ခမည်းခမက်(စ/ဆုံး)

ခမည်းခမက်(စ/ဆုံး)

“သိန်းငါးရာတောင်ပေးလိုက်ရတယ်ဟုတ်လား၊တော်တော်ဆိုးတာပဲ၊အခုသူတို့ မင်းတို့အိမ်ကို ပြောင်းလာနေကြလား” “သူတို့အိမ်ကို သိန်းရှစ်ရာနဲ့ရောင်းပြီး ပိုတဲ့သုံးရာကို စျေးပေါပေါတိုက်ခန်းတစ်ခန်းကိုဝယ်လိုက်တယ်၊အဲဒီတိုက်ခန်းမှာ သူ့သမီးတွေ နေနေကြတယ်၊မိုးမိုးမိဘတွေကတော့ လောလောဆယ် ကျွန်တော်တို့နဲ့လာနေပါတယ် အမေ” ကျွန်တော့်စကားအဆုံးမှာ အမေသက်ပြင်းရှည်ကြီးချသည်။ “ငါ​ပြောသားပဲ၊သူတို့မျိုးရိုးကိုက လောင်းကစားမျိုးရိုးပါဆိုတာကို၊မိုးမိုးအဖိုးအဖွားတွေခေတ်ကလည်း မြို့တကာလယ်ပြီး ဖဲရိုက်စားတာ၊အခုလည်းကြည့် မိုးမိုးအမေ နှစ်လုံးထီသိန်းငါးရာဖိုးရှုံးလို့ အိမ်ရောင်းပြီးကြွေးဆပ်ရတာ၊မိုးမိုးကရော ဘယ်ခါဗွေဖောက်လာမလဲ မသိဘူး” အမေကတော့ပျစ်ပျစ်နှစ်နှစ်ဝေဖန်နေသည်။

မိုးမိုးအဖေနဲ့အမေ ကျွန်တော့်အိမ်မှာ ရောက်လာနေကထဲက အမေကလုံးဝမကြည်လင်ပါ။ သူ့ခမည်းခမက်တွေကလည်း အလုပ်သာလက်ကြောမတင်းတာ လောင်းကစားကတော့ လမ်းဘေးက ဖဲသုံးချပ်ဝိုင်းတောင် အလွတ်မပေးကြသူတွေဖြစ်သည်။ မိုးမိုးတို့မှာ ညီအစ်မလေးယောက်ရှိပါသည်။မိုးမိုးကအကြီးဆုံးဆိုတော့ မိဘတွေကအရာရာသူမကိုပဲအားကိုးပါသည်။ကျန်သည့်ညီအစ်မသုံးယောက်က ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ကြသည်။ တကယ်တမ်းညီအစ်မသုံးယောက်လစာ ခြောက်သိန်းကျော်ရယ်၊ကျွန်တော်နှင့်မိုးမိုးကလစဥ်ထောက်ပံ့သောငွေနှစ်သိန်းကျော်နှင့် မိသားစုငါးယောက် အေးအေးဆေးဆေးစားနိုင်ပါသည်။ အခုဝယ်လိုက်သည့်တိုက်ခန်းကခြောက်လွှာမှာ၊ပြီးတော့မြို့အစွန်ကျသည်။ရေကလည်းထုံးဓာတ်ပါသည်။

တိုက်အမြင့်ကြီးပေါ်အတက်အဆင်းမလုပ်နိုင်ဟူသော ကျွန်တော့်ယောက္ခမတွေစကားကြောင့် မိုးမိုးကသူ့မိဘတွေကို ကျွန်တော်တို့ တိုက်ခန်းကိုခေါ်ထားရသည်။ကျွန်တော်တို့ကပထမထပ်မှာဆယ့်ငါးပေ၊ပေခြောက်ဆယ်တိုက်ခန်း၊ရေချိုးခန်းသပ်သပ်၊ဘိုထိုင်အိမ်သာသပ်သပ်၊အိပ်ခန်းကျယ်နှစ်ခန်းဆိုတော့ ယောက္ခမတွေ နေချင်တာလည်းအပြစ်မဆိုသာပါ။ တကယ်တော့ယောက္ခမနှစ်ယောက်ကအသက်သိပ်မကြီးကြသေးပါ။ မိုးမိုးအဖေကငါးဆယ့်ရှစ်နှစ်၊အမေကငါးဆယ့်သုံးနှစ်အရွယ်သာ ရှိသေးသည်။ အဖိုးကြီးက မလေးရှားမှာနှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင်အလုပ်လုပ်ပြီး မိသားစုကို လုပ်ကျွေးခဲ့သူဖြစ်သည်။ သူပို့သမျှကို အိမ်ကဇနီးနှင့်သမီးတွေက အလျှံပါယ်သုံးရင်း သူပြန်လာတော့ သူ့မိဘတွေထားခဲ့သည့် ပေနှစ်ဆယ်ခြောက်ဆယ်ခြံထဲက ယိုင်နဲ့နဲ့အိမ်ဟောင်းတစ်လုံးသာ အခြေမပျက်ကျန်ခဲ့သည်။ အခုတော့အဖွားကြီးလက်စွမ်းပြ၍ ခြံနှင့်အိမ်လည်း ပြောင်ပြီ။

သုံးရာတန်တိုက်ခန်းလေး ကမန်းကတမ်းပြေးဝယ်ထားလိုက်လို့ အဖတ်တင်ကျန်ခဲ့ရသည်။ မိုးမိုးခမျာ ကျွန်တော့်ကို မျက်နှာပူပုံရသည်။ ကျွန်တော့်မိဘတွေကိုလည်း မိုးမိုးကအားနာသည်။ ကျွန်တော့်မိဘတွေက သူတို့ဝင်ငွေနှင့်သူတို့အဆင်ပြေကြသူတွေဖြစ်သည်။ မိုးမိုးအမေက သူလုပ်ခဲ့သည့်အမှားကိုလည်း နောင်တရပုံမပေါ်ပါ။ “လှေမျောလှေနဲ့လိုက်၊ငွေမျောငွေနဲ့လိုက်ရတယ်၊တစ်ချိန်ချိန်မှာ ငါရှုံးထားတဲ့ငွေတွေ ပြန်ရမှာပါ” သူမမှာ ရွှေရည်စိမ်နားကပ်သာရှိနေတော့ မိုးမိုးကမြင်မကောင်း၍ သူ့ခြယ်နားကပ်လေးတစ်ရံကို သူ့အမေကိုထုတ်ပေးထားသည်။သူ့ သမီးနားကပ်ကိုပန်ပေး၍အဖွားကြီးကတော့ ကျေးဇူးတင်စကားမဆိုပါ။ ကျွန်တော်ကတော့ ဘယ်အခါအပေါင်ဆိုင်ရောက်မလဲဟု မရဲတရဲတွေးနေမိပါသည်။ ********* “သမီးကြီးနဲ့သားမက်က ဝင်ငွေကောင်းနေတော့ အမေတို့လည်း အရိပ်ခိုရတာပေါ့မဟုတ်ဖူးလား၊အဖေတို့အမေတို့ကို ပြုစုလုပ်ကျွေးရတာကုသိုလ်ရပါတယ်” တကယ်တမ်း ငါးပါးသီလ လုံခြုံသောယောက္ခမတွေကိုပြုစုရရင်တော့ကုသိုလ်ရမည်ထင်ပါသည်။

အဖိုးကြီးကညနေတိုင်းလေးပက်လောက်သောက်ပြီးရီဝေဝေ။အဖွားကြီးကတော့ ချိုင်းတွေ၊ပတ်ဂဏန်းတွေနှင့် သူ့ပါတနာတွေကိုဖုန်းဆက်လိုက်၊ထိုးလိုက်၊ပေါက်တဲ့နေ့မှာ ရယ်ရယ်မောမော၊မပေါက်တဲ့နေ့မှာ ယူကြုံးမရတသ သနှင့် ကျွန်တော်ကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပါ။ ယောက္ခမနှစ်ယောက်ကို ပုံမှန်ကန်တော့နေကျ ငွေနှစ်သိန်းတော့ လစဥ်ပေးပါသည်။ “မောင်လည်းသင်္ဘောပြန်တက်ရတော့မယ်မိုးရေ၊ မိုးမိဘတွေနဲ့ မိုးကို ဘယ်လိုမှစိတ်မချနိုင်ဘူး၊ မောင်တစ်ခုတော့မှာထားမယ်နော်၊မောင်မသိပဲ မိုးလက်ဝတ်လက်စားတွေ၊မောင်ရှာဖွေထားသမျှတွေ အလဟသ အဆုံးရှုံးမခံနိုင်ဘူးနော်၊မောင်ရှာထားတာ ပင်လယ်ထဲက ချွေးနည်းစာပါ” “မိုးသိပါတယ်မောင်ရယ်၊မောင့်ကျေးဇူးကြောင့် မိုးအခုလိုတင့်တင့်တယ်တယ်နေရတာပါ၊မိုးမိဘတွေကိုလည်း ထောက်ပံ့နိုင်တာပါ၊ဘယ်ကိစ္စဖြစ်ဖြစ် မောင့်ခွင့်ပြုချက်မရပဲ မိုးဘာမှ မလုပ်ပါဘူး၊မောင်စိတ်ချလက်ချသွားနော်” သင်္ဘောတက်ရန်သာသွားရသည်။ ယောက္ခမတွေ ဘယ်လိုဒုက္ခပေးကြဦးမည်မသိဟူသော သံသယကြောက်စိတ်ဖြင့်သာ အလုပ်လုပ်နေရတော့သည်။

သားသမီးရတနာကလည်းမထွန်းကားသေး။အိမ်ထောင်သက်ငါးနှစ်ထဲသို့ရောက်လာခဲ့ပြီ။ အဖေနှင့်အမေကတော့ ကျွန်တော့်အစ်မကမွေးသောမြေးတွေထိန်းရင်း သူတို့အိုမင်းချိန်မှာ ပျော်ပျော်ရွှင်ရွှင်နှင့်ဖြတ်သန်းလို့။ အကယ်၍ ကျွန်တော်နှင့်မိုးမိုးမှာသာ သားသမီးရတနာ ရလာလျှင် အနီးကပ်နေသောယောက္ခမတွေက မြေးထိန်းရင်းပျော်ပါ့မလား။သူတို့ပျော်မွေ့သောဂဏန်းတွေကြားမှာ မြေးနဲ့အဖိုးအဖွားဆိုသော သံယောဇဥ်တွေကို အလေးထားမိပါ့မလားဟုအတွေးရောက်ပြန်သည်။ အမေကတော့ မက်ဆင်ဂျာကတဆင့်စာတွေပို့​တတ်သည်။ “မင်းယောက္ခမသတင်းတွေကြားနေရပြန်ပြီနော်သားရေ၊သိန်းသုံးရာတန်တိုက်ခန်း ဘယ်နေ့ကုန်မလဲမသိဘူး၊မင်းမိန်းမကို သတိပေးခိုင်းအုံး” “ငါပြောသားပဲ၊မင်းကမိုးမိုးလှတာကိုမက်တော့ အရက်သမားလောင်းကစားသမားယောက္ခမတွေကို တင်ကျွေးနေရပြီ၊ ငါတို့ကလည်း သူတို့နဲ့ ခမည်းခမက်လို့ပြောရတာတောင် ရှက်ပါတယ်အေ” တကယ်တော့ကျွန်တော့်မိဘအိမ်နှင့်ကျွန်တော့်တို့အိမ်က လမ်းချင်းကပ်လျှက်ဖြစ်သည်။သည်ရပ်ကွက်မှာငယ်မွေးခြံပေါက်တွေဖြစ်ကြသောမိုးမိုးတို့မိသားစုအကြောင်း အူမချေးခါးကမကျန် သိသူတွေဆိုတော့ မိုးမိုးတို့မိသားစုကို အထင်မကြီးတာကလည်း အမေ့ကိုအပြစ်မဆိုသာပါ။ မိုးမိုးအဖေမလေးရှားမှာ အလုပ်လုပ်နေစဥ် စားလိုက်သောက်လိုက်ဝတ်လိုက်နှင့် စုဆောင်းရကောင်းမှန်းလည်းမသိခဲ့သောယောက္ခမဒေါ်ရင်မွှေးကို အထင်မကြီးတာ အဆန်းတော့မဟုတ်။

ကံကောင်းတာကတော့ သမီးလေးယောက်စလုံးဘွဲ့ရပညာတတ်တွေဖြစ်ကြသည်။ မိုးမိုးကအပျိုဘဝမှာ အလုပ်လုပ်ခဲ့သော်လည်း သင်္ဘောသားကျွန်တော်နှင့်ညားတော့ အလုပ်ကထွက်လိုက်သည်။ မိုးမိုးကို အလုပ်အားချိန်တွေမှာ မက်ဆင်ဂျာက ဆက်သွယ်ရင်း ယောက္ခမတွေအကြောင်းကို မေးရတာ အလုပ်တစ်ခုလို ဖြစ်လို့နေသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်တော့ ကျွန်တော် ပင်လယ်ထဲမှာသက်စွန့်ဆံဖျား ရှာဖွေထားရသော ငွေကြေးဥစ္စာကို တန်ဖိုးရှိရှိ လှူချင်၊စားချင်၊သုံးချင်ပါသည်။ နှစ်လုံးသုံးလုံးဘောလုံးနောက်လိုက်ပြီး ကိုယ်ရှာဖွေထားသမျှ အလဟသဖြစ်ရတာမျိုးတော့ လုံးဝမကြိုက်ပါ။ “တစ်ခုတော့သတိပေးထားမယ်နော်မိုးရေ၊မောင်မသိပဲ မိုးထင်ရာလုပ်လို့ကတော့ မောင့်ကိုအဆိုးမဆိုနဲ့နော်၊မိုးကို ကိုယ့်ဇနီးကြောင့်သတိပေးတာပါ၊မောင်ဘယ်လောက်ပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်ဆိုတာ မိုးသိပါတယ်” “စိတ်ချပါမောင်ရယ်၊မိုးက မောင်နဲ့မိုးအကျိုးစီးပွားပျက်အောင်ဘယ်တော့မှ မလုပ်ပါဘူး၊ကတိပေးပါတယ်” သည်လိုနှင့်စိတ်တထင့်ထင့်ဖြင့် ကန်ထရိုက်တစ်ခုပြီးဖို့နီးလာပါပြီ။

အိမ်ပြန်ချိန်နီးလာတိုင်း အိမ်မှာရှိနေသောယောက္ခမနှစ်ယောက် ဘာတွေလုပ်ထားဦးမလဲဟူသောသံသယစိတ်က အပြည့်။ လစာကိုလည်း မိုးမိုးကိုအပြည့်မအပ်ရဲတော့ပဲအိမ်အသုံးစာရိတ်ထက်ပိုပိုသာသာပေးပြီးကျန်တာကို သင်္ဘောရုံးမှာပဲစုထားလိုက်တော့သည်။ “ငါပြောတယ်မဟုတ်လား၊မင်းယောက္ခတွေတိုက်ခန်းပါကုန်သွားပြီသားရေ၊နှစ်လုံးဒိုင်က သူတို့တိုက်ခန်းကို သိန်းနှစ်ရာ့ငါးဆယ်နဲ့ဖြတ်ပြီးသိမ်းသွားတယ်လေ” မိုးမိုးကိုမေးတော့ ဟုတ်မှန်ကြောင်းပြောပါသည်။ “ဒါဆို မိုးမိုးညီမလေးတွေရော ဘယ်မှာ နေကြလဲ” ******** လေဆိပ်မှာလာကြိုနေသော မိုးမိုးက မျက်နှာလေးနွမ်းလို့။ “နေမကောင်းဘူးလားမိုးရယ်၊မောင့်မိန်းမ ပိန်သွားသလိုပဲ” “နေကောင်းပါတယ်မောင်ရယ်၊မောင်အိမ်ကိုရောက်ရင် စိတ်မညစ်ပါနဲ့နော်၊မိုးမိဘတွေအတွက် မိုးကြိုတင်တောင်းပန်ပါတယ်” မိုးမိုးစကားကြောင့် စိတ်ထင့်သွားရသည်။ “ဘာဖြစ်လို့လဲကွာ၊မောင်စိုးရိမ်လိုက်တာ” ကျွန်တော့်အိမ်မဝင်မီ ကျွန်တော့်မိဘတွေအိမ်သို့အရင်ဝင်ပြီး ကန်တော့လိုက်သည်။

“အဖေနဲ့အမေကိုသားကန်တော့ပါတယ်” ဒေါ်လာနှစ်ထောင်နှင့်သြစီကဝယ်လာခဲ့သော အားဆေးနှင့်ငါးကြီးဆီဘူးတွေဖြစ်ပါသည်။ “မင်းယောက္ခမတွေအတွက်ရောဆေးတွေ ပါရဲ့လား၊မပါလာရင်ယူသွားသားရေ၊အဖေနဲ့အမေက ကျန်းမာတယ်၊မင်းယောက္ခအဖိုးကြီးကသာ လေဖြတ်နေတာ၊မိုးမိုး သမီးအဖေရောသက်သာရဲ့လားသမီး” အမေ့စကားကြောင့်မိုးမိုးအဖေလေဖြတ်နေတာ အခုမှသိရတော့သည်။ အဖေနှင့်အမေအိမ်ကအပြန်လမ်းမှာ “မိုးမိုးအဖေလေဖြတ်နေတာဘာလို့မပြောတာလဲကွယ်” “ခရီးရောက်မဆိုက်စိတ်ညစ်စရာတွေ မပြောချင်လို့ပါ မောင်ရယ်၊အိမ်မှာ မိုးရဲ့မိဘတွေရောမိုးညီမတွေရော အကုန်လာနေကြပါတယ်၊အမေ့လုပ်ရပ်ကြောင့် တိုက်ခန်းလည်းကုန်ပါပြီ၊မိုးညီမလေးတွေလည်း နေစရာမရှိတော့လို့ မိုးအိမ်မှာ ခေါ်ထားတာပါ၊အမေလည်း နောင်တရနေပါပြီမောင်ရယ်” “မိုးအမေမှာပေါင်စရာနှံစရာ မိုးပေးထားတဲ့ရွှေနားကပ်လေးရောရှိသေးတာပဲမဟုတ်လား” “အဲဒီနားကပ်လေးလည်း ကုန်ပါပြီ” ဟူသောမိုးအသံလေးတိမ်ဝင်သွားတော့သည်။ သနားစရာကောင်းသောချစ်ဇနီးမိုးကိုကြည့်ရင်း ဘာစကားမှတော့ထပ်မပြောဖြစ်။

*********** “ရွှေကိုရွှေချင်းထပ်ရင်မြတ်တယ်သားရေ၊ငါ့သားက သင်္ဘောသား ဝင်ငွေကောင်းတော့မိဘတွေက ချမ်းချမ်းသာသာ နဲ့တင့်တင့်တယ်တယ်အိမ်ထောင်ဘက်နဲ့ အိမ်ထောင်ကျစေချင်တာလေ၊မင်းအစ်မကိုကြည့်လိုက်သူ့အမျိုးသားကလည်းသင်္ဘောသား၊နှစ်ဘက်မိဘတွေပြည့်ပြည့်စုံစုံနဲ့ ဘယ်လောက်ပျော်စရာကောင်းလိုက်လဲ၊ခမည်းခမက်အချင်းချင်းလည်း ရဲရဲကြည့်ဝံ့၊စကားရဲရဲပြောဝံ့ကြသူတွေ၊အခုမိုးမိုးမိဘတွေ လမ်းမှာ အမေ့ကိုမြင်ရင်အဝေးကပဲရှောင်ပြေးကြတယ်၊ခမည်းခမက်ဆိုတာကလည်း တစ်ဘက်နဲ့တစ်ဘက် ဂုဏ်ရည်တူမှ ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ဂုဏ်ဆိုတာငွေတစ်ခုထဲကိုပြောတာမဟုတ်ဘူးလူတစ်ယောက်ရဲ့သိက္ခာကိုယ်ကျင့်တရားလည်းပါတယ်သား” အမေကသူ့ခမည်းခမက်တွေကို စံနှုန်းတစ်ခုဖြင့်ချိန်ထိုးသည့်စကားများကို မကြာခဏပြောတတ်တော့ အမှတ်ရမိနေပါသည်။ ငှားလာသောတက္ကစီကတိုက်ရှေ့သို့ရောက်သည်။ ကိုယ့်အိမ်ကိုယ့်ယာကို ရောက်နေပေမဲ့လည်း ခရီးဆောင်အိပ်ကိုဆွဲရင်း ပထမထပ်ရှိကျွန်တော့်တိုက်ခန်းပေါ်သို့ တက်ရန် ခြေလှမ်းတွေက လေးလံနေပါတော့သည်။

မေတ္တာဖြင့် မွန်းသည်းအိမ် 28/7/2023 မိတ်ဆွေတစ်ယောက်အကြောင်းကို ဝတ္ထုသဖွယ်ရေးသားထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *