ရသမီးအိမ်

ရသမီးအိမ်

ကျွန်တော် ၆ လ တစ်ကြိမ် ပင်စင်ထုတ်သည်။ ယခု ၆ လပြည့် ဒီဇင်ဘာလတွင် ပင်စင်ထုတ်ရာ ၆ သိန်းကျော်ရသည်။ ခါတိုင်းနှစ်တွေဆိုလျှင် ၆ လ တစ်ကြိမ်ထိုပင်စင်ငွေများကို လှူပါသည်။ သီလရှင်ကျောင်း၊ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးများဂေဟာ စသည်ဖြင့် အလျဉ်းသင့်သလိုလှူခဲ့ပါသည်။ ယခု ပူပူနွေးနွေးထုတ်ထားသည့် ပင်စင်ငွေများကို မည်သည့်နေရာကိုလှူမည်နည်းဟု စဉ်းစားသည်။ ခါတိုင်း ဆိုလျှင် အစ်မကြီး ဒေါ်သန်းမြင့်အောင်အား အကြောင်းကြားပြီး အစ်မကြီးလမ်းညွှန်သည့် နေရာကိုလှူလိုက် သည်သာဖြစ်သည်။ ယခုပင်စင်ငွေကိုတော့ ထူးခြားသည့် အလှူလေးတစ်ခုလုပ်ချင်သည်။

မကြာသေးမီက ကျွန်တော်နှင့် The Lantern House အဖွဲ့သားတွေ တိုင်ပင်ဖြစ်ကြသည့် အကြောင်းအရာလေး တစ်ခုရှိသည်။ ထိုအကြောင်းအရာမှာ ဓူဝံစာအုပ်တိုက်က ဦးဝင်းချိုနှင့် ပထမဆုံး တိုင်ပင်ထားသည့် အကြောင်းအရာလည်း ဖြစ်သည်။ မြန်မာစာပေလောကတွင် ရသစာပေထွန်းကားလာရေးနှင့် စာရေးလိုသည့် မျိုးဆက်သစ် လူငယ်များကို စင်တင်ပေးနိုင်ရေးအတွက် ကျွန်တော်တို့ တစ်ခုခုလုပ်ပေးချင်ကြသည်။

ရှင်းအောင်ပြောရလျှင် ရသစာပေပြိုင်ပွဲလေးတစ်ခု ကျင်းပပေးရန် ကျွန်တော်တို့ နှစ်ကြိမ်တိုင်ပင်ခဲ့ကြပြီး ဖြစ်သည်။ အသေးစိတ်ထုတ်ပြန်ရန်အတွက် ညှိနှိုင်းနေကြဆဲဖြစ်သော်လည်း ပြိုင်ပွဲလုပ်လာလျှင် ဆုချီးမြှင့်ရတော့မည်။ ဆုချီးမြှင့်နိုင်ရန်အတွက် ငွေကြေးလိုသည်။ ထို့ကြောင့် ကိုယ်တတ်နိုင်သလောက်လေးတွေနှင့် စိတ်တူ သဘောတူ ဝါသနာတူသူများ ပူးပေါင်းကာ ပြိုင်ပွဲလေးတစ်ခု စီစဉ်ရန် ဆုံးဖြတ်ကြသည်။ ကျွန်တော်က ငွေ ၁၀ သိန်းမတည်ပေးလိုက်သည်။

ပင်စင်ငွေ ၆ သိန်းနှင့် မိမိစုဆောင်းထားသည့်ငွေ ၄ သိန်း စုစုပေါင်း ၁၀ သိန်းကို ထိုစာပေပြိုင်ပွဲအတွက် မတည်ပေးလိုက်ခြင်း ဖြစ်သည်။ စာပေဆုအမည် ရည်ရွယ်ချက် အယ်ဒီတာအဖွဲ့ (Editors) စီမံအဖွဲ့ (Managers) ထိုစာရင်းကို မကြာမီထုတ်ပြန်ရန်ရှိပါသည်။ အဖွဲ့သားတွေ တတိယအကြိမ်တွေ့ဆုံအပြီးတွင် ထုတ်ပြန်နိုင်ပါ လိမ့်မည်။ အကြမ်းဖျင်း ပြောနိုင်သည်မှာ တစ်နှစ်လျှင် ဆုနှစ်ကြိမ်ပေးမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွက် ဇွန်လတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် ဆုပေးနိုင်ရန် စီစဉ်နေကြသည်။ မျိုးဆက်သစ်ရွက်ပုန်းသီး စာပေဝါသနာရှင် လူငယ်များပေါ်ထွက်ရေးနှင့် ရသစာပေထွန်းကားရေးအတွက် ကျွန်တော်တို့ တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ဖော်ထုတ်လိုပါသည်။

ဖေတော့မောင်တော့တွေ အဘယ်ကြောင့် ခေတ်စားလွှမ်းမိုးနေရသနည်းဆိုခြင်းကို ပြန်လည် ဆန်းစစ် ကြည့်လိုက်လျှင် ရသတန်ဖိုးတွေပျောက်နေသောကြောင့်ဟု မြင်ပါသည်။ သုတစာပေက အသိပညာကိုပေးသည်။ ရသစာပေက ခံစားမှုကို ပေးနိုင်ပါသည်။ သမိုင်းစာအုပ်တစ်အုပ်တွင် မည်သည့်နှစ်က ဘာတွေဖြစ်ခဲ့သည်ဆိုသော အချက်အလက် (Facts) တွေကို မှတ်တမ်းတင်နိုင်သည်။ ရသစာပေသည် ထိုခေတ်ပြည်သူတွေ၏ ကြောက်ရွံမှု၊ နာကျင်မှု၊ ရုန်းကန်ရမှုများကို မှတ်တမ်းတင်ပေးနိုင် သည်။

ရသစာပေ၏ အနှစ်သာရသည် တိုက်ရိုက်မပေးဘဲ စာဖတ်သူကို စဉ်းစားခိုင်းသည့်သဘောတွေပါသည်။ အထူးသဖြင့် ရေးချင်တိုင်းရေးမရသည့်ခေတ်ကာလများတွင် ရသစာပေက တွေးနိုင်အောင်လုပ်ပေးသွားနိုင် သည်။ မွန်းကျပ်နေသည့် ခေတ်ကြီးတွင် လူတွေက သူတို့ရင်တွင်ခံစားချက်များအတွက် ထွက်ပေါက်အမျိုးမျိုး ရှာကြသည်။

ကျွန်တော်တို့က လူငယ်တွေကို စာပေထွက်ပေါက်အဖြစ် တံခါးတစ်ချပ်ဟပေးလိုသည့်သဘော ဖြစ်ပါသည်။ ရုရှားစာရေးဆရာကြီး Maxim Gorky က “Science is the intellect of the world, and literature is its heart.” ဟူ၍ဆိုခဲ့ပါသည်။ “သိပ္ပံသည် ကမ္ဘာ့အသိဉာဏ်ဖြစ်ပြီး၊ စာပေသည် နှလုံးသားဖြစ်သည်” ဟူ၍တင်စားခဲ့ပါသည်။ “Knowledge provides information, but aesthetic literature provides humanity.” ဆိုသည့် စကားလေး တစ်ခွန်းလည်း ရှိပါသည်။

“အချက်အလက်များက လူကိုသိအောင်လုပ်ပေးသော်လည်း ရသစာပေက လူကို လူသားဖြစ်အောင် လုပ်ပေး နိုင်သည်” ဟူ၍ ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့လူငယ်တွေကို နှလုံးသားနှင့်ခံစားတတ်အောင် တစ်ဖက်တစ်လမ်းမှ ကူညီချင်ပါသည်။ “ရသမီးအိမ်” ဆိုသည်မှာ ကျွန်တော်တို့ အကြမ်းဖျင်းလျာထားသည့် ဆုအမည်ဖြစ်ပါသည်။

တင်ညွန့် ၃၁.၁၂.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *