အိမ်မက်ထဲကအိမ်(စ/ဆုံး)

အိမ်မက်ထဲကအိမ်(စ/ဆုံး)

လေယာဥ်ပေါ်ကိုတက်ခါနီး နှုတ်ဆက်သူတွေရှိတဲ့ ဝရန်တာကို လှမ်းကြည့်လိုက်တယ်။ သမီးကြီးကို လိမ္မော်ရောင်လွင်လွင် ဝတ်စုံလေးနှင့် ထင်းကနဲတွေ့တယ်။ နားထဲမှာ အမေလို့ခေါ်သံအကျယ်ကြီးကို ကြားမိလိုက်သလိုလိုဖြစ်သွားတယ်။ သူ ငိုယိုနေပုံရတယ်။ သမီးငယ်လေးကိုတော့ သူ့အဒေါ်တွေက ချော့ထားတယ်နဲ့ တူတယ်။ လူတွေက အများကြီးမို့ ကျမ မတွေ့ရဘူး။ ကျမ လေယာဥ်ထဲကို ဝင်လိုက်တယ်။ စိတ်လွတ်ကိုယ်လွတ် ငိုချင်တဲ့စိတ်တွေဟာ တားဆီးလို့မရဘူး။ ကျမ ဒီခရီးကို မသွားတော့ဘူးဆိုပြီးနောက်ပြန်လှည့်ဖို့ အတန်တန်ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူး။ သမီးတွေရဲ့အငိုမျက်နှာလေးတွေက ကျမနှလုံးသားထဲမှာ တွဲလွဲခိုလို့ပါလာတယ်။ မနက်ရှစ်နာရီလောက်ဆို အိမ်ကနေ ဘတ်စ်ကားဂိတ်ရှိရာကိုလမ်းလျှောက်ရတယ်။ မိုးကောင်းကင်ပေါ်မှာ လေယာဥ်ပျံကြီးက ဘယ်အရပ်ကနေ ဘယ်အရပ်ဆီကို ဦးတည်ရာမသိ ပျံသန်းသွားနေတယ်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကျမ အလုပ်သွားချိန်နဲ့ အမြဲကြုံနေတယ်။ ပျံသန်းနေတဲ့ လေယဥ်ကြီးကို ကြည့်နေရင်း ရင်ထဲမှာ ဖော်မပြနှိုင်တဲ့ဝေဒနါတွေ ဖြစ်ပေါ်လာတယ်။ ကျမရဲ့စိတ်တွေလည်းလေယာဥ်ကြီးနှင့်အတူလိုက်ပါသွားသလို ခံစားမိတယ်။ အိမ်ကို လွမ်းတဲ့စိတ်ဟာ အဝေးကိုရောက်နေဖူးသူတိုင်း ခံစားမိမှာပါ။ မိသားစုကိုလွမ်းနေတော့ ဘယ်အရာကိုမှ မပျော်ရွင်ခဲ့ဘူး။ ညနေဖက် အိမ်ပြန်လမ်းမှာနောက်ဖက်နားဆီက ဆူညံသံတချို့ကြောင့်နားစွင့်မိတယ်။ ဗလုံးဗထွေးနဲ့ အမေလို့ခေါ်လိုက်တဲ့အသံ ကြားမိသလိုလို။ သေချာသွားအောင်လှည့်ကြည့်မိတော့ ကလေးနှင့် သူ့အမေတို့ရဲ့တိုက်ပွဲပါ။

ကလေးက ဘာပူဆာတယ် မသိ။ အမေကမလိုက်လျောပဲ ဆူပူ။ ခလေးက ငို။ အမှန်က သူတို့ဘာသာစကားနဲ့သူတို့ ဟာမိုနီ ဖြစ်နေတာကို ကျမကအိမ်လွမ်းနေသူဆိုတော့ကလေးငိုသံကိုနားထဲမှာ အမေလို့ခေါ်တယ်ပဲမှတ်နေတာပါ။ အတူနေတဲ့ သူငယ်ချင်းမ ကပြောတယ်။ ရောက်စမို့ တအားသတိရနေတာပါတဲ့။ နောက်တော့လည်းနေသားကျသွားမှာပါတဲ့။ အားလပ်ရက်တစ်ရက်မှာတော့ တခြားမြို့မှာအလုပ်လုပ်နေတဲ့မောင်ဝမ်းကွဲလေး အလည်ရောက်လာတယ်။

ဆံပင်တွေဘယ်ရောက်ကုန်ပြီလဲဟယ်.. အသက်ကငယ်ငယ်လေးရှိသေးတယ်.. နဖူးပေါ်မှာဆံပင်မရှိတော့ပါလား… မမလေးရယ်..ကျနော်ကဘဲကင်ဆိုင်မှာအလုပ်လုပ်တာလေ.. ဘဲကင်တွေကျက်မကျက်ဆိုတာသိရအောင်အပေါက်ကလေးကနေချောင်းကြည့်ရတယ်.. မီးအပူကတအားပြင်းတော့ အပေါက်ကလေးကနေတခါကြည့်..ဝှစ်ကနဲဆိုမီးအပူကဟပ်ဆိုတော့ဆံပင်တွေပြောင်ကုန်တာ.. ဒီကခေါက်ဆွဲခြောက်တွေမစားနဲ့မမလေး.. ဘာဓာတ်တွေပါလဲမသိဘူး.. ဆံပင်တွေတအားကျွတ်တယ်.. အော်..အော်..ဒါကြောင့်ကိုး… လကုန်တော့ ရတဲ့လခ ထဲကကိုယ့်အတွက် အနည်းငယ်ချန်ပြီးအိမ်ကိုငွေလွှဲလိုက်တယ်။ အမေ့ကိုလည်းသေချာ မှာရတယ်။ အိမ်ဂရန်ကို သေချာပြန်ရွေးထားပါလို့။ အတိုးတွေ တက်နေရင်ခက်မယ်လေ။

နိုင်ငံခြားသွားဖို့ငွေလိုတော့ မိဘတွေက အိမ်ဂရန်ကို ရင်းနှီးသူတွေဆီမှာလှည့်ပေါင်ပေးလိုက်တယ်။ နောက်လတွေမှာလည်း အိမ်ကိုပုံမှန်ငွေပို့နှိုင်ခဲ့တယ်။ ခလေးနှစ်ယောက်စားစရိတ်နဲ့ သူတို့ဗာရီရစရိတ်အပြင် ပိုတဲ့ငွေကိုလည်းသေချာစုပေးဖို့ အမေ့ကိုပြောရတယ်။ နောက်လတွေရောက်တော့ အမေကပြောတယ်။ ခလေးတွေကသူများအိမ်မှာ တီဗွီသွားကြည့်ရတာအောက်ကျတယ် ဒါကြောင့် တီဗွီတစ်လုံးဝယ်ပေးလိုက်ပြီတဲ့။ ဟုတ်တာပေါ့..ဟုတ်တာပေါ့.. ကလေးတွေဆိုတာက သူများအိမ်မှာအမြဲတမ်း သွားကြည့်နေလို့အဆင်မပြေဘူးပေါ့။ နောက်လကျတော့အမေက အိမ်မှာအဝတ်လျှော်ရတာ အအေးမိလို့ တဲ့။ အဲဒါ အဝတ်လျှော်စက်ဝယ်ရအောင်ဆိုတော့။ အရင်ကအဝတ်တွေကိုဒီလိုပဲလက်နဲ့လျှော်ခဲ့ကြတာပါ။

ခုမှ အဝတ်လျှော်ရတာ အအေးမိတယ်ဆိုတော့။ ကိုယ့်ကလေးတွေကို အမေတို့ဆီအပ်ခဲ့ရတာလေ။ ငြိုငြင်သွားရင်မခက်ပါလား။ ဟုတ်ကဲ့ ဝယ်ပါ..ဝယ်ပါ..ကောင်းတာပေါ့။ ဒီလိုနဲ့ တစ်နှစ်ဆိုတဲ့အချိန်က ကုန်မှန်းမသိကုန်သွားပါတယ်။ အမေက ပျက်ယွင်းနေတဲ့အိမ်ကိုပြန်ပြင်ဖို့ဆိုပြီး စာရေးလာပါတယ်။ အဲဒီအချိန်တွေတုန်းက ဖုန်းဆက်ရလည်းခက်ပါတယ်။ အမေတို့ရပ်ကွက်ထဲမှာ ဖုန်းတွေပေါပေါသီသီ မရှိသေးဘူး။ ခပ်ဝေးဝေး ကအိမ်တစ်အိမ်ကတဆင့်ဖုန်းခေါ်ရတယ်။ နာရီဝက် တနာရီလောက် ခွာချိန်းပြီးမှ ဖုန်းပြောရတယ်။ အိမ်ပြင်ဖို့ ပြောလာတဲ့အမေ့စကားကို ခေါင်းထဲ ထည့်ထားလိုက်တယ်။ သမီးဖြစ်တဲ့ကျမက နိုင်ငံခြားမှာအလုပ်လုပ်နေတယ် ဆိုတော့အမေက ကိုယ့်အရပ်မှာ အိမ်စုတ်နဲ့နေရတာကိုဂုဏ်ငယ်တယ်ထင်ပါရဲ့။

အဝေးက ကျမ အမေ့အသံကိုဖုန်းထဲကကြားလိုက်တာနှင့် အလိုလိုခေါင်းညိတ်မိသားဖြစ်နေတယ်။ အိမ်ပြင်ဆင်ပြီးသွားတဲ့အခါကျတော့ အမေက အိမ်တက်အလှုလုပ်ချင်သေးတယ်လို့ ပြောလာပါတယ်။ အလှုက အလှုကြီးလုပ်မှာတဲ့။ တစ်ရပ်ကွက်လုံး နဲ့ရပ်ဝေးရပ်နီးမကျန် သုံးဆယ့်ခြောက်ဝမ်းကွဲအမျိုးတွေပါဖိတ်မှာဆိုတော့။ ကျွေးမှာက ဒန်ပေါက်တဲ့။ ကောင်းပါတယ်လေ။ ကုသိုလ်ရတဲ့အလှုလေးပေါ့။ ပြီးခဲ့တဲ့အတိတ်အကြောင်းတွေတွေးမိပါတယ်။ အမျိုးသားဆုံးသွားတော့ သမီးလေးနှစ်ယောက်နဲ့ ကျမ ဘာအလုပ် ကိုစလုပ်ရမှန်းမသိခဲ့ပါ။ ညီအကိုမောင်နှမတွေနဲ့ အမေကနိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့တိုက်တွန်းပါတယ်။ ပညာကအများကြီးမတတ်။ ငွေအရင်းအနှီးကမရှိဆိုတော့ အမေက အိမ်ဂရန်ကိုပေါင်ပေးလိုက်ပြီးအရင်းနှီးပြုစေတယ်။

သမီးအကြီးမလေးကငါးနှစ်၊ သမီးငယ်လေးကနှစ်နှစ် ခန့်ကိုအမေ့ဆီမှာ ခဏ အပ်ခဲ့တယ်။ ကိုယ်ပိုင်အိမ်လေးတစ်လုံးလောက်နှင့် အရင်းအနှီး ငွေကြေးအတန်အသင့်ရရင်တော်ပါပြီ။ ကိုယ့်သမီးလေးတွေနဲ့ မြန်မြန်ဆန်ဆန်အတူနေရဖို့ကိုပဲ တွေးနေတာပါ။ အိမ်က မိဘတွေနဲ့တစ်လကို နှစ်ကြိမ်လောက်တော့ ဖုန်းဆက်ဖြစ်တယ်။ မိဘတွေက သမီးကြီး အဆင်ပြေရဲ့လားလို့မေးတဲ့အခါတိုင်း ဝမ်းနည်းခဲ့ရတယ်။ ဒါပေမယ့်လည်း အဆင်ပြေတယ် အားလုံးအဆင်ပြေတယ်ဆိုတဲ့စကားကိုပဲ ပြောထွက်ခဲ့တယ်။ တကယ်တမ်းမှာတော့ အရာအားလုံးအဆင်ပြေတယ်ဆိုတာရှားပါတယ်။ အခက်အခဲတွေရှိနေပေမယ့်လည်း ပြောပြဖို့ဝန်လေးခဲ့တယ်။ ဘာသာစကားချင်းမတူ၊ လူမျိုးချင်းမတူတဲ့ သူတွေကြားထဲမှာ ကိုယ့်ကိုကိုယ် အားပေးရင်းနဲ့ အခက်အခဲရှိလဲ ရအောင်ကျော်ဖြတ်ခဲ့တယ်။ ရပ်ဝေးမှာနေတဲ့မိဘတွေကို စိတ်ချမ်းသာစေချင်တဲ့စိတ်ကြောင့် တစုံတရာပြသနာရှိခဲ့လည်း မပြောဖြစ်ခဲ့ဘူး။ တနေ့မှာတော့ အဖေက ဖုန်းဆက်လာပါတယ်။ သွားရေးလာရေးလွယ်ကူဖို့ အဖေတို့ဆိုင်ကယ် တစ်စီးလောက် ဝယ်ကြရအောင်တဲ့။ သမီးမောင်လေးက ဆိုင်ကယ်အရမ်းလိုချင်နေတယ်။ အင်း…နှစ်လစာလောက်စုပြီးပို့တဲ့ငွေ ကုန်ပြန်ပေါ့။

မိဘပဲလေ။ ကိုယ်ကငြင်းလိုက်ရင်ဝမ်းနည်းသွားမှာ။ ဟုတ်ကဲ့ပါ အဖေ။ အဆင်ပြေသလိုသာလုပ်ပါ။ အိမ်က လူတွေရဲ့လိုအပ်ချက်ကိုဖြစ်နှိုင်ရင် အကုန်လုံးကိုလိုက်လျောချင်ပါတယ်။ နိုင်ငံခြားမှာ သမီးကအလုပ်လုပ်နေတာပဲ။ ငွေတွေအများကြီးရမှာပေါ့လို့အထင်ကြီးနေတဲ့သူတွေရှိတယ်။ ဟုတ်ကဲ့ပါ။ ကျမတို့ကတော့နိုင်ငံခြားမှာအလုပ်လုပ်နေပါတယ်။ လုံးဝအဆင်မပြေပါဘူးလို့ဘယ်သူမှမပြောပါဘူး။ ဘယ်အချိန်မေးမေး။ ဘယ်သူမေးမေး အဆင်ပြေပါတယ်။ အရမ်းကိုအဆင်ပြေပါတယ်ပေါ့။ ကိုယ်ခံစားနေရတဲ့ခံစားချက်။ ကိုယ့်အခက်အခဲကို ကိုယ်က ချမပြတာပါ။ မိဘတွေစိတ်ဆင်းရဲမှာစိုးလို့မပြောတာပါ။ ကျမအလုပ်စဝင်တုန်းက တရုပ်စားသောက်ဆိုင်မှာပါ။ ဘာသာစကားအခက်အခဲရှိတာကြောင့် သူတို့မှာတဲ့ဟင်းပွဲတွေကိုစာရွက်လေးမှာ ကိုယ်နားလည်သလိုလေး မှတ်ထားရတယ်။ မန်နေဂျာမ အလွန် ဆိုးဝါးတယ်။ ပြောင်လက်နေတဲ့စားပွဲကို ထပ်ကာတလဲလဲ တိုက်ခိုင်းတယ်။ နှိမ့်ချဆက်ဆံတာလဲ ခံရတယ်။ ခဏလေးထိုင်နေတာတောင် မကြိုက်ဖူး။ သူကြည့်နေရင် ကိုယ်က အလုပ်တခုခု အမြဲလုပ်နေမှ ကြိုက်တာ။ တနေ့မှာတော့ သီဟိုစေ့ပုလင်းထဲကသီဟိုစေ့တွေက ကျမကိုဆွဲဆောင်နေတယ်။ စားချင်လိုက်တာ ဆိုတာလေ။

မနေနှိုင်တော့ဘူး။ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီးတတောင်လောက်ရှိတဲ့သီဟိုစေ့ပုလင်းကြီးထဲလက်ကအနှိုက်။ ဝုန်း…ဂွမ်း… သီဟိုစေ့ပုလင်းကြီးက ခုံပေါ်ကနေအောက်ကို ပြုတ်ကျပြီး ကွဲသွားပါတယ်။ သီဟိုစေ့တွေက ကြမ်းပြင်ပေါ်မှာပြန့်ကျဲလျှက်။ ကျမ တစေ့မှ မစားလိုက်ရပါ။ မန်နေဂျာမက မျက်စောင်းတွေတဒိုင်းဒိုင်းထိုး။ ပါးစပ်က ပွစိပွစိ ပြောဆိုနေတယ်။ သူ့ဘာသာစကားနဲ့ ဆဲတယ်နဲ့တူပါတယ်။ ကိုယ်ကနားမလယ်တော့ မသိဘူးပေါ့။ နောက်နေ့မနက်တော့ သီဟိုစေ့ထုတ်နှစ်ထုတ် ကို မန်နေဂျာမက ကျမကိုလက်ဆောင်ပေးတယ်။ ကျမစားချင်နေတာကို သူသိတယ်တဲ့။ အဲဒီလိုကျပြန်တော့လဲစိတ်ကျေနပ်စရာကောင်းသွားပြန်တယ်။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ လူတွေအတွက် အရှားပါးဆုံးကအချိန်ပါပဲ။ ပင်မအလုပ်နဲ့ အချိန်ပိုင်း အလုပ်နှစ်ခုလောက်လုပ်တယ်ဆိုရင်ပဲအိပ်ချိန်က တနေ့ကို ငါးနာရီလောက်ပဲ ရတယ်။ ငွေရအောင်ရှာမယ်ဆိုတဲ့ စိတ်ကလေးတစ်ခုထဲနဲ့မို့ အရာရာကိုအားတင်းပြီး ကျော်ဖြတ်တယ်။ ကလေးတွေရဲ့မျက်နှာလေးတွေကိုမြင်ယောင်မိတဲ့နေ့ဆို သတိတွေအလွန် ရတယ်။

အိပ်မပျော်တော့ဘူး။ အမှောင်ထဲက ညများမှာလက်ချိုးရေတွက်ရင်း မိသားစုဆီပြန်နှိုင်ဖို့ကို အားတင်းပြီး ညပေါင်းများစွာကို ကျော်ဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ရက်ပေါင်းများစွာကုန်လွန်ပြီးတဲ့အခါမှာတော့ အမိမြေကိုပြန်ဖို့ရက် တိကျခဲ့ပြီ။ ကျမ အိမ်ကို ပြန်ပို့ထားတဲ့ငွေစာရင်းအရ ဆိုရင်တော့ ကိုယ်ပိုင်အိမ်တစ်လုံးလောက်နှင့်ရင်းနှီးစားသောက်ဖို့ငွေ အတန်အသင့် ရပြီ။ ကျမ ပျော်ပါတယ်။ သားသမီးတွေနဲ့ ခွဲခွာရကျိုးနပ်ပါတယ်။ ဘန်ကောက်လေဆိပ်ရောက်တော့ ညနေ ခြောက်နာရီမှ TG..ကထွက်မှာတဲ့။ ခုမှ နေ့လည်ဆယ့်နှစ်နာရီ။ ခဏ နားနေပေဦးတော့။ လေဆိပ်ထဲမှာပဲ ဟိုဟိုဒီဒီ လျောက်ကြည့်ရင်း ရုတ်တရက်ရေဆာလာတယ်။ ခက်ပြီ။ ပိုက်ဆံက တပြားမှမရှိတော့ဘူး။ ငွေကမြန်မာပြည်ကိုလွှဲထားပြီးပြီ။ မတတ်နှိုင်တော့ဘူး။ ကောင်တာကမိန်းခလေး တစ်ယောက်ကို ရေဆာတဲ့အကြောင်းအင်္ဂလိပ်လို ပြောလိုက်တယ်။ သူမပြုံးပြီး ရေသန့်တစ်ပုလင်းပေးတယ်။

ကျမက လက်အုပ်ကလေးချီပြီးကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တယ်။ ခဏအကြာမှာတော့ အနွေးထည်အထူကြီးတွေ ဝတ်ထားတဲ့ အုပ်စုကိုတွေ့တယ်။ သူတို့အထဲကတစ်ယောက်က ကျမကို ရွှေ လားလို့မေးတယ်။ ကျမက ဟုတ်တယ်လို့ ပြောတော့ သူတို့ကဝမ်းသာအားရနဲ့ လာ..အအေးသွားသောက်ကြမယ်ဆိုပြီးအအေးဆိုင်ကိုခေါ်သွားတယ်။ သူတို့ကသင်္ဘောသားအုပ်စုတွေ။ ပနားမားသင်္ဘောမှာအလုပ်လုပ်တာ။ သင်္ဘောတက်တာ ခြောက်လပဲရှိသေးတယ်။ အခုသင်္ဘောရောင်းလိုက်လို့အိမ်ပြန်ကြရမှာလို့ပြောတယ်။ အကြွေးတောင်မကျေသေးဘူး လို့သူတို့ထဲက တစ်ယောက်ကပြောတယ်။ သူတို့မှာ ဝန်စည်စလယ်တွေ အိတ်တွေများလို့ ကျမက ကူသယ်ပေးရတယ်။ ဘာတွေတုန်း…ဂျပန်ကကောက်လာတာတွေလား.. လို့ကျမကပြောတော့ ဟုတ်တယ်.. ဟုတ်တယ်ဆိုပြီးသူတို့ရယ်မောကြတယ်။ သူတို့နှင့်ကျမ လေယာဥ် အတူစီးရတယ်။ လေယာဥ် ပြူတင်းပေါက်ကနေ အောက်ကို တစ်ချက်ငုံ့ကြည့်လိုက်မိတယ်။ အို…ငါတို့မြေပိုင်နက်ကို ရောက်နေပါပြီလား။ ရင်ထဲမှာ နွေးထွေးသွားလိုက်တာ။

ကိုယ့်ကိုကိုယ်လည်း လုံခြုံမှု့အပြည့်အဝရှိသလို ခံစားလိုက်ရတယ်။ . . . . . သမီးနှစ်ယောက်က ကျမကို မျက်စေ့အောက်က အပျောက်မခံဘူး။ နောက်တစ်ကြိမ် သူတို့အမေ သူတို့ကိုခွဲသွားမှာ ထားခဲ့မှာကိုစိုးရိမ်နေတယ်။ နှစ်ရက်လောက်အကြာမှာတော့မိသားစုတွေစုံညီတုန်း ကျမကပဲဦးဆောင်ပြီး အမေ့ကိုမေးလိုက်တယ်။ ဘဏ်မှာအပ်ထားတဲ့ငွေဘယ်လောက်ရှိလဲအမေ…. ကျမ အမေတို့ဆီပို့ထားတဲ့ငွေစာရင်းကဒီမှာ….. အမေ မျက်နှာပျက်နေပါတယ်။ ကျမရင်ထဲထိတ်သွားတယ်။ အဲဒီနေ့က အမေစောစောအိပ်ယာဝင်သွားတယ်။ ကျမသဘောပေါက်လိုက်တယ်။ အိမ်ရှေ့မှာဆိုင်ကယ်အစုတ်တစ်စီးကိုတွေ့တယ်။ အိမ်ကိုတော့ပြင်ထားတယ်။ တော်တော်ကြီးကိုလှလှပပကြီးပြင်ဆင်ထားတာ။ အမေ့မှာ နှစ်ကျပ်သားလောက်ရှိတဲ့ဆွဲကြိုးတစ်ကုံးဝတ်ထားတာတွေ့တယ်။ ကျမအောက်ကညီမမှာ လက်ဝတ်လက်စား အပြည့်ဝတ်ထားတာတွေ့တယ်။ တော်တော်ကောင်းတဲ့တီဗွီကြီးတစ်လုံးကိုလည်းဧည့်ခန်းမမှာတွေ့တယ်။ ရေခဲသေတ္တာကြီးက ဧည့်ခန်းထောင့်ဖက်မှာ။ တောဖက်ကိုသွားနေတဲ့အဖေ မနက်ကျတော့ပြန်ရောက်လာတယ်။

အတိုးရင်းပွားထားတဲ့ ငွေတွေသွားတောင်းတာတဲ့။ သူတို့လည်း မပြေလည်လို့ ဒီလ မပေးလိုက်နှိုင်ဘူးလို့ မျက်နှာပျက်ပျက်နဲ့ အမေ့ကို ပြောနေသံ ကြားတယ်။ အမေက ကျမကိုငွေ သိန်းနှစ်ဆယ်ထုတ်ပေးတယ်။ သူ့လည်ပင်းကဆွဲကြိုးကိုလည်းချွတ်ပေးတယ်။ ညီမအငယ်မလေးရဲ့ကိုယ်မှာဝတ်ထားတဲ့လက်ဝတ်လက်စားတွေကိုလည်းချွတ်စေတယ်။ ကျမ ငွေကိုပဲယူလိုက်တယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ မယူခဲ့တော့ပါဘူး။ မိဘအိမ်မှာကြည့်နေတဲ့ တီဗွီ၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက် ကျမဘယ်လိုမျက်နှာနှင့် ပြန်ယူမလဲ။ အမေဝတ်ထားတဲ့ဆွဲကြိုးကိုကျမဘယ်လိုသတ္တိမျိုးမွေးပြီး အမေ့လည်ပင်းကချွတ်စေမလဲ။ ညီမအပျိုလေးဆီကလက်ဝတ်လက်စားတွေကိုကော မယူရက်ခဲ့ဖူး။ ကျမပို့တဲ့ငွေနဲ့ ပြန်ဆောက်ထားတဲ့အိမ်ကြီးကိုလည်း ဒီအိမ်ထဲမှာငါ့ငွေတွေပါတယ်။ ငါနဲ့အများကြီးကြီးဆိုင်တယ်လို့ကောပြောဖို့ရာ အင်အားမရှိခဲ့ပါ။ တောဖက်ကအမျိုးတွေဆီမှာအတိုးအရင်းပွားတယ်ဆိုတဲ့ငွေတွေကကော ကျမငွေတွေဆိုပေမယ့် သူတို့ပြန်ပေးမှ ကျမ ရမှာလေ။ ခုချိန်မှာငွေယူသူက သခင်။ ငွေပိုင်ရှင်က ကျွန်လေ။

မိဘနှင့်သားသမီးမှာတစ်ခါတလေကျပြန်တော့လဲ…..ဟူး…… ကုသိုလ်ပဲရချင်ပါတော့တယ်။ ကျမကုသိုလ် စိတ်ကလေးပဲမွေးလိုက်ပါတော့တယ်။ ကျမ နောက်ဆုံးသိလိုက်ရတာကတော့ အမေတို့က 2D 3D ကို စွဲစွဲလန်းလန်းဖြစ်သွားတာပါပဲ။ ကျမပို့တဲ့ငွေထဲက တချို့တဝက်ဟာ လောင်းကစားဆိုတဲ့ ဝဲ ဂယက်ထဲရောက်သွား တယ်ဆိုတာ ဝမ်းနည်းစရာအကောင်းဆုံးပါ။ ကျမ မောင်အငယ်ဆုံးက ထောင်ငါးနှစ်ကျသွားတာ တရားခံကလောင်းကစားပါပဲ။ မိဘတွေနဲ့ မနီးမဝေးကလမ်းကလေးမှာအိမ်ခန်းလေးတစ်ခန်းငှားလိုက်တယ်။ အနားနီးကစျေးထဲမှာ ကိုယ့်မှာရှိတဲ့ငွေလေးအရင်းပြုပြီးမနက်ပိုင်းစျေးထွက် ရောင်းမယ်။ ညနေဖက်မှာစက်ချုပ်မယ်။ ကိုယ်ပိုင်ဝယ်မယ်ဆိုတဲ့အိမ်ကလေးကတော့ အိမ်မက်ထဲမှာပေါ့။ . . . . . #2000ခုနှစ်ခန့်ကဖြစ်ပါသည်။ . .

. #ချစ်တဲ့ #ခင်လှမြတ်ခိုင်

Leave a Reply

Your email address will not be published. Required fields are marked *