
ဗိဿနိုးအရှင် ပန်ထွာဘုရင်မ
ဗိဿနိုးမြို့ဟောင်းသည် အေဒီ ၁ ရာစုလောက်တွင် စတင် ပေါ်ပေါက်လာ သော ပျူမြို့နိုင်ငံဖြစ်သည်ဟု တွက်ဆရသည် ။အေဒီ ၁ – ရာစုမှ ၅ – ရာစု အထိ ဗိဿနိုးမြို့သည် တည်တံခဲ့ပြီး ခေတ်ပြိုင်နိုင်ငံဖြစ်သောသရေခေတ္တရာ နှင့်စစ်မက်ဖြစ်ပွားပြီးနောက် ပျက်သုဉ်းသွားခဲ့ရသည် ။ ထိုမြို့ဟောင်းသည် မြောက်အံသာ (၂၀ံ) ၊အရှေ့အံသာ (၉၅ံ) / ၂၃အီကြားတွင် တည်ရှိပြီး တစ်နှစ်လျှင် မိုးရေချိန်လက္မ ၃၅ လက်မ မှ ၄၀ လက္မအထိ ပျမ်းမျှရွာသော တောင်တွင်းကြီးမြို့နှင့် မြို့သစ်မြို့များတည်ရှိရာ မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားရပ်၀န်း အနောက်တောင်စွန်းဒေသ ယင်းချောင်းလွင်ပြင် နှင့် ရန်ပယ်ချောင်းတို့သည် ဗိဿနိုးမြို့ဟောင်း တည်ရှိရာဒေသ ဖြစ်သည် ။
သမိုင်းအစကနဦး တကောင်းဘုရင် (နဂါးနိုင်ဘုရင်)မောင်ပေါက်ကျိုင်း၏ မိဖုရားကြီးမှ နောင် အခါတွင် အမြွှာ သားတော် ၂ ပါးကို ဖွားမြင်သည်။ ထိုသားတော် ၂ ပါးစလုံး မှာ မျက်စိမမြင်ပဲ မဟာသမ္ဘာ၀နှင့် စူဠာသမ္ဘာ၀ဟု တွင်သည်။ ဘုရင်သည် သားတော် နှစ်ပါးကို သမားတော်အမျိုးမျိုးနှင့် ကုသသော်လည်း အရွယ် ရောက်သည်အထိ မည်သို့မျှကုသ၍ မရပေ။ ထို့ကြောင့် ရှက်ခြင်းဖြစ်၍ သားတော် နှစ်ပါး ကို ဖောင်ပေါ်တွင် တင်၍ ဧရာဝတီမြစ်အတွင်းသို့ မျှောစေ သည်။
*(မဟာသမ္ဘာ၀နှင့် စူဠာသမ္ဘာ၀သည် သရေခေတ္တရာမင်းများ ဖြစ်လာ သည်။) ဧရာဝတီမြစ်အတွင်းမျှောခြင်း မဟာသမ္ဘာ၀နှင့် စူဠာသမ္ဘာ၀ညီနောင်အား ဖခမည်းတော်က ဧရာဝတီမြစ် အတွင်းသို့ မျှောလိုက်စေရာတွင် မသိုးထမင်း မသိုးဟင်းရိက္ခာများကို ထည့် ပေးလိုက်သည်။ စစ်ပင်ကြီးကိုင်းကျနေရာ (ယခုအခါစစ်ကိုင်း)အရောက်တွင် ညီနောင်နှစ်ဦးလုံး အမြင်အာရုံမရှိသည်ကို အခွင့်ကောင်းယူ၍ သူတို့အစာ စားစဉ် စန္ဒမုခိဘီလူးမက အသံတိတ်၀င်ရောက်ခိုးစားသည်။
ဤသည်ကို လက်ဦး၌ မသိသော်လည်း အစားအစာများလျှင်မြန်စွာလျော့နည်းလာသည် ကိုရိပ်မိပြီး ထက်မြက်သော မင်းသား နှစ်ပါးက ဘီလူးမ၏ လက်ကို ဖမ်းဆီး နိုင်ခဲ့သည်။ ဘီလူးမက သူ့အားမသတ်ရန် တောင်းပန်၍ မင်းသားတို့အား လိုအပ်သမျှကူညီမည်ဟု ပြောသည်။ မင်းသားနှစ်ပါးက ဘီလူးမအား သူတို့ ၏ မျက်စိကို ဆေးကုပေးရန် တောင်းဆိုသည်။ ဘီလူးမက မင်းသား နှစ်ပါး၏ မျက်စိကို ဆေးစ၍ ကုသော နေရာကို ယခုအခါ ‘စကု’ ဟုတွင်၍ မင်းသား နှစ်ပါး မျက်စိစတင်အလင်းရသော နေရာကို ယခုအခါ ‘စလင်း’ ဟုတွင်သည် ဟု ပြောစမှတ်ပြုကြသည်။
သရေခေတ္တရာသို့ ရောက်ရှိခြင်း မင်းသားနှစ်ပါးသည် ဧရာဝတီမြစ်အတွင်းသို့ ဆက်လက်မျှောလာခဲ့ပြီးနောက် ယခုပြည်မြို့တည်ရှိရာ သရေခေတ္တရာမြို့အနားသို့ ဆိုက်ရောက်သည်။ ထိုနေရာတွင် ရသေ့ကြီးတစ်ပါး၏ တောထွက် တရားအားထုတ်ရာအနီး စွန့်မြဲဖြစ်သော ကျင်ငယ်ရေကို အစဉ်လာသောက်သည့် သမင်မမှ ဗေဒါရီ ဆိုသော လူသားသမီးငယ် ဖွားမြင်ခဲ့သည်ဟု ဒဏ္ဍာရီတွင်ဆိုသည်။ရသေ့ကြီး သည် သမီးငယ်အား အဓိဌာန်ဖြင့် လက်ညှိုးမှနို့ချိုထွက်စေကာကျွေးမွေးပြုစု ခဲ့သော်လည်း ဗေဒါရီ အရွယ်ရောက်လာပြီးနောက် ကျောင်းသင်္ခန်းနှင့် မအပ်စပ်သော သူ့ကို အလိမ္မာသုံး၍ ဘူးသီးတစ်လုံးတွင် အပ်ပေါက်ထက် အနည်းငယ်မျှကြီးသော အပေါက်တစ်ခု ဖောက်ကာ နေ့စဉ် မြစ်အတွင်းသို့ ရေခပ်တာ၀န်ပေးစေလွှတ်ထားသည်။
ထိုရေထည့်သည့် အပေါက်မှာ အလွန် သေးငယ်သည့်အတွက် ရေပြည့်ရန် အလွန်ပင်ကြာမြင့်သည်။ ထို့ကြောင့် ရသေ့သည် ဗေဒါရီ မရှိသောအချိန်တွင် စိတ်ဖြောင့်လက်ဖြောင့် တရား အားထုတ်နိုင်သည်။ မင်းပြုခြင်း သရေခေတ္တရာသို့ ဆိုက်ရောက်လာသော အခါ မင်းသားနှစ်ပါးသည် ဗေဒါရီ နှင့် မြစ်ကမ်းတွင် ဆုံမိကြသည်။ ဗေဒါရီ ရေခပ်နေသည်ကို မြင်သောအခါ မဟာသမ္ဘာ၀ က ဗူးသီးမှ အပေါက်ကို သံလျက်နှင့် ချဲ့ပေးသဖြင့် ရေကို အလွယ်တကူ ခပ်၍ ရသွားသည်။
ကျောင်းသို့ အလျင်အမြန်ပြန် ရောက်လာ သောအခါတွင် ရသေ့က အကျိုးအကြောင်းမေး၍ မင်းသားနှစ်ပါးနှင့် တွေ့ခဲ့ ကြောင်း ပြောသောအခါတွင် ကျောင်းသင်ခန်းသို့ ခေါ်လာစေသည်။ အကျိုးအကြောင်း ပြောကြလေသောအခါ ရသေ့ကြီးသည် တကောင်းပြည်မှ မိဖုရားကြီး၏ မောင်တော် အိမ်ရှေ့မင်းသား ဖြစ်လေသည် ။ ထီးနန်းစည်းစိမ် ကို မပျော်မွေ့ပဲ တရားရှာလိုသဖြင့် တောထွက်လာခြင်း ဖြစ်သည်။ထိုကြောင့် မင်းသားနှစ်ပါး၏ ဦးရီးတော် တော်စပ်သူ ဖြစ်ပေသည် ။
နောက်တွင် ယခု သရေခေတ္တရာနေရာအား တောရှင်း လူသူစုဆောင်းကာ မဟာသမ္ဘာ၀သည် ထိုရသေ့မြို့ကို သရေခေတ္တရာဟုခေါ်တွင်ကာ မင်းပြု အုပ်ချုပ်သည်ဟု အဆို ရှိကြသည်။ (ဦးကုလားရာဇ၀င်တွင်မူ သရေခေတ္တရာတိုင်းပြည်သည် ရှိပြီး ဖြစ်၍ မင်းဆက်ပြတ်သောအခါ မင်းမျိုးမင်းနွယ်ဖြစ်သော မဟာသမ္ဘ၀အား မင်းဆက် တင်မြှောက်သည်ဟု ဆိုကြသည် ) ပန်ထွာဘုရင်မ ဗိဿနိုးမှာ နန်းစံခြင်း ဗေဒါရီကို မိဖုရားအဖြစ်တင်မြှောက်ခဲ့သည် ။မဟာသမ္ဘ၀သည် နန်းစံသက် (၆)နှစ်ကြာသောအခါ သေဆုံးပြီး စူဠသမ္ဘ၀မှ နန်းဆက်ခံ၏ ။ဗေဒါရီကိုပင် မိဖုရားအဖြစ်ဆက်လက် မြှောက်စားခဲ့သည် ။
မဟာသမ္ဘ၀နှင့် မိဖုရားဗေဒါရီ တို့မှ ဒွတ္တဘောင်မင်းကို မွေးဖွားသန့်စင်ခဲ့သည် ။ စူဠာသမ္ဘဝ မှာမူ စန္ဒမုခိ ဘီလူးမနှင့်ချစ်ကြိုးသွယ်မိပြီး ဗိဿနိုးမြို့ကို ထူထောင်ကာ နေထိုင်သည် ဟု ဆိုကြသည်။ စဠာသမ္ဘဝ နှင့် စန္ဒမုခိတို့မှ သမီးတော် ပန်ထွာဘုရင်မကို ဖွားမြင်သည်။ဦးကုလားရာဇ၀င်တွင်မူ စူဠာသမ္ဘ၀သည် မရီးတော်စပ်သူ ဗေဒါရီအား မိဖုရားအဖြစ်ဆက်လက် တင်မြှောက်သောအခါ စန္ဒာမုခိဘီးလူးမ သည် ၀မ်းနည်းသောအားဖြင့်သမီးငယ်(ပန်ထွာဘုရင်မ)အား ခေါ်ဆောင်၍ ဗိဿနိုးအရပ်သို့ ထွက်ပြေးခဲ့ရာ ရသေ့ကြီးတစ်ပါးနှင့် တွေ့ရှိရာမှ ရသေ့ကြီး မှ ဘီးလူးမသည် လူသားမိန်းကလေးကို ခိုးယူလာသည်အထင်ဖြင့် ဘီးလူးမ လက်မှ ကလေးကိုလုယူကာ မွေးစားထားလေသည် ။
ထိုမိန်းကလေး အရွယ် ရောက်သောအခါ ရသေ့ကြီးသည် သူ၏ တရားကျင့်စဉ်ပျက်ပြားမည်စိုးသော ကြောင့်မိန်းကလေးအား မဖုတ်ရသေးသော အိုးဖြင့် ရေခပ်ယူစေ၏ ။ အိုးမှာ မဖုတ်ရသေးသဖြင့် ရေထိတိုင်း ကွဲ၍ ရေမပြည့် ဖြစ်ရ၏ ။ နေ့စဉ် ဤအလုပ် ကို လုပ်နေရသဖြင့် မိန်းကလေးသည် ကြာသော် စိတ်ညစ်ပြီး ငိုကြွေးနေခိုက် ယခင် ဘ၀က မိခင်ဖြစ်ခဲ့ဘူးသော ဗိဿနိုးနတ်သမီးသည် ကိုယ်ထင်ပြပြီး လျှုင် သူမ၏ အခက်အခဲကို ကူညီ ဖြေရှင်းပေးလိုက်၏ ။
ထောင်ပေါင်းများစွာ သော ဖုတ်ပြီး အိုးများကိုပါ ဖန်ဆင်းပေး၏ ။ ၎င်းအပြင် ခန်းညားထယ်ဝါ သော မြို့ကြီးတစ်မြို့ကိုလည်း ဖန်ဆင်းပေးပြီး နန်းစံစေ၏ ။ ထိုအခါမှစ၍ ၎င်းမိန်းကလေးသည် ပန်ထွာမင်းသမီးဟု အမည်တွင်ကာ နာမည်ကြီးလာ လေသည် ။ပန်ထွာဘုရင်မသည် ရှေးပါရမီကြောင့် ရုပ်ရည်ရူပကာ ချောမော လှပမှုမှာလည်း ဂုဏ်သတင်းကျောစောလေ၏ ။ ထိုအချိန်မတိုင်မီတွင် သရေခေတ္တရာပြည်တွင် စူဠာသမ္ဘ၀သည် နန်းစည်းစိမ် (၃၅)နှစ် ခံစားပြီး အနိစ္စရောက်တော်မူကား မဟာသမ္ဘ၀၏ သားတော် ဒွတ္တဘောင်မင်းကြီးမှာ ခမည်းတော်နှင့် ပျူမိဖုရားမှာဖွားမြင်သော နှမတော် စန္ဒာဒေဝီ မင်းသမီးအားလည်းကောင်း ၊ နဂါးမင်းသမီးဘေစန္ဒီအားလည်း ကောင်း မိဖုရားအသီးသီးမြှောက်ပြီး သရေခေတ္တရာထီးနန်းကို ဆက်လက် စိုးစံတော်မူ၏ ။
ဗိဿနိုးအား တိုက်ခိုက်ခြင်း ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးပြည်မှ ပန်ထွာမင်းသမီး၏ အလှဂုဏ် သတင်းကို ကြားသိသည်နှင့်တပြိုင်တည်း ရှေးဆုတောင်းကြောင့် ချစ်ခင် စုံမက်စိတ်ဖြစ်ပေါ်ကာ ပန်ထွာဘုရင်မထံသို့ သံတမန်များစေလွှတ်ကာ ရွှေလမ်းငွေလမ်း ဖောက်စေ၏ ။ သို့သော် ပန်ထွာဘုရင်မကလည်း ရှေးရှေး သောရန်ညှိုးတော်ကြောင့် လက်မခံခဲ့ချေ ။ သို့ဖြစ်သောကြောင့် သံတမန်နည်းဖြင့် ဖြေရှင်း၍ မရသောအခါ ဒွတ္တဘောင် မင်းသည် ဗိဿနိုးအား တိုက်ခိုက် သိမ်းပိုက်ရန် စစ်ချီတက်လေသည် ။
ဗိဿနိုးသို့ သရေခေတ္တရာတပ်များ ချီတက်လာသည့်အခါ ပန်ထွာဘုရင်မ သည် သူ၏မယ်တော် ဖန်ဆင်းပေးခဲ့သည် နတ်စည်ဖြစ်သော အတုလ စည်တော်ကြီးကို တီးလိုက်လျှင် မြို့ကို ၀န်းရံထားသောရန်ပယ်ချောင်း အတွင်းမှ ရေတို့သည်အလုံးအရင်းဖြင့် တဟုန်ထိုးစီးဆင်းကာသရေခေတ္တရာ စစ်သည်တို့အား ရေစီးနှင့်အတူမျှောပါကြပြီး တပ်ပျက်ကာ ဆုတ်ပြေးကြရ လေသည် ။တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်တိုင်း ဤသို့အလားတူပုံစံဖြင့် စစ်ရှုံး စစ်ပျက်ရလေသည် ။
သို့ဖြင့် ဒွတ္တဘောင်မင်းကြီးသည် မှူးကြီးမတ်ကြီးများဖြင့် ဗိဿနိုးပြဿနာ အား တိုင်ပင်နှီးနှောခဲ့ရာ ဗိဿနိုးပြည်၏ အားသာချက် ၊ အားနည်းချက်တို့ကို သိရှိသွား၏။အားသာချက်မှာ အတုလစည်တော်ကြီးတီးတိုင်း ရန်ပယ်ချောင်း ရေကြီးပြီး မိမိတပ်ပျက်ရခြင်း ၊ အားနည်းချက်မှာ ပန်ထွာဘုရင်မကြီးသည် ဗုဒ္ဓဘာသာကို သက်၀င် ယုံကြည်သလို ဗေဒင် နက္ခတ္တကိုလည်း အထူး ယုံကြည်သူဖြစ်ကြောင်း သိရှိသွား၏ ။ သို့ဖြင့် ဒွတ္တဘောင်မင်းကြီးသည် ဟူးရား ဗေဒင် နက္ခတ္တတို့ကို ကျွမ်းကျင်စွာ တတ်မြောက်သော အမတ် သူရဲကောင်းနှစ်ဦးအား ရဟန်းယောင်ဆောင်စေပြီး ဗိဿနိုးတိုင်းပြည်သို့ စေလွှတ်ကာ ပန်ထွာဘုရင်မထံ ချဉ်းကပ်စေခဲ့၏။
ရဟန်းယောင်ဆောင်သူလျှိုစေလွတ်ခြင်း ဗိဿနိုးရောက် သရေခေတ္တရာ သူလျှိုနှစ်ဦးသည် ပြည်သူများအား တဖြည်းဖြည်း ဗေဒင်ဟောပြောရာမှတဆင့် ပန်ထွာဘုရင်မကြီးထံ နားတော် သို့ ပေါက်ရောက်လာသောအခါ ထိုရဟန်းတု ရဟန်းယောင်သူလျှိုနှစ်ဦးအား ဘုရင်မကြီးမှ ခေါ်ယူတွေ့ဆုံခဲ့လေသည် ။ ထိုသို့ တွေ့ဖန်များလာသောအခါ ဘုရင်မကြီးသည် ထိုသူလျှိုနှစ်ဦးအား ယုံကြည်မှု ပို၍ လွန်ကဲလာခဲ့သည် ။ ယုံကြည်မှုပိုလာသောကြောင့် တိုင်းပြည်၏ အဓိက အချက်အခြာကျသော အတုလစည်တော်ကြီးကို သူလျှိုနှစ်ဦးမှ ပိုမို အစွမ်းထက်အောင် သိဒ္ဓိတင် ပေးမည်ဟုဆိုကာ အယောင်ပြ၍ ထိုစည်တော်ကြီးကို ဓါးဖြင့် ထိုးဖောက် ဖျက်ဆီးပစ်ခဲ့ကာ သရေခေတ္တရာသို့ ပြန်လည် ထွက်ပြေးလေ၏ ။
၎င်းနောက် သရေခေတ္တရာတပ်များ ဗိဿနိုးပြည်အား ချီတက် တိုက်ခိုက်သောအခါ အတုလစည်တော်ကြီးပျက်စီးသွားသဖြင့် စစ်နိုင် အောင်မြင်လေသည် ။ ပန်ထွာမင်းသမီးကိုလည်း မိဖုရားအဖြစ် သိမ်းပိုက်ကာ သရေခေတ္တရာသို့ ခေါ်ဆောင်လာ၏ ။ပန်ထွာဘုရင်မသည် ဒွတ္တဘောင်မင်းအားစစ်ရှုံး၍ မိဖုရား ဖြစ်ခဲ့သော်လည်း စိတ်ထဲတွင်မူ သူ၏ မြို့တော်အား မတရားတိုက်ခိုက်၍ ရဟန်းတု ရဟန်းယောင်ဆောင်ပြီး အတုလစည်တော်ကြီးကို ထိုးဖောက် ဖျက်ဆီးခဲ့ခြင်းကို ဒွတ္တဘောင်မင်းအား အမုန်းတည်းဟူသော ရန်ညှိုး အာဃာတသည် အမြဲ ထာ၀ရ ကိန်းအောင်းနေခဲ့၏ ။ မဟာမြိုင်သို့ ဤတွင် ဒွတ္တဘောင်မင်းအကြောင်းကို အနည်းငယ် ပြောရအံ့ ။
ဒွတ္တဘောင် မင်းကြီးသည် နဖူးတော်တွင် မှဲ့ရှင်တစ်လုံးရှိ၏ ။ မျက်လုံးသုံးလုံးရှိသည့် နတ်မျက်စိပိုင်ရှင်ဟုလည်း တင်စား ခေါ်ဆိုကြ၏ ။ ၎င်းအပြင် သိကြားမင်း ပေးသော လှံပျံနှင့် ခေါင်းလောင်းကြီး ၊ စည်တော်ကြီးတို့လည်း ရှိ၏ ။ တစ်ခါသော် မုန့်သည်မ(သူဆင်းရဲ)မှ ဆရာရဟန်းတော်အား လှူဒါန်းထား သော မြေအနည်းငယ်မျှကို ဒွတ္တဘောင်မင်းကြီးမှ မင်းမိန့်ဖြင့်သိမ်းယူခဲ့သဖြင့် ထိုသိကြားမင်းပေးသောအရာတို့မှာ ပျောက်ကွယ်ချေ၏ ။ ၎င်းအပြင် ပန်ထွာဘုရင်မမှလည်း မသန့်သော မိန်းမမီးနေထမီ(အချို့မှာ သုဿန်မြေမှ အ၀တ်အစားဟုလည်း ဆို၏)ကို မျက်နှာသုတ်ပုဝါအဖြစ် ယက်လုပ် စီမံထားသည် ။
ဒွတ္တဘောင်မင်းကြီး စက်တော်ခေါ်ရာမှ နိုးထလာ သောအခါ မျက်သစ်တော်ရေကြည်ဆက်ပြီးနောက် ပန်ထွာဘုရင်မ ဆက်သ သော မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ရာ မင်းကြီး၏ နဖူးတော်ပေါ်မှ မှဲ့ရှင်တော် ကွယ်ပျောက်သွားသည့်အပြင် **မျက်စိနှစ်လုံးပါ ကွယ်ပျောက်ခဲ့ ၏ ။ ပန်ထွာဘုရင်မ နတ်ရွာစံခြင်း သို့ဖြင့် ဒွတ္တဘောင်မင်းကြီးသည် ဘုန်းကံလည်း နိမ့်ကျ ၊ မျက်စိနှစ်လုံးလည်း ကွယ်ပျောက်သွားသည်ကို ပန်ထွာဘုရင်မသည် အခွင့်ကောင်းယူ၍ ဗိဿနိုး မြို့ဟောင်းသို့ ထွက်ပြေးပြီး စစ်သည် ဗိုလ်ပါများစုစည်းကာ တဖန် ပြန်လည် စည်းရုံးနေခိုက် သရေခေတ္တရာတပ်များ လာရောက်တိုက်ခိုက်ရာမအောင်မြင် သဖြင့် တပ်ပျက်၍ ***ထွက်ပြေးခဲ့ရာ အလွန်ဝေးကွာသော မဟာမြိုင် တောကြီးဆီသို့ ရောက်ရှိသွား၏ ။
မဟာမြိုင်တောကြီးမှာ ကြီးမား နက်ရှိုင်း သောကြောင့် ဘုရင်မနှင့်ပါရှိကြသော ရဲမက် ဗိုလ်ပါ အခြွေအရံများနှင့် ဘုရင်မကြီးသည် တစ်ကွဲတစ်ပြားစီ ကွဲပြားသွား၏ ။ ထိုသို့ဖြင့် ဘုရင်မကြီး တစ်ဦးတည်း မဟာမြိုင်တောကြီးအတွင်း မျက်စိလည် လမ်းမှားလေရာ သေခါနီးအချိန်တွင် မုဆိုးတစ်ဦးနှင့် တွေ့ဆုံခဲ့ရာ ရေ အလွန်ဆာနေသဖြင့် မုဆိုးထံမှ ရေတောင်းခံရာ မုဆိုးမှ မပေးခဲ့သည်ကိုအစွဲပြုကာ ဘုရင်မကြီး သည် ****သေဆုံးခါနီးအချိန်တွင် မဟာမြိုင်တောကြီးအတွင်း၌ ရေမထွက် ရှိစေရန် ကျိန်စာတိုက်ခဲ့သည်ဟု ဆိုကြသည် ။ အမှန်တကယ်လည်း မဟာမြိုင်တောကြီးအတွင်းတွင် ရေတွင်း ဘယ်လောက်တူးတူး ရေမထွက် ရှိခဲ့ပါ (၂၀၁၀ ခုနှစ်ရှေ့ပိုင်းကာလတွင်) ။ သို့ဖြင့် ပန်ထွာဘုရင်မကြီးသည် မဟာမြိုင်တောကြီးအတွင်းမှာပင် သေဆုံးပြီး အယူတိမ်းကာ နတ်စိမ်းဘ၀ သို့ ရောက်ရှိရရှာသည်။ နတ်စိမ်းဘ၀တွင် မဟာမြိုင်တောကြီးကို ပိုင်စိုးတော် မူသော ဗိဿနိုးမယ်တော်ကြီးအဖြစ်ဒေသခံလူအများစုမှာ ပူဇော်ပသကြရဆဲ ဖြစ်၏ ။
ကားသမားတစ်ဦး၏အဆိုအရ မဟာတောကြီးကို ရောက်လာတဲ့ ကားမောင်း သူတိုင်းနဲ့ခရီးသည်များဟာ ဗိဿနိုးမယ်တော်ကို ရိုသေစွာ ဦးခိုက်ရပါတယ်။ ဟိုတစ်ချိန်တုံးက ဒီမဟာမြိုင်တောကြီးအတွင်း သစ်ခေါက်ဆိုးရသေ့နှင့် ဘုန်းကြီး ရဟန်းများလာလျှင် အသက်အန္တရာယ်သေဆုံးသည့်အထိဖြစ်ခဲ့ဘူး တာ များပါတယ် ။ အထူးသဖြင့် အစိုးရသစ်ထုတ်လုပ်ရေးမှ သစ်ကားမောင်းတဲ့လူတွေဟာ ရသေ့ ဘုန်းကြီးများကို ကားပေါ်ကို တင်ဆောင်ခြင်း မလုပ်ကြပါဘူး ။ အကြောင်းတိုက်ဆိုင်လို့ ရသေ့ ရဟန်းများကို တင်ဆောင်ခဲ့လျှင်၎င်းကားဟာ တိမ်းမှောက်ပြီး ရသေ့ ရဟန်းတို့ ပျံလွန်တာများပါတယ် ။
ဒါကြာင့် မဟာမြိုင် တောအတွင်း ကားမောင်းသူတွေဟာ ဗိဿနိုးကို ကြောက်ကြပါတယ် ။ ရိုရိုသေသေ ပူဇော်ကြပါတယ် ။ ခုချိန်အထိပါပဲ ။ဘာကြောင့်လဲဆိုရင် …. ဗိဿနိုးမယ်တော်ဟာ သူ့အရင်ဘ၀ ပန်ထွာဘုရင်မလက်ထက်တွင် သရေခေတ္တရာ ဒွတ္တဘောင်မင်းမှစေလွှတ်လိုက်သောရဟန်းတုရဟန်းယောင် နှစ်ဦးက သူမ၏ အစွမ်းသိဒ္ဓိရှိသောမဟာအတုလစည်တော်ကြီးကိုထိုးဖောက် ဖျက်ဆီးခဲ့သောကြောင့် သူမ၏ ဗိဿနိုးတိုင်းပြည်ကြီး ပျက်သုဉ်းခဲ့တာကို အခဲမကြေ အတိတ် ရန်ညှိုးတွေ မပြေလေသောကြောင့် မဟာမြိုင်တော အတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသော ရသေ့ ရဟန်းများကို ရန်ပြု ကလဲ့စားချေခြင်း ဖြစ်ပါတယ် ။ သမိုင်းအထောက်အထားများမတွေ့ရှိသည့်အတွက် လွတ်လပ်စွာ သဘော ထားကွဲလွှဲနိုင်ပါသည် ။
အောက်ပါအချက်တွေကတော့ ကွဲလွှဲစရာတွေပါ…. ** ဒွတ္တဘောင်မင်းဟာ မျက်စိကွယ်ပြီး ရွှေနတ်တောင်မှအပြန် ယခု ရွှေတောင်မြို့တွင် ပန်ထွာဘုရင်မ(မိဖုရား)၏အိပ်မက်အရ ရွှေမျက်မှန်ဘုရား ကြီးကို တည်ထား ကိုးကွယ်ခဲ့ရာ မျက်စိနှစ်လုံးအလင်းပြန်ရသည်ဟု ရွှေမျက်မှန်ဘုရားသမိုင်းအရ သိရသည် ။ *** ထွက်ပြေးရာတွင် မဟာမြိုင်တောကြီးမဟုတ်ပဲ မင်းဘူးမြို့နယ်ထဲတွင် ရှိသော လိုဏ်ဂူတစ်ခုတွင် ပုန်းအောင်းရင်း သေဆုံးပြီးမှ မဟာမြိုင်တောကြီး ကို အစိုးရသောနတ်စိမ်း ဖြစ်သည်ဟုလည်း သိရသည် ။ ထိုလိုဏ်ဂူကို ယခုအခါ မင်းပုန်းတောင်ဟု ခေါ်သည် ။ *** သရေခေတ္တရာမြှို့ဟောင်းအား တူးဖော်ရာတွင် မြို့ရိုးအပြင်ဘက်တွင် ဗိဿနိုးမြို့ငယ်ပုံစံဆင်တူအုတ်မြို့ရိုးကို တွေ့ရှိရသည်ဟုလည်း ကြားဘူး၏ ။
ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကြီးကို အလွန် ချစ်ခင်စုံမက်သည့် ဖြစ်သောကြောင့် ယခင် ဘုရင်မကြီး အုပ်ချုပ်တော်မူခဲ့သော ဗိဿနိုးမြို့ပြ အတိုင်းဖန်တီးတည်ဆောက်ပေးခြင်းပင် ဖြစ်သည်။၎င်းအပြင် ပန်ထွာဘုရင်မ သေဆုံးရခြင်းမှာ ဒွတ္တဘောင်မင်းကြီးအား အကောက်ကြံခြင်းကြောင့် အခြား မိဖုရားများကလည်းသူမအားအကောက်ကြံ၍ အစာတွင် အဆိပ်ခတ်လိုက် ခြင်းကြောင့် သေဆုံးရသည်ဟု သိမြင်ဘူးသည် ။ **** ဗိဿနိုးအား သရေခေတ္တရာတပ်များ ၀င်ရောက်တိုက်ခိုက်သောအခါ ဘုရင်မကြီးသည် ကိုယ်ပွားတစ်ခုထားခဲ့ပြီး ဒွတ္တဘောင်မင်း၏ မိဖုရားအဖြစ် အသိမ်းပိုက်ခံကာ သရေခေတ္တရာသို့ လိုက်ပါသွားပြီး ကိုယ်အစစ်မှာမူ စစ်သည် ဗိုလ်ပါ ရဲမက် အခြွေအရံတို့ဖြင့် မဟာမြိုင်တောကြီးအတွင်းသို့ ထွက်ပြေးကာ ၎င်းတောကြီးအတွင်းမှာ နန်းပြု နေထိုင်သေးသည်ဟုလည်း ကြားနာဘူး၏ ။
ဤမဟာမြိုင်တောကြီးအတွင်း နန်းစံနေခိုက် အိန္ဒိယပြည်ရှိ ဝေသာလီပြည်ကို မင်းပြုစိုးစံနေတော်မူသော ဘဒ္ဒသေနမင်း(အဖသတ် မင်းငါးဆက်) နှင့် အဆက်အသွယ်ရှိသည်ဟု သိရသည် ။ မည်သို့ပင်ဖြစ်စေ သမိုင်းအထောက်အထားမရှိသော သမိုင်းအယူအဆတွေ ဘယ်လိုပင် ကွဲပြားစေကာမူ မဟာမြိုင်နှင့် ပတ်သက်လျှင်တော့ ဗိဿနိုးမယ် တော်ကြီး (ပန်ထွာဘုရင်မ)နှင့် ဆက်စပ်မှုများရှိနေသည်ကား ဒေသခံများ အဆိုအရ မှန်ကန်မှုရှိသည်ကားတော့ မှန်၏ ။ ရေးသားသူ…ငွေစိုး 💛Like&Share လုပ်ပေးသွားပါဦးနော် 💛
Leave a Reply