မပျော်ရွှင်သောမွေးနေ့
ကျွန်တော်နှင့် ဦးဝေလွင်သည် လမ်းလျှောက်ရင်းမကြာခဏတွေ့ရာမှ ခင်မင်ကြသူများဖြစ်သည်။ ကျွန်တော့်ကို သိသူများမှာလည်း ကျွန်တော်နေ့စဉ်ရေးနေသော စာတွေကို ဖတ်သူလောက်သာဖြစ်သည်။ မသိသူက များပါသည်။ ဦးဝေလွင်က ကျွန်တော့်ထက် ၄ နှစ်ကြီးသည်။ သူက ကျွန်တော့်ကို လာပြီးမိတ်ဆက်ရာမှ သူ့အိမ်ရှေ့က ဖြတ်သည့်ရက်တွေဆိုလျှင် တွေ့ဆုံနှုတ်ဆက် ခေတ္တစကား ပြောဖြစ်ကြသည်။ သူက မနက်တိုင်း အိမ်ရှေ့တွင် တံမြက်စည်းလှည်းလေ့ရှိသည်။ တစ်နေ့ “ဆရာ … ဆရာ့ကို ကျွန်တော့်သမီးမွေးနေ့ ဖိတ်ရဦးမယ်” “ဘယ်နေ့လဲဗျ” “မနက်ဖြန်ဆရာ … လမ်းလျှောက်ရင်းပဲ သွားကြတာပေါ့။
အထွေအထူးမဟုတ်ပါဘူး။ စားသောက်ပြီး ပြန်ရုံပါပဲ” “သမီးက ဘယ်မှာနေလို့လဲ” “သမီးက ဒီတစ်လမ်းကျော်မှာ … သူ့ယောက္ခမတွေနဲ့နေတယ်” “လမ်းလျှောက်အဝတ်အစားနဲ့ ကောင်းပါ့မလားဗျာ” ကျွန်တော်က လမ်းလျှောက်လျှင် ဘောင်းဘီတို၊ တီရှပ်နှင့်သာ အလျှောက်များသည်။ ကျွန်တော်လမ်းလျှောက် လာသည့် ခရီးကလည်း ဦးဝေလွင်အိမ်ရှေ့ရောက်လျှင် ၂ မိုင်ခန့်ဖြစ်နေပြီ။ “ရပါတယ်ဆရာ … လူတွေအများကြီးဖိတ်တာ မဟုတ်ပါဘူး။
နှစ်အိမ်ထောင် မိသားစုလောက်ပါပဲ။ ကျွန်တော့် သမီးကလည်း ဆရာ့စာဖတ်ပရိသတ်ပဲ” “ဟုတ်လား” နောက်တစ်နေ့တွင် ကျွန်တော် ဦးဝေလွင်တို့ဘက်ကို လမ်းလျှောက်ရတော့သည်။ သူက အိမ်ရှေ့တွင် တံမြက်စည်းလှည်းရင်း အမှိုက်တွေကို မီးရှို့နေသည်။ ကျွန်တော်တို့တောရွာတွင် မွေးနေ့ပွဲတွေ မကြာခဏလုပ်ကြသည်။ ကလေးကအစ ဟက်ပီးဘတ်ဒေးဆိုသည့် စကားလုံးကို ရွတ်တတ်သည်။ ကျွန်တော်တို့နှစ်ယောက် လမ်းလျှောက်လာကြသည်။ ကျွန်တော့်စိတ်ထင် အသံချဲ့စိတ်ဖွင့်သည့် အိမ်တော့တွေ့မှာပဲဟုထင်သည်။ လမ်းထဲဝင်လိုက်သော်လည်း တိတ်ဆိတ်နေသည်။ လမ်းကတော့ ဆင်းရဲသည့်သူတွေနှင့် သာမန်လူတွေနေထိုင်သည့် ရပ်ကွက်မျိုး ဖြစ်သည်။ အိမ်ကြီးအိမ်ကောင်း သိပ်မတွေ့ရ။
တစ်နေရာအရောက်တွင် အော်ကြီးဟစ်ကျယ်နှင့် ရန်ဖြစ်နေသံတွေကြားရသည်။ ဦးဝေလွင်က ကျွန်တော့် လက်ကို ဆွဲလိုက်ပြီး “ဆရာ ခဏ” ဟုဆိုလိုက်သဖြင့် ကျွန်တော် ရပ်လိုက်သည်။ “ဘာဖြစ်လို့လဲဗျ” “ခဏလေးဆရာ … ဒီမှာ ရပ်နေပါဦး … ကျွန်တော် ပြန်လာခဲ့မယ်” ဦးဝေလွင်က လမ်းသွယ်လေးကိုချိုးဝင်ပြီး မကြာခင်ပြန်ထွက်လာသည်။ “ဆရာရယ် … အားနာလိုက်တာ … ကျွန်တော်တို့ ပြန်ရအောင်။ ဆရာ့ကို လက်ဖက်ရည်ဆိုင်မှာပဲ တစ်ခုခု လိုက်ကျွေးပါရစေ” ကျွန်တော်နားလည်လိုက်ပါသည်။ တစ်ခုခု မပြေလည်သောကြောင့် ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ လာလမ်းအတိုင်း ပြန်လျှောက်လာကြပြီး လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဝင်လိုက်ကြသည်။ “ဆရာ တစ်ခုခုသောက်လေ” “ကျွန်တော် လက်ဖက်ရည်၊ ကော်ဖီမသောက်ပါဘူး” “ဒါဆိုလည်း တစ်ခုခုစားပါဆရာ” “အေးဗျာ ပဲအီကြာတစ်ပွဲလောက်” ဦးဝေလွင်က လက်ဖက်ရည်တစ်ခွက်မှာသည်၊ ကျွန်တော်က ပဲအီကြာမှာပြီး ထိုင်နေကြသည်။
“ဆရာရယ် အားနာလိုက်တာ … သမီးနဲ့ သူ့ယောက္ခမတွေ ရန်ဖြစ်နေကြတယ်။ ကျွန်တော်ဒါကြောင့် ဆရာ့ကို လက်ဖက်ရည်ဆိုင် ခေါ်လာတာ” “ကျွန်တော်နားလည်ပါတယ်ဗျာ” “နေဦးဆရာ … ဖုန်းဆက်ကြည့်ဦးမယ်” သူကဖုန်းကိုထုတ်ပြီး နံပါတ်တစ်ခုကို ရှာသည်။ ထို့နောက် ဖုန်းခေါ်လိုက်သည်။ “သမီးလား” “ဟုတ်တယ်အဖေ … အဖေ သမီးဆီကို မလာဘူးလား” “အဖေကွယ် … နေမကောင်းလို့ မလာတော့ဘူး” “သမီးအဖေ့ဆီကို ခေါက်ဆွဲတွေလာပို့ရမလား” “အေးအေးဆေးဆေးမှ လာပါကွယ် … ရပါတယ်။ အဖေ သမီးအတွက် မွေးနေ့လက်ဆောင် ဒီနှစ်တော့ မပေးနိုင်ဘူးထင်တယ်” “ရပါတယ်အဖေရယ် … သမီးဘာလက်ဆောင်မှ မလိုချင်ပါဘူး။
အဖေ့ကိုပဲ လာစေချင်တာ။ အဖေ့ကို တွေ့ချင်တာ” “အေးပါ အဖေလာခဲ့မယ်” သူကဖုန်းကိုဖွင့်ပြီး စကားပြောနေသဖြင့် အတိုင်းသားကြားနေရသည်။ ကျွန်တော်ကလည်း ဦးဝေလွင်ကို “သွားလိုက်ပါဗျာ … ခုချိန်မှာ ခင်ဗျားသမီးအတွက် အလိုအပ်ဆုံးဟာ ခင်ဗျားပဲဖြစ်မှာပါ” “ဆရာလည်း လာလေ လိုက်ခဲ့ပါ” “သွားပါတော့ဗျာ … ကျွန်တော် မလိုက်တော့ပါဘူး။ ခင်ဗျားသမီး မျှော်နေမယ် သွားပါ” “ကျွန်တော် ရှင်းလိုက်မယ်ဆရာ” “ထားခဲ့ပါဗျာ … ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်။ ခင်ဗျားသမီးကို နှုတ်ဆက်တယ်လို့ ပြောလိုက်ပါ။ ရော့ဒီမှာ” “ဘာလဲဆရာ” ကျွန်တော်က ဘောင်းဘီအိတ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်သည်။ “ခင်ဗျားသမီးအတွက် မွေးနေ့လက်ဆောင်ပါ” “ရပါတယ်ဆရာ” “ယူသွားပါဗျာ။ ဒီအချိန်မှာ လိုအပ်မှာပါ”
တင်ညွန့် ၂၄.၂.၂၀၂၆





