အိမ်တွင်းစစ်

အိမ်တွင်းစစ်

“ဟဲ့ … တင်မလတ် … ရေတစ်ခွက်ခပ်ခဲ့စမ်း” ဒေါ်လှကြင်က နောက်တစ်ကြိမ် ထပ်အော်သည်။ “ဟဲ့ ခေါ်နေတာ မကြားဘူးလား … ဘယ်မှာသွားသေနေသလဲ။ ဒီမှာ ထမင်းနင်နေလို့ ရေတစ်ခွက်ခပ်ခဲ့လို့ ပြောနေတယ်လေ” ဒေါ်လှကြင်က ထမင်းဝိုင်းတွင် ထမင်းစားနေရာမှ အော်နေခြင်းဖြစ်သည်။ သူက စိတ်မရှည်နိုင်တော့သဖြင့် ထမင်းခပ်ဇွန်းကြီးနှင့် စားပွဲကို ခေါက်လိုက်သည်။ “ဒေါက် … ဒေါက် … ဒေါက်” “အမေ … လာပြီ … လာပြီ” မီးဖိုခန်းထဲမှ တင်မလတ်ကပြေးထွက်လာသည်။ “ငါခေါ်နေတာ ဘယ်လောက်ကြာနေပြီလဲ … မကြားဘူးလား” “ကြားတယ် … ဟိုမှာ ငါးဖယ်တွေကြော်လက်စနဲ့ တူးကုန်မှာစိုးလို့” “အေး ကြားရင် ဘာဖြစ်လို့ ချက်ချင်းပြေးမလာသလဲ … ဒီမှာထမင်းနင်နေလို့ဟာ … သွား မြန်မြန် ရေသွားခပ်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

တကတဲ ရေလေးတစ်ခါခပ်ခိုင်းဖို့ဟာကို လူကြားလိုက်တာ” တင်မလတ်က သောက်ရေအိုးစဉ်မှ ရေခပ်ပေးလိုက်ပြီး “လူကြားအောင် အမေကအော်နေတာလေ။ သမီးမှာ မနက်ကတည်းက တစ်ချက်မှ နားရသေးတာမဟုတ်ဘူး။ ထမင်းစားခန်းနဲ့မီးဖိုချောင် အမေအဲဒီလောက်အော်ပြောနေစရာလည်း မလိုပါဘူး” “အလိုတော် … ကြည့်စမ်း … ကြည့်စမ်း … ညည်းကငါ့ကို ခံပြောနေတာလား … အမလေး မောင်ကျော် … မောင်ကျော် ဘယ်မှာလဲ … ဒီမှာကြည့်စမ်းပါဦး … မင်းမိန်းမက ငါ့ကို ခံပြောနေလိုက်တာများ။ ကောင်းကြ သေးရဲလား” သားဖြစ်သူ မောင်ကျော် အိပ်ခန်းထဲက ထွက်လာသည် “မောင်ကျော် ကြည့်စမ်း မင်းမိန်းမ ငါ့ကို ခံပြောနေလိုက်တာများ။ အဲဒါမင်းမိန်းမကို အလိုလိုက်လို့ ဖြစ်ရတာ။ မင်းသာ အလိုမလိုက်ခဲ့ရင် ယောက္ခမကို ပြန်ပြောရဲမှာ မဟုတ်ဘူး” မောင်ကျော်က သူ့ဇနီးကို “မလတ် သွားတော့ … အမေ့ကို တောင်းပန်ပြီး အခန်းထဲဝင်နေတော့” ဟု ပြောလိုက်သည်။ တင်မလတ်က အခန်းထဲကိုမဝင် “ဘာ ကျွန်မက အခန်းထဲဝင်ရမယ် ဟုတ်လား။ ကျွန်မ ဘာဖြစ်လို့ အခန်းထဲဝင်ရမှာလဲ။

မီးဖိုချောင်ထဲမှာ လုပ်လက်စမပြတ်လို့ ရှင့်အမေကို ကျွန်မချက်ချင်း ရေထွက်ခပ်မပေးနိုင်တာ မှားသလား။ ဒီမှာ ချွေးမကို ခွေးနိုင် သလို နိုင်ရမယ်ဆိုတဲ့ ခေတ်မရှိဘူး။ ဘယ်သူမှားသလဲ။ ရှင့်အမေကို ရှင်ပြောရဲတဲ့ သတ္တိမရှိဘူး မဟုတ်လား” “မလတ် မဟုတ်သေးဘူး … အစ်ကိုကြီးလည်း အမေ့ကို ခံပြောလို့ အိမ်ပေါ်ကနေ နှင်ချတာ ခံလိုက်ရတယ်။ ငါတို့လည်း နှင်ချခံရရင် ဘယ်လိုလုပ်မလဲ။ အစ်ကိုကြီးတို့ လင်မယားဆိုရင် ခုထိနေစရာကောင်းကောင်း မရှိဘူး။ ဟိုပြေး သည်ပြေးနဲ့ ဒုက္ခရောက်နေရတာ” “ဪ ရှင်က အိမ်ပေါ်က နှင်ချတာ ခံရမှာကြောက်လို့ ရှင့်အမေက ဘာပြောပြော ငုံ့ခံ … တောင်းပန်ပေါ့ ဟုတ်လား။ သဘာဝမကျလိုက်တာရှင်။ ကျွန်မက မှားရင်တောင်းပန်ဖို့ ဝန်မလေးဘူး။ ကျွန်မ မမှားဘဲနဲ့ ယောက္ခမမျက်နှာကြည့်ပြီး နေရမှာမျိုး မလုပ်ချင်ဘူး” “ဟေ့ ဒီမှာ … ငါ့အိမ်မှာနေရင် ငါ့မျက်နှာ ကြည့်နေရမှာပဲ” ထိုအချိန်အထိ ထမင်းဝိုင်းထိပ်တွင် သတင်းစာဖတ်နေသည့် ယောက္ခထီးကြီးက တစ်လုံးမျှဝင်ပြောခြင်းမရှိ။ တင်မလတ်က သူ့ယောက္ခထီးကြီးကို “အဖေ … ကျွန်မ မှားသလား။

ဒီအိမ်မှာနေရင် ကျွန်မက ကျွန်မယောက်ျားမျက်နှာကို ကြည့်နေရမှာလား … ယောက္ခမမျက်နှာကို ကြည့်နေရမှာလား” အဘိုးကြီးက သတင်းစာကို ခေါက်လိုက်ပြီး “သမီးရေ … အဖေလည်း တစ်သက်လုံး သူ့မျက်နှာကို ကြည့်နေရတာပါကွယ်” ဟု ပြောကာ ထသွားသည်။ မောင်ကျော်က သူ့မိန်းမလက်ကိုဆွဲပြီး အခန်းထဲ ခေါ်သွားသည်။ တံခါးကိုပိတ်လိုက်ပြီး “အမေက ဘယ်လိုမျိုးလဲဆိုတာ မင်းလည်း သိသားနဲ့ကွာ။ တောင်းပန်လိုက်ရင် ပြီးသွားတာပဲ မဟုတ်လား” “ကျွန်မ မတောင်းပန်နိုင်ဘူး။ အိမ်မှာ နေရတာ စစ်မြေပြင်ကို ရောက်နေသလိုပဲ။ နေ့တိုင်း တစ်ခုခုဖြစ်မလား ဆိုပြီး ရင်ထိတ်နေရတယ်။ ကျွန်မတော့ ဒီလိုအဖြစ်မျိုးကနေ လွတ်ချင်ပြီ။ ကိုယ့်အိုး ကိုယ့်အိမ်နဲ့နေချင် နေပြီ။ ကျွန်မ ဘာမှားသလဲ။ မိုးလင်းမိုးချုပ် ရှင့်မိဘတွေကိစ္စနဲ့ပဲ အချိန်ကုန်နေရတာ။ တစ်ချက်မှလည်း အကောင်း အပြောမခံရဘူး” “မလတ်ရယ် အမေက ချွေးမတွေကို နှိမ်ချင်တဲ့သဘောရှိနေတာ သိသားနဲ့။

အပြစ်ယူမနေစမ်းပါနဲ့” “အဲဒါကို မကြိုက်တာ။ ယောက္ခမက ချွေးမကို ဘာဖြစ်လို့ နှိမ်ရမှာလဲ။ ကျွန်မတို့က ဘာများ ထောင်လွှား နေလို့လဲ” “တော်ပါကွာ … အမေမှားမှန်း ငါသိပါတယ်။ ဘာဖြစ်လို့ ကြီးကြီးကျယ်ကျယ် လုပ်နေရတာလဲ” “ကြီးကျယ်တာ မဟုတ်ဘူး … ခြိမ်းခြောက်ခံနေရတာ” “တော်ပါတော့ ငါတောင်းပန်ပါတယ်” တင်မလတ်က အခန်းအပြင်ကို ပြန်ထွက်သွားသည်။ မီးဖိုချောင်ထဲတွင် သူလုပ်စရာရှိသည်တို့ကို လုပ်နေသည်။ အိမ်ကြီးရှင်မ ဒေါ်လှကြင်ကတော့ အိမ်ရှေ့ဧည့်ခန်းတွင် ထွက်ထိုင်နေသည်။ မည်သူ့ကိုမျှလည်း စကားမပြော။ သူ့ယောက်ျားကိုပင် တစ်ချက်မကြည့်။ သူ့ယောက်ျား ကျောင်းဆရာအငြိမ်းစားကလည်း ခပ်အေးအေး သမား ဖြစ်ရာ အပြင်ကိုထွက်သွားသည်။ ညနေမိုးချုပ်ပြီ။ တင်မလတ်သည် အဝတ်တွေကို အဝတ်လျှော်စက်ထဲထည့်ပြီး ရေချိုးသည်။ ယောက္ခထီးကြီး အပြင်က ပြန်လာသဖြင့် “အဖေ ထမင်းစားတော့မလား” ဟုမေးလိုက်သည်။

“အေးကွယ် အဖေ ခြေလက်ဆေးပြီးတော့ စားတာပေါ့” တင်မလတ်က ထမင်းဝိုင်းပြင်သည်။ သူ့ယောက်ျားကို ထမင်းစားခေါ်သည်။ သူ့အဖေလည်း ထမင်းဝိုင်းတွင် လာထိုင်သည်။ တစ်ယောက်ကျန်သေးသည်။ “မလတ် အမေ့ကို သွားခေါ်လိုက်” ဟု သူ့ယောက်ျားက ပြောသည် တင်မလတ်က ဧည့်ခန်းထဲကို ထွက်ပြီး “အမေ ထမင်းစားမယ်” ဟု ခေါ်သည်။ ဒေါ်လှကြင်က “စားဘူး” ဟု ပြတ်ပြတ်ပြောသည်။ ထိုအသံကို အားလုံးကြားသည်။ တင်မလတ်က ထမင်းစားခန်းထဲ ပြန်ဝင် လာသည်။ အဘိုးကြီးက မနေနိုင်။ ဧည့်ခန်းထဲထွက်ကာ “မကြင် … လာလေ … ဒီမှာ နင်ကြိုက်တဲ့ ငါးဖယ်ဟင်းလေးနဲ့ ထမင်းစားမယ်” “မစားဘူး … ဟိုကောင်မ ကျွန်မကို မတောင်းပန်သေးဘူး။ မစားနိုင်ဘူး” မောင်ကျော်ကလည်း အပြင်ထွက်လာကာ “အမေရယ် လာပါ ထမင်းစားရအောင်” “ဟဲ့ ငကျော် … နင်ကပါ နင့်မိန်းမကို မြှောက်ထိုးပင့်ကော် လုပ်နေတာ။ နင်တစ်ချက်လောက် ပါးကို ဖြောင်းခနဲ နေအောင် ရိုက်လိုက်စမ်းပါ။ ဘာမို့လို့လဲ။ နင်ကိုက မယားကြောက်နေတာ။

ဒါကြောင့် ဒီကောင်မ ရောင့်တက် နေတာ” “အမေ အဲဒီလို မပြောပါနဲ့။ ကျွန်တော်က ဘာဖြစ်လို့ သူ့ကို ရိုက်ရမှာလဲ” “အေး နင်မဆုံးမလို့ ဒီလိုဖြစ်နေတာ။ အေး … ပြောထားမယ် … အမွေလိုချင်လို့တော့ ဒီမှာ တွယ်ကပ်ပြီး မနေနဲ့ဟေ့။ အမွေတော့မရဘူး … အမွှေးပဲရမယ်” “မကြင် နင်တော်တော့ … နင့်စကားတွေက လွန်လာပြီ။ ရိုင်းစိုင်းတာ ငါမကြိုက်ဘူး” “အေး ကျုပ်ကို ရိုင်းအောင်လုပ်ရင် ရိုင်းရမှာပဲ။ ရှင်ကိုယ်တိုင်က ချွေးမဘက်ကပါနေတာ။ ရှင်တို့ အဲဒီလို ပစား ပေးလေ အဲဒီကောင်မက ရောင့်တက်လေပဲ” “မကြင် … မင်းတော်တော့” “မတော်ဘူး … မတော်တော့ ရှင်ကဘာလုပ်မလဲ” “ကဲ မတော်နဲ့ဦးကွာ” မထင်မှတ်သော အပြုအမူတစ်ခုကို ဒေါ်လှကြင်၏ ခင်ပွန်းက ပြုလုပ်လိုက်သည်။ သူ့မိန်းမပါးကို ဖြောင်းခနဲ မည်အောင် တစ်ချက်ရိုက်လိုက်သည်။ သားနှင့်ချွေးမဖြစ်သူတို့က သူတို့တစ်သက်တွင် ထိုအပြုအမူကို တစ်ခါမျှ မတွေ့ဘူးသောကြောင့် အံ့အား သင့်နေကြသည်။

ဒေါ်လှကြင် ငြိမ်ကျသွားသည်။ ကျောင်းဆရာကြီးက အမိန့်ပေးသည်။ “မောင်ကျော်” “ခင်ဗျာအဖေ” “မင်းအစ်ကိုနဲ့မင်းအစ်မကို သွားခေါ်။ ဒီအိမ်မှာ လာနေလို့ပြောလိုက်” “အဖေ … အမေက” “ဘာအမေကမှ လုပ်မနေနဲ့။ ဟေ့ … ဒီမှာပြောထားမယ်။ ဒီအိမ်မှာ နေတဲ့သူတွေအားလုံး တစ်ယောက်နဲ့ တစ်ယောက်ပြေလည်အောင် မနေနိုင်ရင် မနေနိုင်တဲ့သူဆင်းသွား ငါအပြတ်ပြောတာ” ထိုနေ့ကစပြီး အိမ်တွင်းစစ်ပွဲတွင် စစ်ပြေငြိမ်းရေးကို အမြဲပြောတတ်သည့် ကျောင်းဆရာကြီးက အာဏာသိမ်း သည်။ ဒေါ်လှကြင်လည်း ထိုနေ့ကစပြီး အချိုးပြောင်းသည်။ သားကြီးနှင့်ချွေးမတို့ပြန်ရောက်လာသည်။ အိမ်တွင်ရယ်မောသံတွေ ပြန်ပြီးကြားလာရသည်။ ဒေါ်လှကြင်တစ်ယောက် လက်ဆပြင်းလှသည့် ကျောင်း ဆရာကြီး၏ ရိုက်ချက်ကြောင့် နှစ်ရက်ခန့် ဆန်ပြုတ်သောက်ရသည်။

တင်ညွန့် ၁၁.၁.၂၀၂၆

Leave a Reply

Your email address will not be published. Required fields are marked *