ခေတ်သစ်ကူးစက်ရောဂါဘေး

ခေတ်သစ်ကူးစက်ရောဂါဘေး

သီတင်းကျွတ်ပိတ်ရက်တွင် မောင်ကျော်စွာတစ်ယောက် ကျွန်တော့်အိမ်တွင်သာ အချိန်ဖြုန်းနေသည်။ “မောင်ကျော်စွာ သူများတွေလို လျှောက်မလည်ဘူးလားကွာ” “ဆရာရယ် လည်တယ်ဆိုတာ ပိုက်ဆံရှိမှပါ။ ပိုက်ဆံလည်း မရှိဘူး၊ လည်ချင်တဲ့စိတ်လည်း မရှိပါဘူး” “ဘာဖြစ်လို့လဲကွ” “ဘာမှမဖြစ်ပါဘူး။ ဆရာ့အိမ်မှာနေတာ နားအေးလို့ပါ။ ကိုယ်ဖတ်ချင်တာဖတ်လို့ရတယ်။ အိမ်နားမှာက အသံမစဲ ပဋ္ဌာန်းပွဲတဲ့ဆရာ” “အေး … အေး … စိတ်ချမ်းသာသလိုသာနေပေတော့။ ငါစာရေးနေချိန်တော့ စကားလာမပြောနဲ့ပေါ့” “ခုပြောလို့ရပြီလားဆရာ” “နားချိန်လေကွာ ရပါတယ်” “ဆရာ့ကို ဒီ ဗီဒီယိုဖိုင်ပြချင်လို့ Save လုပ်ထားတာ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကြည့်ပါဦးဆရာ” “ဘာများလဲကွ” ကျွန်တော်က ပုံကိုမြင်လိုက်ကတည်းက “မောင်ကျော်စွာ ငါ့ကို ပြစရာမလိုဘူး။ အဲဒီအကြောင်းအရာတွေကို စိတ်ကိုမဝင်စားဘူး” “ဘာဖြစ်လို့လဲဆရာ … ဒါနိုင်ငံရေးပဲဟာ” “တခြားနိုင်ငံရေး ငါစိတ်ဝင်စားတယ်ကွ … အဲဒီနိုင်ငံရေးကို စိတ်ကိုမဝင်စားတာ။ အေးအေးပဲ နေပါရစေကွာ” “ဆရာနည်းနည်းလောက် နားထောင်ကြည့်သင့်တယ်” “မောင်ကျော်စွာ … ပလေတိုပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်ကွ။ မမှန်တာတွေပြောနေတဲ့စကားတွေဟာ ပြောသူကိုယ်တိုင်ကို မကောင်းစေရုံမက သူများကိုပါ ကူးစက်တတ်တယ်တဲ့။ လူတွေမှာ ရောဂါမှ ကူးစက်တာ မဟုတ်ဘူးကွ။

မကောင်းတဲ့ စိတ်ဆိုး စိတ်ပုပ် စိတ်ယုတ်တွေနဲ့ပြောနေတဲ့ စကားတွေဟာ အပုပ်နံ့တွေလိုပဲ တခြားသူတွေကိုပါ ကူးစက်နံဟောင်စေတယ်လို့ပြောတာ။ မင်းကို ပြောထားမယ်။ လူတစ်ယောက်ဟာ အကျင့်မကောင်းဘူးလို့ မင်းသတ်မှတ်ထားရင်၊ တကယ်လည်း မကောင်းတဲ့အကျင့်ရှိနေသူဖြစ်ရင် သူ့ပြောတာကို နားထောင်ဖို့နေနေသာ သူ့မျက်ခွက်ကို တွေ့တာနဲ့ ကျော်ပစ်လိုက်နိုင်တဲ့ စိတ်ဓာတ်မျိုး ထားနိုင်ရမယ်။ ဒါမှ မင်းကို မကောင်းတဲ့စိတ်တွေ ကူးစက်မလာမှာ” “လိမ်တာတော့ လိမ်နေတာပဲဆရာ … ရုပ်တည်ကြီးနဲ့ကို လိမ်ပြောနေတာ သူမို့လို့မရှက်တာ” “မောင်ကျော်စွာ မင်းမှာ ကူးစက်ခံထားရပြီ” “ဘာဖြစ်လို့လဲဆ ရာ” “သူ့အပြောတွေ မင်းမှာသက်ရောက်နေပြီလေ … ဒါကြောင့် စကတည်းက အဲဒီလိုလူတွေ ပြောတဲ့စကား တွေကို နားမထောင်သင့်ဘူးလို့ပြောတာပေါ့။

အကျိုးရှိအောင် တန်ဖိုးရှိတဲ့လူတွေရဲ့ ပြောစကားတွေကိုပဲ နားထောင်ပါကွာ။ YouTube ပေါ်မှာ အများကြီးပါ” “ဆရာ့ကို မေးတော့ မေးရဦးမယ်ဆရာရေ … မှားမှန်းသိသိနဲ့ အမှားတွေကိုချည်း ထပ်တလဲလဲ ပြောနေတာ တွေဟာ ဆရာတစ်ခါက ပြောဖူးတဲ့ အမှားကြာ အမှန်ဖြစ်အောင်များ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြသလား မသိဘူးနော်” “ဟစ်တလာကိုယ်တိုင်က သူ့ရဲ့ ဝါဒဖြန့်ချိရေးဝန်ကြီး ဂျိုးဇက် ဂိုဘယ်လ်နဲ့ အဲဒီသဘောတရားအခြေခံပြီး ဝါဒဖြန့်ချိရေး နည်းဗျူဟာကို ဒုတိယကမ္ဘာစစ်ကာလကတည်းက အသုံးပြုခဲ့ကြတာပဲ။ ဂိုဘယ်လ်နဲ့ နာဇီတွေ အသုံးပြုခဲ့ကြတဲ့ နည်းဗျူဟာကို ကြီးမားသောလိမ်လည်မှု … The Big Lie လို့ခေါ်တယ်ကွ။ သူတို့ ဦးတည်ချက်က ဘာလဲဆိုတော့ လိမ်ညာမှုတစ်ခုဟာ ဘယ်လောက်ပဲ မယုံနိုင်စရာဖြစ်နေပါစေ လူတွေကို မဆုတ်မနစ် ထပ်ကာထပ်ကာသာပြောနေမယ်ဆိုရင် အများစုဟာ နောက်ဆုံးမှာ လက်ခံလာရမယ်ဆိုတဲ့ သဘောပဲ။

လူတွေဟာ သေးတဲ့လိမ်ညာမှုတွေကို သံသယဝင်ပေမယ့် ကြီးမားတဲ့ လိမ်ညာမှုတွေကိုတော့ စစ်မှန်တယ်လို့ ယူဆကြတဲ့သဘောပေါ့။ ခုတောင် မင်းနားထဲကို ဝင်နေပြီလေ” “ကျွန်တော်က ယုံလို့ပြောနေတာမှ မဟုတ်တာဆရာရယ်။ မယုံလို့ပြောနေတာပါ။ ဆရာ့ကို တစ်ခုလောက် မေးပါရစေ” “ဘာများလဲကွ” “အမှားဟာ အမှန်ဖြစ်နိုင်သလားဆရာ … အမှားဟာ အမှားပဲ မဟုတ်လား” “အေး မင်းတို့လိုလူငယ်တွေမှာ ဒီလိုအတွေးအမြင်တွေရှိတာ မဆိုးဘူးကွ။ အမှားဟာ အမှားပဲကွ … အမှန် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဥပမာကွာ ၂ + ၂ = ၅ လို့ လူ တစ်သန်းကပြောနေပါစေ ၂ + ၂ = ၄ ဆိုတဲ့ စစ်မှန်တဲ့ အမှန်တရားကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။

မမှန်ကန်တဲ့လုပ်ရပ်တစ်ခု၊ မကောင်းတဲ့ လုပ်ရပ် တစ်ခုဟာ အများစုရဲ့ ထောက်ခံမှု ရနေပါစေ သူ့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာတန်ဖိုး Moral Value ကတော့ အမှားပဲကွ” “ဆရာရယ် ပညာမဲ့တွေကိုပဲ လိမ်လို့ရမှာပါ … ပညာဉာဏ်ရှိတဲ့သူတွေကို လိမ်လို့ မရနိုင်ပါဘူး” “မင်းကို ငါ မကြာခဏပြောပါတယ်။ ပညာဆိုတာ အတန်းနဲ့ ဘွဲ့နဲ့ မဆိုင်ဘူးဆိုတာ။ ပညာဆိုတာ Knowledge ဆိုတာနဲ့ Wisdom ကွဲပြားခြားနားသေးတယ်။ စာတွေကို မှတ်မိတာ Knowledge ပဲကွ။ တစ်နည်းပြောရရင် Data တွေကို မှတ်မိခြင်းပဲ။ Wisdom ဆိုတာကမှ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း၊ မူလအရင်းအမြစ်ကို စစ်ဆေးနိုင်စွမ်း၊ မှန်ကန်တဲ့ ကောက်ချက်ချနိုင်စွမ်းတွေရှိတာ” “ဒီခေတ်မှာတော့ ဒေတာတွေကများနေပြီး ဆင်ခြင်ဉာဏ်ကနည်းမယ်ထင်ပါတယ်ဆရာ” “အဲဒါကြောင့် စာဖတ်ပါလို့ မင်းကို ခဏ ခဏပြောနေရတာပေါ့။

အတန်းပညာလောက်နဲ့ ကျေနပ်မနေနဲ့လေ။ ဒီခေတ်မှာက သတင်းအတု Fake News တွေ ဆိုရှယ်မီဒီယာမှာ များမှများပဲ။ ပညာတတ်သူတွေတောင်မှ ခေါင်းစဉ်လောက်ဖတ်ပြီးရင် သတင်းရင်းမြစ်ကို မစစ်ဆေးလို့ကတော့ … စစ်ဆေးဖို့ ပျင်းလို့ကတော့ အလိမ် ခံလိုက်ရမှာ ကျိန်းသေပဲ။ အလိမ်ခံရတယ်ဆိုတာ ပညာမရှိတာထက် ဆင်ခြင်စဉ်းစားဉာဏ်ကို အသုံးပြုဖို့ ပျင်းနေတဲ့သူတွေပဲ ခံရတာလို့ပြောနိုင်တယ်။ ဒါကြောင့် မြင်လိုက်ကတည်းက မယုံကြည်ရလောက်ဘူး … လိမ်နေ ညာနေတဲ့ သူတွေလို့ မင်းစိတ်ထဲမှာ လက်ခံထားရင် သူတို့ပြောတာတွေ နားကိုမထောင်နဲ့ … ကြည့်လည်း မကြည့်နဲ့ … ဖတ်လည်း မဖတ်နဲ့ကွာ။ မင်းဆီကို သူတို့မကောင်းတဲ့စိတ်တွေ ကူးစက်လိမ့်မယ်” “ကောင်းပါပြီဆရာရေ … နောက်ဆိုဆင်ခြင်ပါ့မယ်”

တင်ညွန့် ၁၀.၁၀.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *