မိုးမြေသိမ့်သိမ့်တုန်
“မောင်ကျော်စွာ … လာဟေ့ မင်းကိုမျှော်နေတာ” “ဆရာဖုန်းဆက်တော့ ကျွန်တော် ခြံထဲရောက်နေတာနဲ့ … အဖေကဖုန်းကိုင်တာဆရာ” “အေး … သူ့ကို အားရင်လွှတ်လိုက်ပါဦးလို့ ပြောလိုက်တယ်” “ကျွန်တော့်ကိုပြောတယ်ဆရာ … ဘာခိုင်းမလို့လဲဆရာ” “ခိုင်းမလို့ မဟုတ်ဘူးကွ … ကျွေးမလို့။ မိတ်ဆွေတစ်ယောက် ပို့လိုက်တဲ့ ဝက်အူချောင်းလေးနဲ့ ခေါက်ဆွဲ ကြော်စားတာ။ မင်းအတွက်ပါ ပိုကြော်ထားတယ်” “ဟာ အတော်ပဲဆရာ … ဆာနေတာနဲ့” “မင်းကြိုက်သလောက် သွားထည့်စားကွာ။ ငါတော့ စားပြီးပြီ” “ဟုတ်ကဲ့ဆရာ” မောင်ကျော်စွာက အိမ်နောက်ဖေးဝင်ပြီး ခေါက်ဆွဲကြော်စားသည်။ ကျွန်တော်က အပြင်ထွက်ပြီး ပက်လက် ကုလားထိုင်နှင့်ထိုင်နေသည်။ သူကပြန်ထွက်လာသည်။
“စားပြီးပြီလားကွ” “စားပြီးပြီဆရာ” “အေး … ထိုင်ကွာ … ဒီမှာ ထန်းလျက်စားဦး” မောင်ကျော်စွာက ကျွန်တော့်ဘေးတွင် ဝင်ထိုင်သည်။ “ဆရာ့ကို မေးချင်တာ တစ်ခုရှိတယ်ဆရာ” “ဘာများလဲကွ” “ဆရာ မနက်ကရေးတဲ့စာကိုဖတ်ပြီး ကျွန်တော့်အဖေက ကျွန်တော့်ကို မေးတယ်ဆရာ” “ဘာများလဲကွ” “မင်းဆရာကို မေးပေးစမ်းပါဦးတဲ့ … မနက်ကစာထဲမှာ သူ့အိမ်နောက်ကို ဘုန်းကြီးကျောင်းရောက်လာတာ ဘာဖြစ်လို့လဲတဲ့။ ကျွန်တော်က ဆရာဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်တယ်ဆရာ။ ဒါပေမဲ့ အဖေကျတော့ ဘဝင်မကျဘူး ဖြစ်နေဟန်တူပါတယ်” “အေးပါကွယ် သာမန်အမြင်လောက်နဲ့ကြည့်ရင်တော့ ကိုယ့်အနားမှာ ဘုန်းကြီးကျောင်း ရောက်လာတာ ဘာဖြစ်လဲ ပိုတောင်ကောင်းသေးတယ်လို့ မြင်ကြမှာပဲကွ။
ငါမင်းကို တစ်ခုမေးမယ် … တို့ရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်း ဘယ်နှကျောင်းလောက်ရှိသလဲ” “အင်း နေဦးဆရာ …” မောင်ကျော်စွာက တွက်ချက်ပြီး “ရှစ်ကျောင်းဆရာ” “သီလရှင်ကျောင်းကရောကွာ” “သုံးကျောင်းဆရာ” “ကျောင်းအားလုံးတည်နေရာက ဘယ်နှမိုင်ပတ်လည်လောက်မှာ ဖြစ်မလဲ” “တစ်မိုင်ပတ်လည်လောက်ဖြစ်မှာပေါ့ဆရာ” “ဟုတ်ပြီ … မနှစ်က မိုးပြတ်ကတည်းက … ပြောရရင်ကွာ ဝါကျွတ်ကတည်းက ငါတို့ရပ်ကွက်ထဲမှာ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်းတွေ ပဋ္ဌာန်းရွတ်လိုက်ကြတာ ပြတ်သွားတယ်လို့ရှိသလား။ ခုထိလည်း မင်းကြား နေရတယ်မဟုတ်လား” “ဟုတ်တယ်ဆရာ တစ်ခါမှ မပြတ်သွားဘူး။ တစ်ကျောင်းပြီးတစ်ကျောင်း ဆက်နေတာ။ ကျွန်တော့်အိမ်နားက ကျောင်းဆိုရင် သုံးကြိမ်မြောက်လောက်တောင်ရှိနေပြီ” “အေး … အဲဒါကိုပြောချင်တာ။
ဒီပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာထွန်းကားတဲ့အနေနဲ့ ကျောင်းတွေများလာတာ ဝမ်းသာစရာ၊ ကြည်နူးစရာလို့ ထင်ရပေမယ့်၊ ရှိသမျှကျောင်းအားလုံးက တိတ်ဆိတ်ငြိမ်းချမ်းရမယ့်အစား ဆောင်းဘောက်စ်တွေကို အသံကုန်ဖွင့်နေတာ ကြာလာတော့ စိတ်ပျက်စရာ ဖြစ်လာတယ်။ တိတ်ဆိတ် အေးချမ်းရမယ့် ဘုန်းကြီးကျောင်းတွေမှာ ပဋ္ဌာန်းပွဲပြီးလည်း မင်္ဂလာဆောင်ပွဲတွေက တအုန်းအုန်း၊ တဒိုင်းဒိုင်း ဖွင့်လိုက်တဲ့ ဆောင်းဘောက်စ်ကြီးတွေ ဘယ်မှာနားကြလို့လဲကွယ်” “အမှန်ပဲဆရာရေ … ကျွန်တော်တို့အိမ်နားက ကျောင်းမှာဆိုရင် ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ဆောင်းဘောက်စ်အငှားလုပ်နေတာ။ သူ့ဆီမှာ ဒီနှစ်မှဝယ်ထားတဲ့ ဆောင်းဘောက်စ်ကြီးတွေက တစ်ခါတစ်ခါ ထစမ်းရင် အိမ်တောင်သိမ့်သိမ့်တုန်တယ်။ ပိုဆိုးတာကဆရာရေ … မနက်တိုင်း ၄ နာရီဆိုရင် ဘုရားရှိခိုးတာကို ဆောင်းဘောက်စ်ကြီးဖွင့်ပြီး ရှိခိုးနေတာ။ ကျွန်တော်တို့မှာ ဆရာတော်နိုးတဲ့အချိန် လိုက်နိုးနေရသလို ဖြစ်နေတာ ကြာပါပြီဆရာ” “အေး … အဲဒါပဲ။ ငါက ဘာကြောင့် ငါ့အိမ်နားကို ဘုန်းကြီးကျောင်းရောက်လာတာကို စိုးရိမ်သလဲဆိုတာ အဲဒါ ကြောင့်ပဲ။
တကယ့် သာသနာအစစ်အမှန်ပြုနေတဲ့ သံဃာစစ်စစ်ရောက်လာပြီး၊ ဒကာ ဒကာမတွေအပေါ် နားလည်မှုရှိတဲ့ ဆရာတော်တွေဆိုရင်တော်သေးတယ်။ ဘုန်းကြီးဝတ်ပြီး စီးပွားရေးလုပ်နေတဲ့ သင်္ကန်း ဝတ်တွေရောက်လာမှာကို ကြောက်နေတာ” “ဒီခေတ်မှာတော့ သံဃာစစ်စစ် ရှားမယ်ထင်ပါတယ်ဆရာရယ်” “မရှားဘူးကွ။ ငါဆရာကြီးမောင်ခင်မင် (ဓနုဖြူ) နှစ်ပတ်လည်နေ့မှာ ကမ္ဘာအေးက သံဃာ့တက္ကသိုလ်ထဲကို ရောက်သွားတယ်။ သံဃာတော်တွေအများကြီးရှိတယ်။ ဘာသံမှ မကြားရဘူး။ ဆွမ်းစားကြွလာတဲ့ သံဃာတော် တွေကြည့်လိုက်ရင်လည်း တကယ့်ကို ကြည်ညိုဖွယ် အဆင်းတွေနဲ့ အေးချမ်းနေတာပဲ။ သေချာတာက ငါတို့ မင်းတို့ အရပ်ထဲမှာ မြင်တွေ့နေရတဲ့ သင်္ကန်းဝတ်တွေနဲ့ ကွာချင်တိုင်း ကွာနေတော့တာပဲ။ အဲသည်လို သံဃာမျိုးတွေအများကြီးရှိတယ်။ ဒါပေမဲ့ သာသနာမှာ စိုးမိုးထားတာက ဘုရားဟောနဲ့ ဆန့်ကျင်ဘက်လိုက် လုပ်နေတဲ့သူတွေများနေလို့ သာသနာတော်အပေါ် သံသယဖြစ်စရာတွေ များလာရတာ” “ဆရာ … အသံချဲ့စက်တွေကို ဘယ်လောက်အတိုင်းအတာအထိပဲဖွင့်သင့်တယ်ဆိုတာ ဥပဒေမရှိဘူးလား ဆရာ” “ဥပဒေတို့ သတ်မှတ်ချက်တို့ဆိုတာ ရှိတာပေါ့။ ဒါပေမဲ့ သက်ရောက်မှုရှိဖို့ပဲလိုတာလေ။
ဥပဒေထုတ်ပြန်ထားပြီး အလုပ်မဖြစ်တာတွေအများကြီးပဲ။ ဥပမာကွယ် ငါပြောမယ် … ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ် ထားတဲ့ အသံနှုန်းရှိတာပဲ။ နေ့ဘက် အသံချဲ့စက်ဖွင့်မယ်ဆိုရင် ၅၅ ဒက်စီဘယ် (dB) ထက်မကျော်ရတဲ့။ ဆိုလိုတာက သာမန်စကားပြောသံထက် မပိုရလို့ပြောတာ။ ညဘက်ဆိုရင် ၄၅ ဒက်စီဘယ် (dB) ထက်မကျော်ရ ဆိုပြီးတော့ပေါ့။ လူတွေ အိပ်စက်နေချိန်မှာ အသံကိုလျှော့ခိုင်းတာ ကောင်းစွာအိပ်စက်နားနေနိုင်အောင်နော်” “ဒါဆိုရင်ဆရာရယ် … ခုကျွန်တော်တို့ ကြားနေရတဲ့ ပဋ္ဌာန်းရွတ်သံတွေဟာ ဒက်စီဘယ် ဘယ်လောက်ရှိမလဲ” “ငါ့အထင် ဒက်စီဘယ် ၁၂၀ လောက်ရှိနိုင်တယ်။ WHO စံနှုန်းထက် နှစ်ဆလောက်ကို ကျယ်နေတာနော်။ အဲဒီနှုန်းကို နမ်းစတော့ ၂၄ နာရီလုံးလုံး မင်းတို့ငါတို့ ခံစားနေရမှာ။ ဒါဟာ တစ်နည်းပြောရရင် အသံနဲ့ လူတွေကို ညှဉ်းပန်းနှိပ်စက်နေတာမျိုး ဖြစ်လာပြီ။ ငါဖတ်ဖူးတာကတော့ စင်ကာပူနိုင်ငံမှာ အများပြည်သူ နားငြီးအောင် အလှူပွဲ၊ မွေးနေ့ပွဲတွေမှာ ဆူညံစွာနဲ့ အသံချဲ့စက်တွေဖွင့်ရင် ဒေါ်လာ ၂၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေ ရိုက်နိုင်တယ် ဆိုတာပဲ။
စင်ကာပူမှာ ဘာသာရေးပွဲတွေတောင် အသံချဲ့စက်သုံးစွဲခွင့်အတွက် သက်ဆိုင်ရာက ခွင့်ပြုချက် (Permit) ယူပြီးတော့ သတ်မှတ်ထားတဲ့အချိန်ရောက်ရင် ချက်ချင်းပိတ်ရတယ်” “ကျွန်တော်တို့မြန်မာနိုင်ငံမှာကတော့ ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူးဆရာရယ်။ မကြာဘူး ရှင်လောင်း လှည့်တာတွေ လာလိမ့်ဦးမယ်။ ခုလည်း ဘာမှန်းညာမှန်းမသိ ဟက်ပီးဘတ်ဒေးဆိုပြီး ဆောင်းဘောက်စ်ဖွင့် သီချင်းဆိုရင်းကကြဖို့ လမ်းထဲမှာ လုပ်နေကြပြန်ပြီ” “မှန်တယ် မောင်ကျော်စွာ … နောက်ဆုံးတော့ ငါတို့လူဖြစ်နေတာ မြန်မာနိုင်ငံပါလားဆိုပြီး ဖြေသိမ့်နေရတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ဥပဒေထက် အားနာတတ်တဲ့စိတ်က ပိုအရေးကြီးတယ်လို့ သတ်မှတ်ကြတယ်။ သူတစ်ပါးကို ဒုက္ခပေးတာကို သူတို့က Meiwaku လို့ခေါ်တယ်။ အဲဒီလို သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်တာမျိုးကို အရှက်ရစရာအလုပ်၊ ရှက်စရာကောင်းတဲ့အလုပ်လို့ သတ်မှတ်ကြတယ်။
သူတို့နိုင်ငံမှာ ဘုန်းကြီးကျောင်းက ခေါင်းလောင်းထိုးရင်တောင် ဘေးအိမ်တွေကို အနှောင့်အယှက်မဖြစ်အောင် အသံလုံ ပစ္စည်းတွေနဲ့ ကာရံပေးထားတယ်လို့ ငါ့မိတ်ဆွေတစ်ဦးကပြောဖူးတယ်” “အနောက်နိုင်ငံတွေမှာရောဆရာ” “အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတွေမှာဆိုရင် အိမ်နီးချင်းတွေက ဆူညံတယ်လို့ တိုင်တန်းရင် ပထမဆုံး ရဲရောက် လာမယ်၊ သတိပေးမယ်။ နောက်တစ်ကြိမ် မနာခံဘဲ ထပ်လုပ်ရင် အသံချဲ့စက်တွေ၊ စပီကာတွေကို ချက်ချင်း သိမ်းဆည်းပိုင်ခွင့်ရှိတယ်လို့ဆိုတယ်။ YouTube မှာ အဲဒီပညာပေးတွေ အများကြီးရှိတယ်။ သူတို့နိုင်ငံမှာက ရဲတွေ ရောက်လာရင် အသံလှိုင်းတိုင်းတဲ့စက် (Decibel Meter) ကိုယူလာပြီး ကျကျနနတိုင်းတာစစ်ဆေး အရေးယူတာ” “ဆရာရေ … ဒီမှာကတော့ မပြောလိုက်ချင်ပါဘူး … နတ်ပြည်ကကြားနိုင်ဖို့ အသံအကျယ်ဆုံးဖြစ်အောင် လုပ်ရမယ်။ ဒက်စီဘယ်သူတို့နားမလည်ဘူး။ ဆောင်းဘောက်စ်ကြီးတွေ အလုံး ၂၀ လောက် ထောင်နိုင်ရင် ကုသိုလ် အဆ ၂၀ လောက်ရတယ်လို့ကိုထင်နေတာ။
အဲဒီလိုထင်အောင် ဟောတဲ့ပြောတဲ့သူတွေကပါ ဂျင်းထည့်နေကြတာဆရာ” “အေးလေကွာ … သူတို့ကိုယ်တိုင်က အသံချဲ့စက်တွေ ငှားစားနေမှတော့ ဘာပြောစရာလိုတော့မှာလဲ” “ဆရာရေ ကျွန်တော်တို့လည်း နိုးတစ်ဝက်နဲ့ အိပ်စက်နေခဲ့ရတဲ့ကာလတွေ ကြာနေပါပြီဗျာ” “မောင်ကျော်စွာ ၂၄ နာရီပတ်လုံး အသံချဲ့စက်ကြီးတွေနဲ့ အော်နေတဲ့ ပြဿနာဟာ ဘာသာရေး အပေါ်ကြည်ညိုမှုနဲ့ လက်တွေ့ဘဝရှင်သန်မှုကြားမှာ ဖြစ်နေတဲ့ အလွန်ခါးသီးစရာကောင်းတဲ့ ပဋိပက္ခ တစ်ခုပဲကွ။ ၂၄ နာရီပတ်လုံး အသံတွေဆူညံနေတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ လူသားတွေမှာ ရင်ဆိုင်လာရတော့တယ်” “ပြောပြပါဆရာ ဗဟုသုတပေါ့” “၂၄ နာရီပတ်လုံး အသံတွေကြားနေတဲ့အခါ ဦးနှောက်က (Deep Sleep) အဆင့်ကို မရောက်တော့ဘူး။
လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေဆိုရင် ဆုံးဖြတ်ချက်မှားယွင်းတာတွေ၊ မှတ်ဉာဏ်ချို့ယွင်းတာတွေ၊ စိတ်တိုတာတွေပါဖြစ်လာနိုင်တယ်။ ရပ်ကွက်ထဲမှာ ရန်တွေခဏခဏဖြစ်၊ ထိုးပွဲတွေ၊ ဓားခုတ်ပွဲတွေ မကြာခဏ ဖြစ်နေတာတွေဟာ စဉ်းစားစရာပေါ့။ အသံချဲ့စက်ရဲ့ ဆူညံမှုဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) တွေကို တိုးပွားစေတယ်လို့ ကျန်းမာရေးစာစောင်တစ်ခုမှာ ဖတ်လိုက်ရတယ်။ အိပ်နေစဉ်မှာ လန့်နိုးတာ ဒါမှမဟုတ် အသံကိုအာရုံစိုက်နေရတာတွေဟာ သွေးတိုးစေသလို ရေရှည်မှာ နှလုံးရောဂါပါ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းအထိ တိုးစေတယ်လို့ဆိုကြတယ်” “ဒါပေမဲ့ ဘာသာရေးဆိုတော့ သည်းခံနေကြရတာပဲဆရာ” “အဲဒါပဲကွ … ဘာသာရေးကြောင့် သည်းခံရမယ်ဆိုတဲ့ စိတ်ဖိစီးမှုက လူကိုပိုပြီးတော့ စိတ်ပင်ပန်းစေတာပဲ။ ကိုယ့်အိမ်မှာ ကိုယ်နေပြီးတော့တောင် လွတ်လပ်ခွင့်မရှိပါလားဆိုပြီး ခံစားလာရတာဟာ ဘာမှမတတ်နိုင်ခြင်း (Helplessness) ကိုဖြစ်စေပြီး စိတ်ဒဏ်ရာရစေတယ်။ ရေရှည်မှာ စိတ်ကျရောဂါ (Depression) နဲ့ စိုးရိမ်စိတ် လွန်ကဲခြင်း (Anxiety) တွေကို ဖိတ်ခေါ်နေသလိုဖြစ်စေတာပေါ့” “ဘုရားရှင်လက်ထက်ကရော ဒီလိုပဋ္ဌာန်းရွတ်တာတွေ ရှိသလားဆရာ” “မောင်ကျော်စွာ အဲဒီခေတ်က အသံချဲ့စက်တွေ မရှိဘူးကွ။ ၂၄ နာရီ ပဋ္ဌာန်းရွတ်ဖတ်ရမယ်လို့ မြတ်စွာဘုရား ရှင်က သတ်မှတ်ပြဋ္ဌာန်းထားတာမရှိဘူးလို့ ဆရာတော်ကြီးတစ်ပါးတရားမှာ နာဖူးတယ်။ ဘုရားရှင်ကိုယ်တော် တိုင်က တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်တော်မူတယ်လေ။
ဒါကြောင့်လည်း ကျောင်းဝင်းထဲမှာ ဆူဆူညံညံ စကားပြောနေတဲ့ရဟန်းတွေကိုတောင်နှင်ထုတ်တာမျိုး ရှိခဲ့ဖူးတာပဲ။ တရားနာခြင်း၊ ရွတ်ဖတ်ခြင်းရဲ့ အဓိပ္ပာယ်ဟာ နားလည်ခြင်းနဲ့ နှလုံးသွင်းနိုင်အောင်ဖြစ်တာကြောင့် ၂၄ နာရီလုံးလုံး မခံသာအောင် အော်ဟစ်ဆူညံကြပါလို့ ဘယ်တုန်းကမှ ဘုရားရှင်ကလည်း လမ်းညွှန်ခဲ့မယ် မထင်ပါဘူးကွာ” “ခုခေတ်ကတော့ဆရာရေ ယုံကြည်မှုထက် ပြိုင်ဆိုင်မှုလို့ပြောရင် ပိုမှန်မလားတောင် မသိဘူး။ ကျောင်းတစ်ကျောင်းက ပဋ္ဌာန်းပွဲဆိုရင် နောက်တစ်ကျောင်းကလည်း လိုက်လုပ်နိုင်မှ၊ အသံပိုကျယ်နိုင်မှဆိုပြီး တော့ ကျောင်းချင်း၊ ဘုန်းကြီးချင်း ပြိုင်ဆိုင်မှုတွေက လွန်ကဲလာပြီထင်ပါတယ်ဆရာ” “သာသနာအပေါ် အကြည်အညိုပျက်စေခြင်းတွေ ဖြစ်လာရင် မကောင်းဘူးပေါ့ကွယ်။
ဘုရားစကား၊ တရားစကားတွေကို နာကြားကြည်ညိုရမယ့်အစား အိပ်ရေးပျက်လိုက်တာကွာဆိုပြီး ဒေါသစိတ်တွေ၊ အကုသိုလ်စိတ်တွေဖြစ်လာရင် ဘယ်ကောင်းတော့မှာလဲ။ ဘာသာရေး အကြောင်းပြုပြီး သူတစ်ပါး လွတ်လပ်ခွင့်တွေကိုချိုးဖောက်လွန်းလာရင် သာသနာ့ဂုဏ်ကိုလည်း ညှိုးနွမ်းစေ နိုင်တာပဲ” “ကဲ မောင်ကျော်စွာရေ တော်ပြီကွာ … ဒီလောက်နဲ့ပဲ။ ပြောပါများရင် ပြောတဲ့သူတွေပဲ အမှားဖြစ်လိမ့်မယ်” “ဟုတ်ကဲ့ပါဆရာ … ဟော ကြားလားဆရာ … ဟက်ပီးဘတ်ဒေးတဲ့ ဆောင်းဘောက်စ် စမ်းနေပြီ။ ဒီညတော့ ငရဲပဲဆရာရေ”
တင်ညွန့် ၂၀.၂.၂၀၂၆





