နှစ်ယောက်မရှိ

နှစ်ယောက်မရှိ

“ဒေါ်ကျော့မေဆုံးပြီ” ကျွန်တော် ညစာစားရန်ပြင်ဆင်နေစဉ်မှာပင် တပည့်မောင်ဝင်းကျော်က လာပြောခြင်းဖြစ်သည်။ “ဆရာ ဦးနိုးတူးအိမ်ကို သွားမှာလား” “သွားရမှာပေါ့ကွ” “ကျွန်တော်လည်း လိုက်မယ်ဆရာ” “အေး … လိုက်ခဲ့လေ … ဘာလဲကွ မင်းက မသာအိမ်ကိုလိုက်ပြီး ဖဲရိုက်မလို့လား” “ကျွန်တော်လည်း အဲဒါကို သိချင်လို့ဆရာနဲ့လိုက်မှာ” “ဘာသိချင်တာလဲ” “ဖဲရိုက်လို့ရ … မရကိုပေါ့ဆရာ” “မင်းတို့ရွာဓလေ့ မသာအိမ်ရှိရင် ဖဲက တစ်လလောက်ရိုက်ကြတာများ အဆန်းလုပ်လို့” “ဦးနိုးတူးအိမ်မှာ ဖဲရိုက်လို့ရတယ်ဆိုရင်ကို အဆန်းပဲဆရာ” “ဘာဖြစ်လို့လဲကွ” “ဆရာ ဟိုရောက်ရင် သိမှာပါ” ကျွန်တော် ဦးနိုးတူးအကြောင်းကတော့ သိသင့်သလောက်သိပါသည်။ နိုးတူးဆိုသည့်အတိုင်း ဤရွာတွင် နှစ်ယောက်မရှိသူဖြစ်သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

သူ့လောက် ကတ်သီးကတ်သတ်ပြောတတ်သူ၊ လုပ်တတ်သူ ဤရွာတွင် နှစ်ယောက်မရှိဟု ဆိုလိုခြင်းဖြစ်သည်။ တစ်ရွာလုံးနှင့်တစ်ယောက်ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်သည် လည်း တစ်ချိန်က သူ့တပည့်ဖြစ်ဖူးသောကြောင့် သူ့ကိုမနိုင်။ ဦးနိုးတူးသည် တစ်ချိန်က ဤရွာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ဖြစ်ခဲ့ဖူးသည်။ စာလည်း အတော်လေးတတ်သည်။ သို့သော် ဒေါ်ကျော့မေနှင့်တွေ့ပြီး ဈာန်လျှောသည်။ ဦးနိုးတူးအမည်ခံပြီး မယား လုပ်စာ ထိုင်စားသည်။ စာရင်းအင်းနိုင်သဖြင့် ဒေါ်ကျော့မေကလည်း အားကိုးသည်။ လယ်ပေါင်၊ ယာပေါင်၊ ကျွဲပေါင်၊ နွားပေါင်၊ အိမ်ခြံပေါင်၊ ရွှေပေါင်အားလုံးကို ဒေါ်ကျော့မေက လက်ခံသည်။

တစ်ရွာလုံး သူတို့နှင့် ကင်းသူရှားသည်။ ကျွန်တော်လည်း ထမင်းစားခြင်းအမှုပြီးသော် ကျောင်းဝင်းတံခါးကို ပိတ်ပြီး မောင်ဝင်းကျော်နှင့် ရွာလယ်ရှိ ဦးနိုးတူးအိမ်ကို ထွက်လာခဲ့ကြသည်။ မှောင်စပျိုးနေပြီဖြစ်သဖြင့် လက်နှိပ်မီးတစ်ယောက်တစ်လက်နှင့် လာခဲ့ကြသည်။ “မောင်ဝင်းကျော်” “ခင်ဗျာဆရာ” “မသာအိမ်ကော ဟုတ်ရဲ့လား … မည်းမှောင်လို့” “ဟုတ်တယ်နော်ဆရာ” ကျွန်တော်က ဦးနိုးတူးအိမ်ခြံဝိုင်းထဲကို ဝင်လိုက်ပြီး “ဦးနိုးတူး … ဗျိုး ဦးနိုးတူး” “ဟေ ဘယ်သူတွေလဲ” “ကျောင်းဆရာပါ” ဦးနိုးတူးက အိမ်အောက်ထပ်တံခါးကို ထိုအချိန်မှဖွင့်သည်။ သူ့လက်ထဲတွင် မှန်အိမ်လေးကိုင်ထားသည်။

“ဦးနိုးတူး” “ဟုတ်ကဲ့ဆရာ” “ဒေါ်ကျော့မေ ဆုံးလို့ဆို” “ဟုတ်တယ်ဆရာ” “ဘယ်လိုဖြစ်တာလဲ တစ်အိမ်လုံးလည်း မှောင်လို့” “တမင် အမှောင်ချထားတာ” “ဘာဖြစ်လို့လဲဗျာ” “လူတွေလာမှာစိုးလို့” “မသာအိမ်ပဲဗျာ … လူလာမှာပေါ့” “ကျွန်တော်က အဲဒီလိုလူတွေ ရှုပ်ရှုပ်ရှက်ရှက်လာတာ မကြိုက်ဘူးခင်ဗျ” “ဒါဆို ကျွန်တော်တို့လည်း ပြန်ရမလားခင်ဗျာ” “ကိစ္စမရှိရင် ပြန်နိုင်ပါတယ်ဆရာ … မနက်ဖြန် ၁၁ နာရီလောက် အသုဘချမယ်” “ဒါဆိုလည်း ပြန်တော့မယ်ဗျာ” အိမ်အောက်ထပ်တွင် ဖျာလေးတစ်ချပ်ပေါ်၌ အိပ်နေသလိုလေး ပက်လက်လှန်နေသည့် ဒေါ်ကျော့မေ အလောင်းကို မီးရောင်မှိန်ပျပျတွင်တွေ့လိုက်ရသည်။ “ဦးနိုးတူး” “ခင်ဗျာ” “အသုဘစောင့်ပေးဖို့ လူလိုရင်ပြောဗျာ။ ကျွန်တော်စောင့်ပေးပါ့မယ်” “သေပြီပဲဆရာ … စောင့်ဖို့ မလိုပါဘူး။ ကျွန်တော့်မိန်းမဘေးမှာ ကျွန်တော်ရှိနေရင် လုံလောက်ပါတယ်” “ဪ ဟုတ်ကဲ့ … ဒါဆိုလည်း ပြန်ဦးမယ်ဗျာ” “ကောင်းပါပြီ” အလွန်ထူးဆန်းသော အသုဘဖြစ်သည်။ စောင့်မည့်သူလည်းမရှိ။ ဧည့်ခံမည့်သူတွေလည်းမရှိ။ ဖဲဝိုင်းလည်း မရှိ။

ကျွန်တော်တို့ပြန်သာလာရသည် စိတ်ထဲတွင်တစ်မျိုးဖြစ်နေသည်။ နောက်တစ်နေ့ နေ့လယ် ၁၁ နာရီတွင် ဦးနိုးတူးသည် သူ့အိမ်ကလှည်းပေါ်တွင် သူ့မိန်းမအလောင်းကိုတင် သည်။ အခေါင်းလည်းမလုပ်။ စောင်နှင့်ပတ်ထားသည့် အလောင်းကို ထိုအတိုင်းတင်ပြီး သူကိုယ်တိုင် လှည်းမောင်းသည်။ သားသမီးတွေမရှိသဖြင့် လိုက်ပို့သူမှာ ဒေါ်ကျော့မေဘက်က ဆွေမျိုးတွေသာရှိသည်။ ဦးနိုးတူးက “ငိုတဲ့သူ ကျုပ်လှည်းနောက်က မလိုက်နဲ့” ဟု အိမ်ကထွက်ကတည်းက အော်သဖြင့် မည်သူမျှ မငို။ ရွာသားတွေက ပို့သည်ဖြစ်စေ၊ မပို့သည်ဖြစ်စေ မည်သူ့ကိုမျှ ဂရုမစိုက်သည့် အသုဘကို လိုက်ပို့ကြသည်။ ဝတ္တရားဆိုခြင်းထက် သူ့အကြောင်းကို သိချင်သည်ကများသည်။ သူတို့က ဦးနိုးတူးကို ယခုတိုင် “ဘဘုန်း” ဟုခေါ်နေကြသည်။

ငယ်ကြောက်တွေဖြစ်သဖြင့် ရွာလူကြီးကအစ သူ့ကို အထွန့်မတက်ရဲပေ။ သင်္ချိုင်းရောက်သည်။ သရဏဂုံတင်မည့် ဘုန်းကြီးလည်း ပင့်မထား။ မြေတူးသူနှစ်ယောက်က မြေကို အသင့် တူးထားသည်။ ဦးနိုးတူးက သူ့ဇနီးအလောင်းကို သူကိုယ်တိုင် လှည်းပေါ်က ပွေ့ချပြီး မြေကျင်းတူးထားသည့် ဆီကို သယ်သွားသည်။ သူ့ဇနီးအလောင်းကို မြေကျင်းနှုတ်ခမ်းတွင် ခေတ္တချသည်။ ထို့နောက် သူကိုယ်တိုင် မြေကျင်းထဲဆင်းကာ အလောင်းကို ယုယစွာဖြင့်ပွေ့ပြီး ဖြည်းဖြည်းလေး မြေပေါ်ကိုချသည်။ ထို့နောက် ကျင်းပေါ်ကိုပြန်တက်ပြီး “ကျော့မေရေ သွားတော့ကွာ … မင်းပြောထားတဲ့အတိုင်း ငါလုပ်ပါတယ်” ဟုဆိုကာ လူတစ်ယောက် လက်ထဲမှ ပေါက်တူးကိုယူပြီး ကိုယ်တိုင်မြေဖို့သည်။ ရွာသားတွေကလည်း သူ့အဖြစ်ကို နားမလည်စွာဖြင့် ကြည့်ကြသည်။

ထို့နောက် လူစုခွဲကာ ရွာကို ပြန်ကြသည်။ ရေအိုးလည်းမခွဲ၊ ဝိညာဉ်ခေါ်သည့်အနေဖြင့် သစ်ခက်လည်းမယူ။ ကျွန်တော်ကတော့ မပြန်သေးပါ။ ဇရပ်ထဲမှ ထိုမြင်ကွင်းကို ထိုင်ကြည့်နေမိသည်။ ကျွန်တော့်ဘဝတွင် အထူးဆန်းဆုံး အသုဘချသည့် အဖြစ်နှင့် ကြုံရသောကြောင့်ဖြစ်သည်။ ဦးနိုးတူးသည် သူ့အလုပ်သူလုပ်သည်။ အေးအေးဆေးဆေးပင်။ အိမ်တွင် သူတစ်ယောက်တည်းနေသည်။ ရက်လည်လည်းမလုပ်။ ဘုန်းကြီးလည်းမပင့်။ ဆွမ်းလည်းမကျွေး။ အသံချဲ့စက်လည်း မဖွင့်။ တစ်ရွာလုံး ကလည်း သူ့ကိုဘာမျှ မပြောရဲ။ ရွာကတော့ ဘာဘာညာညာ သူ့ကွယ်ရာတွင် ပြောကြသည်။ ဒေါ်ကျော့မေ မကျွတ်ကြောင်းတွေဘာတွေ အတင်းပြောကြသည်။ ဦးနိုးတူးက ဂရုမစိုက်။ သူ့အိမ်တွင် သူတစ်ယောက်တည်းနေသည်။

မကြာမီ အပေါင်ခံထားသည့် လယ်တွေ၊ ခြံတွေ၊ မြေတွေ၊ လှည်းတွေကို ဦးနိုးတူးသည် ပိုင်ရှင်တွေကိုခေါ်ပြီး လက်မှတ်ထိုးထားသည့် စာချုပ်တွေ၊ ပစ္စည်းတွေကို ပြန်ပေးသည်။ ထူးဆန်းသည်ကတော့ သူတို့ စာရင်းငှား မောင်ကျော်တို့ မိသားစုကို လက်ရှိနေထိုင်သည့် အိမ်နှင့်ခြံတွေ အပြီး လွှဲပေးသွားသည်။ ထို့နောက် ရွာဦးကျောင်းတွင် သင်္ကန်းဝတ်သည်။ သင်္ကန်းဝတ်ပြီး နောက်တစ်ရက်တွင် လွယ်အိတ်တစ်လုံး လွယ်ပြီး ရွာကထွက်သွားသည်။ နောက်ပိုင်း သူ့သတင်းဘာမျှ မကြားရတော့။ ကျွန်တော်ကတော့ ထိုအဖြစ်အပျက်တွေကိုကြည့်ပြီး မေးခွန်းထုတ်နေမိသည်။ လောကကြီးတွင် ဦးနိုးတူးလမ်းစဉ်အတိုင်း စီမံသွားလျှင်ရော မရနိုင်ဘူးလား။ ဦးနိုးတူးသည် မည်သူ့ကိုမျှလည်း ဒုက္ခမပေး။ သူလည်းဘာဒုက္ခမျှ မခံ။ ဒေါ်ကျော့မေကို သူနောက်ဆုံး နှုတ်ဆက်လိုက်သလို “မင်းပြောထားတဲ့အတိုင်းငါလုပ်ပါတယ်” ဆိုသည်မှာ ဘာမှန်းလည်းမသိ။ သူတို့ဘာတွေပြောထားကြသနည်း ကျွန်တော့်အတွက် ယနေ့တိုင် ပဟေဠိဖြစ်နေသည်။ ထူးဆန်းသည်က ဦးနိုးတူးကို မည်သူမျှပြန်မတွေ့၊ သတင်းလည်းမကြားတော့ခြင်းဖြစ်သည်။

တင်ညွန့် ၄.၁.၂၀၂၆

Leave a Reply

Your email address will not be published. Required fields are marked *