အိပ်ဆေး(စ/ဆုံး)

အိပ်ဆေး(စ/ဆုံး)

“သားရေ … အမေ ညညကျ အိပ်မပျော်ဘူးကွယ်။ အမေ သောက်နေကျ ဆေးလေး ပေးပါကွယ်” “အမေ … အဲဒီ အိပ်ဆေးက ကြာကြာသောက်ရင် အမေ့အတွက် မကောင်းဘူးတဲ့” “ဘယ်သူက ပြောတာလဲ … မင်း မိန်းမက ပြောတာလား” “ဟုတ်တယ်အမေ …” “ဟင်း … ပညာလေးတတ် … ဆေးခန်းမှာ နာ့စ်မလေး လုပ်ရတာနဲ့ သူ့ကိုယ်သူ ဆရာဝန်လောက် ထင်နေတဲ့ မိန်းမ … သူ ဒီအိမ်ကို မရောက်ခင်ကတည်းက ငါအိပ်မပျော်ရင် အဲဒီဆေးတွေ သောက်နေကျ ဘာမှ မဖြစ်ပေါင် တော်” “အမေ … ဘာမှ မဖြစ်သေးလို့ … ဘာမှ မဖြစ်သေးတာပါ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ဒါပေမဲ့ အိပ်ဆေးသောက်မှ အိပ်လို့ရတယ်ဆိုတာ ကတော့ သဘာဝမကျမှန်း အမေလည်း သိပါတယ်” “ဟဲ့ … ငမောင် … နင်အိမ်ထောင်ကျတာ ၆ လ မပြည့်သေးဘူး … ဘာလဲ မယားစကားကို နားထောင်ပြီး အမေ့ စကားကို နားမထောင်တော့ဘူးဆိုတဲ့ သဘောလား။ ဘယ်မှာလဲ … ငါသောက်နေတဲ့ ဆေးတွေ … ငါ့ကို ပြန်ပေး” “အမေရယ် … အဲဒီ အိပ်ဆေးတွေက မကောင်းဘူးတဲ့ … သူ့ဘေးထွက်ဆိုးကျိုးတွေ အများကြီးတဲ့ … ကြာလာရင် အမေခေါင်းကိုက်တာတွေ၊ အော့အန်တာတွေ ဖြစ်လာလိမ့်မယ်တဲ့” “ဘယ်သူက ပြောတာလဲ … နင့်မိန်းမက ပြောတဲ့အတိုင်း ငါ့ကို ဆရာပြန်လုပ်နေတာလား။ မိန်းမစကားကို အမေ့ စကားထက်နားထောင်မှာလား … သွား ငါ့ကို အိပ်ဆေးသွားဝယ်ပေး” ထိုစဉ် ချွေးမဖြစ်သူက ပြန်လာသည်။

“အမေ ထမင်းစားပြီးပြီလား” “စားပြီးပြီ … ဘယ်အချိန် ရှိနေပြီလဲ” “သမီး ပြန်လာတာ နောက်ကျသွားတယ် အမေရယ် … လမ်းမှာ ကားတွေ ပိတ်နေလို့ပါ။ အမေ့ကို ကိုမောင် ထမင်းခူးကျွေးလိုက်တာလား” “အမလေး … ငါ့မှာ လက်မပါတာ ကျနေတာပဲ … ဝမ်းချင်း ဆုံတာ မဟုတ်ပေါင်တော် … ငါဆာတဲ့ အချိန် ထည့်စားမှာပဲ … ဟဲ့ ငမောင် … သွားလေ … ငါဝယ်ခိုင်းတာ သွားဝယ်” “ကိုမောင် … အမေက ဘာဝယ်ခိုင်းနေတာလဲ” “အိပ်ဆေးတဲ့ကွာ … ညဆိုရင် အိပ်မရလို့တဲ့” “အမေ … အိပ်ဆေး မသောက်ပါနဲ့လား … သမီး အားဆေးတစ်မျိုးတိုက်မယ်လေ … အဲဒီအားဆေးက အမေအိပ် ပျော်မှာပါ” “အို ညည်းအားဆေးတွေက ဝမ်းချုပ်တယ် … သောက်ချင်ဘူး … ငါ အိပ်ဆေးပဲ သောက်ချင်တယ်။ ဟဲ့ ငမောင် မသွားသေးဘူးလား” “သွားမယ်အမေ … သွားမယ်” သားဖြစ်သူက သူ့အမေ နားပူသည်ကို မခံနိုင်သဖြင့် အိမ်အပြင်ကိုထွက်သွားသည်။

“အမေရယ် … အိပ်ဆေးသောက်တာ …” “ညည်းက ငါနားလည်တယ်ဆိုပြီး … ငါ့ကို ဆရာမကြီး မလုပ်နဲ့ … နင်တော်မှန်း … တတ်မှန်း … သိမှန်း နားလည်တယ်” “အမေနဲ့တော့ ခက်တော့တာပဲ” တစ်နာရီခန့်အကြာတွင် သားဖြစ်သူက အိမ်ပေါ်ကို တိတ်တိတ်လေး တက်လာသည်။ “အမေ … ရွှေစင်ကောဟင်” “သိဘူး … ဘယ်မှာလဲ အိပ်ဆေး ပါလား” “ပါတယ်အမေ … နေဦး သားရေသွားခပ်လိုက်ဦးမယ်” သားဖြစ်သူက ရေခပ်ပြီးနောက် “အမေ … ပါးစပ်ဟ … မြန်မြန်သောက်မှဖြစ်မယ် … တော်ကြာ ဆရာမကြီးက အော်နေဦးမယ်” သားဖြစ်သူက ဆေးကတ်ထဲက ဆေးတစ်လုံးကို ကမန်းကတန်းထုတ်ပြီး သူ့အမေကို ပါးစပ်ထဲ အတင်းထည့် ပေးလိုက်သည်။ ထိုအချိန်တွင် ရွှေစင်က အိမ်ထဲက ထွက်လာသည်နှင့် တန်းတိုးပြီး “ကိုမောင် … အမေ့ကို ဘာတွေ တိုက်နေတာလဲ” “ဘာမှ မဟုတ်ပါဘူး … ဘာမှ မတိုက်ဘူး” ဟု မလုံမလဲနှင့်ပြောသည်။

မိခင်ဖြစ်သူက စိတ်မရှည်ဟန်နှင့် “အိပ်ဆေးဟေ့ … အိပ်ဆေး သောက်နေတာ … တကတဲ အပင်းလျှိုနေရသလိုပဲ” “အမေနဲ့ ကိုမောင်ကတော့လေ ခက်တော့တာပဲ … သမီးက စေတနာနဲ့ ပြောတာကို အကောင်းလည်း မထင်ကြဘူး” ခင်ပွန်းဖြစ်သူက မိန်းမကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ “အမေ အိပ်တော့မလားဟင်” “အေး … အိပ်ရာထဲမှာပဲ ပုတီးစိပ်တော့မယ်” “လာ အမေ သားလိုက်ပို့ပေးမယ်” “ရပါတယ် … ငါ့ဘာသာသွားမယ်” သို့သော် သားဖြစ်သူက မိခင်ဖြစ်သူကို ခြင်ထောင်ထဲပို့ … ခြင်ထောင်တွေကို ဖိပြီးမှ အခန်းထဲက ပြန်ထွက်လာသည်။ အပြင်တွင် ဇနီးဖြစ်သူ ရွှေစင်က ခုံပေါ်တွင်ထိုင်ပြီး စိတ်ပျက်စွာနှင့် “ကိုမောင်တို့ကတော့လေ ခက်ပါတယ် … အမေ့ကို အိပ်ဆေးမတိုက်ပါနဲ့လို့ ပြောတာလည်း မရဘူး။ အမေ ကြာရင်ခက်တော့မယ်။ အဲဒီဆေးမှ မသောက်ရရင် အိပ်မပျော်တော့ဘူး ဖြစ်တော့မယ်။

ကဲ အမေ့ကို ဘာဆေးတွေ တိုက်တာလဲ” “ဒီမှာ” ခင်ပွန်းဖြစ်သူက သူ့အိတ်ထဲက ဆေးကတ်ကို ထုတ်ပြလိုက်သည်။ “ဟယ် … ဒီဆေးကို တိုက်တာလား” “ဟုတ်တယ်လေ” “ဗီတာမင်ဆေးပြားပဲ” “ဟုတ်တာပေါ့ … အမေက သိတာမှ မဟုတ်တာ … ဒီလိုပဲ လိမ်တိုက်ရတော့တာပေါ့” “ဒီဆေးဆိုရင်တော့ မဆိုးဘူး … အမေနဲ့ တည့်မှာပါ” “အသာလေးသာနေ … ညတိုင်း မောင် သူ့ကို ဆေးခိုးတိုက်ရတဲ့ အလုပ်တစ်ခုကို လုပ်ရတော့မယ်။ ရွှေစင်က မသိချင်ယောင်ဆောင်ပေး” “ဟင်း … တော်တော် ဉာဏ်များ” နောက်တစ်နေ့ မိခင်ဖြစ်သူက ၆ နာရီလောက်မှ အိပ်ရာက နိုးလာသည်။

“အမေ နေကောင်းရဲ့လား … ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား” “ကောင်းပါ့ … ငါ့နှယ် ပုတီးတောင် လွတ်ကျတယ် … အိပ်ချင်လိုက်တာများ … မနက်အထိ တစ်ရေးပဲ” “ဆေးက ကောင်းတယ် အမေရယ့် … နိုင်ငံခြားဆေး” “ဘာဆေးလဲ … ငါ့ကို ပြစမ်း” “အမေ … အိမ်က ဆရာမကြီး သိသွားလို့ ပြဿနာရှာနေဦးမယ် … သားဝှက်ထားတယ်။ ညကျမှ အမေ အိပ်ခါနီး သားတိတ်တိတ်လေ လာတိုက်မယ်” “အေး … အေး” အခန်းထဲက ချောင်းကြည့်နေသော ရွှေစင်က ပြုံးလိုက်သည်။ “သားအမိနှစ်ယောက် လိုက်လည်းလိုက်တယ်” ဟု တိုးတိုးလေး ပြောလိုက်သည်။

တင်ညွန့် ၉.၁၀.၂၀၂၄

Leave a Reply

Your email address will not be published. Required fields are marked *