ဖြူစင်သောမေတ္တာ(စ/ဆုံး)

‎ဖြူစင်သောမေတ္တာ(စ/ဆုံး)

‎ကျွန်တော်နှင့်ကိုထွန်း ၁၀ တန်းကို တစ်နှစ်တည်း အတူအောင်သည် ကိုထွန်းက သချၤာဂုဏ်ထူး တစ်ဘာသာ ပါသည်။ သူက သချၤာအလွန်တော်သည်။ ကျွန်တော်က သချၤာအလွန်ညံ့သည်။ ထို့ကြောင့်လည်း တွဲဖြစ်ကြခြင်း ဖြစ်သည်။ ကိုထွန်းက သချၤာကို ကျွန်တော့်အားရှင်းပြပေးသည်။ ကျွန်တော်က စိတ်မဝင်စား။ ကျောင်းက သင်္ချာ အိမ်စာပေးလိုက်လျှင် သူ့အိမ်ကိုဝင်ပြီး သချၤာတွေကူးချခဲ့တာကို မှတ်မိသည်။ ‎ ‎“ကိုထွန်း … တို့ တက္ကသိုလ်တက်ကြရအောင်” ‎ ‎“မဖြစ်ဘူးကွ … ငါ့အိမ်အခြေအနေလည်း မင်းသိသားနဲ့” ‎ ‎“ငါ့အိမ်လည်း ချမ်းသာလို့မှ မဟုတ်တာ … ဒါပေမဲ့ တို့ တက္ကသိုလ်ရောက်ရင် စာတွေ ပိုဖတ်နိုင် ပိုရေးနိုင်မှာ မဟုတ်လား” ‎ ‎“ငါ့ညီမလေးက ၉ တန်းရောက်နေပြီ။ သူက အရမ်းစာတော်တာကွ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ဆရာဝန်မကြီးဖြစ်ချင်နေတာလေ။ ငါတို့ကလည်း အမေမုဆိုးမကြီးနဲ့ဆိုတော့ ညီမလေးကိုပဲ ပညာရေးအတွက် ဦးစားပေးတာကောင်းမယ်။ ငါက ယောက်ျားလေး ဒေါင်ကျကျ ပြားကျကျ ကိစ္စမရှိဘူး … ညီမလေးနောင်ရေးအတွက် ငါတက္ကသိုလ် ဆက် တက်လို့ မဖြစ်ဘူး” ‎ ‎ကိုထွန်းတစ်ယောက် အလုပ်ကြမ်းတွေလုပ်ရသည်။ ကုန်ထမ်းသည်။ ဆိုက်ကားနင်းသည်။ ကားမောင်းသည်။ ‎ ‎သူ့ညီမလေးကလည်းတော်ပါသည်။ ၁၀ တန်းကို ဘာသာစုံ ဂုဏ်ထူးနှင့်အောင်သည်။ ထိုနေ့က ကျွန်တော့်ထံ ရောက်လာပြီး ‎ ‎“ငါ့ညီမလေး ၁၀ တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်တယ် သိလား … ဆရာဝန်မကြီး ဖြစ်တော့မယ် … သိလား” ‎ ‎သူက ဆွေ့ဆွေ့ခုန်ရင်း မျက်ရည်တွွေပါကျနေသည်။

ကျွန်တော်က ‎ ‎“ကိုထွန်း … မင်းအတွက်လည်း မင်းကြည့်ဦးလေ … မင်း အရမ်းပိန်နေပြီ။ အလုပ်လည်း လုပ်ပေါ့ ကျန်းမာရေး လည်း ဂရုစိုက်ဦး” ‎ ‎“ငါ့ညီမလေး ကျောင်းဆက်တက်နိုင်အောင် ငါကြိုးစားရမယ်ကွ … သူကဆရာဝန်မကြီး အရမ်းဖြစ်ချင်တာ … ငါပိုက်ဆံတွေ အများကြီးရှာမှ ဖြစ်မယ်” ‎ ‎ကျွန်တော်လည်း ရန်ကုန်တွင် ကျောင်းဆက်တက်နေရသဖြင့် ကိုထွန်းနှင့် သိပ်မဆုံဖြစ်။ မြို့ကိုပြန်လာချိန်တွင် ကိုထွန်းအမေဆုံးသဖြင့် သွားလိုက်သေးသည်။ သူ့ညီမလေး က ‎ ‎“အစ်ကို … အစ်ကိုကြီးကို ပြောပါဦး … နေ့ရောညရော မနားတော့ဘူး။ မနက်လည်း ကုန်ထမ်း … ညလည်း ဆိုက်ကားနင်း … ညီမလေး အစ်ကိုကြီးကိုကြည့်ပြီး သနားနေပြီ” ‎ ‎ကိုထွန်းက ကျွန်တော်ပြောလည်းအပိုပဲဖြစ်သည် ‎ ‎“ငါ့ညီမလေး ကျောင်းပြီးရင် နားမှာပါကွာ” ဟုဆိုသည်။ ‎ ‎ကိုထွန်းတွင် ချစ်သူတစ်ယောက်ရှိသည်။ ကောင်မလေးက ဈေးထဲတွင် ဈေးရောင်းသည်။

ရိုးရိုးသားသား လေးဖြစ်သောကြောင့် သူတို့ကို အမြန်ဆုံး လက်ထပ်စေချင်သည်။ သို့သော် ‎ ‎“ငါ ယူလို့ မဖြစ်သေးဘူးကွ။ ညီမလေးက ကျောင်းမပြီးသေးဘူး။ တော်ကြာ ညီမလေးကို ထောက်ပံ့တာ အပြစ် မြင်လာရင် မကောင်းဘူး” ‎ ‎ကိုထွန်းတစ်ယောက် လူပျိုကြီးပဲ လုပ်နေသည်။ ညီမလေးက ကျောင်းပြီးသော်လည်း နယ်ဘက်တွင် တာဝန် ကျနေသဖြင့် လိုက်ပြီး စောင့်ရှောက်ရသေးသည်။ ‎ ‎ “ကိုထွန်း … မခင်လှကို ယူတော့လေကွာ … မင်းဟာက အချိန်တွေ နှောင်းနေပြီ” ‎ ‎“ယူလို့ မဖြစ်သေးပါဘူးကွာ။ မိန်းမယူလိုက်ရင် ညီမလေးနဲ့ အဆင်မပြေမှာ စိုးရိမ်တယ်” ‎ ‎နောက်ဆုံး သူ့ညီမလေးက အိမ်ထောင်ပြုသည်။ ကောင်လေးက အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ သူတို့ ကိုထွန်းအိမ်တွင် လာနေကြသည်။

‎ ‎“ကိုထွန်း မနေ့က ဈေးထဲမှာ မခင်လှနဲ့တွေ့တယ် … မင်းက မူနေတာတဲ့။ သူက ယူချင်တာမှ တစ်ပိုင်းသေလို့။ မင်းတို့ကလည်းကွာ ၄၀ တွေ ကျော်လာပြီပဲ မြန်မြန် အိမ်ထောင်ပြုပါတော့လား” ‎ ‎“မဖြစ်ပါဘူးကွာ … ညီမလေးကို စိတ်မချဘူး” ‎ ‎“ဟေ့ကောင် … ဟိုက သူ့လင်နဲ့ဖြစ်နေပြီ … မင်းက ခုထိ …” ‎ ‎“ငါက ငါ့ညီမလေးကို ခုထိ မျက်စိထဲမှာ ကလေးလေးတစ်ယောက်လို မြင်နေတာကွ” ‎ ‎ကိုထွန်းက ဆန်စက်တစ်ခုတွင် မန်နေဂျာဝင်လုပ်နေသည်။ ဝင်ငွေလေးကောင်းပြီး အခြေလည်း ကျနေသည်။ ကျွန်တော်ကတော့ တောရောက် တောင်ရောက်ဖြစ်နေသည်။ ‎ ‎တစ်နေ့တွင် ကျွန်တော် တောက အိမ်ပြန်လာပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာဖတ်နေစဉ် ‎ ‎“အစ်ကို … အစ်ကို” ‎ ‎အိမ်ရှေ့ကခေါ်သံကြားသဖြင့် ထွက်ကြည့်လိုက်ရာ ကိုထွန်းညီမလေး ဆရာဝန်မကြီးဖြစ်နေသည်။ သူ့ယောက်ျားက ကားမောင်းလာသည်။ ‎ ‎“ညီမလေး … လာ … ငါလည်း ခုမှ ရောက်စမို့လို့ … နင့်အစ်ကိုဆီလာမလို့ … နေကောင်းတယ် မဟုတ်လား” ‎ ‎“အစ်ကို့အကြောင်း ပြောမလို့လာတာ … ကျန်းမာရေး သိပ်မကောင်းဘူး … နားပါတော့ ဆိုတာလည်း မရဘူး။

အစ်ကို့ သူငယ်ချင်းကို အစ်ကိုပဲ ပြောပဲဦး” ‎ ‎“အေးပါ … ဒါနဲ့ ညီမလေးတို့လာတာက” ‎ ‎“အစ်ကို … အိမ်ကိစ္စအကြောင်း ပြောချင်လို့ … ညီမလေးတို့က ရှမ်းပြည် တောင်ကြီးဘက် ပြောင်းတော့မယ်။ အစ်ကိုက လိုက်နေပါဆိုလည်း မလိုက်ချင်ဘူးတဲ့။ သူက အိမ်ကြီးကို ရောင်းပြီးတော့ ရတဲ့ပိုက်ဆံတွေ အားလုံး ယူသွားဆိုပြီး လုပ်နေတယ်။ အစ်ကိုပဲ လိုက်ပြောပေးပါဦး။ ဒီအိမ်ကြီးကို ရောင်းလိုက်ရင် သူဘယ်မှာ သွား နေမလဲနော်။ အဲဒါ အိမ်ရောင်းဖို့ ဇွတ်လုပ်နေတယ် … အစ်ကိုပြောရင်တော့ နားထောင်မှာပါ” ‎ ‎“အေးပါ … ငါ သူ့ဆီလာခဲ့မယ်။ သူ ခုဘယ်မှာလဲ” ‎ ‎“ဆန်စက်ထဲမှာ အစ်ကို” ‎ ‎ကျွန်တော် ဆန်စက်ထဲရောက်သည်အခါ ကိုထွန်းက ဝမ်းသာအားရ ပြေးဖက်သည်။ ‎ ‎“နောက်ဆုံးတော့ ငါ့ညီမလေး သူဖြစ်ချင်တဲ့ ဆရာဝန်မကြီးလည်းဖြစ် … အိမ်ထောင်လည်းကျပြီကွ” ‎ ‎“ဒီတော့” ‎ ‎“ငါ စိတ်အေးပါပြီကွာ” ‎ ‎“မင်းက မင်းညီမအတွက်ပဲ ကြည့်တာလား … မင်းအတွက်ကော မင်းမကြည့်တော့ဘူးလား” ‎ ‎“ငါက တစ်ကိုယ်ရေ တစ်ယောက်တည်းသမား … ဘာမှကြည့်စရာမလိုပါဘူးကွာ” ‎ ‎“မင်း အိမ်ရောင်းမလို့ဆို” ‎ ‎“ဟုတ်တယ် … ငါ့ညီမလေးကို အိမ်လွှဲပေးတာ မယူဘူးကွ … ဒါကြောင့် ရောင်းပြီးတော့ သူ့ကို ပိုက်ဆံ ပေးလိုက်မယ်” ‎ ‎“ကိုထွန်း … မင်းဟာက ညီမအပေါ်ချစ်တာ လွန်လွန်းတယ်။

မင်း အိမ်ရောင်းလိုက်ရင် မင်း ဘယ်မှာနေ ဘယ်မှာ စားမလဲကွ” ‎ ‎“ငါ ဆန်စက်ထဲမှာပဲ နေလို့ရပါတယ်ကွာ” ‎ ‎“နောင်ရေးကိုကြည့်ကွ … မင်း အသက်ကြီးလာမယ် … နားစရာ ခိုစရာ တစ်နေရာရာတော့ရှိမှပေါ့။ မင်းညီမက အလုပ်နဲ့ အကိုင်နဲ့ ယောက်ျားနဲ့ … မင်းက ဘာမှ ရှိတာမဟုတ်ဘူး” ‎ ‎“ငါ့အတွက် ဘာမှ မလိုပါဘူးကွာ … ညီမလေးက မိသားစုနဲ့ဖြစ်နေပြီ … သူ့အတွက် ပိုလိုမှာပေါ့” ‎ ‎ကျွန်တော် တစ်နှစ်ခန့် သူနှင့်မတွေ့ဖြစ်တော့။ မြို့ကိုပြန်အရောက်တွင် သူရှိရာ ဆန်စက်ကို သွားတွေ့သည်။ ‎ ‎“ကိုထွန်း ဘုန်းကြီး ဝတ်သွားပြီ” ‎ ‎“ဟာ … ဘယ်တုန်းကလဲ” ‎ ‎“ဆရာ ပြန်သွားပြီး မကြာဘူး အလုပ်ကထွက်ပြီး ဘုန်းကြီးဝတ်သွားတာ” ‎ ‎“ဘယ်ကျောင်းမှာလဲ” ‎ ‎ကျွန်တော် သူတို့ပြောသည် ဘုန်းကြီးကျောင်းကို လိုက်ခဲ့သည်။ ကိုထွန်းကို မတွေ့ခဲ့ရပါ။ ဤကျောင်းတွင် တစ်ဝါဆိုပြီး ထွက်သွားသည်ဟု သိရသည်။ ‎ ‎ကျွန်တော်က ကိုထွန်းတို့ နေထိုင်ခဲ့သည့် အိမ်ကို ရောက်လာသည်။

အိမ်ရှင်တွေက အသစ်ဖြစ်နေသည်။ သူတို့ဆီတွင် စုံစမ်းတော့လည်း ကိုထွန်းက အိမ်ကိုရောင်းပြီး ညီမဖြစ်သူကို ပိုက်ဆံတွေ အားလုံးအပ်သွား ကြောင်း သိလိုက်ရသည်။ ‎ ‎ကျွန်တော် ဤအကြောင်းကို ရေးရသည်မှာ မနေ့က ဘားလမ်းထဲတွင် ကိုထွန်းညီမလေးနှင့် တွေ့သောကြောင့် ဖြစ်သည်။ သူက ဝမ်းသာအားရ ကျွန်တော့်ကို လက်ဆွဲပြီး မျက်ရည်တွေကျနေသည် ‎ ‎“အစ်ကို့ကိုတွေ့တော့ အစ်ကိုကြီးကို သတိရလိုက်တာ” ဟု ငိုပြီးပြောသည်။ ‎ ‎“အေး ငါလည်း နင်တို့ နေသွားတဲ့ အိမ်ကို ရောက်သေးတယ် … ရောင်းသွားပြီဆိုလို့” ‎ ‎“ဟုတ်တယ်အစ်ကို ညီမကို သူ့အပေါ်မှာ နှောင်ဖွဲ့နေမှာ ကြောက်လို့ဆိုပြီး ဘုန်းကြီး ဝတ်သွားတယ်။ ခုထိလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး။ သေလား ရှင်လားလည်း မသိရဘူး။ တစ်ခါမှလည်း မဆက်သွယ် တော့ဘူး အစ်ကိုရယ်” ‎ ‎“အေးကွယ် … ငါ့ သူငယ်ချင်း ကိုထွန်းလိုလူစား ရှားသကွယ် … သူ့လို ညီမတစ်ယောက်အပေါ်မှာ သံယောဇဉ် ထားတာမျိုးလည်း မကြုံဖူးဘူးကွယ်” ‎ ‎“အစ်ကို … အစ်ကိုကြီးကို တွေ့ရင် ညီမဆီ အကြောင်းကြားပါနော် … ဒီမှာ ညီမ လိပ်စာကတ် … အိမ်ကိုလည်း လာလည်ပါဦး” ‎ ‎“အေးပါကွယ်” ‎ ‎ကိုထွန်းညီမလေးက ကားအကောင်းစားကြီးပေါ်တက်သွားသည်။ ‎ ‎သူတို့အဆင်ပြေနေပုံပေါ်သည်။

‎ ‎တင်ညွန့် ‎ ‎၉.၁.၂၀၁၉

Leave a Reply

Your email address will not be published. Required fields are marked *