ဓားပြတိုက်သောည
“အဘစိန်သောင်းရေ … ဘာကိစ္စလဲ ပြော” “အလိုဗျာ … ဆရာကြီးပဲ ကျောင်းကိုလာခဲ့ပါဦးဆို … ဆရာကြီးကိုပြန်မေးရမှာ … ဘာကိစ္စလဲ” “ဟုတ်သားပဲ … နောက်ရောက်လာတဲ့ ဆရာမလေး ကိစ္စပဲဗျ … သူက အဆောင်မှာ မနေနိုင်ဘူးပြောနေလို့ အဲဒါ ရွာလူကြီးဖြစ်တဲ့ အဘစိန်သောင်းကိုခေါ်ပြီးတော့ တစ်ခုခုများ လုပ်ပေးနိုင်မလားလို့ အကူအညီတောင်းကြည့်တာ” “ဆရာမအသစ်က ရောက်လာပြီလား” “ရောက်လာပြီလေ … ဟိုမှာ … ဆရာမ လာပါ … ဒီမှာထိုင်ပါ … ရွာလူကြီးနဲ့လည်း မိတ်ဆက်ပေးချင်လို့” ချိုကြည်အေးက အားနာနာနှင့် အဘစိန်သောင်းဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ “ကဲ … ဆရာမ ပြောချင်တာ ရွာလူကြီးကို ပြောနိုင်ပါပြီ” “ဆရာကြီး အားနာလိုက်တာ” “ထားပါ … အဲဒါတွေက အရေးမကြီးပါဘူး … အရေးကြီးတာက ဆရာမအနေနဲ့ တောင်းဆိုချင်တာ ရွာလူကြီးနဲ့ တွေ့တုန်းလေး တောင်းဆိုကြည့်လိုက်ပါ” “ဟိုလေ … ကျွန်မက အိမ်လေးများငှားပြီး နေလို့ရမလားလို့” “ရွာမှာတော့ အိမ်ငှားနေတယ်ဆိုတာ ထုံးစံမရှိပါဘူး … ကျောင်းထဲမှာလည်း ဆရာတွေ၊ ဆရာမတွေ နေဖို့ အဆောင် နှစ်ဆောင် ဆောက်ပေးထားတာပဲဆရာမရဲ့” ထိုစဉ် “သမီးရေ” ဆိုသည့် အသံတစ်သံကို ကြားလိုက်ရသည်။
ချိုကြည်အေး မိခင်ကြီးက ရုံးခန်းအဝတွင် ရပ်နေခြင်းဖြစ်သည်။ “ဒေါ်ဒေါ် လာပါ … ဝင်လာခဲ့ပါ” “အလို … လှည်းသမား မဟုတ်လား” “မာမီ … အဲဒါ ကျောင်းအုပ်ဆရာကြီး” “ဟင် … မနေ့ကတော့ လှည်းမောင်းပြီး … ဘာဖြစ်လို့ ဆရာကြီးလို့ မပြောတာလဲ” “မပြောလည်း သိမှာပဲဟာ … ကဲ ဒေါ်ဒေါ်လာတာနဲ့ အတော်ပဲ … ကျွန်တော် ရွာလူကြီးကို ခေါ်ထားတယ် … သီးခြား အိမ်နဲ့ နေချင်တယ်ဆိုရင် ပြောကြည့်ကြ” “ဒါရွာလူကြီးလား … ကျွန်မပြောပါရစေ … အိမ်တစ်လုံးလောက် ငှားနေချင်လို့ … ရနိုင်မလား” “ရွာမှာ အိမ်ငှားနေတာ ထုံးစံတော့ မရှိဘူးခင်ဗျ … ဘယ်နှယောက်နေမှာလဲ … အစ်မကြီးပါလား” “ကျွန်မက ပြန်မှာ … မြို့မှာ လုပ်ငန်းတွေ ကျန်ခဲ့တယ်လေ … ပြန်ပြီး ကွပ်ကဲရဦးမှာ … သမီးတစ်ယောက်တည်း နေဖို့ပါ … အဲဒါ လုံလုံခြုံခြုံလေး” “အင်း … ပြောရရင်တော့ ကျောင်းထဲက အဆောင်လောက် ဘယ်မှာမှ မလုံခြုံဘူးဗျ … ရွာထဲဆိုတော့ ကျုပ်ရွာသား ကာလသားတွေကိုလည်း အာမ, မခံနိုင်ဘူး။
ကျောင်းမှာဆိုတော့ တစ်ရွာလုံးက ဆရာကြီးကို ကြောက်ကြတယ်လေ … မစိုးရိမ်ရဘူး … နောက်ပြီး အစ်မကြီးတို့လို ရွှေတွေတွဲလွဲနဲ့ အများကြီး ဝတ်စားထားရင် စိုးရိမ်ရတယ်ခင်ဗျ” “ဘာကိုစိုးရိမ်ရတာလဲ” “ကျုပ်တို့ရွာတွေက ဓားပြတော့ ကြောက်နေရသေးတာပဲ” “အို” အမျိုးသမီးကြီးက သူဝတ်ထားသည့် ရွှေဆွဲကြိုးကြီးကို လက်ကောက်တွေဝတ်ထားသည့်လက်နှင့် အုပ်လိုက်ပြီး “ဟင် … ဒါဆိုရင် ရွာထဲနေတာ မလုံခြုံဘူးပေါ့” “ဒီလိုလည်း မဟုတ်ပါဘူး … ရွာမှာတော့ အစ်မကြီးတို့လို ဘယ်သူမှ မဝတ်တာတော့ အမှန်ပဲ … ခုလောက်ဆိုရင် စိန်လှံဗိုဆီကို သတင်းတောင်ရောက်လောက်ပြီထင်တယ်” “စိန်လှံဗိုဆိုတာ ဘယ်သူလဲရှင့်” “ကျုပ်တို့ရွာကို ဒုက္ခပေးနေတဲ့ ဓားပြခေါင်းဆောင်ပေါ့ … ဒီကောင်တွေ သိလောက်ပြီ” “ကဲပါရှင် … ဒီလိုဆိုလည်း ကျောင်းထဲမှာပဲ သီးခြားအခန်းလေးတစ်ခန်း မလုပ်ပေးနိုင်ဘူးလား” “ဒါတော့ ဆရာကြီးနဲ့ဆိုင်သွားပြီ …. ကဲ … ဆရာကြီး … ကျွန်တော် ပြန်ဦးမယ် … ညရေးညတာ သတိရှိပါစေ … အရေးအကြောင်းဆိုရင် သံချောင်းသာမွှေလိုက်နော်” ရွာလူကြီးက ပညာသားပါပါ ကျောင်းအုပ်ဆရာကြီးဆီသို့ ဘော်လီဘောပုတ်ကာ ထွက်သွားသည်။ “ကောင်းပြီ အဘစိန်သောင်း လာပေးလို့ကျေးဇူးပဲ” ရွာလူကြီးပြန်သွားမှ ကျောင်းအုပ်ဆရာကြီးက “ကျောင်းထဲမှာ ဆရာတွေနေဖို့ အဆောင်တစ်ဆောင်၊ ဆရာမတွေ နေဖို့ အဆောင်တစ်ဆောင် ရွာက ဆောက်ပေးထားပါတယ်။ အဲဒီလိုဆောက်ပေးအောင် မနည်းစည်းရုံးခဲ့ရတယ်။ ရပ်ဝေးကလာတဲ့ ဆရာတွေ ဆရာမတွေ မျက်နှာမငယ်ရအောင်ပေါ့။
ဆရာမလေးယောက်နေဖို့ အဆောင်ကလည်း အကျယ်ကြီးပါ … သီးခြား ကြီးတော့ မဖြစ်နိုင်ပါဘူး” “အေးပေါ့လေ ဘာတတ်နိုင်မှာလဲ … ဆရာတို့လက်ထဲရောက်မှတော့ ဆရာတို့သဘောပေါ့” “အဒေါ် အဲဒီလိုတော့ မပြောပါနဲ့ … အချို့ဆိုရင် ရွာတွေမှာ ဒီလိုစီစဉ်ပေးထားတာတောင် ရှိတာမဟုတ်ဘူး … ကျောင်းထဲဆိုပေမယ့် ဘာမှလိုလေသေးမရှိအောင် လုပ်ပေးထားတယ် … ကျွန်တော့်အမြင်တော့ ကျောင်းထဲမှာ စည်းစည်းလုံးလုံးနေကြရင် ပူစရာမလိုဘူးပေါ့” “ထားပါလေ … ကျွန်မကလည်း ဆရာမ လုပ်ဖို့ မလုပ်ဖို့ မဆုံးဖြတ်ရသေးပါဘူး” ချိုကြည်အေးက မျက်နှာထားတင်းတင်းနှင့် ဝင်ပြောခြင်းဖြစ်သည်။ သူ့မိခင်က “ဒါနဲ့ ဆရာကြီး … မြို့ပြန်တဲ့ကားရှိသေးလား” “ဒီအချိန်လောက်ဆိုရင် မရှိတော့ဘူး … ကားစီးချင်ရင် မနက် ၆ နာရီလောက် သွားစောင့်ရတယ်” “ဒါဆို ဒီနေ့ ဒီမှာ နေရဦးမယ်ဆိုတဲ့သဘောပေါ့” “ဟုတ်ကဲ့ … ဆရာမ အဆောင်မှာ ပြန်နားပါ … နေ့လယ် ထမင်းစားလွှတ်ချိန်မှာ အစည်းအဝေးရှိပါတယ် … စိတ်ဝင်စားရင်တော့ တက်ပေးပါ” “ကျွန်မတို့ စားဖို့ကရော” “အဆောင်ကဆရာမလေးတွေနဲ့ ညှိနှိုင်းပြီးစားကြပါ … ရွာထဲမှာ ထမင်းဆိုင်မရှိဘူး … အင်း ကုန်စုံဆိုင်တွေတော့ ရှိတယ် … ဆရာမလေးတွေဆီမှာ အိုးခွက်ပန်းကန်အစုံ စီစဉ်ပေးထားတယ် … နောက်ပြီးတစ်ခု ပြောရဦးမယ် … အဒေါ်နဲ့ ဆရာမလေး ဆွဲကြိုးတွေ၊ လက်ကောက်တွေ မဝတ်ပါနဲ့လား … ဒီမှာ ဘယ်သူမှ မဝတ်ကြဘူး” သူတို့သားအမိ ထွက်သွားမှ ဆရာကြီးက သက်ပြင်းကြီးချကာ လုပ်စရာများကို လုပ်နေသည်။
သူ့ကျောင်းလေးမှာ တွဲဖက်အလယ်တန်းကျောင်းအဆင့်ကို ရသည်မှာ မကြာသေး။ ဆရာ၊ ဆရာမ ၇ ဦးနှင့် အလယ်တန်းကျောင်းတစ်ကျောင်းကို ဖွင့်ရန်ဆိုသည်မှာ စွန့်စားရသည့် အလုပ်တစ်ခုဖြစ်နေသည်။ ယခုနှစ်တွင် ၇ တန်းသာ ထားနိုင်သေးသော်လည်း နောက်နှစ်တွင် ၈ တန်းအထိ ဖြစ်လာတော့မည်။ မြို့ကလာသည့်ဆရာက သူနှင့်ဆိုလျှင် လေးယောက်သာရှိသည်။ တစ်ယောက်က ခန့်သာ ခန့်လိုက်သည် မသေချာ သေး။ ပြန်မည်ဟုလုပ်နေသောကြောင့် ထည့်တွက်၍မရ။ ရွာခံဆရာက သုံးယောက်သာရှိသည်။ အင်အား နည်းသော်လည်း အလယ်တန်းကျောင်းလေးတစ်ကျောင်းဖြစ်အောင် သူတို့ဝိုင်းဝန်းကြိုးပမ်းနေကြချိန်တွင် အသစ် ရောက်လာသည့် ဆရာမတစ်ယောက်က ဘာမှန်းမသိသေး။ သူက မပြန်ဆိုသည့်တိုင်အောင် ဆရာမတွေနှင့် အဆင်ပြေအောင် နေထိုင်နိုင်ရေးအတွက် ရင်လေးနေမိသည်။ စိုးရိမ်သည်က သူနှင့်ပါလာသည့် မိခင်ဖြစ်သည်။
သူ့မိခင်မရှိလျှင်တော့ ပြုပြင်သွားနိုင်သည်။ သို့သော် စိတ်မပါ၊ မသင်ချင်၊ ပြန်မည်ဆိုလျှင်လည်း ဘာမျှ မတတ်နိုင်။ နေ့လယ်ထမင်းစားလွှတ်ချိန်တွင် ဆရာတွေ ဆရာမတွေ အစည်းအဝေးတက်ကြသည်။ သို့သော် ချိုကြည်အေးကား မလာ။ ဆရာကြီးက ဆရာမလေးတစ်ယောက်ကို “ချိုကြည်အေးတို့ ထမင်းစားဖို့ ဘယ်လိုစီစဉ်ပေးလိုက်သလဲ” “ကျွန်မတို့စားတဲ့အထဲကပဲ ကျွေးတယ်ဆရာ … အဲဒါ ဆန်ကြမ်းလို့ မစားနိုင်ဘူးဆိုတော့ ငကျွဲဆန် သွားဝယ် ပေးရတယ် … ဟင်းကတော့ မနေ့က မင်္ဂလာဆောင်က ပေးလိုက်တဲ့ ဝက်သားနဲ့ ငါးပိကြော်ပဲပေါ့” “ကဲ … ဆရာမ အသစ်ကတော့ ရောက်လာပါတယ် … ပြန်မှာတဲ့။ ဒါကြောင့် တစ်ယောက်ကို ထည့်တွက်လို့ မရတော့ အင်အားနည်းသွားတာပေါ့။ သူအလုပ်မဝင်ဘူးဆိုရင်လည်း မြို့ကတစ်ယောက် ပြန်အစားထိုးပေးဖို့နဲ့ ခွဲတမ်းအရ နောက်ထပ်တစ်ယောက်လောက် ထပ်ရဖို့ ပြောရတော့မှာပဲ။ ကျွန်တော် ဒီနေ့ ဆရာတွေ၊ ဆရာမတွေကို ပြောချင်တာက လကုန်ရင် တစ်ယောက်ဆန်နှစ်ပြည်နှုန်း ရွာကထောက်ပံ့ပေးဖို့ သဘောတူတယ်ဆိုတာပါ။
ကျေးရွာသမဝါယမအသင်းက ဆန်ခွဲတမ်းလာရင်လည်း ကျွန်တော်တို့ကျောင်းကို တစ်အိတ်ပေးမယ်လို့ ပြောထားတယ်” “ပိုက်ဆံပေးရမှာလားဆရာ” “ရွာကနှစ်ပြည်ထောက်ပံ့တာကတော့ ပေးစရာ မလိုဘူး … သမဆိုင်ကဆန်ရရင်တော့ ခွဲတမ်းအတိုင်း အစိုးရဈေးနဲ့ ပေးရမယ်” “ဒါလည်း သက်သာတာပဲဆရာ” “အေးဗျာ … နောက်တစ်ချက်က ခုတစ်လော ဓားပြစိန်လှံဗိုအုပ်စု ရွာနားကိုကပ်လာနေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ မြို့ကိုလည်း လှမ်းပြီး အကြောင်းကြားထားတယ်။ ပြည်သူ့စစ်တွေလည်း ညဘက်ဆိုရင် ကင်းလှည့်မယ်။ ကျွန်တော်တော့ ဒီညကစပြီး ပြည်သူ့စစ်အဖွဲ့တွေနဲ့ လှည့်ကင်းလိုက်ဖို့ တာဝန်ယူထားတယ်။ ဆရာတို့ကလည်း ကျောင်းအနေနဲ့ အလှည့်ကျ လှည့်ကင်းမှာ တာဝန်ယူပေးပါ” “ဟုတ်ကဲ့ဆရာ စိတ်ချပါ … ကျောင်းအနေနဲ့ရော … ရွာအနေနဲ့ပါ ကင်းလှည့်ပေးပါ့မယ်” “ဆရာမတွေကတော့ သတိဝီရိယနဲ့ အိပ်ကြပေါ့ … အရေးအကြောင်းဆိုရင် သံချောင်းခေါက်ဖို့ မမေ့ကြပါနဲ့” ထိုညတွင် ဆရာကြီးသည် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်အတူ ရွာထဲကို ကင်းလှည့်လိုက်ရင်း မြောက်ပိုင်းကို ရောက်နေသည်။
ထိုအချိန်တွင် ကျောင်းဝင်းထဲရှိ အဆောင်၌ “ဆရာမ … ဆရာမ” “ဘယ်သူလဲ” “တံခါးဖွင့်ပါဦး” “ဘယ်သူလဲလို့” “ဟာ ရှည်လိုက်တာ ကန်ဖွင့်စမ်း” “ဝုန်း” “အားလုံး အော်မယ်မကြံနဲ့နော် … တွေ့လား ဟောဒီမှာ ဓား … အသက်ထွက်သွားမယ် … မနေ့က မြို့က ရောက်လာတဲ့ ဧည့်သည်နှစ်ယောက် ဘယ်မှာလဲ” “သူတို့ပါ” “အဘွားကြီး လာစမ်း … ဘယ်မှာလဲ … ခင်ဗျား ဝတ်ထားတဲ့ ရွှေတွေ … ဟို ဆရာမလေးလား ထွက်လာ … ထိုင်စမ်း … ဘယ်မှာလဲ လက်ကောက်တွေ … ဆွဲကြိုးတွေ” “ချမ်းသာပေးပါကွယ် … အဲဒါတွေက အစစ်တွေ မဟုတ်ပါဘူး … အတုတွေပါ” “ဘာ … အတုတွေ ဟုတ်လား … စိန်လှံဗိုကို ဒါမျိုးလာမလုပ်နဲ့ … စစ်စစ် … တုတု .. ထုတ်ပေးစမ်း … ဘယ်မှာလဲ” “အမှန်ပြောတာပါ … အတုတွေပါ” “တယ် … ဒီအဘွားကြီး သောက်စကားများလိုက်တာ” “ဖုန်း” ဖုန်းဆိုသည့် အသံမှာ ဓားပြဗိုလ်က ဆောင့်ကန်လိုက်ခြင်းဖြစ်ပြီး အဘွားကြီး နောက်ပြန်လဲကျသွားသည်။ ခေါင်းဆောင်ဟုထင်ရသူက “ရိုက်စမ်းကွာ အဲဒီအဘွားကြီးကို” ဟုပြောလိုက်ရာ တစ်ယောက်က ပါးတစ်ချက်ချလိုက်သည် “အမလေး” “အသံတစ်စက်မှ မထွက်နဲ့နော် … ဟောဒါလှံ … ထိုးလိုက်လို့ အသက်ထွက်သွားမယ် … ဒီနေ့ လူမသတ်ချင်ဘူး … ထုတ်ပေး” “မာမီ ထုတ်ပေးလိုက်ပါ” “ဟို … ဆန်ပုံးထဲမှာ လက်ကိုင်ပဝါနဲ့ထုပ်ပြီး ထည့်ထားတယ်” “ကောင်မလေး သွားယူ” ချိုကြည်အေးက ဆန်ပုံးကိုဖွင့်ကာ လက်ကိုင်ပဝါအထုပ်လေးကို ယူလာသည်။ စိန်လှံဗိုက “ဒါအကုန်ပဲလား” “အကုန်ပါရှင်” “ကဲ … မအော်နဲ့နော်” ထိုအချိန်တွင် ကျောင်းထဲကို ဆရာကြီးက ဝင်လာသည်။
“ဟေ့ ဆရာမလေးတွေ အဆောင်မှာ ဘယ်သူတွေလဲကွ” “ဆရာ ကယ်ပါ … ဓားပြတွေ … ဓားပြ” “ဟာ … ဒီဆရာမတွေ ထိုးလိုက်ရင် သေကုန်တော့မှာပဲ … ကဲ လာခဲ့ … နင်လိုက်ခဲ့စမ်း” ဓားပြဗိုလ်က ချိုကြည်အေးကို ဆွဲခေါ်ကာ ကျောင်းပေါ်မှာဆင်းပြေးရင်း “လိုက်မလာနဲ့နော် … တွေ့လား သတ်ပစ်ပစ်လိုက်မယ်” ဟုအော်သွားသည်။ ဆရာကြီးက ကျောင်းတက်သံချောင်းဆီသွားကာ သံချောင်းမွှေသည် “ဒေါင် … ဒေါင် … ဒေါင်” တစ်ရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ပြည်သူ့စစ်တွေက ရောက်လာသည်။ “စိန်လှံဗိုတို့အဖွဲ့ ကျောင်းနောက်က လယ်ကွင်းထဲပြေးပြီ … လိုက်ကြမယ်” “နေဦးဆရာ … ဒီကောင်တွေ သေနတ်မပါလောက်ဘူး … ကျွန်တော် တစ်ချက် ခြောက်ပစ်မယ်” “ဖောင်း” “လိုက်ကြဟေ့” တစ်ရွာလုံးထွက်လိုက်ကြသည်။ အဘွားကြီးက ငယ်သံပါအောင် အော်သည် “ကယ်ပါရှင် … သမီးရော … ရွှေတွေပါ … ပါသွားပါတယ် … ကယ်ကြပါ” ဆင်မကန်မှ ကင်းသံချောင်းသံများ ဆူညံစွာကြားရသောကြောင့် ရွှေလောင်းရွာဘက်ကလည်း မီးတုတ်တွေနှင့် ထွက်လာကြသည်။ ဓားပြများကား ရွာနှစ်ရွာအလယ် ထန်းတောထဲတွင် ပိတ်မိနေသည်။ “ဟေ့ တက်မလာနဲ့နော် … ဟောဒီက ဆရာမလေးကို သတ်ပစ်လိုက်မယ်” “ဟေ့ကောင်တွေ ဆရာမလေးကို ဘာမှ မလုပ်နဲ့ … ငါတို့ မင်းတို့ကို မပစ်ဘူး … ဆရာမလေးကို ထားခဲ့ … ထွက်သွား လိုက်” ဆရာကြီးနှင့် ပြည်သူ့စစ်ခေါင်းဆောင် ကိုဘိုးအေး၊ ရွာကာလသားခေါင်း စိန်အိုးတို့က ထန်းတောကိုပတ်ကာ အသာလေး သွားနေသည်။ သူတို့ထံတွင် ရိုင်ဖယ်သေနတ်တစ်လက်နှင့် ဓားရှည်တစ်ချောင်းသာပါသည်။
“ဆရာ … ဒီမှာဝပ်နေ … စိန်အိုး ရှေ့တက် … ငါဒီမှာ သေနတ်နဲ့ ချိန်ထားမယ် … ဟိုထန်းပင်နောက်မှာတွေ့လား လူရိပ် … အဲဒီကောင်ကို အရင်ရှင်း” ကိုဘိုးအေးက တိုးတိုးလေးပြောသည်။ စိန်အိုးက အသာလေး ခြေသံလုံအောင်နင်းကာ ထန်းပင်အနီး ကပ်သွားချိန်တွင် “ဟေ့ … လူကွ” တဲနောက်က တစ်ယောက်ပေါ်လာပြီ လှံနှင့် ပစ်ထိုးသည်။ စိန်အိုးကိုထိသွားပြီး “အမလေးဗျ” ဟု အော်ကာ လဲကျသွားသည်။ “လိုက်ဟေ့ … လိုက်ဟ … ဖောင်း … ဖောင်း” ရှေ့မှ သေနတ်သံနှစ်ချက်ကြားလိုက်ရသည်။ ဓားပြတွေက ထန်းတဲနောက်မှ ကန်ကို ပတ်ကာပြေးသည်။ “လိုက်ဟေ့ … ကန်ဘက်မှာ … ဒီကို တစ်ယောက်ယောက်လာဦး … စိန်အိုးကို ထိထားတယ်” “ကယ်ကြပါရှင်” တစ်ယောက်က အမျိုးသမီးကို ဆွဲပြေးနေသည်။ ဆရာကြီးက ပြေးသွားလိုက်ပြီး “ဆရာမလေးလား” “ဆရာကြီး ကယ်ပါဦး … ကျွန်မ ဒီမှာ” ဆရာကြီးက ထန်းပလပ်ပြားတစ်ချောင်းကိုဆွဲယူပြီးလိုက်သည်။
ရှေ့ကပြေးနေသူကျောကို ရိုက်ချလိုက်ချိန်တွင် ထိုသူက ဆရာမလေးကို ဆောင့်တွန်းကာထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးသည်။ “ဒီမှာဟေ့ … ဆရာမလေးကို ထားခဲ့တယ် … ဆရာမ … ဘာဖြစ်သွားလဲ … ဘာလုပ်သွားလဲ” “ဘာမှ မလုပ်သွားဘူး …” “ပစ္စည်းတွေရော” “မထားခဲ့ဘူး … ယူသွားကြတယ်” “တော်သေးတာပေါ့” “ဟေ့ … စိန်အိုးကိုတင်ဖို့ ရွာကလှည်းသွားယူ … ဆေးရုံတင်ရမယ်” ဓားပြတွေကား လွတ်သွားသည်။ စိန်အိုးကို ဆေးရုံတင်ရသည်။ စိုးရိမ်ရသည်။ ဗိုက်ကိုလှံနှင့်ထိုးလိုက်သဖြင့် အူတွေထွက်ကာ ချုပ်ထားရသလို သွေးလည်း သွင်းနေရသည်။ စိန်အိုးသွေးက ကျောင်းအုပ်ဆရာကြီးသွေးနှင့် တူနေသောကြောင့် သွေးလှူ နေရသည်။ တစ်ညလုံး စိန်အိုးကို စောင့်ကြည့်နေကြရသည်။ မိုးလင်းခါနီးမှ အဘစိန်သောင်းက “ဆရာကြီး ပြန်နားဦးလေ” “အေးဗျာ … နားဦးမယ် … ဟိုဆရာမ သားအမိကိုလည်း လိုက်ပို့ရဦးမယ်” “ဆရာကြီးရယ် … တစ်ယောက်ယောက်ကိုပဲ ပို့ခိုင်းလိုက်ပါ” “လူနာတင်လာတဲ့လှည်းကို ကျွန်တော်ယူသွားမယ်အဘ … ကျွန်တော် ပြန်ပို့ပေးရမှာ တာဝန်ရှိတယ်။ သူတို့ ရွှေတွေ ပါသွားတာတော့ စိတ်မကောင်းဘူး … သူမလုပ်ချင်ဘူးဆိုလည်း မတားတော့ပါဘူး … ကျွန်တော်တို့ရွာ အခြေအနေက နေခိုင်းဖို့လည်း မပြောဝံ့တော့ဘူး”
တင်ညွန့် ၁၆.၁၀.၂၀၂၀





