ဆန်နှစ်ပြည်(စ/ဆုံး)

ဆန်နှစ်ပြည်(စ/ဆုံး)

ကိုအောင်မြင့်တို့ မနိုးကြသေးဘူးထင်ရဲ့´ သာလှက ဆေးလိပ်ကလေးဖွာရင်း ပြောတယ်။ `အစောကြီး ရှိသေးတာကို။´ မခင်စန်းက စောင်ခြုံထဲကနေ ပြန်ပြောတယ်။ အင်း။ ဟုတ်ပါရဲ့။ သူတို့တော့ မနိုးကြသေး။ သာလှကတော့ နိုးနေတာ ကြာလှပေါ့။ တကယ်ဆို သူများတွေ နှိုးမှ ထလည်း ရပါလျက်နဲ့။ မနေ့ညကတည်းက လှည်းပေါ်စပါးတွေ တင်ထား၊ ကြိုးတုပ်ထားပြီးသား အဆင်သင့်။ သို့ပေမယ့် သာလှက အိပ်မရ။ဘယ်လိုလုပ် အိပ်ပျော်မတုန်း။ ဒီနှစ် မိုးခေါင်တယ်။သာလှမှာက အင်တိုင်းမြေဆန်တဲ့ မြေညံ့လယ်ကလေး သုံးဧက။ သူများတကာ ရေ ရရင်တောင် သာလှ လယ်က သိပ်ပြီး ရေ မရချင်။ မိုးကောင်းမှ တစ်ဧက စပါးလေးတင်း၄၀ပျော့ပျော့။ အခုလို မိုးခေါင်တော့ သုံးဧကပေါင်းမှ စပါးလေး တင်း၉၀ သာသာ။ ဒိုင်ချရမှာက တစ်ဧက ၁၂ တင်းနှုန်းနဲ့ ၃၆ တင်း ချရမှာ။ ကျန်တဲ့ ၅၄တင်းက အင်း၊ တွက်ကြည့်တော့သာ ၅၄တင်း။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကောက်စိုက်ခနဲ့ မိုးစာစားဖို့ ချေးထားတာက စပါးဖိုး ၂၅တင်းစာ။ပေးကမ်းပြီးသကာလ ၂၉ တင်းကျန်။ ၁၀တင်းက ကြိတ်ပြီး စားပြီး ရောင်းသင့်တာ ရောင်းပြီးလို့ ကုန်ပြီ။ကျန်တာက ၁၉ တင်း။ဒီဆောင်းတွင်း၊ ပြီးတော့ နွေ။ နောက် မိုးရာသီ ၀မ်းစာ။ သာလှက ဆေးလိပ် မီးခိုးငွေ့နဲ့အတူ ဟူးခနဲ သက်ပြင်းချလိုက်တယ်။ `သာလှရေ ၊ လူစုကြဟေ့၊မိုးမလင်းခင်လေး သွားကြရအောင်။´ ကိုအောင်မြင့် အသံ။ သာလှက လှည်းရှိရာ ဆင်းလာလိုက်တယ်။ သူ့ရဲ့ လှည်းအိုလေးကို လှည်းဦး အလေးအပေါ့ စမ်းကြည့်တယ်။ `ဒီနေ့စာ ဆန်မရှိသေးဘူးနော် ကိုသာလှ။´ `အေးပါ ခင်စန်းရ၊ ဒီနေ့ သမဆိုင်က ဆန် ရမယ် မဟုတ်လား။ ရမှာပါ။´ `အင်း၊ ကျုပ်တော့ ရလိမ့်နိုး ရလိမ့်နိုးနဲ့ တန်းစီစောင့်နေရတာကို မောတယ်။ တစ်ခါဆိုရင် မိုးချုပ်သွားလို့ အဲဒီနေ့က မရတာ ကျုပ်တစ်ယောက်တည်း၊ မရရင် ရှက်သလိုလိုကြီးတော့။´ သာလှက ရယ်တယ်။ ———- (ခ) ကိုအံ့ကြီး တို့က ပေါ်မလာသေး။ ဆူညံ ဆူညံနဲ့ ပြင်ဆင်ကြတုန်းထင်ရဲ့။ သာလှနဲ့ အောင်မြင့်က ထိုင်စောင့်နေကြရင်း စကားစမြည်ပြောလို့။

`မင်းက ဒိုင်ချလိုက်ရင် စပါးသိပ်ကျန်တော့မှာ မဟုတ်ဘူး။ ငါ့မှာတော့ မင်းဆီကရတဲ့ စပါးတွေ ဘယ်မှာထားရမယ် မသိသေးဘူး။ စိတ်တွေ ညစ်ပါ့ကွာ။´ ဟော။ သာလှလို စားစရာမရှိတဲ့ သူထက် သူက ပိုပြီး ပူပန်နေရသတဲ့။ `ကျုပ် ပူဖို့ပဲ ထားပါဦး ကိုအောင်မြင့်၊´ အောင်မြင့်က ခေါင်းခါတယ်။ `မတူဘူး သာလှ။ ပြီးခဲ့တဲ့ အပတ်ကပဲ ငါ့ယောက္ခမကြီး အိမ်မှာ ၀င်ရှာသွားကြပြီ။ မင်းသိတဲ့အတိုင်းပဲ။ ငါ့ယောက္ခမတွေက လယ်ရှိတာမဟုတ်ဘူး။ သူများဆီက ရစရာရှိတာတွေကို စပါးနဲ့ မှတ်ပြီး စပါးယူရတာ။ ဟော၊ လယ်မရှိသူက စပါးသိုလှောင်ခွင့်မရှိဘူးတဲ့။၀မ်းစာနည်းနည်းပဲ ချန်ပြီး ကျန်တာကို ဒိုင်သွင်းရမယ်ဆိုပြီး ကောက်သွားလေရဲ့။ငါ့မှာ စပါးများများ ကျန်ရင်လည်း ဒီလို လာစစ်လို့ မိရင် မလွယ်ဘူး။ ဥပဒေကို မလိုက်နာရင် ထောင်ချလို့တောင် ရသတဲ့ကွာ။ ဆန်ကြိတ်ပြီး ရောင်းလို့လည်း မရ။မိတယ်သာ သိပ်မကြားသေးတာ။ ဒီလိုခိုးဝှက်ရောင်းလို့ မိရင် မချောင်ဘူး။

´ အောင်မြင့်က အတန်းပညာ ၇တန်းလောက် တက်ခဲ့ဖူးတော့ နှံ့နှံ့စပ်စပ် အတော်သိတယ် ဆိုရမယ်။ `နို့ နေစမ်းပါဦး ကိုအောင်မြင့်။ ကိုယ့်လယ်နဲ့ ကိုယ့်စပါးကို လှောင်တာ ဘာကြောင့် မရသလဲဗျ။´ အောင်မြင့်က ပြောင်းဖူးဖက် ဆေးလိပ်ကြီး တစ်ဖွာရှိုက်လိုက်ရင်း `ဒီလိုသာလှရ ၊ ဘယ်လိုလဲတော့ မသိဘူး။ ပုဂ္ဂလိက ပိုင်လုပ်ငန်းကြီးတွေကို ပြည်သူပိုင် သိမ်းတယ်။ အားလုံး တန်းတူညီမျှ ဖြစ်ဖို့ ဆိုလား။တချို့က ငတ်နေတယ်ကွာ။ တချို့က ချမ်းသာနေတယ်။ ဒါကို ထိန်းညှိဖို့ ဆိုလားပဲ။´ `ကွန်မြူနစ် လိုလား။´ `သိပ်တော့ မထူးဘူး။ သဘောချင်း တူတယ်ထင်ပါရဲ့ ။အဲ ၊ ငါ့ယောက္ခမကြီးတွေဆီက စပါးတွေ သိမ်းတော့ ပြောသေးတယ် ဆိုပဲ။အားလုံး ညီတူမျှတူ ဝေငှပေးတဲ့ သမဝါယမမှာ ထုတ်ယူလို့ ရတာပဲ၊ ငတ်မှာ မပူပါနဲ့ တဲ့။ ကိုယ့် စပါးနဲ့ကိုယ် အေးအေးဆေးဆေး မနေရဘဲ သူများဆီက လက်ဖြန့်တောင်းနေရတဲ့ ဘ၀ကွာ။ ကိုယ်လုပ်ပြီး ကိုယ်မစားရတဲ့ ဘ၀ကြီး။

´ ကိုအောင်မြင့်ကတော့ ညည်းမပေါ့။ သူတို့က ကောက်ကြီးပဲ စားကြတာကိုး။ ကောက်ကြီး စိုက်ပြီး သမဆိုင်က ရောတိရောရာ ဆန်တွေကို ဘယ်စားချင်မတုန်း။ သာလှတို့က ဆန်ကြမ်းပဲ စားသူဆိုတော့ သိပ်တော့ မထူးဆန်း။ ` ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုပေမယ့် ကိုယ်စိုက်တဲ့ဆန်ကို ကိုယ်ပြန်မစားရတဲ့ ဘ၀ကွ သာလှရ။ ဟော တိုးကြီးတို့ အံ့ကြီးတို့ လာပြီ။ သွားကြရအောင်။´ ———— (ဂ) ` မင်းကလည်း ကြာလိုက်တာ၊ မိုးလင်းတော့မယ်။´ `ဟုတ်တယ် ကိုကြီးအောင်မြင့်ရေ၊ ညက ကျုပ်ညီမသည် ရောက်လာလို့ ရွာလူကြီးဆီသွားပြီး အကြောင်းကြားရတာနဲ့ စကားပြောနေရတာနဲ့ စပါးတွေ ကြိုးမတုပ်ရသေးလို့ မနက်မှ လုပ်နေရတာနဲ့ ကြာသွားတာ´ `မင်း ညီမ မဘုံလား တိုးကြီး´ `ဟုတ်ပါ့။ ကျုပ်မလည်း ကြပ်တာမှ တစ်ယောက်တည်းတောင် ဟိုဘက်ရွှေ့ပါဦးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောရမယ့် အပေါက်။သူတို့က ပိုကြပ်တယ် ဖြစ်နေတာ။ စားစရာမရှိလို့ ဆန်လာယူသတဲ့ဗျား။´ သာလှရဲ့ လှည်းအိုလေးက တကျွီကျွီ၊ ဒါပေသည့် တိုးကြီးရဲ့ စကားကိုတော့ အတိုင်းသား ကြားနေရတယ်။

`ဟ၊ ကြည့်လည်း လုပ်ဦး ငတိုး။ ဆန်တွေကို နယ်ခြားသယ်လို့ မရဘူးလေ။´ သာလှက လှမ်းအော်ပြောတယ်။ `အေး၊ အဲဒါ ခက်နေတာ၊ ငါ့ယောက်ဖ သောက်ပျင်းက သူမလာဘဲ ငါ့ညီမကို လွှတ်လိုက်တယ်။သူဆိုရင် တောလမ်းကနေလာရင် အလွန်ဆုံး တစ်ညအိပ်ခရီးပေါ့။ ရထားနဲ့ကျတော့ သူက မလာဘူး၊ ကြောက်သတဲ့ကွာ။ တာ၀န်ကျေ လက်မှတ်မရှိတော့ ခရီးမသွားရဲဘူးတဲ့။ သူတို့ နယ်ဘက်က ပိုဆိုးတယ်ထင်တယ်။ငါ့ညီမက ရထားနဲ့ လာပြီး ပြန်ရင်တော့ တောလမ်းက ပြန်ရမယ့်သဘော။ သူ့ကို ရထားနဲ့ ပြန်လွှတ်ပြီး ငါပဲ တောလမ်းက သွားပို့ရမှာပဲ။´ တာ၀န်ကျေလက်မှတ်။ သာလှက ဒီတစ်ခုတော့ တာ၀န်ကျေတယ်။ ဒိုင်ကို ချရမယ့် စပါး ကျေအောင်ချတယ်။ နို့မို့ ရွာလူကြီးကအကြွေးတောင်းသလို ပူညံ ပူညံ လုပ်တဲ့ဒဏ်ကြီး မခံနိုင်လွန်းလို့။ ————– (ဃ) ဒိုင်မှူးနဲ့ တိုးကြီး တီးတိုးစကားပြောနေကြတယ်။ `ကျုပ်လည်း အိမ်က တင်းတောင်းနဲ့ အပြည့်ထည့်လာတာပဲ ဒိုင်မှူးရယ်။ အခုတော့ မပြည့်တော့ဘူး။ နည်းနည်းပဲ လိုတာပါ။´ `မင်းလိုမျိုး နည်းနည်းစီ လိုတဲ့လူတွေ များလာရင် ဘယ်လိုလုပ်မလဲကွ။

´ တိုးကြီးက သူ့အိပ်ကပ်ထဲက ငွေစက္ကူလေး ထုတ်ပြီး `ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ ဒိုင်မှူးရယ်။ နောက် ဒီလို မဖြစ်စေရပါဘူး။´ ဒိုင်မှူးကလည်း ငွေကို ဆတ်ခနဲ ယူပြီး ဒီတစ်ခါတော့ ထားလိုက်တော့ကွာ၊ နောက်နောင် ဒီလို မဖြစ်စေနဲ့ ကြားလား။´ လို့ မိန့်တယ်။ ဟော ကိစ္စ ဝိစ္စပြီးကြတော့ မြို့ထဲ သွားသူကသွား။ ၀ယ်စရာရှိတာ ၀ယ်ကြပေါ့။ သာလှနဲ့ အောင်မြင့်ကတော့ ဖန်ခါးပင်ရိပ်အောက်က အရက်ဆိုင်ဆီ လစ်ကြတာပေါ့။သောက်ရင်း စားရင်း အတော်လေး ထွေလာတော့ ဖန်ခါးပင်ကြီးကို မော့ကြည့်ပြီး အောင်မြင့်က `လှည်း၀င်ရိုး လုပ်လိုက်ရင်တော့ အတော်လေးရမယ့် အပင်။´ လို့ ဆိုတယ်။ `ကျုပ်ကတော့ ဖန်ခါးသားထက် ဖက်၀င်းသားကို ပိုကြိုက်သဗျ၊ အခုလှည်း ၀င်ရိုးကလည်း သိပ်မကောင်းချင်တော့ဘူး။လှည်းလေးကောင်းကောင်းနဲ့ သာဆို ကျုပ်နွားတွေက လွှတ်ကောင်းမှာ။´ သာလှရဲ့ စကားကို အောင်မြင့်က ပြုံးတယ်။ `မင့် နွားတွေက လှည်းကောင်းရင်လည်း သိပ်စွံမှာ မဟုတ်ပါဘူး။မင်း နွားပြာက ဗွေဖောက်နေတယ်။ ကောင်းတယ်လို့ မဆိုသာပါဘူး။´ ဒါကို သာလှက တယ်မခံချင်လှဘူး။ `အံမယ်၊ ကိုအောင်မြင့်နွားနဲ့ ပြိုင်မောင်းလိုက်ချင်သေးသဗျ။´ `တကယ်လား သာလှ ။ လုပ်လိုက်လေကွာ ကြာသလားလို့။

´ သူတို့ပြောနေတုန်း တိုးကြီးနဲ့ အံ့ကြီးက ရောက်လာတော့ အလောင်းအစားကို သက်သေပြုလိုက်ကြတယ်။ လောင်းကြေးကတော့ မများပါဘူး။ ဒါပေသည့် မနည်းလှဘူးဆိုရမယ်။ ဆန်နှစ်ပြည်။ —————- (င) ဆန် နှစ်ပြည်။ ဒါနည်းတာ မဟုတ်ဘူး။ သာလှ အိမ်မှာဆိုရင် လေးရက်စာလောက် စားလို့ရတယ်။ ပြိုင်ရမှာက ၅ မိုင်လောက် ခရီး။ `ဟေ့၊ နီးလာပြီနှော် သာလှ။ ဟိုးရှေ့က လက်ပံလှရွာထိပ်ကနေ စကြကွာ။´ လက်ပံလှ ရွာထိပ်ရောက်ပြီ။ သာလှက သူ့လှည်းရဲ့ လှည်းနားစောက်၊ ပန်းတောင်း၊ ဒေါက်တွေကို စစ်တယ်။ပြီး သေချာအောင် ဆိတ်မျက်လုံးကို ဓားနောင့်နဲ့ နှက်ထည့်လိုက်သေးတယ်။ ကျွတ်ထွက်သွားရင် ရှုံးမယ့်ကိန်း။ ပြီး ထမ်းပိုးကို စစ်တယ်။ ကျွဲသားရေနဲ့ ချုပ်ထားတာမို့ ထမ်းပိုးက အခိုင်ကြီး။ ကဲ ရပြီ။ `စပြီဟေ့။´ အံ့ကြီးက အော်ပေးတယ်။ ` ဖြန်း´ အောင်မြင့်ရဲ့ ကြိမ်ရိုက်သံနဲ့ အတူ သူ့လှည်းက ဝေါခနဲ ပြေးသွားတယ်။

သာလှက ကိုင်ကြိုးကို ဆတ်တောက် ဆတ်တောက် လုပ်ပြီး သူ့နွားတွေကို ကြိမ်နဲ့ တဗြန်းဗြန်း ခပ်ဆဆလေး ရိုက်တယ်။ ပြီး တစ်ချက် ဗျင်းပစ်တယ်။ ပြေးပါပြီ။ ပြိုင်ပွဲ၀င်နွားတွေလို လည်ကိုမော့လို့ ကြော့လို့ ၊ တဟုန်ထိုး ထိုးပြေးတယ်။ `ချွင်၊ ချွင်၊ ချွင်၊ချွင်´ အောင်မြင့် လှည်းဆီက ခြူသံက တချွင်ချွင်။ ရှေ့ရောက်နှင့်နေတဲ့ အောင်မြင့်ရဲ့ လှည်းကို ကျော်လုလု။ အောင်မြင့်ကလည်း ဟေးခနဲ၊ ဝါးခနဲ အော်ရင်း လုပ်လိုက်စမ်း သားကြီးရေ့ ၊ ချထား၊ ချထား၊´ လို့ အော်နေတယ်။ လုပ်လိုက်စမ်းပါ။ သာလှကလည်း အားကျမခံ ပြန်အော်တယ်။ ` ပြေးလိုက်စမ်းပါ ဖေ့သားကြီးရ။ ဒါမှ ငါ့သားကြီးကွ။´ သာလှက ကြိမ်လုံးကို လေထဲ တရွှီးရွှီး ဝှေ့ယမ်းပြီး ကြိမ်သံပေးနေတယ်။ `ဟာ၊ သောက်ရေးထဲ၊ ဒီနွားပြာက ခြေရှိန်ကို ရှော့ရသလားဟ။

´ တစ်ကောင် ခြေလျော့တော့ လျော့တဲ့ ဘက်ကို လှည်းက လည်တယ်။ လှည်လာတဲ့ နွားကို ကြိုးတင်းပေးတော့ လှည်းက ရပ်တော့မလို။အောင်မြင့် လှည်းက အတောင်၅၀လောက် ဝေးသွားပြီ။ `ဟာ၊ ချီးတဲ့မှပဲ။´ ကြိုးကို ပြန်တည့်ပြီး လှည်းဦး ပြန်တည်။ နောက် နွားပြာကြီးကို ကြိမ်နဲ့ အားထည့်ရိုက်ပစ်လိုက်တယ်။ ပြေးပြန်ပါပြီ။ ပြေး။ ပြေးစမ်းပါလေ။ အောင်မြင့်ရဲ့ လှည်းကို မီလာပြီ။အေး၊ လုပ်ထား။ လုပ်ထား။ ရွာကို ခပ်ပျပျ လှမ်းမြင်နေရပြီ။လှည်းသံက တအုန်းအုန်း တဒိုင်းဒိုင်း ပိုဆူလာပြီထင်ရတယ်။ ဘီးတွေကျွတ်ထွက်တော့မလားလို့ လှည်းအောက်ကို စူးစမ်းကြည့်တော့ ရုတ်တရက် မြေပြင်ပေါ်မှာ ခပ်ဖြူဖြူတစ်ခု လှစ်ခနဲ မြင်လိုက်တယ်။ သာလှက လည်ကိုလှည့်ပြီး မြေပြင်ကို နောက်ပြန်ကြည့်တော့ အမြုပ်တွေ တစ်စ နှစ်စမြင်တယ်။နွားပြာကြီးကို ကြည့်တော့ ပါးစပ်မှာ အမြုပ်ထနေပြီ။ ဟိုးရှေ့မှာက ရွာ။ နွားပြာကြီးပါးစပ်မှာ အမြုပ်တစီစီ။

ဆန်က နှစ်ပြည်။ ဒီလို စားသောက်နေနိုင်ဖို့ ဒီနွားကြီးတွေကို အားကိုးနေရတာ။အောင်မြင့် လှည်းနဲ့ အတော်လေး ပြတ်ကျန်ခဲ့ပြီ။ သာလှက လေထဲ ဝှေ့ယမ်းနေတဲ့ ကြိမ်လုံးကို ရပ်လိုက်ပြီး ရုတ်တရက် ဘာလုပ်လိုက်ရမယ် မသိ။ `အဲဒီနေ့က မရတာ ကျုပ်တစ်ယောက်တည်း၊ မရရင် ကျုပ်က ရှက်သလိုလိုကြီးတော့၊ ´ မိန်းမရဲ့ စကားက နားထဲ ပြေး၀င်လာတယ်။ ဆန်မရလို့ ရှက်တယ်ဆိုတဲ့ မိန်းမရဲ့ စကား။ မင်းနွားက မကောင်းပါဘူးကွာ လို့ ပြောလာမယ့် ကိုအောင်မြင့်ရဲ့ အသံ။ ရှက်စရာ နှစ်ခုကြားမှာ သာလှ ဆုံးဖြတ်လိုက်တယ်။ သူ့ ဆုံးဖြတ်ချက်က ကြိမ်လုံးကို အားကုန်လွှဲပြီး နွားပြာကြီးရဲ့ ကျောပြင်ဆီ။ ————— (စ) `ခင်စန်းရေ၊ ဟေ့ မိန်းမ။ ငါ ကိုအောင်မြင့်နဲ့ နွားချင်းပြိုင်တာ ဆန်နှစ်ပြည် နိုင်လာတယ်ဟ။ဟားဟား။´ ———–

#ဝါနုသော် (11,9,2020

Leave a Reply

Your email address will not be published. Required fields are marked *