တည်းခိုခန်းကဇာတ်လမ်းတစ်ပုဒ်
ကျိုင်းတုံလေဆိပ်ရဲ့ ဂိတ်အဝင်လမ်းဘယ်ညာမှာ ဧည့်သည်ကြိုနေတဲ့ တက်စီသမားတွေဟာ လေဆိပ်မှထွက်လာတဲ့ ဧည့်သည်တွေကို သူ့ထက်ငါ အပြိုင်အဆိုင်နဲ့ ဧည့်ကြိုနေကြပါတယ်။ “ အန်တီ… ကားသွားမလားခင်ဗျ ” “ ဆိုင်ကယ်ဆိုရင် ရပါပြီရှင့် ” ကျွန်မရဲ့ပြန်ဖြေသံအဆုံးမှာတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အသက်ခြောက်ဆယ်ခန့်အမျိုးသားကြီးတစ်ဦးက ရှေ့ထွက်လာပြီး ကျွန်မလက်ထဲမှာကိုင်ထားတဲ့အိတ်တွေကို လာပြီးဆွဲကူပါတယ်။
“ ဘယ်နေရာကို ပို့ပေးရမလဲခင်ဗျာ ” “ ကားဂိတ်နဲ့နီးတဲ့ တည်းခိုခန်း သန့်တာလေးဆီ ပို့ပေးပါရှင့် ” “ ဪ… သိပြီ၊ မနက်ဖြန်မနက်ကို တာချီလိတ်သွားမယ့်ခရီးသည်ထင်တယ်။ ကားဂိတ်ပါ လက်မှတ်လိုက်ဖြတ်ပေးပါ့မယ်ခင်ဗျာ ” “ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်ပါတယ်ရှင့်။ တာချီလိတ်လေယာဉ်လက်မှတ်မရလို့ ကျိုင်းတုံကနေ တာချီလိတ်ကို ကားနဲ့ ဆက်သွားရမှာပါရှင့် ” “ ဟုတ်ကဲ့ပါ။ တည်းခိုခန်းခကို ဘယ်လောက်သုံးမှာပါလဲခင်ဗျာ ။ ” “ ဟိုတယ်ခတွေက ဈေးကြီးတယ်လေ။ ဒါကြောင့် တည်းခိုခန်းကို လူသန့်တဲ့ဆီပဲ ပို့ပေးပါရှင့်” ကုန်းဆင်း ၊ ကုန်းတက် အကွေ့အကောက်တွေနဲ့ ကျိုင်းတုံမြို့ရဲ့ လမ်းမထက်ကဆိုင်ကယ်တစ်စီးရဲ့နောက်မှာထိုင်လိုက်ပါရင်း တစ်ခါမှ မရောက်ဖူးတဲ့မြို့လေးကို အတွေးပေါင်းများစွာနဲ့ ကြည့်မိကြည့်ရာ ကြည့်နေမိတာပေါ့။
“ ဟယ်… ကြာပင်တွေအပြည့်ပါလား။ ကြာကန်ကြီးက လှလိုက်တာ ” နန်းရှေ့သူကျွန်မအတွက် ရင်သပ်ရှုမောဖြစ်သွားရလောက်တဲ့အထိ လှရက်လေခြင်း။ နန်းရှေ့ဆိုတာ ချောင်းတွေ မြောင်းတွေ ပေါများတာနဲ့အမျှ ချောင်းရိုးအပြည့်ပွင့်နေတဲ့ ခရမ်းပြာရောင်ဗေဒါခင်းကြီးတွေ၊ ပန်းရောင်ဖျော့ဖျော့ ပွင့်ဖတ်ကြီးကြီးနဲ့ ပဒုမ္မာကြာပွင့်တွေဟာ အမြဲမြင်နေရပေမယ့် ရိုးအီသွားတယ်လို့မရှိ၊ ကျွန်မရဲ့စိတ်အာရုံမှာ အမြဲလှနေတာပါ။ “ နောင်ခမ်းကန်လို့ခေါ်ပါတယ်ခင်ဗျ၊ နောင်တုံကန်ဆိုတာလည်းရှိပါတယ်။ နောင်တုံကန်က အကြီးကြီးပါ။ “ ဪ… လေယာဉ်ပေါ်ကနေ လှမ်းမြင်လိုက်ရတယ်ရှင့်။ ရေပြင်ကြီးကို အကျယ်ကြီးပဲ။
” ရာသီဥတုကွာဟချက်ကြောင့်များလား။ ကြာရွက်တွေ တစ်ရွက်ခြင်းစီတိုင်းဟာ ကြီးမားကျယ်ပြန့်ရုံသာမက အရောင်အဆင်းကလည်း တစ်ရွက်စီတိုင်းဟာ စိမ်းစိုလန်းဆန်းလို့ နေပါတယ်။နောင်ခမ်းရေကန်နဲ့မျက်နှာချင်းဆိုင်မှာတော့ အိုင်စီအာရ်စီဆိုင်းဘုတ်ချိတ်ဆွဲထားတဲ့ နှစ်ထပ်အဆောက်အဦးကို ဖြတ်ကနဲ တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အရာတော်တော်များများဟာ နောက်မှာ တရိပ်ရိပ် ကျန်ခဲ့ပါပြီ။ အသစ်ဖွင့်ထားတဲ့ ကျိုင်းတုံဈေးသစ်ကြီးကို ကျော်လွန်ပြီး လမ်းကွေ့တစ်ခုကို အနည်းငယ်သွားပြီးတဲ့နောက်မှာ ဆိုင်ကယ်ဟာ တည်းခိုခန်းတစ်ခုအရှေ့မှာ အရှိန်သပ်လို့ ရပ်တန့်သွားပါပြီ။
“ ဧည့်သည်ပါလာတယ်။ အခန်းရှိသေးလားဟေ့ ” ဆိုင်ကယ်နောက်ခံပေါ်မှဆင်းပြီး အတွင်းဘက်သို့ လှမ်းကြည့်လိုက်တဲ့အခါ သစ်သားကြမ်းပြင်မှာ ဖျာကြီးတစ်ချပ်နဲ့ အလုပ်ရှုပ်နေတဲ့ နှစ်နှစ်အရွယ်ကလေးမလေးရယ်၊ ငါးနှစ်ခြောက်နှစ်အရွယ်ကလေးမလေးရယ်၊ နောက်ပြီး အတွင်းဘက်ခပ်ကျကျမှာတော့ ဆံပင်ကိုထိပ်မှာစုစည်းထားပေမယ့်ကျောပြင်ထက်ပြန့်ဝဲနေတဲ့ဆံပင်ရှည်ရှည်၊ ဘောင်းဘီရှည်ကျပ်ကျပ်ဝတ်ထားတဲ့ တံမျက်စည်းလှည်းနေတဲ့အသက်အစိတ်ခန့် မိန်းခလေး တယောက်ရယ်၊ “ ရတယ်လေ ” တံမျက်စည်းအလှည်းမပျက်တဲ့မိန်းကလေးကိုကြည့်ပြီး တည်းခိုခန်းပိုင်ရှင်လား၊ စာရင်းကိုင်လား ဇဝေဇဝါ ဖြစ်နေမိပါတယ်။ “ အထုပ်တွေ ခဏထားခဲ့ဦးမယ်ရှင့်၊ မနက်ဖြန်သွားမယ့် ကားလက်မှတ်လေး အရင်ဖြတ်လိုက်ချင်လို့ပါ ” “ အခန်းထဲထားသွားလိုက်လေ၊ အခန်းနံပါတ်တစ်ပဲ ” ကလေးမလေးဟာ ကောင်တာဆီမှ သော့သွားယူလာပြီး အခန်းတံခါးကို ဖွင့်ေပးတဲ့အတွက် ကျွန်မလည်း ကိုယ့်အထုပ်ကိုယ်ဆွဲလို့ ကလေးနှစ်ယောက်နဲ့ဖျာနဲ့ကို ရှောင်ကွင်းပြီး အခန်းဆီသွားပါတယ်။
“ ဟင် ” အခန်းရဲ့ ထောင့်လေးထောင့်မှာ တစ်ယောက်အိပ်ကုတင်လေးလုံးနဲ့ စားပွဲငယ်လေးတလုံးနဲ့ အခန်းကျဉ်းကလေးဟာ ပြည့်ကြပ်နေပါရောလား။ “ တညကို ဘယ်လောက်လဲသမီး ” “ တယောက်ကို တညအိပ် ခုနစ်ထောင်ပါ ” “ တယောက်ခန်း မရှိဘူးလားသမီး ” “ တယောက်ခန်းက အပေါ်ထပ်တက်ရမှာ၊ အန်တီက အသက်ကြီးနေပြီလေ၊ လှေကားအတက်အဆင်းနဲ့၊ နောက်ပြီး အပေါ်ထပ်က ပူလည်းပူတယ်၊ အောက်မှာပဲအိပ်ပေါ့၊ တညအိပ်တာပဲလေ ” “ ဪ… ဟုတ်တာပေါ့ ” “ မှတ်ပုံတင် ပေးထားခဲ့ပါဦး ” ပြတင်းပေါက်ကို ခေါင်းရင်းပြုထားတဲ့ကုတင်လေးရဲ့အောက်ဖက်မှာ အထုပ်တွေကို နေရာချပြီးတဲ့နောက် ဖုန်းနဲ့ပိုက်ဆံအိတ်ကိုသာယူလာခဲ့ပြီး ဆိုင်ကယ်ပေါ် နောက်တခေါက် တက်ရပြန်ပါတယ်။ တည်းခိုခန်းကနေ လမ်းအကွေ့မှာပဲ ကားဂိတ်ကရှိပါတယ်။ လိုချင်တဲ့ကားလက်မှတ်ကတော့ အလွယ်တကူရပြီးတဲ့နောက် တည်းခိုခန်းဆီ ပြန်ခဲ့ပါတယ်။ “ ကျွန်တော့နာမည်က ဦးဘိုနီပါ။ မနက်ဖြန်မနက် ကားဂိတ်ကို ကိုယ့်ဖာသာကိုယ်သွားမလား၊ ကျွန်တော်ပဲ ပို့ပေးရမလား၊ ” “ ပို့ပေးပါရှင့်၊ ကားဂိတ်က မဝေးပေမယ့် အထုပ်တွေနဲ့ဆိုတော့ သိပ်အဆင်မပြေလို့ပါ ” ဆိုင်ကယ်ခကတော့ ကျပ်ရှစ်ထောင်ပဲ ပေးရပါတယ်။
ကျိုင်းတုံရဲ့တက်စီခက တာချီလိတ်လောက်တော့ ဈေးမကြီးဘူးထင်ပါရဲ့။ တည်းခိုခန်းအတွင်းမှာတော့ ကလေးနှစ်ယောက်ရယ်၊ ဖျာရယ်၊ နောက်ပြီး ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးကိုပါ မတွေ့ရတော့ပါဘူး။ သူတို့အစား ပိန်ပိန်ပါးပါး၊ အသားဖြူဖြူနဲ့ အသက်ရှစ်ဆယ်ခန့် တိုင်းရင်းသူအမျိုးသမီးကြီးတစ်ယောက်သာ တွေ့ရပါတော့တယ်။ “ မှတ်ပုံတင်၊ မှတ်ပုံတင် ” “ ခုနက တစ်ခေါက်လာတုန်းက ပေးထားခဲ့ပါတယ်ရှင့်၊ အိတ်တွေလည်း အခန်းထဲမှာပါ ” အမျိုးသမီးကြီးက ခေါင်းညိတ်ပြတာနဲ့ အခန်းထဲဝင်လိုက်ပြီး ရေပုလင်းဖွင့်လို့ မော့သောက်နေဆဲမှာပဲ ကျွန်မနားမလည်တဲ့ဘာသာစကားနဲ့ အမျိုးသမီးနှစ်ယောက် အချီအချစကားပြောသံကို ကြားရပါတယ်။ နောက်တော့ အိတ်လွယ်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာ အခန်းထဲဝင်လာပြီး ဘေးကုတင်မှာ ပစ္စည်းတွေကို တင်ပြီး ကျွန်မကို ပြုံးပြရင်း စကားစ လာပါတယ်။ “ ဘယ်က လာတာလဲ ၊ ” “ မန္တလေးကလာတာပါ၊ တာချီလိတ်လေယာဉ်မရလို့ ကျိုင်းတုံကနေတစ်ဆင့်သွားရမှာလေ၊ ဒီမှာ တစ်ညအိပ်ပေါ့ ” “ မန္တလေးကလာတာလား၊ မန္တလေးကအရမ်းပူတယ်၊ မနေနိုင်ဘူး ” “ မန္တလေးကပူတယ်ဆိုတာ ဟုတ်ပါတယ်၊ ဘယ်က လာတာပါလဲရှင့် ” “ မယ်ဆိုင်က ” အမျိုးသမီးရဲ့စကားသံက ဝဲလွန်းလှတာကြောင့် မယ်ဆိုင်လို့ပြောတာကို ချက်ခြင်းနားမလည်လိုက်ပါဘူး။ ဟင် မယ်ဆိုင်ကဆိုရင် ထိုင်းနိုင်ငံထဲကနေလာတာပေါ့။
“ မယ်ဆိုင်ကနေ ဘယ်ကိုခရီးဆက်မလို့လဲ ” အမျိုးသမီးဟာ အိတ်ထဲကနေ အဝတ်အစား၊ တဘက်တို့ကို ထုတ်ယူနေရင်း “ ကျိုင်းတုံကို သွားမယ်လေ၊ ကိစ္စနည်းနည်းရှိလို့၊ ရေချိုးပြီးပြီလား၊ ရေသွားချိုးရအောင်လေ ၊” “ မန္တလေးကနေ ချိုးခဲ့ပြီးပြီရှင့် ” ကျွန်မရဲ့ပြန်ဖြေတဲ့စကားကို အမျိုးသမီးဟာ အတော် သဘောကျသွားပါတယ်၊ နှာခေါင်းရှုံ့ကာ လက်ခါကာနဲ့၊ နောက်ပြီး တဟားဟားရယ်မောရင်း အခန်းထဲက ထွက်သွားပါတော့တယ်။ အမျိုးသမီးထွက်သွားပြီးတဲ့နောက်မှ အခန်းထဲသို့ စေ့စေ့ငုငု ကြည့်မိတဲ့အခါ ခေါင်းရင်းပြတင်းပေါက်ရဲ့ ခြင်လုံသံဇကာဟာ ကျွန်မယူထားတဲ့ကုတင်ခေါင်းရင်းမှာ လက်နှိုက်လို့ရတဲ့အထိ စုတ်ပြဲလို့ နေပါတယ်။ သူများမြို့ရွာမှာ စိတ်လုံခြုံမှုရှိလား၊ မရှိလား မသိနိုင်ချိန်မှာ အခန်းမလုံခြုံမှုဟာ ကျွန်မကို အကြီးအကျယ် စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင် ကျွန်မ မလွန်ပါဘူးနော်။ ကိုယ့်ရဲ့ ဆွေရင်းမျိုးရင်းမဟုတ်သူတွေနဲ့ တစ်ခန်းတည်းအတူအိပ်ရမယ်ဆိုရင် ကျွန်မ ဘယ်လို စိတ်ဖြောင့်နိုင်ပါ့မလဲ။
အို… ပိုဆိုးတာက အနည်းငယ် မအီမသာဖြစ်နေတဲ့ ကျွန်မအတွက် အခန်းတွင်းမှာ အနံ့အသက်မကောင်းတာပဲပေါ့။ သေးနံ့ဟာ တဖြည်းဖြည်းပို ပိုပြီး မွှန်လာနေပါရောလား။ တည်းခိုသွားတဲ့သူတွေက ညစ်တီးညစ်ပတ် ပေါက်ချထားတာတော့ မဖြစ်နိုင်ဘူး။ မျက်စေ့ထဲမှာ ဖျာတချပ်နဲ့အလုပ်ရှုပ်နေတဲ့ ကလေးမလေးနှစ်ယောက်ကိုပဲ ပြေးပြီး မြင်ယောင်မိပါတယ်။ ဒင်းတို့ လက်ချက်နေမှာပဲ။ စိတ်ရှုပ်ထွေးစွာနဲ့ အခန်းထဲက ထွက်လာတဲ့ကျွန်မဟာ အခန်းရဲ့ မျက်နှာချင်းဆိုင်လှေကားကနေ တက်လာတဲ့လူကြီးတစ်ယောက်နဲ့ ပက်ပင်းဆုံရပါတယ်။ ဟယ် သောက်ကျိုးနည်း၊ ဆံပင်ဂုတ်ဝဲနဲ့ အဲဒီလူကြီးဟာ ဘောင်းဘီကို ဇစ်ပြန်မဆွဲထားဘူးတော့်။ကြီးတောင့်ကြီးမားနဲ့ ဗရုတ်သုတ်ခနိုင်ရန်ကော။ ကျွန်မကို မြင်မှ ကပျာကယာဇစ်ဆွဲတင်ပြီး ကျွန်မအခန်းနဲ့ ကပ်လျက်က အခန်းထဲဝင်သွားတဲ့အဲဒီလူကြီးကို ကြည့်ပြီး ကျွန်မဖြင့် ဆိုင်ကယ်တက်စီသမားကိုသာ တွေးတွေးပြီးတော့ စိတ်တိုနေမိပါတယ်။
တည်းခိုခန်းသန့်တာလေးဆီပို့ပေးပါလို့ အထပ်ထပ်အခါခါ ပြောထားလျက်နဲ့၊ ဒင်းကြောင့် ငါ့မယ်၊ ဘယ်လိုနေရာကိုများ ရောက်လာရပါလိမ့်။ အခန်းအမှတ်တစ်ဟာ အမျိုးသမီးတွေတည်းတဲ့အခန်းဆိုရင် အခန်းအမှတ်နှစ်ဟာ အမျိုးသားတွေ တည်းတဲ့အခန်းဖြစ်ပါတယ်။ စိတ်ထွေပြားနေတဲ့ကျွန်မဟာ ပထမဆုံးရောက်ဖူးတဲ့မြို့မှာ ဘုမသိ ဘမသိနဲ့ ဒီလို မျိုးတော့ တည မအိပ်နိုင်ပါဘူး။ အခန့်သင့်စွာနဲ့ပဲ နောက်ဖေးဘက်ဆီမှ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးကြီးထွက်လာတာကို တွေ့လိုက်ရပါတယ်။ “ တယောက်ခန်းရှိသေးရင် ကျွန်မကို တယောက်ခန်းပဲပေးပါရှင့် ” “ တယောက်ခန်းက အပေါ်ထပ်မှာ ” ကျွန်မကို သော့လှမ်းပေးရင်း အပေါ်ထပ်သို့ လက်ညှိုးနဲ့ညွှန်ပြပါတယ်။ အထုပ်တွေဆွဲရင်း အပေါ်ထပ်သို့ တက်လာလိုက်ပါတယ်။ လှေကားခြေရင်းမှာတော့ ဖိနပ်သုံးရံလောက်တွေ့ခဲ့တယ်ဆိုတော့ အပေါ်ထပ်မှာ လူတော့ ရှိတယ်ပေါ့။ အခန်းသော့ကိုဖွင့်လို့ အခန်းတွင်းသို့ ဝင်လိုက်တဲ့အခါ ကျွန်မရဲ့အိမ်လေးက ကျွန်မအိပ်တဲ့နေရာလိုပဲ၊ တစ်ယောက်အိပ်ကုတင်တစ်လုံးရယ်ခပ်ကျဉ်းကျဉ်း အပိုနေရာရယ်၊ ဒီလောက်ဆိုရင် ရပါပြီ၊ ပန်ကာလေးတစ်လုံးလည်းပေးထားတာပဲ၊ ကျိုင်းတုံဆိုတာ မန္တလေးလို ပူတာမှ မဟုတ်တာပဲ။ သုံးထပ်သားနဲ့အခန်းဖွဲ့ထားပေမယ့်လည်း လုံခြုံပါတယ်လေ။
ခေါင်းအုံးတလုံး၊ ဂွမ်းကပ်တထည်ပေးထားတဲ့ အိပ်ယာထက်သို့ ကိုယ်ကို ပစ်ချလို့ ပက်လက်လှဲလိုက်ပါတယ်။ တော်ပါသေးရဲ့ ။ သေးနံ့ မရတော့ဘူး။ ဆေးရုံဆင်းထားကာစ ကျွန်မဟာ ဗိုက်နဲ့ ကျောတို့မှာ အခုအခံမပါပဲ အိပ်လို့မရတာကြောင့် ဂွမ်းကပ်ကိုယူပြီး ဖက်လုံးသဖွယ်လိပ်လိုက်ပါတယ်။ အားပါးတရ ဖက်လိုက်တယ်ဆိုရင်ပဲ၊ လူဘယ်နှစ်ယောက်နဲ့ ဘယ်အချိန်ကတည်းက အသုံးတော်ခံထားရမှန်းမသိတဲ့ ဂွမ်းကပ်ဆီကနေ အနံ့ခပ်ပြင်းပြင်းကလည်း ထောင်းထောင်းထနေပါရောလား။ အို… သေးနံ့မဟုတ်တာ တော်သေးတာပေါ့၊ မနက်ကျရင် ရေချိုးလိုက်မယ်၊ ဘာဖြစ်တာမှတ်လို့။ စိတ်ကို ဒုန်းဒုန်းချလို့ မျက်စေ့ကို အနားပေးလိုက်တဲ့ တခဏအတွင်းမှာပဲ မှေးကနဲအိပ်ပျော်သွားတဲ့ကျွန်မဟာ ကျယ်ကျယ်လောင်လောင်စကားသံကြောင့် လန့်ပြီး နိုးလာပါတယ်။ သုံးထပ်သားပြားတစ်ချပ်သာ ကာရံထားတဲ့ ဟိုဘက်အခန်းမှာ လက်စသတ်တော့ ယောက်ျားတစ်ယောက်လည်း လာပြီးတည်းခိုနေတာကိုး။
ဒေါသသံ၊ ဝမ်းနည်းသံတို့သိသိသာသာ စွက်နေပေမယ့်လည်း သူဘာတွေပြောနေသလဲဆိုတာကိုတော့ ကျွန်မ တကယ်နားမလည်ပါဘူး။ ဗမာစကားပြောနေတယ်ဆိုတာတော့ သေချာပါတယ်။ နားလည်လို နားလည်ငြား နားစွင့်ထားပေမယ့်လည်း ဘယ်လိုမှ နားမလည်ပါဘူး။ ဪ… ဒီလောက် ဝဲနေတာ ဘာကြောင့်များစပ်စပ်စုစု နားလည်ချင်နေရသတုန်းလို့ စိတ်ကို ဟင်းချပြီး ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းကိုပဲ အာရုံနှစ်လိုက်ပါတော့တယ်ရှင်။ သို့ပေသော်လည်းပေါ့ရှင်။ မပြီးနိုင်၊ မစီးနိုင် ဖုန်းပြောနေတဲ့ ဟိုဘက်အခန်းကလူရဲ့ စကားသံဟာ နားထဲမှာ ကျင့်သားရသွားပြီး အံ့အားသင့်လောက်အောင်ပဲ သူ့ရဲ့စကားတွေကို နားလည်သွားပါတယ်။ လူသုံးယောက်နဲ့ ဆက်တိုက်ဖုန်းပြောနေပေမယ့်လည်း အကြောင်းအရာက အတူတူပဲ ဖြစ်ပါတယ်။ အဲဒီလူဟာ အလုပ်သမားခေါင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့လက်ထောက်တယောက်နဲ့ ဒီတည်းခိုခန်းမှာ ခေတ္တတည်းခိုနေတာပါ။
ဆယ့်ငါးယောက်ခန့်ရှိတဲ့ အလုပ်သမားအဖွဲ့ကတော့ ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ တည်းခိုရင်း အလုပ်လုပ်ဖို့ စောင့်ဆိုင်းနေကြပါတယ်။ အစေးခြစ်တဲ့သူတို့အဖွဲ့ဟာ တာချီလိတ်မှာ အလုပ်ရှာတာ အဆင်မပြေခဲ့ကြပါဘူး။ ကျိုင်းတုံက ခြံပိုင်ရှင်အမျိုးသမီးနဲ့စကားပြောနေကြဆဲ ဖြစ်ပါတယ်။ သူက အလုပ်သမားတယောက်ကို တလ ငါးသိန်းပေးဖို့တောင်းဆိုနေပြီး ခြံရှင်အမျိုးသမီးက သုံးသိန်းနဲ့ ဈေးဆစ်နေတာပါ။ “ ငါးသိန်းရမှ တလကို စားစရိတ်တသိန်းချန်ပြီး အိမ်ကို လေးသိန်းပို့နိုင်မှာပေါ့။ လေးသိန်းပို့နိုင်ရင် နောက်ပိုင်းကို စိတ်ပူစရာမလိုဘူး။ အခုက သုံးသိန်းဆိုရင် အိမ်ကို စရိတ်ဘယ်လိုပို့နိုင်မလဲ။ ” နားယဉ်သွားတဲ့လေသံကနေ သူ့ရဲ့အခက်အခဲကို နားလည်သွားရပြန်တော့လည်း သူမပြောနဲ့ ကျွန်မတောင်မှ မျက်လုံးပြူးရပါသော်ကောလား။
စားစရိတ်က တလကို တသိန်း တဲ့လား။ တလကို တစ်သိန်းနဲ့ ဘယ်လိုများစားပြီးနေမှာပါလိမ့်။ အခုခေတ်ကုန်ဈေးနှုန်းနဲ့ဆိုရင် ထမင်းကို ငပိမီးကင် ၊ ငရုပ်သီးစိမ်း၊ ကြင်သွန်နီကိုက်ပြီးစားရင်တောင်မှ တလကို ငါးသောင်းလောက် ကျသင့်နေတာ မဟုတ်လား။ တရပ်တကျေးမှာ လာရောက်အလုပ်ရှာနေရပြီး သူ့အလုပ်သမားတွေအတွက် ဝမ်းနည်းခံပြင်းရမှုကို သိလိုက်ရတဲ့အတွက် သူ့ရဲ့တာဝန်ခံမှုကို နားလည်ရင်း သူ့ရဲ့မပြီးနိုင်မစီးနိုင် ဖုန်းပြောမှုအပေါ်မှာ စာနာနားလည်သွားမိပါတယ်။ အဲဒါကလည်း အဲဒါပေါ့ရှင်။ ည သန်းခေါင်ကျော်လို့ နံနက် နှစ်နာရီခန့်မှာတော့ နိုးနေကျအကျင့်နဲ့ ကျွန်မဟာ အိပ်ယာက နိုးလာပါပြီ။ အိပ်ယာမှ နိုးလာခြင်းနဲ့အတူ ဆီးစပ်က တင်းနေတဲ့ခံစားမှုကို သည်းခံနိုင်ဖို့ ခက်နေရပါပြီ။ ရှောက်ရှောက်ပူချင်တယ်။ ဆယ်မိနစ်လောက်အထိသာ သည်းခံနိုင်ပါတယ်။ မဖြစ်ချေဘူး၊ အပြင်ထွက်ကြည့်မှ ဖြစ်မယ်။ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ သော့ယူပြီး အခန်းထဲက ထွက်လိုက်ပါတယ်။ သော့ခလောက်ငယ်ကို သေသေချာချာ ဂရုတစိုက်ခတ်ပြီး တည်းခိုခန်းရဲ့ မျက်နှာစာကို ကြည့်လိုက်တယ်ဆိုရင်ပဲ။
ဟင်းလင်းပွင့်နေတဲ့ တံခါးမကြီးရယ်၊ လက်ရမ်းတွေကို ကျော်လွန်ပြီး အပြင်ဘက်က မှောင်တဝက်၊ လင်းတဝက် ညမြင်ကွင်းရယ်ဟာ ကျွန်မကို အံ့အားသင့်သွားစေပြန်ပါတယ်။ ကြည့်စမ်း… ဒီအရပ်က တံခါးပိတ်ထားစရာမလိုအောင် လုံခြုံတဲ့အရပ် တဲ့လား။ ကျေနပ်သဘောကျသွားတဲ့ကျွန်မဟာ အောက်ထပ်သို့ ဆင်းဖို့ အားထုတ်ရပါတော့တယ်။ ညနေက မိန်းကလေးပြောတဲ့ စကားသံကို ပြန်လည် ကြားယောင်ရင်းပေါ့။ တည်းခိုခန်းအပါအဝင် နံဘေးက အိမ်တွေရဲ့ တည်ဆောက်ပုံက ကျွန်မတို့ မြေပြန့်ဒေသက အိမ်တွေနဲ့တည်ဆောက်ထားပုံခြင်းက မတူပါဘူး။ လမ်းပေါ်ကနေ တည်းခိုခန်းထဲအဝင်မှာ လှေကားသုံးထစ်မျှသာမြင့်ပေမယ့် တကယ်တော့ မြေညီထပ် မဟုတ်ပဲ အလယ်ထပ်သာ ဖြစ်ပါတယ်။ ကျွန်မတည်းတဲ့အပေါ်ထပ်ဟာ အောက်မှာ နှစ်ထပ်ရှိနေတာပေါ့။ အပေါ်ထပ်ကနေ အောက်သို့ တထပ်ဆင်းလိုက်ရင် အိမ်ရှေ့လမ်းနဲ့တညီတည်း အလယ်ထပ်ဖြစ်ပြီး နောက်ထပ် အောက်သို့ တထပ် ထပ်ဆင်းမှသာ အိမ်သာနဲ့ ရေချိုးခန်းများရှိရာသို့ ရောက်ပါတယ်။
ဒါကြောင့် မိန်းကလေးက ကျွန်မအတွက်စဉ်းစားပြီး အခန်းအမှတ်တစ်မှာပဲ တညအိပ်ဖို့ ပြောတာပေါ့။ အိမ်သာလေးလုံး၊ ရေချိုးခန်းလေးလုံးရှိတဲ့ ဒီအောက်ထပ်မှာတော့ ကလေးနှစ်ယောက်နဲ့ မိသားစုက နေထိုင်ကြတဲ့အပြင် လပေးနဲ့ နေတဲ့ လင်မယားနှစ်ယောက်လည်း နေထိုင်ကြပါတယ်။နေ့စဉ်ဈေးရောင်းတဲ့အလုပ်လုပ်ကြဟန်ရှိကြပါတယ်။ နံနက်ငါးနာရီမှာ မျက်နှာသစ်ရင်း ရေချိုးပါတယ်။ ရေပေါပေါများများ အေးစိမ့်စိမ့်ကို ဝအောင်ချိုးပြီးတဲ့နောက်မှာ ဂွမ်းကပ်ကရတဲ့အနံ့တွေတော့ စင်သွားပါပြီ။ ကျွန်မရဲ့ ကျိုင်းတုံမြို့ တညအိပ်ရပ်နားတဲ့အခန်းလည်း ပြီးဆုံးပါပြီ။ တာချီလိတ်မြို့သို့ ခရီးဆက်ရပါတော့မယ်။ ကောင်တာမှာ အဖိုးကြီးရှိနေပါတယ်။ သော့ကို ပြန်အပ်ရင်း မှတ်ပုံတင်ပြန်ထုတ်ပြီး အခန်းခ ရှင်းရမယ်ပေါ့။ “ တယောက်ခန်းကို ဘယ်လောက်ကျပါသလဲရှင့် ၊ ” “ ခုနစ်ထောင်ပါ ” “ အခန်းတစ်မှာ အိပ်တာမဟုတ်ပါဘူးရှင့်၊ အပေါ်ထပ် တယောက်ခန်းမှာ တည်းတာပါ၊ ” “ ဘယ်မှာ အိပ်အိပ်ပါ၊ တယောက်ကို တညအိပ်ရင် ခုနစ်ထောင်ပါပဲ ၊” “ အယ်… အားနာစရာကြီး၊ ဒါဆိုရင်လည်း ဒီတသောင်းကို ပြန်မအမ်းပါနဲ့တော့ရှင့်၊ ” “ ဘာလို့ ပြန်မအမ်းရမှာလဲ၊ ကျသင့်တာထက် ပိုမယူပါဘူး ” အဲဒီအချိန်မှာပဲ အနောက်ခန်းထဲကနေ အမျိုးသမီးကြီးထွက်လာပြီး ကျွန်မကို နှုတ်ဆက်စကားဆိုပါတယ်။
“ နောက်တခါ ကျိုင်းတုံကိုရောက်ရင် ဒီမှာပဲ တည်းနော့ ” “ ဟုတ်ကဲ့ပါရှင့်၊ သွားလိုက်ပါဦးမယ်ရှင့် ” ကျေးဇူးတင်စွာနဲ့ပဲ ပြန်လိုက်ပါဦးမယ်အန်တီရှင့်။ စားစရာထည့်ထားတဲ့အိတ်တွေက အခန့်မသင့်စွာနဲ့ပဲ ဆီတွေ စိမ့်ထွက်လာတဲအခါ ကျန်ကျောင်းအိတ်ဆိုဒ် ဝယ်ဖို့ ဖြစ်လာပါတယ်။ တည်းခိုခန်းရှေ့ထွက်ပြီး လာတဲ့ဆိုင်ကယ်တက်စီကို လက်တားပြီး ဈေးသွားဖို့ ပြင်နေတုန်း အန်တီက လာတားပါတယ်။ တည်းတဲ့ဧည့်သည် ၊ လမ်းမှာ မတော်တဆ ဆိုင်ကယ်အက်စီးဒင့်နဲ့ ကြုံခဲ့သည်ရှိသော် ဆိုင်ကယ်သမားက ဧည့်သည်ကို ထားပြီး ထွက်ပြေးသွားမှာစိုးလို့ ဆိုင်ကယ်သမားကို ပြန်လွှတ်ပြီး တည်းခိုခန်းးအနီးက ဆိုင်ကယ်တက်စီကို ငှားပေးလိုက်တဲ့ အန်တီရဲ့ဧည့်ဝတ်ကျေမှုကို အမြဲအမှတ်ရနေမှာပါ၊ စိတ်ထဲကနေပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါရစေအန်တီရှင့်။
တည်းခိုခန်းရှေ့မှာလည်း ဆိုင်ကယ်တက်စီဆရာကြီး ဦးဘိုနီရောက်နေပါပြီ။ တညနေခင်းလုံး ဦးဘိုနီအပေါ် မကျေမချမ်းဖြစ်နေတဲ့စိတ်တွေဟာလည်း တိမ်ကင်းစင်သော ကောင်းကင်နှယ် ကြည်လင်တောက်ပြောင်လို့ နေပါပြီ။ ကျွန်မပြောတဲ့ တည်းခိုခန်းသန့်သန့်ဆိုတဲ့စကားအပေါ် ဦးဘိုနီရဲ့ဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အမြင်ကိုလည်း ကျွန်မ သဘောပေါက်ခဲ့ပါပြီ။ မိသားစုဆန်ပြီး တကယ့်ကို နွေးထွေးတဲ့ ရုပ်ရှင်ဆန်ဆန်တည်းခိုအိမ်ကလေးဟာ အပြင်မှာ ကျွန်မ တကယ့်ကိုပဲ လက်တွေ့ ကြုံခဲ့ရပါပြီ။
ခင်မိမိ_နန်းတော်ရှေ့ see





