
“ဘုရားတည်သည့် အကုသိုလ်ရှင်”စ-ဆုံး
“ဘုရားတည်သည့် အကုသိုလ်ရှင်”စ-ဆုံး ———————————————– မိတ်ဆက် ဒီဇာတ်လမ်းလေး က တော့ ကျွန်တော် လေးစားရတဲ့ ကျောင်းဒကာ ဘုရားဂေါပက ဦးမောင်ညွှန့် ပြောပြတဲ့ ဇာတ်လမ်းလေးတစ်ခုပါ ပရလောက ဇာတ်လမ်းဆိုတာထက် ဗုဒ္ဓဘာသာရဲ့ အကုသိုလ် အကျိုးဆက် ဇာတ်လမ်းလေးပါ ဖြစ်ရပ် တစ်ခါပေါ့ ရွာတစ်ရွာမှာ ဦးဇင်းတစ်ပါး ရှိခဲ့ဖူးတယ်
ဘွဲ့တော် က ရှင်ဝေဇရာ လို့ အမည်တွင်တယ် အဲ့ဒီရွာ ရဲ့ သူကြီးသမီး မြနှင်း ဆိုသူက ဦးဇင်းအပေါ် စိတ်ယုတ်ဖတ် အကုသိုလ်ပွားကာ တဏှာစိတ် ထားရှိလေတယ် တစ်နေ့သ၌ ဦးဇင်း က ဆွမ်းခံကြွလာတယ် မြနှင်း က ဆွမ်းခံလောင်းလေတယ် အိမ်တွင်လဲ မည်သူမှ မရှိသည့် အခိုက်အတန့်မို့ “အရှင်ဘုရား နေအရှန်ပူပြင်းလှ သောကြောင့် အိမ်တွင်း၌ ခေတ္တ နားနေပါဦး ဘုရား” မြနှင်း က လျှေက်တင်လိုက်တယ် ဦးဇင်းလဲ သဘောတူလိုက်တယ်
ဤသို့ဖြင့် မြနှင်းတို့အိမ်ထဲသို့ ဦးဇင်း ကြွလာခဲ့လေတယ် အိမ်ထဲရောက်တော့ မြနှင်း က အိမ်တံခါးကို ပိတ်လိုက်လေတယ် “ဒကာမကြီး ဘာလုပ်တာတုန်း” ဦးဇင်း က မေးတော့ မြနှင်း က ဦးဇင်းနဲ့ ပျော်ပါးလိုကြောင်း သူ၏စိတ်ဆန္ဒ မထိန်းနိုင်ကြောင်း ပြောတယ် ဦးဇင်း ကလဲ အရွယ်ရောက်မှ ဘုန်းကြီးစီးခဲ့သည့် ငယ်ဖြူ သံဃာ ဖြစ်လေတန်ရာ လောကိစိတ် မကုန်သေးဘူး ထင်ပါရဲ့ နှစ်ဦးသဘောတူ ပျော်ပါး ခဲ့ကြလေတယ် နောက်ရက်များ မကြာမှီမှာပင် ဦးဇင်း က လူထွက်ကာ မြနှင်းနဲ့ ပေါင်းဖက် နေထိုင် ခဲ့လေတော့သည်
သူကြီးသမီး ဖြစ်သည် က တစ်ကြောင်း အဖေ ချစ်သော သမီး ဖြစ်သည် က တစ်ကြောင်း အကြောင်းကြောင်းကြောင့် မြနှင်းတို့ စုံတွဲ ပြစ်တင်ဝေဖန်ဝံ့သူ မရှိသလောက်ရှားလေသည် ဘုန်းကြီးလူထွက် လဲ ယောက္ခမပိုင် လယ်မြေတွေ ကို ဦးစီးဦးဆောင် ပြီး လုပ်ကိုင်ခဲ့လေတယ် ဤသို့ဖြင့် ယောက္ခထီးနှင့် ယောက္ခမ နှစ်ဦးစလုံး ဆုံးပါးသွားချိန်မှာတော့ မြနှင်းတို့လင်မယားနဲ့ ဖိုးတုတ် ဟူသော သားလေးတစ်ယောက် ထွန်းကားခဲ့ပြီး လေပြီ မြနှင်း က လေသံမာဖြင့် ပြောလိုက်လျှင် ဘုန်းကြီးလူထွက် က ဖင်တုန်အောင် ကြောက်နေရလေသည်
မြနှင်း က ပင် သြဇာညောင်းသော မိသားစုပင်တည်း ဤသို့ဖြင့် မြနှင်းတို့ မိသားစုလေး မှာ တောင်သူလယ်သမား ဘဝမှ ရေလုပ်သား ဘဝ ရေလုပ်သား ဘဝ မှ အင်းသူကြီး ဘဝ အင်းသူကြီး ဘဝ မှ အင်းသူဌေးဘဝကို ရောက်သွား ကြလေတော့တယ် မြနှင်း အနေနဲ့ အလှူအတန်း ရက်ရောလွန်းလှတယ် သူဌေးဘဝရောက်သွားပြန်တော့ လဲ ရွာဦးကျောင်းလေးမှာ အဖက်ဖက် မှ အလှူအတန်း မျိုးစုံ လုပ်လေ့ရှိလေသည်
များမကြာမီမှာပင် မြနှင်းတစ်ယောက် ဝမ်းတွင်းရောဂါ တစ်ခုစွဲကပ်လာလေသည် မသေမှီတွင် ကုသိုလ်ကြီးကြီးမားမား တစ်ခု ပြုလုပ်ခဲ့ဖို့ ဆုံးဖြတ်ချက် ချခဲ့လေတယ် ရွာဦးကျောင်းလေးမှာ ဘုရားတည်ဖို့ ဆုံးဖြတ်ခဲ့လေတယ် စည်းစိမ်အပြင် ပိုင်ဆိုင်သည့် လယ်ကွက်နှစ်ကွက် ကိုပင် ရောင်းချ၍ ဘုရားတည်လေသည် ဘုရားတည် အမျှအတန်းဝေ ရေစက်ချအပြီး နောက်နေ့တွင်ပဲ မြနှင်းတစ်ယောက် ရောဂါဖြင့်ပင် ဆုံးပါးသွားခဲ့လေသည် မြနှင်းမှာ လူ့ဘဝ က ကုသိုလ်များစွာ ပြုလုပ်ခဲ့သော်လည်း တစ်ဖက်မှာလဲ အကုသိုလ်ဝဋ်ကျွေး က ရှိလေတန်ရာ နေ့စံ ညခံ ဝေလ္လင်ကပြိတ္တာ ဘဝကို ရောက်သွားလေတော့သည်
(ဟူသည် နေ့ဘက်တွင် ကုသိုလ်အကျိုးဆက်အဖြစ် နတ်သမီးစည်းစိမ် ကို ခံစားရပြီး ညဘက်တွင် အကုသိုလ်အကျိုးဆက်အဖြစ် ပြိတ္တာဒုက္ခ ကို ခံစားရလေသော ဘုံဘဝ ပင်ဖြစ်လေသည်) ဘုန်းကြီးလူထွက်မှာလဲ မိန်းမဆုံးသွားသဖြင့် ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရလေသည် လက်ရှိ ရေလုပ်ငန်းကိုပဲ ဆက်လက် လုပ်ကိုင်ပြီး မိတဆိုးသားလေးနှင့် ရပ်တည်ခဲ့လေသည်
တစ်နေ့သ၌ ဘုန်းကြီး လူထွက် က ရွာအပြင် ညောင်ပင်ရိပ်သို့သွားကာ တစ်ကိုယ်ထဲ ဆွေးနေလေသည် အချိန်ကား ညနေ စောင်း အချိန်ပင် ထိုစဉ် အနောက်ဘက်မှ ခြေသံကြား၍ လှည့်ကြည့်လိုက်တော့ မြနှင်းပင် ခန္ဓာကိုယ်တွင် အရောင်အဝါများ ဝင်းပလျှက် ရွှေငွေ ပတ္တမြား စသော ရတနာများကို ဆင်မြန်းထားလေသည် “မြနှင်း မြနှင်းကိုယ့်ဆီကို ပြန်လာတယ်နော်” ဘုန်းကြီး လူထွက် က ပြောလိုက်သဖြင့် မြနှင်းက ပြုံး၍ ခေါင်းညိမ့်ပြလေသည် “ကျွန်မ ရှင်နဲ့သားလေးကို သတိရနေတာ” မြနှင်းမှ ကြေကွဲစွာပြောလိုက်လေသည်
ဘုန်းကြီးလူထွက် က မြနှင်းကို ပွေ့ဖက်ဖို့ ကြိုးစားလိုက်လေသည် သို့သော် မြနှင်းရဲ့ အသားကို မထိမိပဲ လေဟာပြင် ကိုသာ ထိုးဖောက်သွားလေသည် ဘုန်းကြီးလူထွက် အံသြ သင့်သွားတယ် “ကျွန်မ အရင်ဘဝ က ကုသိုလ်တွေကြောင့် နတ်သမီး စည်းစိမ် ကို ခံစားနေရတာပါ ကျွန်မရဲ့အသားကို လူသားတွေ ထိတွေ့လို့မရပါဘူး” မြနှင်း မှ ပြောလိုက်လေသည်
ဘုန်းကြီးလူထွက် မျက်ရည် ဝဲသွားလေတယ် မိုးချုပ်စမို့ အမှောင် ရိပ် က သန်းလာလေသည် ညနေ အုန်းမောင်း၇ချက် ခေါက်လျှင် ရွာတံခါး ပိတ်မည်ဖြစ်သည် အုန်းမောင်းသံပင် ကြားရချေပြီ “မြနှင်း အိမ်က ပြန်ရအောင်” “ကျွန်မ ပြန်လိုက်လို့မရဘူး လုပ်စရာ တွေ ရှိသေးတယ် နောက်မှ တွေ့ကျတာပေါ့” မြနှင်း မှ ပြောပြီး လျှင်မြန်စွာ ထွက်သွားလေတော့တယ် ဘုန်းကြီး လူထွက်လဲ နားမလည်မှု ှုများစွာဖြင့် ပြန်ခဲ့လေတော့သည်
ဤသို့ဖြင့် မြနှင်းနှင့် ဘုန်းကြီးလူထွက်တို့ ညနေတိုင်း တွေ့ဖြစ်ခဲ့ကြလေသည် တစ်နေ့တော့ မြနှင်းနှင့် ဘုန်းကြီးလူထွက် တို့ တွေ့ကြရာ အချိန်နှောင်းသွားခဲ့လေသည် ဘုန်းကြီးလူထွက် ကလဲ မပြန်သေးဘူးဟု အတင်းငြင်း၏ မြနှင်းအနေနဲ့ အကျပ်ရိုက် နေလေသည် မတတ်သာသည့်အဆုံးတွင် ဘုန်းကြီး လူထွက် ကို လိမ်ညာကာ ချိန်ထားခဲ့လေပြိး အမှောင်ရိပ်ထဲသို့ တိုးဝှေ့သွားလေတော့သည် ဘုန်းကြီးလူထွက်လဲ မြနှင်းအနောက်မှ ပြေး၍ လိုက်သွားလေတော့သည်
မြနှင်းလဲ ပြေးရင်းဖြင့်ပင် ခန္ဓာကိုယ်ရှိ အရေပြားများ ကွာကျ လာနေလေသည် ဆံပင်များ နှင့် လက်သည်းများ ကျွတ်ကျကုန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးသံရဲရဲဖြင့် ခန္ဓာကိုယ်လည်း ပုံမှန်ထက် ကြီးထွားလာပြီး ပုပုပြဲပြဲ ပုံသဏ္ဏာန် ဖြစ်သွားတော့၏ ဘုန်းကြီးလူထွက်လဲ ပြေးရင်းလွှားရင်းဖြင့် မြနှင်းကို မတွေ့တော့သဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်
အမှောင်ရိပ်ကလဲ ကြီးစိုးထားသဖြင့် ကောင်းသွာမမြင်ရပေ လရောင်လဲ့လဲ့ က ကျရောက်လာသဖြင့် ဘုန်းကြီး လူထွက် မိမိ၏အရှေ့ရှိ အရာကို ထင်းခနဲ မြင်တွေ့လိုက်ရလေသည် လူကောင်းပုပုပြက်ပြက် ခန္ဓာတစ်ခုလုံး သွေးသံရဲရဲဖြင့် မျက်လုံးပြူးပြူး အစွယ်ဖွေးဖွေး ကြောက်စရာ သတ္တဝါကြောင့် မူးလဲသွားတော့၏ များမကြာမှီတွင် ဘုန်းကြီးလူထွက် အိပ်မက် မက်လေသည်
“ယောကျ်ား ကျွန်မ ရှင်နဲ့သားလေး ကို မခွဲနိုင်လို့ ပြန်လာခဲ့ရတာ တကယ်တော့ ကျွန်မက နေ့ခံညစံ ပြိတ္တာဘုံဘဝ ကို ခံစားနေရသူပါ ရှင် ဘုန်းကြီး ဘဝနဲ့တုန်းက အတူပျော်ပါးကို မြူဆွယ် ဖူးတာကြောင့် ဒီလို ခံစားနေရတာပါ ဒီလိုအကုသိုလ်က မည်သို့သော ကုသိုလ်မျိုးကိုပဲ လုပ်လုပ် မကျေပျောက်နိုင်သော ဝဋ်ကြွေတစ်ခုပါပဲ အကုသိုလ် ကုန်တဲ့ နေ့အထိတော့ ကျွန်မ ခံစားနေရဦးမှာပဲ” ဘုန်းကြီး လူထွက် အိပ်ယာမှ နိုးလာတယ် ဝမ်းနည်းကြေကွဲ နေလေတော့တယ် သူ့ရဲ့အမှားအတွက်လဲ ဘဝကူးခဲ့လျှင် မည်သို့သော ဒုက္ခမျိုးကို ခံစားရမည်နည်း ဟူသော စိုးရိမ်စိတ်ဖြင့် အသက်ဆက်နေရတော့တယ် —ပြီး အမှားပါလျှင် ခွင့်လွှတ်ကြပါ.
Leave a Reply