဒီမှာမနေရဲတော့ပဲ ကျုပ်ရဲ့နေရာကိုရောက်လာကြတယ်…

ကျုပ်မှာလဲ ကိုယ့်လူနဲ့ကိုယ်ပြည့်နေတာမို့ သူတို့အတွက်နေစရာမပေးနိုင်တော့တာ‌ကြောင့်အခုလိုအရဲစွန့်ပြီး လာပြောရတာပါ” အောင်မြတ်သာလဲ တောသရက်ပင်စောင့်ပုဂ္ဂိုလ်ရဲ့စကားကိုကြားပြီးတော့ သနားဂရုဏာသက်တဲ့ဟန်နဲ့ သက်ပြင်းရှည်တစ်ချက်ကိုချကာ ” ကျုပ်တို့ကြောင့် သူတို့တွေ နေစရာပျောက်သွားရလို့ စိတ်မကောင်းဖြစ်မိပါတယ်… ဒါကြောင့် အရုဏ်တက်ချိန်မှာ ဒီနေရာကနေ ထွက်ခွာပေးမှာမို့ ယခင်နေခဲ့တဲ့သူတွေပြန်လာနေကြဖို့ သင်ကပဲသတင်းပါးပေးလိုက်ပါ” ” ကျေးဇူးတင်ပါတယ်… ဆရာတို့အနေနဲ့ ဒီကနေထွက်ရင် ကျုပ်နေတဲ့ တောသရက်ပင်အောက်ကို ကြွလာပေးဖို့ ထပ်မံတောင်းဆိုပါတယ်…” ” ကောင်းပါပြီ… ကျုပ်တို့ သင်နေရာကို ခေတ္တ၀င်လာခဲ့ပေးပါ့မယ်” တောသရက်ပင်စောင့်ပုဂ္ဂိုလ်ထွက်သွားတာနဲ့ အောင်မြတ်သာတို့လဲ ပစ္စည်းပစ္စယတွေကို သိမ်းဆည်းပြီး အရုဏ်တက်တာနဲ့ ထွက်ခွာနိုင်အောင် အသင့်ပြင်ထားလိုက်ကြတယ်။ +++++ ” အောက်အီးအီးအွတ်….” အရုဏ်တက်တဲ့အချိန် အော်မြည်လိုက်တဲ့ တောကြက်တွန်သံနဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်တွေ ဇရပ်ပေါ်ကနေ ဆင်းလာခဲ့လိုက်ကြတယ်။ ” ဆရာ… တောသရက်ပင်ဆီကိုသွားဦးမှာလား..” ” ခေတ္တတော့၀င်ရမှာပေါ့… သူ့ကိုကြည့်ရတာ ငါတို့ကို တစ်ခုခုပြောချင်တဲ့ပုံစံပေါက်နေတယ်” ” ဟုတ်ကဲ့ဆရာ… ဇရပ်ပေါ်မှာနေတဲ့သူတွေလဲ ကျွန်တော်တို့ထွက်သွားတာသိရင် အတော်ပျော်နေကြမှာ” ဆရာတပည့်တွေ စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာခဲ့တာ ရွာနှစ်ရွာနယ်နိမိတ်ထိစပ်နေတဲ့ နေရာအရောက်မှာတော့ အတော်ကြီးမားတဲ့ တောသရက်ပင်တစ်ပင်ကိုမြင်တွေ့လိုက်ရတယ်။

” ဆရာပြောတော့တောသရက်ပင်ဆိုတာ ဒါပဲဖြစ်ရမယ်…” ခွန်းလှက သရက်ပင်ကိုလက်ညိုးထိုးပြော‌လိုက်တဲ့အချိန် အလန့်တကြားထွက်ပြေးနေသံတွေကို ကြားလိုက်ရတယ်။ ” ခွန်းလှ…မင်းလက်ကိုပြန်ချလိုက်” အောင်မြတ်သာက လက်ကိုဖျတ်ခနဲရိုက်ချလိုက်တာကြောင့် ခွန်းလှတစ်‌ယောက် ကြောင်အအဖြစ်သွားခဲ့တယ်။ ” ဘာဖြစ်လို့လဲဆရာ…” ” မနေ့ညက ကြာဖူးခံငါးလုံးစမကို လက်ပေါ်မှာဆွဲခဲ့တယ်မဟုတ်လား” ” ဟုတ်ကဲ့” ” ဒီမစထိုးထားတဲ့လက်နဲ့သွားထိုးတော့ ဟိုကောင်တွေ ဆောက်တည်ရာမရဖြစ်ကုန်တာပေါ့… နောက်ဆို သတိထားပါ” အောင်မြတ်သာက ခွန်းလှကိုသတိပေးပြီး သရက်ပင်အောက်ကိုလျောက်သွားခဲ့ရာ ပင်စည်အနောက်ကနေ ရှည်းလျားနေတဲ့ဆံပင်ကိုဖျားလျားချထားတဲ့ လူတစ်ယောက်ထွက်လာခဲ့တယ်။ ” ခုနက ဘယ်သူထိသွားသေးလဲ” ” ဘယ်သူမှမထိပါဘူးဆရာ… ဒါပေမယ့် ရုတ်တရက် ငရဲမီးလိုပူလောင်လာတော့ အကုန်ထွက်ပြေးကြရတာပါ.. ဒါမျိုးက ဘုန်းကြီးသင်္ကန်းစနဲ့ ခဏခဏရိုက်ခံထိနေကြမို့ ဒီကောင်တွေနေသားကျနေပါပြီ” ” သင်္ကန်းစနဲ့ရိုက်ခံထိနေကြဆိုတာက.. ဘယ်လိုမျိုးလဲ” ” အရင်ကဆို ရွာကျောင်းက ဦးဇင်းတွေ အရုဏ်ဆွမ်းကြွတဲ့အခါ သရက်ပင်အောက်ကနေဖြတ်ကြတယ်… အဲဒီလိုကြွရင် သပိတ်ထဲကနေ ထွက်လာတဲ့ ဆွမ်းနံ့တွေကို အပင်မှာနေတဲ့ကောင်တွေမခံနိုင်တဲ့အတွက် နှိုက်စားဖို့ကြိုးစားကြတယ်။

အချို့ကျတော့လဲ လက်တစ်ဆုပ်စာထမင်းတွေရသလို အချို့ကျတော့လဲ သင်္ကန်းစနဲ့ထိပြီး လူးလိမ့်အော်ရတာတွေရှိတယ်။ သူတို့တွေပြန်ပြောတာက သင်္ကန်းစနဲ့ထိတဲ့အချိန် ငရဲမီးနဲ့မြိုက်သလိုခံစားရတယ်ဆိုပဲ” ” အော်… ဒါကြောင့် ဘုရားရှင်က ရဟန်းတော်တွေ ညရေးညတာအပြင်ထွက်ရင် သင်္ကန်းကိုကိုယ်နဲ့ကပ်နေအောင်ရုံဖို့ ပညတ်ခဲ့တာကိုး” (မှတ်ချက်။ သင်္ကန်းမှာပါတဲ့ ကြယ်သီးလိုအလုံးတွေက သင်္ကန်းစတွေလေထဲမပျံ့လွင့်အောင်စည်းနှောင်ဖို့ထည့်ထားပေးခြင်းဖြစ်ပါတယ်။) ” ဆရာတို့ ဒီကနေ ဘယ်ကိုခရီးဆက်ကြမလို့လဲ” ” ခြေဦးတည့်ရာသွားရမှာပေါ့… အတိအကျခရီးစဉ်ရယ်လို့မှမရှိတာ” ” ဆရာတို့ကို ခလွန်းရွာသုဿာန်ကို သွားစေချင်ပါတယ်” ” ဟင်…ခလွန်းရွာသုဿာန်က ဘာဖြစ်နေလို့လဲ” ” ခလွန်းရွာသုဿာန်မှာရှိတဲ့ နတ်ရဲပင်အောက်မှာ ပညာပြိုင်ရာကနေ ရှုံးနိမ့်ထားတဲ့ဆရာတွေရဲ့ ဝိဉာဉ်ကိုချုပ်နှောင်ထားပါတယ်…” ” ဘယ်သူကချုပ်နှောင်ထားတာလဲ ပြောပါဦး” ” ခလွန်းရွာရဲ့ ကဝေပညာသည်ဒေါ်မြိုင်ကိုယ်တိုင်ဖမ်းစီးထားတာပါ… ဆရာတို့ရဲ့ပညာနဲ့ ဒီမိန်းမကြီးကိုဆုံးမပေးစေချင်ပါတယ်” ” သင်က အလုံးစုံကိုသိနေပါရောလား…” အောင်မြတ်သာစကားကြောင့် တောသရက်ပင်စောင့်ပုဂ္ဂိုလ်ဆီကနေ ငိုရှိုက်သံသဲ့သဲ့ထွက်လာပြီး ” ဘာလို့သိရလဲဆိုရင် ကျုပ်ကိုယ်တိုင် ဖမ်းဆီးခံခဲ့ရတဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့လို့ပဲ” ” ဘယ်လို… သင်က ဖမ်းဆီးခံထိဖူးတဲ့သူ ဟုတ်လား” ” ဟုတ်ပါတယ်… ကျုပ်ပညာနုစဉ်ကာလ ကဝေပညာသည်ဒေါ်မြိုင်နဲ့ ပက်ပင်းတိုးရင်ဆိုင်ခဲ့ရတယ်။ ကျုပ်က ဒီမိန်းမကြီးကို သာမန်ပညာသည်လို့ထင်ပြီး ရင်ဆိုင်ခဲ့ပေမယ့် သူက ၁၂ကြိုးကို ထုံးလို‌ကြေရေလိုနောက်တတ်မြောက်ထားတဲ့သူ ကဝေမကြီးဖြစ်နေခဲ့တယ်။ သူ့ကိုမယှဉ်နိုင်တဲ့ကျုပ်ကို လိပ်ပြာနှုတ်ပြီး အခြားဆရာတွေရဲ့ဝိဉာဉ်နဲ့အတူ နတ်ရဲပင်အောက်မှာ မြုပ်နှံကာ သူ့ရဲ့အခိုင်းအစေအနေနဲ့ အသုံးချခဲ့တယ်။ ကျုပ်တို့ကိုနတ်ရဲပင်အရိပ်ကျတဲ့နေရာတစ်ဝိုက်မှာပဲသွားလို့ရအောင် ချုပ်နှောင်ထားခဲ့ကြတယ်။

ဒါပေမယ့် တစ်ရက်မှာတော့ ကျုပ်တစ်ယောက်ထဲ နတ်ရဲပင်အပြင်ဘက်ကိုထွက်လို့ရသွားခဲ့တယ်။ ဘာကြောင့်ထွက်လို့ရတယ်ဆိုတာကိုတော့ အခုထိမသိသေးဘူး” ” သင် လွတ်မြောက်တာနှစ်ပေါင်းဘယ်လောက်ကြာပီလဲ” ” နှစ်သုံးဆယ်ကျော်ပါပြီ… ဆရာ” ” ဒါဆို ဒေါ်မြိုင်ရဲ့အသက်က အနည်းဆုံး ၈၀ကျော်တော့ရှိရောပေါ့” ” အတိအကျတော့မပြောတတ်ဘူးဆရာ… ကျုပ်နဲ့ပညာပြိုင်တဲ့အချိန် သူ့အသက်က ၃၀တောင်မပြည့်သေးဘူး” ” သင်ပြောတဲ့ပုံအရ ဒေါ်မြိုင်ဆိုတဲ့ပညာသည်က ၁၂ကြိုးပညာရပ်ထဲပါတဲ့ နွယ်စင်ကြိုးပညာရပ်ကိုသုံးပြီး ချုပ်နှောင်ထားတာပဲ… “ ” ဆရာတို့ကို အကူအညီတောင်းပါတယ်… ဒီမိန်းမကြီးရဲ့ နှိပ်စက်မှုအောက်မှာရှိတဲ့သူတွေကိုကယ်တင်ပေးပါ” အောင်မြတ်သာတို့လဲ တောသရက်ပင်စောင့်ပုဂ္ဂိုလ်ရဲ့စကားကြောင့် ဦးတည်ရာမရှိတဲ့ခြေလှမ်းတွေအဖြစ်ကနေ ခလွန်းရွာကိုသွားမယ့် ခြေလှမ်းတွေအဖြစ်ကို ကူးပြောင်းခဲ့ကြတယ်။ +++++ ” အဟီးအဟီး ဂစ်ဂစ်ဂစ်ဂစ်…” ခြုံစောင်ထဲကနေ ထွက်ပေါ်လာတဲ့ ညဉ်းသံကြောင့် အိပ်ပျော်နေတဲ့ ရွှေမိတစ်ယောက်လန့်နိုးလာခဲ့တယ်။ ” အမေကြီး အဖျားတွေတက်နေပြန်ပီလား” ” အင်း… တစ်ကိုယ်လုံးချမ်းစိမ့်နေတာပဲ ရွှေမိရယ်.. ကြက်စွတ်ပြုတ်ပူပူလေးသောက်ချင်လိုက်တာ” ” အမေကြီးကလဲ… ဒီအချိန်ကြီး ကြက်သားကိုဘယ်ကသွားရှာရမှာလဲ… နောက်ပြီး ရွှေမိက ကြက်ကိုမသတ်ရဲဘူး” ” ဟင်းဟင်းဟင်း… နင်ကတော့လေ ငါ့မြေးလုပ်နေပြီး ဒါတောင်မလုပ်ရဲဘူးလား… ကဲကဲ ထားတော့ နင်မသတ်ရဲရင်တောင် ကြက်တော့ခုတ်တတ်တယ်မလား” ” အဲလောက်တော့လုပ်တတ်ပါတယ်…” အမယ်အိုကြီးက တုန်ရီနေတဲ့လက်နဲ့ အိမ်အပြင်ကိုလက်ညိုးထိုးပြီး အံကိုအသံမြည်အောင်ကြိတ်လိုက်ရာ ဝါးလုံးတန်းပေါ်မှာ အိပ်တန်းတက်နေတဲ့ ကြက်တစ်ကောင် ဘုတ်ခနဲလဲကျသွားခဲ့တယ်။

” ရွှေမိ… အဲဒီကြက်ကို ခုတ်ထစ်ပြီး စွပ်ပြုတ်လေးလုပ်ပေးစမ်း” အမေကြီးရဲ့ ထူးဆန်းတွေကအပြုအမူကို မကြာခဏဆိုသလိုမြင်တွေ့နေရတဲ့ရွှေမိအဖို့ အခုလိုအဖြစ်က အဆန်းတကြယ်မဟုတ်တဲ့အတိုင်း မြေကြီးပေါ်ပြုတ်ကျနေတဲ့ကြက်ကိုကောက်ယူဖို့ ထသွားခဲ့တယ်။ ” ရှပ် ရှပ် ရှပ်…” ရွှေမိထွက်သွားတဲ့ချိန် ခေါင်းရင်းကျူထရံပေါက်နားမှာ လမ်းလျောက်နေတဲ့ ခြေသံကြောင့် အဖျားတက်နေတဲ့ အမယ်အိုကြီးက တုန်ရီသောအသံနဲ့ ” ဘယ်သူလဲကွယ့်… အသံပေးနေတာ” ” ကျွန် ကျွန်တော် ငနီကြီးပါ အမေ” ” အေး ငနီ… ဘာကိစ္စရှိလို့လဲ” ” ရွာထဲကို ဘယ်ကရောက်လာမှန်းမသိတဲ့ ဆရာသုံးယောက်၀င်လာလို့ အမေကြီးကို လာပြောတာပါ” ငနီကြီးစကားကြောင့် အမယ်အိုကြီးမျက်နှာ တင်းခနဲဖြစ်သွားပြီး ” အေးအေး… နင်တို့ငါ့အမိန့်မရပဲ ဘာမှမလုပ်ကြနဲ့… ကိုယ့်နေရာမှာ ကိုယ်သတိနဲ့နေကြ ကြားလား” ” ဟုတ်ကဲ့ အမေကြီး” ငနီကြီးထွက်သွားတော့ အမယ်အိုကြီးက သူ့ရဲ့စူးရှတဲ့မျက်လုံးနဲ့ ရွာထိပ်ဘက်ကို စောင်းငဲ့ကြည့်တဲ့အချိန် အမြင်အာရုံတစ်ခုလုံးအမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်။ မကြာခင် မီးခိုးတလူလူထွက်နေတဲ့ အိမ်ထဲကနေ ကျယ်လောင်တဲ့ တောက်ခတ်သံတစ်ချက်ထွက်ပေါ်လာပါလေရော။ ++++++++ ” ဆရာ… ခုနက ဖြတ်ချလိုက်တဲ့ စက်ဖြတ်စမက အတော်ထူးခြားတာပဲ” ” ဘာဖြစ်လို့လဲ မောင်ကောင်း” ” လက်ဝါးစောင်းနဲ့ဖြတ်ချလိုက်တဲ့အချိန် ပိုးအိမ်မျှင်တွေပြတ်ထွက်သလိုခံစားလိုက်ရတယ်” ” ဒေါ်မြိုင်ဆိုတဲ့ အမယ်အိုကြီး ဆင်ထားတဲ့ စက်ကြိုးတွေအကုန်ပြတ်ထွက်သွားတဲ့ပုံစံပဲ… အခုငါတိုသုံးတဲ့စက်ဖြတ်စမက အသွားရှစ်ခုပါတာဆိုတော့ ဘယ်လောက်ရှုပ်ထွေးပါတယ်ဆိုတဲ့ စက်ကိုမဆို တိခနဲဖြတ်ချနိုင်တယ်” ” ဒါဆို ကျွန်တော်တို့ရောက်နေတာကို ဒေါ်မြိုင်ဆိုတဲ့မိန်းမကြီးသိနေလောက်ရောပေါ့” ” သေချာတာပေါ့ မောင်ကောင်းရယ်… ဟော… ပြောရင်းဆိုရင်း သုသာန်၀ကိုတောင်ရောက်လာပါရောလား” အောင်မြတ်သာက သုဿာန်၀ကိုရောက်တော့ ဆိုင်ရာပိုင်ရာတွေထံခွင့်ပန်ပြီး အတွင်းကိုခြေချလိုက်တယ်ဆိုရင်ပဲ ပူနွေးတဲ့လေပြင်းတစ်ခုက မျက်နှာကိုလာရောက်ရိုက်ခတ်သလို ခံစားလိုက်ရတယ်။

” ဒီနေရာက ပညာစက်တွေအတော်သုံးထားတဲ့ပုံပဲ… အရင်ဆုံး နတ်ရဲပင်ရှိတဲ့ဘက်ကိုသွားကြရအောင်” အလင်းရောင်မှိန်ပြပြကျနေတဲ့ ခလွန်းရွာသုဿာန်ရဲ့အလယ်မှာတော့ ညောင်မုတ်ဆိတ်တွေရှည်လျားစွာကျနေတဲ့ ညောင်ပင်အိုကြီးတစ်ပင်က တစ္ဆေအိုကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသလို ဖြစ်နေခဲ့တယ်။ ညောင်ပင်ပတ်ပတ်လည်မှာတော့ ပြိုပျက်နေတဲ့ အုတ်ဂူအဟောင်းတွေအပြင် တောခွေးတွေယက်ထားလို့ ဖရိုဖရဲဖြစ်နေတဲ့ မြေပုံမို့မို့တွေက မသတီစရာကောင်းအောင် တည်ရှိနေသလို လေအဝှေ့မှာ ပါလာတဲ့ ပုတ်အဲ့အဲ့အနံ့ဆိုးတွေကလဲ သုဿာန်ဆိုတဲ့ဝေါဟာရကိုပိုပြီးအသက်၀င်စေခဲ့တယ်။ ညောင်ပင်အောက်ခြေမှာတော့ သုံးပေသာသာရှိတဲ့ နတ်ကွန်းတစ်ခုကိုမြင်လိုက်ရပြီး အတွင်းမှာတော့ နွမ်းလုဆဲဆဲဖြစ်နေတဲ့တောပန်းတွေထိုးထားတဲ့ပန်းအိုးတစ်လုံးရှိနေခဲ့တယ်။ ” ဆရာ… ဒီအပင်က တောသရက်ပင်စောင့်ပုဂ္ဂိုလ်ပြောတဲ့အပင်ပဲဖြစ်ရမယ်…” ” ဒါက နတ်ရဲပင်ဆိုတာသေချာတယ်… ဒါပေမယ့် မြုပ်နှံထားတဲ့အစီအရင်တွေကို ရှာဖို့ပဲခက်တာ” ” ဆရာခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားကြည့်မယ်လေ” အောင်မြတ်သာလဲတပည့်နှစ်ယောက်ရဲ့ တက်ကြွနေမှုကိုမြင်တော့ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ” မင်းတို့ရဲ့ပညာစွမ်းတွေကိုစမ်းသပ်တဲ့အနေနဲ့ လုပ်ခွင့်ပေးလိုက်မယ်… ဒါပေမယ့် ဖြစ်လာသမျှ ကိစ္စတွေအကုန် မင်းတို့နှစ်ယောက်တာ၀န်ယူဖြေရှင်းရမှာနော်” ” စိတ်ချပါဆရာ.. ကျွန်တော်တို့တာ၀န်ယူဖြေရှင်းပါ့မယ်” အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်ကို မျက်ခုံးလေးပင့်ကာ ကြည့်လိုက်ပြီး အနီးနားမှာရှိတဲ့ အုတ်ဂူတစ်လုံးပေါ်တက်ထိုင်ကာ စောင့်ကြည့်နေခဲ့တယ်။ မောင်ကောင်းနဲ့ခွန်းလှတို့လဲ နတ်ရဲပင်ကို လက်ယာရစ်ပတ်ပြီး စည်းတားနေတဲ့အချိန် ရာ၀င်အိုးတစ်လုံးလောက်ရှိတဲ့ သစ်ခေါင်းပေါက်ထဲကနေ မီးခဲလိုနီရဲနေတဲ့ မျက်လုံးနှစ်လုံးပေါ်လာခဲ့တယ်။

” ခွန်းလှ သူ့ကိုအာရုံစိုက်မနေနဲ့… လုပ်စရာရှိတာလုပ်” မောင်ကောင်း လှမ်းသတိပေးလိုက်တော့ ခွန်းလှလဲ ဘယ်ကိုမှဆက်မကြည့်တော့ပဲ စည်းကိုဆက်တားနေခဲ့လိုက်တယ်။ အားလုံးပြီးစီးသွားချိန်မှာတော့ သစ်ခေါင်းပေါက်ထဲကနေချောင်းနေတဲ့အကောင်က ချွန်မြနေတဲ့လက်သည်းကို ပင်စည်နဲ့ တဂျစ်ဂျစ်မြည်အောင် ကုတ်ဖဲ့ရင်း ကုန်းကုန်းကွကွပုံစံနဲ့ ထွက်လာခဲ့တယ်။ ” ဒီကောင် ဘာတုန်းဟ… ခေါင်းမှာလဲ ဆံပင်တွေက ကျိုးတိုးကျဲတဲ၊ မျက်လုံးမှာလဲ မျက်ခွံမပါဘူး၊ မဟုတ်မှလွဲရော ဟိုမိန်းမကြီးမွေးထားတဲ့ ဖုတ်ဘီလူးများလား” မောင်ကောင်းက ခွန်းလှကြားအောင် တီးတိုးပြောနေတဲ့အချိန် နတ်ရဲပင်အောက်မှာ ဘေးဘက်ထောက်ပြီး လျောက်သွားနေတဲ့ကောင်က တစ်ထွာလောက်ရှိတဲ့ အစွယ်ကိုသွားဖုံးအပြင်ဘက်ကိုထုတ်ပြီး ဝူးဝူးဝါးဝါးအော်ကာ အနားကပ်လာခဲ့တယ်။ ” သင့်ကို ကျုပ်တို့က ရန်ပြုဖို့လာတာမဟုတ်လို့ ကိုယ့်နေရာကိုယ်ပြန်နေလိုက်ပါ…” မောင်ကောင်းစကားကြောင့် အနားကပ်လာတဲ့ ဖုတ်ဘီလူးက ရှေ့ဆက်မတိုးလာတော့ပဲ ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ ပတ်၀န်းကျင်ကိုလိုက်ကြည့်နေခဲ့တယ်။ ” ဒီကောင်က အခုလိုကျတော့လဲ ပြောစကားနားထောင်သားပဲ…” ခွန်းလှက ကျေနပ်တဲ့လေသံနဲ့ပြောပြီး ရယ်နေတဲ့အချိန် ကျီးကြည့်ကြောင်ကြည့်လုပ်နေတဲ့ ဖုတ်ဘီလူးကောင်က တဟုန်ထိုးပြေး၀င်လာခဲ့တယ်။ ဒါပေမယ့် အနားမရောက်ခင်မှာပဲ အနောက်ကို ဂျွမ်းပြန်ကာလဲကျသွားတယ်။

ခွန်းလှကြည့်လိုက်တော့ မောင်ကောင်းရဲ့လက်ဝါးမှာ သရဏဂုံအင်းကိုကိုင်ထားတာမြင်လိုက်ရတယ်။ အထိနာသွားတဲ့ဖုတ်ဘီလူးကောင်က အနားကိုထပ်မလာရဲတော့ပဲ သစ်ခေါင်းပေါက်ထဲပြန်၀င်ဖို့လုပ်တဲ့အချိန် ခွန်းလှက မြင်းပုံစံရေးဆွဲထားတဲ့ပုဏ္ဏကယက္ခရာဇာအင်းကို ဘယ်လက်ဖဝါးပေါ်တင်ပြီး ညာလက်နဲ့ဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်ရာ ‌နတ်ရဲပင်အနောက်ကနေ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ မြင်းတစ်ကောင် ခုန်ပေါက်ထွက်လာပြီး သစ်ခေါင်းပေါက်ထဲ၀င်ဖို့လုပ်နေတဲ့ ဖုတ်ဘီလူးကို နောက်ပြန်ကန်ချလိုက်တယ်။ ” ခွပ်…. “ ” အင့်… ဝုန်း” မြင်းဖြူကြီးက လဲကျသွားတဲ့ ဖုတ်ဘီလူးကို လှုပ်မရအောင်ခွာနဲ့တက်နင်းပြီး ခွန်းလှဘက်ကို စောင်းငဲ့ကြည့်လိုက်တယ်။ ” အိုး… လှလိုက်တဲ့ မြင်းဖြူကြီးကွာ… လည်ဆံမွှေးတွေက ပိုးသားလိုဖြောင့်စင်းရှည်ကျနေပါလား” ခွန်းလှက အံ့ဩစွာရေရွတ်ရင်း အနားကပ်သွားတဲ့အချိန် မြင်းဖြူကြီးက သူ့ရဲ့ခေါင်းကို ထိုးပေးတာကြောင့် အသာယာပွတ်သပ်ပေးရင်း အောက်ကိုကြည့်ကာ ” နတ်ရဲပင်အောက်မှာ ချုပ်နှောင်ခံထားရတဲ့သူတွေရှိသေးတယ်မဟုတ်လား…”လို့မေးသော်လည်း ဘာမှမတုံ့ပြန်တဲ့အတွက် အနောက်မှာရပ်နေတဲ့ မောင်ကောင်းက ရှေ့တက်လာပြီး ” ဆိုင်ရာပုဂ္ဂိုလ်များအနေနဲ့ စကားပြောလို့ရအောင် နှုတ်ဖွင့်ပေးပါ” လို့ ပြောလိုက်တော့မှ အောက်မှာ ညဉ်းညူနေတဲ့ ဖုတ်ဘီလူးဆီကနေ အသံထွက်လာခဲ့တယ်။ ” နတ်ရဲပင်အောက်မှာ အခြားဘယ်သူတွေရှိသေးလဲ… အမှန်တိုင်းမဖြေပဲလိမ်ညာမယ်ဆိုရင် ဦးခေါင်းကိုစိစိညက်ကြေအောင် ခွာနဲ့နင်းခိုင်းရလိမ့်မယ်” ” ငါမလိမ်ရဲပါဘူး… ငါသိသလောက် ဆံပင်ဖားလျားနဲ့လူလေးယောက်ရှိတယ်…” ” သူတို့ကို ဘယ်နားမှာ မြုပ်ထားတာလဲ” ” ဒါတော့ ငါလဲမသိဘူး… အမေကြီးလုပ်ထားတာဆိုတော့ သူပဲသိလိမ့်မယ်” မောင်ကောင်းနဲ့ခွန်းလှလဲ ကြောက်လန့်တကြားပြောနေတဲ့ ဖုတ်ဘီလူးကိုကြည့်ပြီး ” သူပြောနေတာတွေကအမှန်ဖြစ်မှာပါ… ဒီလောက်နဲ့လွှတ်ပေးလိုက်ကြရအောင်” လို့ပြောလိုက်တော့ ခွန်းလှက မြင်းဖြူရဲ့လည်ဆံမွှေးကိုပွတ်သပ်လိုက်ရာ အဖြူရောင်အခိုးငွေ့တွေအဖြစ်ပြောင်းသွားပြီး လေထဲကိုလွင့်ပျံ့သွားခဲ့တယ်။

” အဟွတ် အဟွတ် အဟွတ်” မောင်ကောင်းတို့လဲ ချောင်းဆိုးသံကြောင့် လှည့်ကြည့်လိုက်ရာ သုဿာန်ထဲကို တုန်ချိစွာ၀င်ရောက်လာတဲ့ လူရိပ်နှစ်ခုကိုမြင်လိုက်ရတယ်။ ” အဖွား ရရဲ့လား… “ ” ရပါတယ်အေ… ညဉ်းသာ ငါ့ကိုထိန်းထားပေး… အဟွတ် အဟွတ်… ဟေ့ အပင်အောက်‌က ကောင်လေးတွေ လူကြီးတစ်ယောက်လုံးလာတာကိုတောင် အဖက်မလုပ်ကြဘူး…” ဗျစ်တောက် ဗျစ်တောက်ပြောရင်း သုဿာန်ထဲ၀င်လာတဲ့ အမယ်အိုကြီးကိုမြင်တော့ အုတ်ဂူပေါ်တင်ပလွှဲထိုင်နေတဲ့ အောင်မြတ်သာက အောက်ကိုဆင်းကာမတ်တပ်ရပ်နေလိုက်တယ်။ ” ဒီကောင်လေးကတော့ ယဉ်ကျေးမှုရှိသားပဲ…” အမယ်အိုက အောင်မြတ်သာကို စောင်းငဲ့ကြည့်ကာ ပြောလိုက်ပြီး နတ်ရဲပင်အောက်ကို တုန်ချိစွာဆက်လျောက်လာရင်းကနေ ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့တယ်။ ” ငါ့ကလေးတွေကို ဘယ်လိုတောင် ကြောက်အောင် လုပ်ထားကြတာလဲ… သူ့ခဗျာ ငါလာတာကိုတောင် ထွက်မကြိုနိုင်ရှာဘူး ကျွတ် ကျွတ် ကျွတ်” ” ဘာမှမလုပ်ရပါဘူးဗျာ… ကျွန်တော်တို့သိချင်တာလေးတွေမေးဖို့ခေါ်ရုံပါပဲ” ” မင်းတို့က ဘာသိချင်နေကြတာလဲ… အခုငါ့ကိုမေးလို့ရတယ်နော်” ” အမေကြီးက ခွင့်ပြုတော့လဲမေးရတာပေါ့ဗျာ… ကျွန်တော်တို့သိရသလောက် နတ်ရဲပင်အောက်မှာ အမေကြီး ချုပ်နှောင်ထားတဲ့ သူတွေရှိတယ်ဆိုပဲ” မောင်ကောင်းစကားကြောင့် အမယ်အိုကြီးက ပါးရည်တွေတွန့်လိပ်အောင်ရယ်လိုက်ပြီး ” ကောလဟာလတွေပါ ကလေးတို့ရယ်… ဘယ်ကနေကြားလာပြန်ပီလဲ..” ” ကောလဟာလမဟုတ်လောက်ပါဘူး… ဘာလို့ဆို ဒီအပင်ကနေလွတ်မြောက်လာတဲ့သူကိုယ်တိုင် ပြောခဲ့တာမို့ပါ” ” အဟွတ်အဟွတ်… ဘိုးဇံဆိုတဲ့ကောင် လက်ထောက်ချလိုက်ပြီထင်တယ်… ဒီကောင်က တကယ်မလွယ်တဲ့ကောင်ပဲ” ” အမေကြီးရယ် ဟန်ဆောင်မ‌နေပါနဲ့တော့… “ ” ကဲကဲ…. နင်တို့က အကုန်သိနေတာဆိုတော့လဲ အမှန်တိုင်းပြောရမှာပေါ့… ဟုတ်တယ်… ငါနဲ့ပညာပြိုင်လို့ ရှုံးသွားတဲ့သူတွေကို လိပ်ပြာနှုတ်ပြီး ဒီအပင်အောက်မှာ ချုပ်နှောင်ထားတယ်” ” သူတို့ကို လွှတ်ပေးဖို့ရော စိတ်ကူးမရှိဘူးလားဗျ” ” နင်တို့က လွှတ်ပေးစေချင်ရင်တော့လဲ လွှတ်ပေးရမှာပေါ့… ဒါပေမယ့် ဒီတိုင်းတော့မလွှတ်ပေးဘူး” ” အမေကြီးက ဘယ်လိုဖြစ်စေချင်လဲဆိုတာပြောပါ” ” မင်းတို့ရဲ့ပညာကို ငါအသိအမှတ်ပြုအောင် လုပ်ပြလေ… ဒါဆိုရင် လွှတ်ပေးမယ်” မောင်ကောင်းလဲ အမယ်အိုကြီးစကားကြောင့် ခွန်းလှကိုနောက်ဆုတ်ခိုင်းလိုက်ပြီး ” အမေကြီးက ကျွန်တော်ရဲ့အဖွားအရွယ်လောက်ရှိတာဆိုတော့ ဦးစားပေးတဲ့အနေနဲ့ ကျွန်တော်ဘက်က ဒီတိုင်းငြိမ်နေပေးမယ်… အဆုံးအဖြတ်အနေနဲ့ နှစ်တောင်စည်းအတွင်းကနေ ကျွန်တော်ကိုထွက်အောင် တိုက်နိုင်ရင် အမေကြီး နိုင်မယ်… မတိုက်နိုင်ဘူးဆိုရင်‌တော့ ကျွန်တော်အနိုင်ပေါ့” ” ဟီးဟီးအဟက်အဟက်… ဟုတ်ပီ ဟုတ်ပီ… စည်းဝိုင်းလိုက်ပါဦး” မောင်ကောင်းလဲ အနားမှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူကာ အချင်းနှစ်တောင်ရှိတဲ့ စည်းတစ်ခုကိုတားကာ အတွင်းဘက်မှာ မတ်တပ်ရပ်နေလိုက်တယ်။

” ရွှေမိ… ငါ့တောင်ဝှေးယူထားလိုက်” အမယ်အိုက တောင်ဝှေးကို ဘေးမှာရပ်နေတဲ့ ကောင်မလေးဆီကိုပစ်ပေးလိုက်ပြီး ပြေလျော့နေတဲ့ ခဘီကိုခပ်တင်းတင်းပြင်၀တ်လိုက်တယ်။ ” ကောင်လေး…. နင့်ဘက်က အသင့်ဖြစ်ပြီလား” ” အမေကြီးဘက်က စလို့ရပါပြီ” အမယ်အိုကြီးက မဲ့ပြုံးတစ်ချက်ပြုံးပြီး ဂါထာတစ်ပုဒ်ကို အသံအနေအထားနဲ့ရွတ်ဖတ်လိုက်ရာ အနားပတ်၀န်းကျင်မှာရှိနေတဲ့ သစ်ကိုင်းခြောက်တွေအားလုံးအဆိပ်ပြင်းမြွေတွေအဖြစ်ပြောင်းလဲသွားပြီး မောင်ကောင်းဆီကို စုပြုံတိုး၀င်လာခဲ့ကြတယ်။ ဒါပေမယ့် စည်းဝိုင်းအတွင်းကို၀င်မရပဲ အပြင်ဘက်မှာသာစုပြုံနေတာကြောင့် အမယ်အိုကြီးက ဒုတိယအကြိမ်အနေနဲ့ သေးသွယ်တဲ့လက်ကိုဝှေ့ယမ်းလိုက်ရာ နတ်ရဲပင်မှာပေါက်နေတဲ့ နွယ်ပင်တွေက သက်ရှိတွေလိုလှုပ်ရှားလာပြီး ရှောခနဲ ရှောခနဲ အောက်ကိုဆင်းလာခဲ့ကြတယ်။ စည်းဝိုင်းနဲ့ တစ်လံအကွာကိုရောက်တော့ လေးဘက်လေးတန်ကိုဝိုင်းကာ အရှိန်နဲ့ပြေးဆောင့်ပါလေရော။ ပြင်းထန်အားပါတဲ့ အရှိန်ကြောင့် စည်းထဲမှာရပ်နေတဲ့ မောင်ကောင်းက တစ်ချက်တစ်ချက် ယိုင်ခနဲဖြစ်သွားတာကို အမယ်အိုကြီးသတိထားမိခဲ့တယ်။ နောက်တစ်ခေါက် ခန္ဓာကိုယ်ယိုင်တဲ့အချိန်မှာတော့ လက်မနဲ့လက်ညိုးကြားထဲမှာ စက်ကိုလုံးပြီး ဇယ်တောက်သလို ပစ်လွှတ်လိုက်ရာ မောင်ကောင်းတားထားတဲ့ စည်းကိုဖောက်ထွက်ပြီး ရင်ညွန့်တည့်တည့်ဆီကို စူး၀င်လာခဲ့တယ်။ ဒါပေမယ့် စက်လုံးအရွယ်က ဆိတ်‌ချေးသီးခန့်သာရှိတာမို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကိုယ်လုံအင်းကို မကျော်လွှားနိုင်ပဲ အပြင်ကိုပြန်ကန်ထွက်သွားခဲ့တယ်။

” အဟီးအဟီး ဟက်ဟက်…. ကောင်ကလေး… မင်းက ဘယ်ဆိုးလို့တုန်း… ဒါပေမယ့် ပညာက နုသေးတယ်ကွယ့်” ” အမေကြီး ကျွန်တော်ကို စည်းအပြင်ထွက်အောင် မတိုက်နိုင်သေးဘူးလေ” ” မောင်ကောင်း… အမေကြီးက မင်းကို ညှာလိုက်တာ… တကယ်လို့ သူသာ ကွမ်းသီးလောက်လောက်ရှိတဲ့ စက်နဲ့ပစ်ရင် မင်းဒီနေရာမှာတင် သွေးအန်ပြီးအသက်‌ဆုံးရှုံးနိုင်တယ်” အုတ်ဂူပေါ်မှာထိုင်ရင်း လှမ်းပြောလိုက်တဲ့ အောင်မြတ်သာစကားကြောင့် မောင်ကောင်း မျက်နှာပျက်သွားခဲ့တယ်။ ” ဟိတ်… အုတ်ဂူပေါ်က ဆရာလေး… နင်ကရော ငါနဲ့ဘာလို့ရင်မဆိုင်တာလဲ” ” အမေကြီးက ပြိုင်စေချင်နေတာလား…” ” အေးကွယ်… ငါ့အနေနဲ့ အခုထိ လက်ရည်တူ ယှဉ်ပြိုင်ရတဲ့သူမရှိသေးဘူး… မင်းကိုစတွေ့ထဲက ပညာစွမ်းမနိမ့်ဘူးဆိုတာခန့်မှန်းမိတယ်… ငါမသေခင် တစ်ပွဲတစ်လမ်း ပညာကုန် ပြိုင်ချင်သေးတယ်ကွယ့်” အမယ်အိုကြီးစကားကြောင့် အောင်မြတ်သာက အုတ်ဂူပေါ်ကနေ ဆင်းလာပြီး ” ဒါဆို အမေကြီးဘက်ကရှုံးရင် ပညာတွေအကုန် ဘုရားလှူမှာလား…” ” အမယ်..မင်းကလဲ အလာကြီးပါလား… ပြိုင်တောင်မပြိုင်ရသေးဘူး ပညာတွေအကုန်စွန့်ခိုင်းနေပီ” ” အမေကြီးဘက်က ကတိတည်မယ်ဆိုမှ ကျုပ်စည်းထဲ၀င်လာမယ်… ဘာလဲ အမေကြီးက ပညာတွေစွန့်ရမှာ စိတ်ပူနေတာလား” ” ဘာ…..တောက်စ်… “ ရုတ်တရက်ထွက်လာတဲ့ တောက်ခတ်သံကြောင့် နတ်ရဲပင်က သစ်ရွက်တွေ လေမတိုက်ပဲလှုပ်ခါနေတာကို သတိထားမိခဲ့တယ်။ အောင်မြတ်သာလဲ အမယ်အိုကြီးရဲ့ စိတ်ကိုဆွလိုက်ရာ ချက်ချင်းပင် ပညာသည်မာန်ထလာခဲ့တယ်။

” နင့်လောက်ကိုငါကစာဖွဲ့စရာလား… မယ်မြိုင်ဆိုတဲ့ငါ့အကြောင်း နင်သိအောင်ပြရသေးတာပေါ့” ” အမေကြီး ရှုံးရင် ကတိအတိုင်း ပညာစွန့်ရမှာနော်” ” နင့်အသက်မသေအောင်သာ သတိထား” ဒေါ်မြိုင်ဆိုတဲ့ အမယ်အိုကြီးက အံကိုကြိတ်ပြီး ဖနောင့်ကိုပေါက်ချလိုက်ရာ ၀မ်းဗိုက်နေရာကနေ ပြိုးခနဲပျက်ခနဲအလင်းရောင်တွေထွက်လာခဲ့တယ်။ ” ဒီမိန်းမကြီးက နတ်စက်ကြိုးရပညာသည်ပဲ… ဒါကြောင့် မောင်ကောင်း မခံနိုင်တာကိုး” အောင်မြတ်သာက တီးတိုးရေရွတ်လိုက်ပြီး ညာဘက်လက်နဲ့ ခေါင်းကနေ ခြေဖျားထိသပ်ချလိုက်ရာ ရွှေရောင်အဆင်းရှိတဲ့ စမစာလုံးတွေက အရည်ပြားထဲကနေ အပြင်ကိုတိုးထွက်လာပြီး သံချပ်ကာသဖွယ် ကာရံပေးထားခဲ့တယ်။ အမယ်အိုကြီးကလဲ ခါးမှာချိတ်ထားတဲ့ လက်ကိုင်ပဝါကို ခါယမ်းပြီးမန်းမှုတ်လိုက်ရာ အုန်းသီးတစ်လုံးစာလောက်ကြီးတဲ့ တောပိတုန်းနက်တစ်ကောင်အဖြစ်ပြောင်းသွားပြီး အောင်မြတ်သာရှိရာ ထိုးစိုက်ဖို့၀င်လာခဲ့တယ်။ ဒါပေမယ့် ပိတုန်းနက်ရဲ့အစွယ်က သံချပ်ကာသဖွယ်ကာရံထားတဲ့ စမအက္ခရာတွေကို မထိုးဖောက်နိုင်ခဲ့ပေ။ တောပိတုန်းနက်အတိုက်နဲ့မရတော့ ၃၇မင်းနတ်တွေကို ဆင့်ခေါ်ပြီးတိုက်ပါလေရော။ ဒါပေမယ့် ပညာရည်ပြည့်နေတဲ့ အောင်မြတ်သာအနားကို ကပ်လို့တောင်မရပဲ ခြေဦးတည့်ရာ ထွက်ပြေးကြကုန်တယ်။ ဒုတိယအတိုက်မှာလဲမအောင်မြင်တဲ့ အမယ်အိုကြီးရဲ့ ပညာမာန်က တစ်ဖြေးဖြေးကြီးထွားလာသလို စက်တွေပစ်လွှတ်တိုက်ခိုက်မှုကလဲ ကြောက်မခန်းလိလိပြင်းထန်လာခဲ့တယ်။

အောင်မြတ်သာလဲ အမယ်အိုကြီးရဲ့ ပညာမာန်ကို ဖြတ်မချရင်မရတော့ကိုသိတဲ့အတွက် အသွား၈ခုပါတဲ့သန်လျက်စက်ဖြတ်စမကို ညာလက်ဝါးပေါ် ရိုက်ပြီး ခန္ဓာကိုယ်ကနေထုတ်လွှတ်ထားတဲ့ စက်‌ကြိုးတွေကို ဖြတ်ချလိုက်ပေမယ့် စက်ကြိုးကပြတ်မသွားပဲ လက်ဝါးစောင်းသာအနောက်ကိုကန်ထွက်လာခဲ့တယ်။ အမယ်အိုကြီးဆီကနေ ပစ်လွှတ်နေတဲ့ စက်တွေက အရပ်ရှစ်မျက်နှာကနေ ဖျတ်ခနဲ ဖျတ်ခနဲ ထိုး၀င်လာတာကြောင့် အောင်မြတ်သာအနေနဲ့သတိကြီးကြီးထားပြီး ဘေးကိုဆွဲပစ်နေခဲ့ရတယ်။အဲဒီအချိန် ” လူလေး… နတ်စက်ကြိုးရပညာသည်တွေရဲ့ ဗူးစောင့်က စတုမဟာရာဇ်နတ်ဘုံက ပြည်ပြေးတွေဖြစ်တာမို့ သူတို့နဲ့သက်ဆိုင်တဲ့ စမကိုသုံးပြီး နှိမ်နင်းပါ” ဆိုတဲ့အသံကိုကြားလိုက်ရတာကြောင့် ပုရပိုက်ထဲကနေ ဖော်ထုတ်ရရှိထားတဲ့ နတ်မင်းကြီးလေးပါးစမကို အာရုံပြုလိုက်ရာ လွတ်အိတ်အတွင်းထဲကနေ ငါးလက်မခန့်ရှိတဲ့ အင်းစမတစ်ချပ်အပြင်ကိုတိုးထွက်လာခဲ့တယ်။ အောင်မြတ်သာလဲ အပေါ်ကိုတိုးထွက်လာတဲ့ နတ်မင်းကြီးလေးပါးစမကို ဖမ်းယူပြီး အသက်သွင်းဂါထာရွတ်ဖတ်လိုက်ရာ စမအက္ခရာတွေက မိုင်းကိုင်စက္ကူထဲကနေ အပြင်ကိုထွက်လာပြီး အမယ်အိုကြီးရဲ့ လေးဖက်လေးတန်ကို ပတ်ဝိုင်းထားလိုက်ကြတယ်။ ဝိုင်းပတ်ထားတဲ့ စမအက္ခရာတွေအနေနဲ့ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးရဲ့ ပုံတော်အပွားတိုင်းဖြစ်တည်လာတာကြောင့် ဗူးစောင့်ပုဂ္ဂိုလ်တွေအနေနဲ့ ကြောက်လန့်ပြီး ၀မ်းဗိုက်ထဲမှာရှိတဲ့ ဗိမ္ဗာန်ထဲကို ၀င်ပြေးသွားခဲ့ကြတယ်။ ဗူးစောင့်တွေငြိမ်ကျသွားတာနဲ့ အမယ်အိုကြီးရဲ့ပညာမာန်ပါ ထိုးကျသွားပြီး လူပါပျော့ခွေဆင်းသွားခဲ့တယ်။ ” အဖွား… အဖွား… ရရဲ့လား” ရွှေမိက လဲကျသွားတဲ့ အမယ်အိုကြီးကိုပြေးထူလိုက်သလို အောင်မြတ်သာကလဲ အနားကိုတိုးကပ်လာပြီး အနားက အုတ်ဂူကိုပေးမှီစေခဲ့တယ်။

” အမေကြီး… နေလို့အဆင်ပြေရဲ့လား” ” ဟင်း…. နင်က ဘယ်လိုကြောင့် ဒီလိုမျိုးပညာတွေ တတ်နေရတာလဲ… ငါ့တစ်သက်မှာ နင့်လိုဆရာမျိုး အခုမှတွေ့ဖူး‌တယ် ကောင်လေးရယ်” ” အမေကြီးရဲ့ ပညာကလဲ ထက်မြက်လွန်းလှပါတယ်…” ” ကောင်ကလေး… ငါ နင့်ကိုမယှဉ်နိုင်ခဲ့လို့ ကတိအတိုင်း ပညာတွေစွန့်ပေးမယ်.. ဒါပေမယ့် ၁၂ကြိုးပညာရပ်ထဲက အလင်းတန်းကြိုးကိုတော့ ချန်ထားပေးပါ” အမေအိုကြီးက စကားပြောနေရင်း မောသွားဟန်နဲ့ ခဏနားလိုက်တယ်။ ” အလင်းတန်းကြိုးဆိုတာက အလိုရှိသလောက်ဖြန့်ကျက်ပြီး သွားလို့ရတဲ့ပညာရပ်မဟုတ်လား” ” ငါ မသေခင် ဘုရားတွေဖူးသွားချင်သေးတယ်… ဒါကြောင့် အဲဒီကြိုးကိုမလှူပါရစေနဲ့” ” အမေကြီး ပညာတွေမလှူခင် ချုပ်နှောင်ခံထားရတဲ့ သူတွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ” ဒီနတ်ရဲပင်အောက်က နတ်ကွန်းအနောက်မှာ ကျင်းတူးပြီးမြုပ်ထားတယ်… အဲဒါကိုဖော်ပြီး မီးရှို့လိုက်ရင် သူတို့လွတ်မြောက်သွားလိမ့်မယ်” အောင်မြတ်သာလဲ ချက်ချင်းပဲ မောင်ကောင်းနဲ့ ခွန်းလှကို တူးစေခဲ့ရာ ပုံဆိုးပန်းဆိုးရုပ်ထုနှစ်ခုနဲ့ အနီရောင်ကြိုးနဲ့ရစ်ပတ်ထားတဲ့ ကြေးပြားလိပ်‌သုံးခုထွက်လာခဲ့တယ်။ ကြေးပြားထဲမှာတော့ ဆံပင်စတွေကို မြင်လိုက်ရတယ်။

” ဒါတွေက အခုလက်ရှိ ငါခိုင်းနေတဲ့သူတွေပဲ… “ ” တောသရက်ပင်မှာနေတဲ့ သူက ဘယ်လိုကြောင့်လွတ်သွားတာလဲ” ” အရင်တုန်းက ဒီကောင်တွေရဲ့လိပ်ပြာချုပ်ကို အိမ်မှာပဲထားတာ၊ အဲဒီအချိန် ရွှေမိအဖေက ကလေးသဘာ၀ဆော့ကစားရင်း ချည်မန်းကြိုးကိုဖြတ်မိသွားတယ်လေ…. ငါသိတော့ ဘိုးဇံဆိုတဲ့ကောင်က လွတ်နေပြီ… ဒီကောင်က လူလည်မို့ ဟိုဘက်ရွာနယ်နိမိတ်ထဲ၀င်ပြေးပြီး ငါဖမ်းလို့မရအောင် နေနေတာ” အောင်မြတ်သာတို့လဲ အမယ်အိုကြီးပြောပြတာကိုနားထောင်ပြီး လိပ်ပြာချုပ်အစီအရင်တွေကို မီးရှို့လိုက်ရာ နတ်ရဲပင်အောက်ကနေ ဆံပင်ဖားလျားချထားတဲ့ လူသုံးယောက်ပေါ်လာပြီး ခြေဦးတည့်ရာကိုထွက်ပြေးသွားတာမြင်လိုက်ရတယ်။ ” ဆရာ ဟိုကောင်က သစ်ခေါင်းပေါက်ကနေ ထွက်မလာဘူး” ခွန်းလှအသံကြောင့် အမယ်အိုကြီးက သစ်ခေါင်းပေါက်ကိုလှမ်းကြည့်ပြီး တောက် တစ်ချက်ခေါက်လိုက်တော့မှ မဲမဲကောင်တစ်ကောင် ထွက်လာပြီး ဘိစပ်ခြုံတွေဘက်ကိုထွက်ပြေးသွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အမယ်အိုကြီးကို အိမ်အထိလိုက်ပို့ပေးပြီး ကန်တော့ပွဲနဲ့အပ်ကာ ပညာကိုအလှူခံခဲ့ကြတယ်။

အမေကြီးကတော့ ပညာလှူပြီးတဲ့အချိန် အနားမှာရှိ‌ေနတဲ့ မောင်ကောင်းနဲ့ ခွန်းလှကိုကြည့်ပြီး ” နောက်တောက်လာမယ့် မီးခဲလေးတွေပါလား” လို့ချီးကျူးစကားဆိုခဲ့တယ်။ အောင်မြတ်သာတို့ ခလွန်းရွာကနေပြန်ထွက်လာပြီးချိန်မှာလဲ ပုရပိုက်ပါပညာရပ်တွေကို အပတ်တကုပ်ကြိုးစားလေ့လာခဲ့ကြတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ အင်းချနေတဲ့အချိန် ရုပ်သေးရုပ်တွေချိတ်ဆွဲထားတဲ့ နေအိမ်တစ်လုံးကို အာရုံထဲမှာမြင်တွေ့လိုက်ရတယ်။ အစကတော့ သာမန်စိတ်ပျံ့လွင့်တာလို့ထင်ပြီး မြင်သမျှကိုဖျက်ချကာ အင်းဆွဲတာကိုပဲအာရုံစိုက်ထားပေမယ့် အာရုံထဲခဏခဏပေါ်လာတာကြောင့် စိတ်ကိုညွှတ်ပြီးကြည့်လိုက်ရာ ရုပ်သေးရုပ်ပေါင်းများစွာအလှဆင်ထားတဲ့ဆိုင်တစ်ခုကိုမြင်လိုက်ရတယ်။ ဆိုင်ထဲမှာတော့ ရွှေရောင်ဆေးခြယ်ထားတဲ့ မျက်နှာဖုံးတွေအပြင်၊ ဘီလူးခေါင်းပုံစံမျက်နှာဖုံးတွေ၊ အခြားရုပ်သေးရုပ်ပေါင်းများစွာရှိနေခဲ့တယ်။ အောင်မြတ်သာလဲ မြင်သမျှ အရာတွေကို သတိကပ်ပြီးကြည့်နေခဲ့ရာ မှန်စီရွှေချထားတဲ့ဗီဒိုရဲ့အပေါ်မှာတော့ ” ငါ့မင်းငါ့ချင်း” ဆိုတဲ့စာလုံးကို ရွှေအိုရောင်ဖောင်းကြွနဲ့ရေးထားကို မြင်တွေ့လိုက်ရတယ်။ အဲဒီအချိန် နှာခေါင်းထဲစူး၀င်လာတဲ့ သွေးညှီနံ့ကြောင့် သတိပြန်၀င်လာပြီး ရေးလက်စအင်းကို အပြီးသတ်ကာ ဝေနေယျသတ္တဝါတွေကိုမေတ္တာပို့လိုက်တော့မှ အညှီနံ့က ပျောက်သွားခဲ့တယ်။ ++++++ အာရုံထဲမြင်လိုက်ရတဲ့ မြင်ကွင်းက အောင်မြတ်သာတို့နဲ့ဘယ်လိုပတ်သတ်နေမလဲ၊ ဘယ်လို အံ့ဩစရာတွေကြုံရမလဲဆိုတာကိုတော့ ” အောင်မြတ်သာနှင့်ရုပ်သေးခေါ်သံ” ဆိုတဲ့၀တ္တု မှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့် ဇေယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *