နောင်တ

နောင်တ

ကျွန်တော့် သူငယ်ချင်း ကိုစောနောင်နှင့် ကျွန်တော် Facebook ကျေးဇူးကြောင့် ပြန်ပြီး ဆုံဆည်းကြရသည်။ သူနှင့်ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်နေစဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြသည်။ သူက ဒဂုံဆောင်၊ ကျွန်တော်က ပဲခူးဆောင်။ သူနှင့်ကျွန်တော် မေဂျာချင်းလည်း မတူပါ။ သို့သော် စာကြည့်တိုက်ကို လာပုံချင်းရော၊ စာအုပ်အဟောင်းတန်းမွှေပုံချင်းရော စိတ်ဓာတ်တူကြသည်။ ကဗျာစာအုပ်လေးတွေ စုထုတ် ကြတော့ သူနှင့်ကျွန်တော် ရင်းနှီးသွားသည်။ သူက ကဗျာမရေးပါ။ ငွေထုတ်ပေးသောကြောင့် ဖြစ်သည်။ သူက စာပေကို ဝါသနာကြီးသော်လည်း စာရေးဆရာ ဖြစ်မလာ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

စာလည်း မရေးပါ။ ကျောင်းတွေပြီးသည့်အခါ ကျွန်တော်က ကျောင်းဆရာ၊ သူက နိုင်ငံခြား သင်္ဘောသား၊ ဘဝတွေခြားသွားသည်။ သင်္ဘောပေါ်အနေများပြီး စာရေးဆရာ မဖြစ်ခဲ့ဟု သူကဆိုသည်။ သို့သော် ထိုစကားကို ကျွန်တော် လက်မခံပါ။ ကျွန်တော့် သူငယ်ချင်း ကိုသန်းလွင် (CE) ဆိုလျင် သင်္ဘောသားကြီးဖြစ်ခဲ့ပြီး စာလည်းသင်၊ စာရေးလည်းကောင်း စာရေးဆရာလည်း ဖြစ်နေသူပင်။ “ဟေ့သူငယ်ချင်း … အိမ်လာလည်ပါကွာ ထမင်းကျွေးချင်လို့ပါ … ငါ့မိန်းမက မင်းစာဖတ်ပရိသတ်ကွ … မင်းနဲ့လည်းတွေ့ချင် … စာအုပ်တွေကိုလည်း လက်မှတ်ထိုးခိုင်းချင်လို့တဲ့” ကျွန်တော် သူများအိမ်တွင် ထမင်းသွားမစားချင်ပါ။

ဘာဖြစ်ဖြစ် စာရေးတတ်သည့်အကျင့်ရှိသောကြောင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပွင့်လင်းစွာ ရေးတတ်သည့် ဉာဉ်ကြောင့်လည်း မခေါ်နိုင် မပြောနိုင် ဖြစ်သွား သူတွေ ရှိခဲ့သောကြောင့်ဖြစ်သည်။ သူကဖုန်းထဲကချိန်းသည်ကို ယဉ်ကျေးစွာပင် “ရပါတယ်ကွာ … နောက်မှ မြို့ထဲချိန်းပြီး တစ်ဆိုင်ဆိုင်မှာ စားကြတာပေါ့” ဟု ပြောလိုက်မိသည်။ “သူငယ်ချင်း ငါ့မိန်းမက လောကကြီးမှာ နေရလှမှ ခြောက်လ တစ်နှစ်လောက်ပဲ ရှိတော့တယ်” “ဟင် ဘာဖြစ်လို့လဲ” “ကင်ဆာ” ကျွန်တော်က သူ့ချိန်းဆိုချက်ကို ချက်ချင်းလက်ခံလိုက်သည်။ ဤသို့ဖြင့် တစ်ခုသော တနင်္ဂနွေနေ့တွင် ကျွန်တော် သူတို့ အိမ်ကိုရောက်ခဲ့ပါသည်။ စုမိဆောင်းမိ အတော်လေးရှိထားပုံရသည်။ ၈ မိုင်တွင် ခြံကျယ်ကြီးတစ်ခြံ၊ နှစ်ထပ်တိုက်တစ်လုံး၊ ကားနှစ်စီးနှင့် ပြည့်စုံစွာ နေနိုင်ကြောင်းတွေ့ရသည်။

“အင်း မင်း … ငါ့လိုသာ စာပေယောင်ယောင်၊ ကျောင်းဆရာယောင်ယောင် လုပ်ရင် ဒီလိုဘယ်နေရမလဲနော်” ကျွန်တော်က သူ့ကို ခရီးရောက်မဆိုက်ပြောလိုက်ခြင်းဖြစ်သည်။ သူကလည်း အားကျမခံ “အေးလေ … မင်းလည်း ငါ့လိုဖြစ်သွားရင် စာရေးဆရာဘယ်ဖြစ်လာမလဲ … ကျောင်းဆရာမို့လို့ စာရေးဆရာ ဖြစ်လာတာ မဟုတ်လား” ကျွန်တော်က သူ့စကားကို မငြင်းမိ။ အပေါ်ထပ်မှ ဆင်းလာသည့် အမျိုးသမီးတစ်ယောက်ကြောင့် စကားရပ်သွားမိသည်။ “ဟေ့ အဲဒါ ကိုယ့်မိန်းမပဲ … ဘယ်လိုလဲ … မချောဘူးလား” “မချောပါဘူး” အမျိုးသမီးက သိသိသာသာ မျက်နှာပျက်သွားသည်။ ကျွန်တော်က စကားဆက်သည် “ချောတာထက် ကျက်သရေရှိတာလို့ပြောရင် ပိုမှန်တယ်ကွ … မိန်းတွေမှာ ချောတာနဲ့ ကျက်သရေရှိတာ ကွာတယ် … မိန်းမတိုင်းမရှိနိုင်တဲ့ အလှတစ်မျိုးက မင်းမိန်းမမှာ ရှိနေတယ် … ကျက်သရေရှိတဲ့အလှ” “အို ဆရာကလည်း ပြောတတ်လိုက်တာရှင်” သူ့မိန်းမက ရှက်သွားပုံပေါ်သည်။

ပါးကလေးက သိသိသာသာရဲသွားသည်။ “ဟေ့ ခေါ်ဦးလေ … သားတွေ သမီးတွေ” “ဆရာ … ကျွန်မတို့မှ သားသမီးတစ်ယောက်မှ မရှိဘူးရှင့်” “ဪ ဆော်ရီးဗျာ … ကျွန်တော်ကလည်း အိမ်ထောင်ရှိရင် သားသမီးတွေ ရှိရမယ်ဆိုတဲ့ ပုံသေနည်းကြီး ကျက်ထားမိသလို ဖြစ်နေတယ်” “မောင် … ဆရာ့ကို ခေါ်လေ ထမင်းစားခန်းသွားရအောင် … ထမင်းစားကြတာပေါ့” ထမင်းစားခန်းတွင် အိမ်ဖော် ကောင်မလေးတစ်ယောက်က ထမင်းဝိုင်းကို ကူညီပြင်ပေးသည်။ “ဆရာ့စာတွေ ဖတ်တော့ ဆရာ ဘာကြိုက်တယ် … ဘာမကြိုက်ဘူးဆိုတာ ကောင်းကောင်း သိတယ် … ဆရာ ခြေလေးချောင်းသား မစားဘူး … ပဲကုလားဟင်းကြိုက်တယ် … ငါးပိတို့စရာ ကြိုက်တယ် … ဒါကြောင့် ပဲဟင်းရယ် … ဘဲသားရယ် ဒီလောက်ပဲ စီစဉ်ထားတယ်” “ကောင်းတာပေါ့ … များတော့ ဘာစားရမှန်းမသိတာ ဆိုးတယ်” ကျွန်တော်တို့ ထမင်းစားကြသည်။

ကျွန်တော်တို့ ဆိုသည်မှာ သုံးယောက်သာဖြစ်သည်။ ကျွန်တော်က ပဲကုလားဟင်း၊ ဘဲသားတို့ကို အားရပါးရစားမိသည်။ ဤသို့သော အိမ်ထမင်း အိမ်ဟင်း မစားရသည်မှာ ကြာလှပြီ။ ထို့ပြင် ဤမျှ အစပ်အဟပ်တည့်သော ဟင်းတွေကိုလည်း မကြုံဖူးဟု ဆိုရမည်။ “ဒါတွေကို အိမ်ဖော် ကောင်မလေးချက်တာလား … မဆိုးဘူးပဲ” “မဟုတ်ဘူးဆရာ …အဲဒါ ကျွန်မကိုယ်တိုင် မနေ့ကဈေးသွားပြီး တစ်မနက်လုံး ချက်ထားတာ” “ဟုတ်တယ်ကွ … မင်းကို ကျွေးချင်လို့တဲ့ တစ်မနက်လုံး တစ်ချက်မှ မနားဘူး” “ကျွန်တော် အမှန်အတိုင်း ပြောမယ်နော် … ကျွန်တော် စားဖူးသမျှ နေ့လယ်စာထဲမှာ အကောင်းဆုံးပဲဗျာ … မြှောက်ပြောတာလည်း မဟုတ်ဘူး … ဘဲသားကလည်း နုအိနေတာပဲ။ ပဲကုလားဟင်းကလည်း ကောင်းလိုက်တာ။

ကျေးဇူးပါ … ဒီလိုမျိုး မစားရတာ ကြာပါပြီ” “ဟုတ်မှာပါ … ဆရာက ဘာမျက်နှာမှ ထောက်တာ မဟုတ်ဘူးဆိုတာ သိပြီးသားပါ … တစ်လောကတောင် အလွန်ညံ့တဲ့ အိမ်ရှင်မလက်ရာကို နှစ်ပေါင်းများစွာ စားနေတဲ့ ယောကျ်ားကို ချီးမွမ်းထားတာလေး ဖတ်လိုက်ရသေးတယ်” “ခုကတော့ စိတ်ရင်းအတိုင်း ချီးကျူးတာပဲ … ယုံပါ” ကျွန်တော်တို့ ထမင်းစားပြီးသောအခါ ဧည့်ခန်းကို ပြန်ကြသည်။ ဧည့်ခန်းတွင်လည်း အသီးများနှင့် ဖျော်ရည်တို့ကို စီစဉ်ထားပြန်သည်။ နဂါးမောက်သီး ကလည်း ကောင်းလှသည်။ “နဂါးမောက်သီးလေးက ချိုလိုက်တာ” ဧည့်ခန်းထဲတွင် သူဝယ်ထားသမျှ ကျွန်တော့်စာအုပ်တွေကို လက်မှတ်ထိုင်ထိုးပေးရသည်။ ထို့ပြင် အသစ်ထွက် စာအုပ်တွေကိုလည်း ကျွန်တော်က လက်ဆောင်ပေးရသည်။ “မောင်က သင်္ဘောပေါ်မှာ အနေများတော့ အိမ်မှာ စာဖတ်ဖြစ်သွားတယ် … ပျင်းလို့ ဖေ့စ်ဘွတ်သုံးရာက ဆရာနဲ့ တွေ့တာ … မိတ်ဆွေဖြစ်ခွင့် တောင်းထားတယ်” “ဟုတ်လား … သတိမထားမိဘူး” ကျွန်တော်က ဖုန်းဖွင့်ပြီး သူ့ကို မိတ်ဆွေအဖြစ် ချက်ချင်း လက်ခံပေးလိုက်သည်။ “ဝမ်းသာလိုက်တာ ဆရာရယ်” ကျွန်တော်တို့ စကားပြောဆိုပြီး ပြန်ရန် ပြင်သည်။ “မောင်လိုက်ပို့လိုက်လေ” “နေပါ ရပါတယ် … သူခေါ်ကတည်းက ကတိရှိတယ် … လာမကြိုဘူး … ပြန်မပို့ဘူးလို့” “ဆရာကတော့လေ” ကျွန်တော် ခြံဝအရောက် သူတို့ လင်မယားနှစ်ယောက်စလုံး လိုက်ပို့ကြသည်။

ကျွန်တော်က “သွားမယ်နော်” “ဟုတ်ကဲ့ … ဆရာ” “ဘာလဲဗျ” “ဆရာ့လို မောင်က ဘာလေး လုပ်ပေးပေး … အကောင်းမြင်ပေးပြီး ချီးကျူးစကားလေး ပြောပေးရင် ကောင်းမှာပဲလို့ စိတ်ထဲတွေးမိလို့ပါ” ကျွန်တော် ကြောင်သွားပြီး နောက်မှ ချာခနဲ လှည့်ထွက်ခဲ့ပါသည်။ ကျွန်တော့်ကိုယ်ကျွန်တော် အံ့အားသင့်နေမိသည်မှာ ဘာကြောင့် ကျွန်တော် ထိုစကားတွေ ပြောခဲ့မိသနည်း ဆိုခြင်းဖြစ်သည်။ မေ့မေ့ပျောက်ပျောက် ၄ လကျော်အကြာဖြစ်မည်ထင်သည် ယနေ့နံနက်စောစော ဖုန်းလာသည် သူငယ်ချင်းကိုစောနောင်ထံမှ ဖြစ်သည် “ကျေးဇူးတင်ပါတယ်ကွာ” “ဘာလဲကွ” “မင်းအိမ်ကိုလာတုန်းက သူ့ကို ချီးကျူးပေးတာ” “ဘာကို ချီးကျူးတာလဲ” “သူ့ကို ကျက်သရေရှိတဲ့အလှပိုင်ရှင်လို့ပြောတာကို တဖွဖွ ကျေနပ်လို့မဆုံးဘူးကွာ” “တကယ်လည်း ကျက်သရေရှိပါတယ်ကွာ” “ငါက သူနဲ့ပေါင်းသင်းတာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီကွာ … ဒါပေမဲ့ ခဏလေးရောက်လာတဲ့ မင်းက အဲဒါကို ထုတ်ဖော်သွားပြီး ငါက ဘာဖြစ်လို့ မမြင်ခဲ့သလဲဆိုတာ နောင်တရလို့ မဆုံးဘူး” “မင်းက အနီးမှုန်နေတာကိုး … အေး ပြန်ခါနီးမှ ငါလည်း နောင်တရသွားတယ် … မင်းတို့လင်မယားအချင်းချင်း ရန်တိုက်သလိုများ ဖြစ်သွားပြီလားလို့” “ငါလည်း အဲဒီနေ့ကစပြီးတော့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိသွားတယ်” “သူ့ကို ချီးကျူးမိသလား … ဘာကို ချီးကျူးလိုက်မိသလဲ” “ချီးကျူးမယ်လို့ ကြံနေတာကွ … ဒါပေမဲ့ ငါဘယ်လောက် ချီးကျူးသည်ဖြစ်စေ သူနားမထောင်တော့ဘူးကွ” “ဘာဖြစ်လို့လဲကွာ” “ဒီမနက် ၂ နာရီ မိနစ် ၄၀ မှာ ဆုံးသွားပြီ” “ဟာ”

တင်ညွန့် ၈.၁၁.၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *