ဖြတ်နိုင်အောင်ကြိုးစားခဲ့သူ
ကိုလှမြတ်နေမကောင်းဘူးဟူ၍ သတင်းကြားသဖြင့် ကျွန်တော် လူမမာမေးရောက်လာသည်။ ကိုလှမြတ်နှင့်ကျွန်တော် ရန်ကုန်ရောက်မှသိကြခြင်းဖြစ်သည်။ သူက စာပေနယ်ကတော့မဟုတ်။ စာပေတော့ ဝါသနာပါသည်။ သူ့အလုပ်အကိုင်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး သူနှင့်ကျွန်တော် လုပ်ငန်းတစ်ခုအတွက် စာချုပ်များ ပြုလုပ်ရာမှ စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ သူနှင့်ကျွန်တော် မတွေ့တာ ၅ နှစ်ခန့်ရှိပြီဖြစ်သည်။ မကြာသေးမီက မြို့ထဲတွင် ကိုလှမြတ်၏ သူငယ်ချင်း တစ်ဦးဖြစ်သူ ရှေ့နေကြီး ဦးခင်သောင်းနှင့်တွေ့မှ သူနေမကောင်းကြောင်း သိလိုက်ရသဖြင့် သူနေထိုင်ရာ တာမွေမြို့နယ်ကို ကျွန်တော်ရောက်လာသည်။ ကိုလှမြတ်သည် နေမကောင်းဟုဆိုသော်လည်း အိပ်ရာထဲလဲနေခြင်းမဟုတ်ပေ။
သူက သတိမကောင်းခြင်းသာ ဖြစ်သည်။ ကျွန်တော့်ကို လုံးဝမမှတ်မိ။ “ကိုလှမြတ် ကျွန်တော့်ကိုသိလား” “တရားရုံးက စာရေးကြီး မဟုတ်လား” သူက ကျွန်တော့်ကို သူ့ရုံးကလူဟူ၍မှတ်နေသည်။ “ထမင်းစားပြီးပြီလား” သူက အနီးတွင်ထိုင်နေသော သမီးချွေးမဖြစ်သူကို “ဟဲ့ ငါ့ကိုထမင်းကျွေးဦးလေ” ဟု ပြောလိုက်သည်။ “အဲဒါပဲဆရာ … ခုလေးပဲထမင်းကျွေးပြီးတာ။ သူဘာကိုမှမမှတ်မိတော့ဘူး” ဟု သူချွေးမကပြောသည်။ ကျွန်တော်က သူ့အတွက် ဝယ်သွားသော ပန်းသီးကို လက်ညှိုးထိုးပြပြီး “ပန်းသီးစားမလား” ဟုမေးလိုက်သည်။ “တစ်လုံးငါးကျပ်မဟုတ်လား ဈေးအရမ်းကြီးတယ် မစားနိုင်ဘူး” ဟု သူကဖြေသည်။ ကျွန်တော်စိတ်မကောင်းရုံကလွဲပြီး ဘာမျှမတတ်နိုင်။ ကျွန်တော်က ပြန်ရန်ပြင်လိုက်ပြီး “ကိုလှမြတ် ပြန်ဦးမယ်” “ခင်ဗျား ကျွန်တော့်အကြွေး ၅ ကျပ် မပေးရသေးဘူးနော်” ဟု သူကပြန်ပြောသည်။ ကျွန်တော်က အိတ်ထဲက တစ်ထောင်တန်တစ်ရွက်ထုတ်လိုက်ပြီး “ရော့ဗျာ” ဟု ပေးလိုက်ရာ သူက သေချာစွာယူကြည့်ပြီး “အမေရိကန်ဒေါ်လာတွေက တရားမဝင်ဘူးနော် မကိုင်နဲ့” ဟု သူကပြောသည်။
ကျွန်တော်သူ့ကိုနှုတ်ဆက်ပြီး အခန်းအပြင်ကိုထွက်လာသည်။ ကိုလှမြတ်၏သားဖြစ်သူ မောင်မောင်သွင်က အပြင်တွင်စောင့်နေသည်။ “ဦးကို ကျွန်တော်လိုက်ပို့မယ်” “ရပါတယ်ကွ … ငါသွားတတ်ပါတယ်” “ကျွန်တော် ဦးနဲ့စကားပြောစရာရှိလို့ပါ” “ဪ လိုက်ခဲ့လေ” ကျွန်တော်တို့ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အတူတူထိုင်ကြသည်။ “ဦးကို တစ်ခုလောက် မေးစရာရှိလို့” “ဘာများလဲကွ” “သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့ ဂေဟာကို ဦးသိလား မသိဘူး” “ဘာဖြစ်လို့လဲကွ” “အဖေ့ကို အဲဒီကို ပို့ထားချင်လို့” “ဘိုးဘွားရိပ်သာဆိုတာက ဆွေမျိုးသားချင်းလည်းမရှိ၊ ခိုကိုးရာမဲ့သူတွေကိုပဲ လက်ခံတာကွ။ သားသမီးတွေ ရှိနေတာကို လက်မခံဘူး” “ဟိုလေ ဦးရယ် … သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်တဲ့ဂေဟာမျိုးပြောတာပါ။ ပိုက်ဆံပေးဆိုလည်း ပေးပါ့မယ်” “အဲဒါမျိုးရှိတော့ ရှိတယ်ကွ။ ဒါပေမယ့် တစ်လပေးရတဲ့စရိတ်က ကြီးတယ်။
တစ်လ ငါးသိန်းလောက်ယူတယ်” “ငါးသိန်းလည်း ငါးသိန်းပေါ့ဦးရယ်။ ပေးနိုင်ပါတယ်။ အဖေ့ကို အဲဒီပို့ထားမှဖြစ်တော့မယ်” “မင်းကွယ် ကိုလှမြတ်က အဲဒီလောက်ဆိုးနေလို့လား” “ဆိုးတယ်ဦးရယ်။ သတိလုံးဝကပို မကောင်းတော့တာ။ တစ်ခါတလေ ပုဆိုးမပါဘဲ အပြင်ထွက်ချင် ထွက်လာတာ။ ကြာတော့ သူ့ကို ပြုစုရတာ ကျွန်တော့်မိန်းမလည်း စိတ်မရှည်တော့ဘူး။ အဲဒါကြောင့် အဲဒီလို စောင့်ရှောက်တဲ့ ဂေဟာတစ်ခုခုကို ပို့ထားချင်တာ” “ဒီလိုလုပ်ပါလားကွာ။ အမျိုးသားသူနာပြုတစ်ယောက်လောက် ငှားထားပါလား။ အချိန်ပိုင်းနဲ့ပေါ့။ မင်းတို့ လင်မယားနှစ်ယောက်စလုံးဆုံတဲ့ ညနေပိုင်းမှာ မငှားနဲ့ပေါ့။ နေ့ခင်းပိုင်းလောက်ထိန်းထားဖို့ဆိုရင် ဘယ်လို နေမလဲ။ အဲဒါဆိုရင် စရိတ်လည်း သက်သာမယ်လေ” ထိုစဉ် ဦးခင်သောင်းက လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်လိုက်သည်ကို တွေ့သဖြင့် “ဦးခင်သောင်း ကျွန်တော်တို့ဒီမှာ” ဟု သူ့ကိုလှမ်းခေါ်လိုက်သည်။
ဦးခင်သောင်းက ဆိုင်ထဲကို ဝင်လာပြီး “ခင်ဗျားလာသွားတယ်ပြောလို့ လိုက်လာတာ” “ဟုတ်တယ် မောင်မောင်သွင်လိုက်ပို့ရင်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားပြောနေကြတာ” “မောင်မောင်သွင်ရေ မင်းအဖေက ငါ့ကိုမှတ်မိတယ်ဟေ့” “သူမှတ်မိချင်လည်း မှတ်မိတယ်ဦးရယ်” “ဦးခင်သောင်းရေ မောင်မောင်သွင်က သူ့အဖေကို စောင့်ရှောက်ရေး ဂေဟာတစ်ခုခုကို ပို့ချင်လို့တဲ့ဗျာ။ ကျွန်တော်က အိမ်မှာ အမျိုးသားသူနာပြုကို အချိန်ပိုင်းနဲ့ခေါ်ထိန်းခိုင်းဖို့ပြောနေရတာ” “ဘာကွ မောင်မောင်သွင် … မင်းအဖေကို ဂေဟာပို့မယ် ဟုတ်လား” “ဟုတ်တယ်ဦးရေ … အိမ်မှာက မနိုင်တော့ဘူး” “မောင်မောင်သွင်ရယ် ရက်စက်လှချေလား။ မင်းအမေဆုံးတော့ မင်းက ငယ်ငယ်လေးပဲရှိသေးတာ။ မင်း အဖေက မင်းကို အလုပ်တစ်ဖက်နဲ့ ထိန်းလာရတာလေကွာ။ ငါတို့က သူ့ကို နောက်အိမ်ထောင်ပြုဖို့ ပြောတော့ လည်း သူ့သားကို မိထွေးနဲ့ မထားပါရစေနဲ့ဆိုပြီး သူကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့တာကွ။ မင်းခုလိုလုပ်ငန်း ကိုင်ငန်း အခြေတကျဖြစ်အောင်လည်း သူ့ရှိတာအကုန်ပေးပြီး ထူထောင်ပေးခဲ့တာမဟုတ်လား။
ဒီလိုအဖေ မျိုးကို မင်းမို့လို့ဂေဟာပို့မယ်လို့ ပြောရက်လိုက်တာ” မောင်မောင်သွင် ငြိမ်နေသည်။ ဦးခင်သောင်းက ဆက်ပြေသည်။ “ခုမင်းတို့နေတဲ့အိမ်ကိုလည်း မောင်နှမတွေနဲ့ အတိုက်အခံလုပ်ပြီး ငွေအမ်းပြီးအပိုင်လုပ်ခဲ့တာ။ သူ့ဘိုးဘွားပိုင် အိမ်လေးဆိုပြီး သူအလွန်မြတ်နိုးတာ။ ဒီအိမ်ကနေ မင်းသူ့ကို ထွက်အောင်လုပ်တာဟာ သူ့ကို စိတ်ဒုက္ခပေး တာနဲ့ အတူတူပဲကွယ်။ ငါတော့သဘောမတူနိုင်ဘူး” ကျွန်တော်လည်း စကားဆက်မပြောချင်သဖြင့် လက်ဖက်ရည်ဆိုင်မှထခဲ့သည်။ “လာဗျာ ကျွန်တော့်ကားနဲ့လိုက်ခဲ့။ ခင်ဗျားကို မြို့ထဲအထိပြန်ပို့ပေးမယ်” ကျွန်တော့်ကို ဦးခင်သောင်းက မြို့ထဲပန်းဆိုးတန်းအထိ လိုက်ပို့ပေးသည်။ “ဒီခေတ်ကလေးတွေက ခက်တယ်ဗျာ။ မိဘတွေကို စောင့်ရှောက်ဖို့ဆိုတာထက် ဘယ်လိုဖယ်ထုတ်ရမလဲ ဆိုတာပဲစဉ်းစားနေကြတာ” “သားသမီးတိုင်းတော့ ဟုတ်မယ်မထင်ပါဘူး ဦးခင်သောင်းရယ်” နောက်သုံးရက်ခန့်အကြာတွင် ဦးခင်သောင်းက ကျွန်တော့်ဆီကို ဖုန်းဆက်သည်။ “ကိုလှမြတ် ပျောက်သွားပြီ” “ဟင် ဘယ်လိုဖြစ်တာလဲ” “ညကထွက်သွားတာတဲ့။ ခုလိုက်ရှာနေတယ်။
ရဲစခန်းကိုလည်း လူပျောက်တိုင်ထားတယ်” “ဟာဗျာ ဖြစ်ရလေ … စိတ်မကောင်းလိုက်တာ” “ဒါပေမဲ့ ကိုလှမြတ် ဘယ်မှာရှိနေမယ်ဆိုတာ ကျွန်တော်သိတယ်” “ဟုတ်လား ခင်ဗျား သိရင်လည်း သားသမီးတွေကို ပြောလိုက်ရောပေါ့” “ကျွန်တော် တစ်နေ့နေ့တော့ပြောမှာပါ” “ခုပြောတော့ ဘာဖြစ်လို့လဲဗျ။ စိတ်ပူနေရော့မယ်” “ကိုလှမြတ် မထွက်သွားခင် ကျွန်တော့်ဆီဖုန်းဆက်သွားတယ်။ သူငယ်ချင်း ငါသွားတော့မယ်တဲ့” “သူဘယ်ကိုသွားတာလဲ” “ကျွန်တော်ပြောလို့မရဘူး။ ကျွန်တော်ပြောနိုင်တာတစ်ခုက ကိုလှမြတ်သတိမမေ့ဘူးဆိုတာပဲ” “ကျွန်တော်နားမလည်ဘူး ဦးခင်သောင်း” “သူက တကယ်ပြောရရင် ရူးချင်ယောင်ဆောင်လိုက်တာဗျ။ သူရူးသွားရင် သားသမီးတွေက ဘယ်လို တုံ့ပြန်မလဲဆိုတာ သိချင်လို့တဲ့။ အဲဒါ ကျွန်တော့်ကိုလည်း သူထွက်သွားခါနီးမှ ပြောသွားတာ” “ဟုတ်လား” “သူက လောကအကြောင်း ကောင်းကောင်း သိပါပြီတဲ့။
သူကပြတ်နိုင်အောင် ဖြတ်ချင်နေတာ။ နောက်ဆုံးမှာ သူဖြတ်နိုင်လိုက်ပြီတဲ့” “ဘာကြောင့်များလဲဗျာ” “သူ့ကို သားက ဂေဟာတစ်ခုခုကို ပို့တော့မယ်ဆိုတာ သိသွားလို့။ တကယ်တော့ သူက အားလုံး ပြင်ဆင်ပြီးသားပါ။ အထွက်ခက်နေတာ။ ခုတော့ စိတ်ဖြောင့်ဖြောင့် ထွက်နိုင်ပြီဆိုပြီး ထွက်သွားတာ” “အေးဗျာ သူတို့မိသားစုကိစ္စဆိုတော့လည်း ကျွန်တော်တို့ ဘယ်လိုပြောမလဲနော်” “သူနဲ့ကျွန်တော်နဲ့က ငယ်သူငယ်ချင်းတွေပါဗျာ။ အကြောင်းသိတွေပါ။ သူလုပ်သင့် လုပ်ထိုက်တာတွေကို လုပ်သွားတာပါပဲ” “ကောင်းပါတယ်ဗျာ။ ကျွန်တော်တော့ အဲဒီလိုဖြတ်နိုင်တာကို သဘောကျတယ်” “ကျွန်တော်တို့လည်း သင်ခန်းစာယူသင့်တယ်နော်” “အမှန်ပေါ့ဗျာ”
တင်ညွန့် ၁၃.၁၂.၂၀၂၅





